” သြော် ငါ့တို့ တိုင်းပြည်မှာလဲကွာ”

 

ကျွန်တော်လူလတ်ပိုင်းအရွယ် ကာလလောက်က ရန်ကုန်-မန္တလေးဆို ရထားနဲ့ဘဲသွားလာကြတာများခဲ့ကြ တာပေါ့၊ အခုလို အမြန်လမ်းလည်းမပေါ်သေးဘူး အဝေးပြေးကားလိုင်းတွေကလည်း အခုလိုလေအိတ်ကား တွေနဲ့စမတ်ကျကျမဟုတ်သေးတဲ့ခေတ်မှာ ရထား အထူတန်း နဲ့ အထူးတန်းသီးသန့်တွဲတွေဘဲပါသော အထူးရထားတွေက ခေတ်စားခဲ့ကြတာပေါ့ဗျာ။ မန္တလေးသွားချင်လို့ ရထားစီးမယ်ဆိုရင် အထူးတန်းက အတွက်လက်မှတ်ကို စီးမယ့်နေ့မတိုင်မှီ သုံးရက်ကြိုတန်းစီဝယ်ရပြီး ရိုးရိုးတန်းအတွက်ကတော့ တစ်ရက်ကြို ၀ယ်ရတယ်လေ။ လက်မှတ်ကို ရန်ကုန်ဘူတာကြီးလက်မှတ်ရောင်းနေရာမှာ မနက် ၈ နာရီမှာရောင်းပေးပေ မယ့်၊ မနက် ၆ နာရီကထဲက စတင်တန်းစီခွင့်ပြုထားတော့ မနက်စောစောထပြီ ၆ နာရီအရောက်သွား တန်းစီထားနိုင်မှ ရှေ့ကိုရောက်ပြီး လက်မှတ်ရဖို့ သေချာတာလေ၊ ဘာလို့လဲဆိုတော ရထားတစ်စီးလုံး လူ ၄၀၀ လောက် ထိုင်ခုံရှိပေမယ့် လက်မှတ်ကိုတော့ ၁၀၀ ၀န်းကျင်လောက်ဘဲရောင်းချင်ရောင်းတာလေ။ ကျန်လက်မှတ်တွေက ရောင်းပြီးသားကုန်ပြီလို့ဆိုတတ်တယ်။ အဲဒီတော့ စောစောထပြီး သွားတန်းစီ ၀ယ်ကြရင်တော့ အဆင်ပြေလက်မှတ်ရနိုင်ပေမယ့် မိုးလင်းနောက်ကျမှရောက်ရင် အပေါက်ဝကနေ လှည့်ပြန်ရဖို့များတယ် လက်မှတ်ကုန်ပြီ ဆိုတဲ့ ဘုတ်ကလေးနဲ့ညားလို့လေ။ အဲဒီကျရင် လက်မှတ်ရောင်း တဲ့ဝင်းနားက ကွမ်းယာဆိုင်ကအနဲဆီသွားပြီး ဘယ်နေ့ ဘယ်ရက်အတွက် အထူးတန်းလက်မှတ်လိုချင်လို့ သာပြောလိုက်ရင် လက်မှတ်ခအပါအ၀င် တစ်စောင်ဘယ်လောက်တော့ ပေးရမယ်ဈေးပြောကာ ဈေးအဆင် ပြေရင်တော့ ခဏစောင့်လိုက် အဲဒါဆိုအိုကေပြီမှတ်ဗျာ သူ့နည်းသူဟန်နဲ့ ကိုယ့်မှတ်ပုံတင်အမှတ်အမှန်ရေး ထားတဲ့ အထူးတန်းလက်မှတ်လေးရပြီမှတ်ပေတော့။ မူရင်းလက်မှတ်ခထက်တော့ ပိုပေးရတာပေါ့လေ။

ဒီလိုဘဲ ကျွန်တော်တို့ ငယ်ငယ်ကစပြီး ရုပ်ရှင်ရုံထဲမှာ အဲဒီခေတ်အချိန်တုန်းက သမ္မတရုပ်ရှင်ရုံက အကောင်းစားရုပ်ရှင်ရုံဖြစ်ခဲ့ပြီး အဲဒီ ရုပ်ရှင်ရုံမှာ ကားအကောင်းတွေဆိုအရင်ဆုံးရုံတင်လေ့ ရှိတယ်ပေါ့။ မှတ်မှတ်ရရ ရုပ်ရှင်မင်းသားကြီးဦးကျော်ဟိန်း ပါဝင်တဲ့ ကျီးယောင်ဆောင်သောဒေါင်း ရုပ်ရှင်ကားပြတော့ ကျွန်တော်တို့ သူငယ်ချင်းတွေသွားကြည့်ဖို့ အဲဒီ သမ္မတရုပ်ရှင်ရုံကိုသွားကြတာ အဲတုန်းကလည်း ရုပ်ရှင် ရုံဝင်ခွင့်လက်မှတ်ကို တန်းစီစနစ်နဲ့ရောင်းတာဆိုတော့ တန်းစီနေတဲ့ လူကမနဲဘူး နောက်ဆုံးသူနောက်ကစီ ရမှာမို့ နောက်ဆုံးသူကို လိုက်မေးရင်း နောက်ဆုံးစီထားတဲ့ သူကိုလည်းတွေ့ရော သူပြောတဲ့စကားက အားရ စရာ ကျွန်တော်တို့က နောက်ပွဲအတွက်စီနေတာပါ အခုပွဲ လက်မှတ်က အစောင် ၄၀ ဘဲရောင်းတော့မှာ ကျန်လက်မှတ်တွေက ကြိုတင်ဘိုကင်လက်မှတ်တွေနဲ့ ရောင်းလို့ ကုန်ပြီမို့တဲ့လေ။ အဲဒီမှာဘဲ ကျွန်တော်တို့ သူငယ်ချင်းတစ်စု နောက်ပွဲအတွက်ဘဲ စီရမှာပေါ့ ဆိုပြီး တန်းဝင်စီတုန်း ကျွန်တော်နဲ့နောက်သူငယ်ချင်း တစ်ယောက် စီးကရက်ဖွာဖို့ ကွမ်းယာဆိုင်မှာ ဆေးလိပ်ဝယ်ရင်း အခုပွဲအတွက် လက်မှတ်ကမရနိုင်တော့ဘူး နောက်ပွဲအတွက် တစ်ပွဲစာအချိန်ပေးတန်းစီရင်းစောင်ရမယ် စသည်ဖြင့် ကွမ်းယာသယ်ကိုငြီးတွားသလို ပြောတော့ အကိုတို့ဒီပွဲလက်မှတ်လိုချင်လို့လား ဘယ်နှစ်စောင်ယူမလဲ ဒီစီတန်း ကရမယ် တစ်စောင် ဘယ်လောက် ယူမလား ကွမ်းယာသယ်ကမေးလာတော့ တစ်ပွဲစာသုံးနာရီလောက် တန်းစီ စောင့်ရမှာနဲ့ ပြီးတော့ ရ မရ က လည်းမသေချာတာမို့ ဈေးညှိပြီယူမယ်ပြောတော့ ကွမ်းယာဆိုင်ကနေ ကြိုတင်လက်မှတ် တဆင့်ဈေးနဲ့ဝယ်ရပြီး ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် လက်ရှိပြမယ့်ပွဲကြည့်ဖို့ ရုံထဲဝင်ခွင့်ရသွား တယ်လေ။

