” ချင့်ယုံ သင့် ချင့်ယုံ “

ခင္ခSeptember 2, 20141min812

” ချင့်ယုံ သင့် ချင့်ယုံ “

 

” အင်း လူတွေ လူတွေ အတော်တရားကျဖို့ ကောင်းတာဘဲနော်”

“ဟာ ကိုယ့်ဆရာ ဂျာနယ်ဖတ်ပြီး ဘာတွေ တရားကျနေတာလဲဟ”

“ငါငယ်ငယ်က ရန်ကုန် ပုဇွန်ချောင်းနားကို ခဏခဏရောက်ဖူးသလို ရန်ကုန် သန်လျှင်တံတားကိုလည်း အကြိမ်ကြိမ်ဖြတ်ခဲ့ဖူးတယ်ကွ ဟိုငယ်ငယ်လေးထဲကနေလာခဲ့တာ နှစ်ပေါင်း ဆယ်စုသုံးကျိပ်ကျော်ထိ တစ်ခါမှ မကြားဖူးဘူး၊ အဲဒီမှာ သွားလာနေတဲ့လှေ သင်္ဘောတွေထဲက တစ်ဦးတစ်ယောက်ဆီကမှ တွေ့မိတယ်လို့လည်း မကြားမိဘူးလေ၊ အဲဒီချောင်းနဲ့ပက်သက်ပြီး ငယ်ငယ်က ပုံပြင်လိုလို ဒဏ္ဍာရီလိုလို ငါးမိုးရိပ် မီကျောင်းရှိတယ် မီကျောင်းတွေရှိတယ်ဆိုတာမျိုးတော့ကြားဘူးတယ်လေ၊ နဂါးနေထိုင်တယ်လို့တော့မကြားမိဘူးလေ”

” အေးလေ အဲဒါဘာဖြစ်လို့လဲ ”

” ဘာဖြစ်ရမှာလဲ အခု ခေါင်းလောင်းကြီးကို နဂါးမင်းတွေ နဂါးတွေ ပူဇော်နေကြလို့ အခု အဲဒီနဂါးတွေကို လူတွေ သွားပြီးပူဇော်ကြ နဂါးစာကျွေးကြ ဆုတောင်းကြနဲ့ လုပ်နေကြတာ တအုံးအုံးဘဲတဲ့လေ၊ နှစ်ပေါင်း ၄၀ဝ ကျော်ကြာ အသိုက်အမြုံလုပ်ပြီး ခေါင်းလောင်းကြီးမှာနေကြတဲ့ နဂါးတွေ ဆိုပါလားလေ အဲဒါဖတ်ပြီး ကျုပ်အရင် က ဖတ်ဖူးတဲ့စာအုပ်ထဲက ဇာတ်ကြောင်းလေးတစ်ခုကို သွားအမှတ်ရမိတယ် ”

” လုပ်ပါအုံးအဲဒီဇာတ်လမ်းလေးက ဘယ်လိုလဲဗျ ”

” အဲဒီဇာတ်လမ်းလေးက ဒီလိုလေ ဟိုးရှေးတုန်းအခါက သုံးဆယ်မြို့ရွာတစ်ရွာမှာ ဘုန်းတော်ကြီးရှားသမို့ ပဲခူးဘက်က ရေရှင်ဆရာတော်ကို ပင့်ပြီးရွာကျောင်းမှာသတင်းသုံးစေတယ်တဲ့၊ အဲဒီဘုန်းတော်ကြီးသတင်းက အခုလို ပျံနှံခဲ့တာလေ ရေရှင်ဆရာတော်လက်နဲ့ထိထားတဲ့ရေဟာ လှုပ်လှုပ်ရွရွနဲ့ အသက်ဝင်သလိုဖြစ်သမို့ ရေရှင်ဆရာတော်ခေါ်တာတဲ့၊ အဲဒီရေကို သောက်ရင် ရောင်းပန်းဝယ်ပန်းကောင်းတယ်၊ စီးပွားဖြောင့်တယ်၊ ပီယသိဒ္ဓိပြီးတယ်တဲ့၊ တစ်ချို့အမျိုးသမီးတွေဆို လက်နဲ့ထိထားတဲ့ရေတောင်ဒီလောက်စွမ်းရင် တစ်ကိုယ်လုံး ထိပြီးကျတဲ့ ရေချိုးတဲ့ရေဆို ပိုစွမ်းနိုင်လို့ လိုချင်ကြတယ်ဆိုဘဲဗျာ၊ ရွာမှာလည်းဘုန်းတော်ကြီးကမရှိ အဲလို တန်ခိုးတွေနဲ့ သတင်းကြီးတဲ့ဘုန်းတော်ကြီးဆိုတော့ တစ်ရွာလုံးပြောမနေနဲ့ ကြည်ညိုလိုက်ကြတာပေါ့ဗျာ ရွာကိုရောက်ရောက်ခြင်း ယာယီတဲကျောင်းကြီးတစ်ကျောင်း ဆောက်လှုကြတယ် နောက်တော့ ကျောင်း ကောင်းကောင်းဆောက်မယ်ပေါ့၊ အဲဒီရေရှင် ဘုန်းတော်ကြီးကလည်း ဣန္ဒြေသမ္ပတ္တိကတော့ အပြည့်ရှိသတဲ့ ဥပတိရုပ်ကလည်းကောင်း မျက်လွှာအမြဲချပြီး စကားပြော တရားဟောဆိုဘဲလေ၊ လာရောက်ဖူးသူတွေကို အင်းချပ်တွေလည်း အဆောင်အနေနဲ့ အကုန်ဝေတတ်တယ်ပေါ့၊ အဲလိုနဲ့ ရွာမှာရှိကြတဲ့ စီးပွားရေး၊ ကြီးပွား ရေးသမားတွေ ဘုန်းကြီးကျောင်း အကုန်ရောက် ယတြာတွေလည်းလုပ်ပေးနဲ့ ကျောင်းကြီးဟာစည်ကား လာသလို အဝေးကနေတောင်လာကြတာတွေဖြစ်လာကာ ရေရှင်ဆရာတော်ဆိုတဲ့ ရဟန္တာကို ဖူးမလို့ဆိုပြီး အဝေးကလာကြတဲ့သူတွေတောင်ရှိလာတဲ့ထိ ဖြစ်လာရောတဲ့၊ အဲဒီလို နေရော ညရော ဒကာ ဒယိကာမ တွေ များသည်ထက်များလာတော့ ဆရာတော်က ကိုးတောင်ပြည့်စေတီတည်မယ် သတ္တဝါတွေချမ်းသာဖို့အတွက် ကျမ္မာဖို့အတွက်ဆိုတော့ ကြည်ညိုစိတ်အခံရှိပြီးမို့ ဝိုင်းဝန်းလှုလိုက်ကြတာ စေတီခဏလေးနဲ့ အကောင် အထည်ဖော်ကာ တည်နိုင်ခဲ့တော့ စေတီမှာဌာပနာဖို့ လည်း ဆွဲကြိုး လက်ကောက် လက်စွတ် စိန်ထည် ရွှေထည်တွေ လှုကြတာမနဲဘဲပေါ့၊ စေတီကိုဌာပနာပိတ်တဲ့အချိန်မှာ အထက်ပုဂိ္ဂုလ်တွေ လာဖူးဖို့ပင့်ဖိတ်ထား လို့ စေတီနားဘယ်သူမှမနေခိုင်းဘူးတဲ့လေ၊ ဆရာတော်တစ်ပါးတည်း ဌာပနာထဲ့ပိတ်တယ်တဲ့လေ၊ ဒကာ ဒကာမတွေက အဝေးကဘဲကြည်ညိုခိုင်းတယ် အဲဒီလိုနဲ့ ကိုးတောင်ပြည့်ဘုရားထီးအတွက် ရွှေထီးဒကာ ကလည်းရှိဆိုတော့ ထီးတော်မတင်မှီ စေတီရှေ့အပူဇော်ခံနဲ့ စည်းကားလိုက်တာမှ မပြောနဲ့ဆိုရမယ်တဲ့ အဲလိုနဲ့ ထီးတော်တင်မယ့်နေ့မှာတော့ သက်တော် ၇ဝ နီးပါးလောက် ဆရာတော်ကြီးတစ်ပါးရယ် ခပ်ရွယ်ရွယ် ဦးပဉ္ဇင်း နှစ်ပါးနဲ့ လူကြီးငါးယောက်လောက် ကားတစ်စီးနဲ့ရောက်လာတော့ ထီးတော်တင်ဖို့ရောက်နေတဲ့ ဒကာ ဒကာမတွေက ဆရာတော်က ဝါတော်ကြီးဆရာတော်ကြီးကိုတောင် ပင့်ပြီးထီးတော်တင်တယ်ဆိုပြီး ဆရာ တော်ကို ပိုကြည်ညိုကာ ချီးကျုးသံတွေကြားနေရတယ်တဲ့လေ၊ အဲဒီမှာ ကြွလာတဲ့ ဆရာတော်ကြီးကျောင်း ပေါ်တက် လို့ ဝင်သွားတယ် ဆိုရင်ဘဲ ရေရှင်ဆရာတော်ရဲ့မျက်နှာဟာ မဖုံးနိုင် မဖိနိုင်သိသိသာသာ မျက်နှာ ပျက်ပြီး သူထိုင်နေတဲ့ခုံကနေ ပျာပျာသလဲ နေရာဖယ်ပေးပြီး ဆရာတော်ကြီး ထိုင်လိုက်တယ်ဆိုရင်ဘဲ ဆရာတော် တပည့်တော် နောက်မမိုက်တော့ပါဘူးဘုရား၊ ဒီတစ်ခါနောက်ဆုံးပါဘုရား လို့လျှောက်တင်တယ် ဆိုရင်ဘဲ ဆရာတော်ကြီးက မင်း သင်္ကန်းတွေပတ်ထားတာ သိမ်ရော တက်ခဲ့ရဲ့လား ဘယ်သိမ်မှာတက်တာလဲ မေးလေတော့ ရေရှင်ဆရာတော်က တပည့်တော် သိမ်မတတ်ခဲ့ပါဘုရား ရဟန်းမဖြစ်ပါဘုရား လည်းဆိုရော ဆရာတော်ကြီးနဲ့ပါလာတဲ့ လူကြီးထဲကတစ်ယောက်က လူဝတ်ပေးလိုက်တယ်ဆိုရင်ဘဲ ရေရှင်ဆရာတော် လည်းသူဖာသာ လူဝတ်လဲတယ်တဲ့ ဒါနဲ့ စေတီဌာပနာတိုက်ကို ဖွင့်စစ်စေတော့ ထမီစုတ် အကျင်္ ီစုတ်တွေနဲ့ ဆံပင်ချည်တွေဘဲတွေ့သတဲ့ ထိုရေရှင်ဆရာတော်လို့ အမည်တွင်ကာ ဘုန်းကြီးယောင်ဆောင်တဲ့သူက နယ်တကာလှည့်လိမ်နေတဲ့ လူလိမ်ငပိန်ဆိုဘဲ တိုင်ထားတဲ့အမှုလည်း မနဲဘူးဆိုဘဲလေ ဒါနဲ့ဘဲ ဆရာတော်ကြီး နဲ့ပါလာတဲ့ လူကြီးတွေက ရဲစခန်းနဲ့အာဏာပိုင်အဖွဲ့အစည်းကမို့ ဖမ်းခေါ်သွားကြ တယ်တဲ့ ဒါကို ကြည်ညို လွန်းအားရှိရင်စွဲ ဒကာ ဒကာမ တစ်ချို့က မတရား မနာလိုလို့ ဖမ်းတယ်ဆိုကြ သေးတယ်”