ဒါကျွန်တော်တို့ငယ်ငယ်နဲ့လူလတ်အရွယ်တုန်းက ရထားလက်မှတ်၊ ရုပ်ရှင်လက်မှတ် ရောင်းဖို့ကုန်ပေမယ့် ကွမ်းယာ ဆိုင်မှောင်ခို စီက ရနိုင်ခဲ့တဲ့ အခွင့်အရေးပါတွေအကြောင်းထဲက စကားစမြည်းပေါ့။

အဲဒီ ခေတ်အဲဒီအချိန်တုန်းက အဲဒီလို ကွမ်းယာဆိုင်ဆီက မှောင်ခိုလက်မှတ်ဝယ်ရင်ရတယ်ဆိုပေမယ့် ခရီးသွား ကိစ္စ အပျော်ရုပ်ရှင်ကြည့်ကိစ္စတွေမှကြုံခဲ့ရတာလေ၊ အခုတော့ ခေတ်တွေမှီလာတဲ့ အခြေအနေတွေကို ပြောင်းလဲ လာနေကာမှ ဒီသတင်းကို ဖတ်လိုက်ရတဲ့အခါမှာတော့………………..

ရွှေဂုံတိုင် SSC အထူးကုဆေးခန်းက ဒေါက်တာ ဦးဆန်းလွင် (အထွေထွေ သမားတော် ) ဆီ မိတ်ဆွေတယောက် ဆေးကုသဖို့ သွားခဲ့ပါတယ်။ ဟိုရောက်တော့ တိုကင်ကုန်သွားပြီ ၁ရက်စာအတွက် ဒေါက်တာကြည့်မယ့် လူဦးရေ အကန့်အသတ် ပြည့်သွားတာပေါ့ဗျာ။

အဲ့အချိန်မှာ Nurse တယောက် ရောက်လာပြီး ဆေးခန်းအထွက်ပေါက် ဘယ်ဖက်က ကွမ်းယာဆိုင်မှာ တိုကင်ရောင်းပါတယ်တဲ့ တိုကင်၁ခုကို ၅၀၀၀ နူန်းပါတဲ့

တချို့လူနာတွေဗျာ အဝေးကြီးက လာရတယ်။ ဒီရောက်တော့ တိုကင်မရှိတော့ဘူး မှောင်ခိုသမားတွေ ဖြတ်စားသွားလို့ကုန်ပြီ။ ဒါမျိုး လုပ်စားသင့်ပါသလား ?

ပြောချင်တာက ကျန်းမာရေးမကောင်းလို့ ဆေးလာကုတဲ့ နေရာမျိုးမှာတောင် ဒီလို အောက်တန်းကျတဲ့ မှောင်ခိုအလုပ်တွေ ရှိနေသေးတယ် ဆိုတာကိုပါ။ ( Cd- ကို ဂျန် ဂွတ် )

 

ကျွန်တော် ဘာကဘယ်လို စပြီးပြောရမှန်းကို မသိတော့ဘူးဗျာ။ ဆေးရုံဆေးခန်းကိုဘဲ အပြစ်တင်ရမလား? အဲလိုဖြစ်နေတာကို သက်ဆိုင်ရာဆရာဝန်ကြီးကဘဲ မသိလေလား? အကယ်လို သက်ဆိုင်ရာဆရာဝန်ကြီး သတင်းသဲ့သဲ့သိတယ်ဆိုရင်လည်း ဆေးရုံဆေးခန်းအပေါ်မလွန်ဆန်နိုင်လို့လား? သို့မဟုတ် လစ်လျုရှုထား တာလာ? စသည့် လား? လား? လား? လား? မေးခွန်းတွေ အတွေးတွေနဲ့ စိတ်ပျက်စွာဖြင့် ” သြော် ငါ့တို့ တိုင်းပြည်မှာလဲကွာ” ဟုသာ ကျွန်တော်တစ်ယောက်ရေရွတ်မိသွားလေသတည်း။

 

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..