” အင်း အတော်ဆိုးတာဘဲနော် ”

” ဒါက ဘာကိုဆိုလိုချင်တာလဲဆိုတော့ ဒကာ ဒကာမတွေ ကြည်ညိုတဲ့သဒ္ဒါနဲ့ တွေးခေါ်တတ်တဲ့ဉာဏ်နဲ့ ယှဉ်ပြီး ကြည်ညိုမှု အားကိုးယုံကြည်မှုပြုကြမှ ဘာသာရေးမှာ အမှားကင်းနိုင်မယ်လေ၊ အခုလည်းကြည့်လေ ခေါင်းလောင်းကို နဂါးမင်းကြီးတွေ စောင့်တယ်ဆိုတာနဲ့ နဂါးနဲ့ခေါင်းလောင်းကို အမွှန်းတင်နေလိုက်ကြတာ ဘယ်စခန်းဘယ်မြန်းနေကြပြီလဲတောင် မတွေးကြတော့ဘူးလားလို့ တရားကျမိတယ်ဗျာ”

” ဒါကြောင့်လည်း ဆိုစကားရှိခဲ့တာလေ ကုန်ရှုံးတော့တစ်ခေါက်၊ လင်ကုန်ရှုံးတော့ တစ်သက်လုံးမှောက်၊ ဆရာကုန်ရှုံးတော့ တစ်သံသရာလုံးမှောက်ရော တဲ့လေ၊ ဒါကြောင့် ဆရာတင်မမှားဖို့ ကြပ်ကြပ်သတိထား ဖို့လိုတာပေါ့လေ ”

” အဲဒီဆိုရိုးစကား မှန်နေစဲဘဲဗျာ ဆရာတင်မမှားကြဖို့ သတိထားသင့်တဲ့ လောကကြီးမှာဖြင့် လို့သာ ဆိုကြ ရမယ်ပေါ့ဗျာ”

“ဘာဘဲပြောပြော ဉာဏ်နဲ့စဉ်းစားကာ ချင့်ယုံ သင့် ချင့်ယုံ ကြဗျို့…………….။

 

 

 

ခင်ခ။

2 comments

  • alinsett

    September 2, 2014 at 4:02 pm

    အဲ့ဒီဘက်..လှည့်လို့မှ…မောမှန်း မသိခင်…ဟော..အ.ခု..
    ၁၅၀ဝ တန် MPT ဆင်းမ်ကတ်တွေဘက်…လှည့်ကုန်ကြပြန်ပြီ…
    အင်း….
    လွှဲနေတာလား..လွဲနေတာလားပဲ…

    :kwi:

    • ခင် ခ

      September 2, 2014 at 4:07 pm

      အလှည့် အပြောင်း ကြားမှာ နှောင်း သွားမှာဘဲ စိုးရိမ်နေမိတာပါ။
      နှောင်း ဆိုတာ ပြီးမှသိလိုက်ရတဲ့ သတင်းကိုဆိုလိုတာပါ ကိုအလင်းဆက်ရေ။

Leave a Reply