” သူတို့တောင်မှ လိုချင်ရဲ့ “

 

 

” ကောင်းကင်ကြီးက အကျယ်ကြီးဘဲနော် ”

” အေး ဟုတ်တယ်ကွ အခုလို ကြည့်တော့ အကျယ်ကြီးဘဲနော် ”

” ကောင်းကင်ကြီးမှာမှ ဘာဖြစ်လို့ လမင်းကြီးရှိနေတာလဲ သူကတဖြေးဖြေးတက်လာတာဆိုတော့ မြေကြီးမှာ သူအိမ်ရှိလို့လား ”

” ဟာ လမင်ကြီးက ကောင်းကင်မှာနေတာ ဘယ်လိုလုပ် မြေကြီးမှာ အိမ်ရှိမှာလဲ ”

” ဟာ မင်းကလည်း လမင်းကြီးက သူစထွက်ရင် ဟိုးအဝေးကြီး အောက်ကနေထွက်တာဆိုတော့ အဲဒီမှာ သူအိမ်ရှိလို့ပေါ့ ”

” မင်းကလည်း ဝေးပါ့ကွာ လမင်းကြီးက မင်းပြောသလို ဟိုးအဝေး ကြီးက မြေကြီးမှာရှိတဲ့ သူ့အိမ်ကထွက်တာ မဟုတ်ဘူး ငါတို့နေတဲ့ ကမ္ဘာကြီးက လုံးနေတာမို့ အခြားတဖက်ကနေ ငါတို့ဘက်ကို လှည့်ပြီးရောက်လာ တာကွ”

” ဒါဆိုရင် ငါတို့က ကမ္ဘာကြီးရဲ့ အပေါ်ဖက်ဆို မင်းပြောတဲ့ အခြားတစ်ဖက်က ကမ္ဘာကြီးရဲ့ အောက်ဖက်လား ”

” သူအပေါ်ရောက်လိုက် ကိုယ်အောက်ရောက်လိုက် သူအောက်ရောက်လိုက် ကိုယ်အပေါ်ရောက်လိုက် တစ်လှည့်စီနေမှာပေါ့ကွာ ဒါကြောင့်မြစ်ထဲကရေက မြင့်ရာကနိမ့်ရာစီးလိုက် ရေတက်ချိန်ဆိုပြီး နိမ့်ရာက မြင့်ရာ ဖြစ်လိုက် ဖြစ်တာနေမှာပေါ့ ”

” ငါတို့က ဒါဆို မိုးကောင်းကင်ကြီးနဲ့ ကမ္ဘာမြေကြီး အတွင်းမှာနေရတာပေါ့နော် ”

” အေး ဟုတ်တယ်လေ ကမ္ဘာကဆွဲအားရှိလို့ ကမ္ဘာမြေနဲ့ ထိမိကပ်နေရတာ အရာဝတ္ထုတွေကို ကောင်းကင်ပေါ် မြှောက်လိုက်ပေမယ့် မြေကြီးဆီဘဲ ပြန်ကျတာ ကမ္ဘာဆွဲအားကြောင့်ပေါ့ ”

” ဒါဆို လမင်းကြီးမှာ ဆွဲအားမရှိလို့ သူဆီကို သွားပြီး မကပ်ကျတာနေမှာလေ ”

” ဒီကမ္ဘာကြီးမှာရှိတဲ့ ကမ္ဘာဆွဲအားကြီးတာ အကယ်လို့ မရှိတော့ဘူးဆိုရင် ငါတို့တွေ ဘယ်လိုလုပ်ကြမလဲ မသိဘူးနော် ”

” အေးကွ အဲလိုသာ ဆွဲအားမရှိရင် အခု မင်းနဲ့ငါ ကောက်ရိုးပုံပေါ်မှာ ပက်လက်လန်အိပ်ပြီး မိုးကောင်ကင်ကြီး ကို ကြည့်နေရသလိုမျိုး ဖြစ်ချင်မှ ဖြစ်တော့မယ်ထင်တယ် ငါတို့တွေပေါ်က ကောက်ရိုးတွေများ ဖြစ်သွား မလားဘဲနော် ”

” ဒါနဲ့နေပါအုံး ကြယ်တွေကရော ဘာလို့ လင်းနေတာလဲမသိဘူးနော် သူတို့မှာ ဆိုလာပြားတွေရှိလို့လား ”

” ဘယ်နဲ့ ကြယ်တွေမှာ ဆိုလာပြားတွေ ဘယ်သူကအဲဒီထိတက်ပြီး သွားတပ်မှာလဲ မင်းကလဲ ”

” ဒါဆို ဘာလို့ သူတို့က လင်းနေတာလဲ ငါကြားဘူးတာက ကမ္ဘာကြီးမှောင်သွားရင် နေရဲ့ အရောင်ပြန် တာလို့လေ ”

” သူတို့မှာ အကောင်းဆုံး အလင်းပြန်နိုင်တဲ့ ရောင်ပြန်ပြားတွေရှိလို့နေမှာပေါ့ ”

” အဲဒီ ကြယ်တွေရဲ့ မင်းပြောတဲ့ ရောင်ပြန်ပြားတွေကို မင်းရရင် ဘာလုပ်မလဲ ”

” သူဟာက နေရောင်ကြောင့် အလင်းပြန်တာလေ ငါတို့ရွာမှာ ညဖက်ဆို နေရာင်ရော လျှပ်စစ်မီးရောင်ရော မရှိတာ ရလည်း ဘာလုပ် လို့ရမှာလဲ အမှိုက်တောင်ရှုပ်အုံးမယ် မလိုချင်ပါဘူး ”

” အေး မင်းပြောတာလဲ ဟုတ်သားဘဲ ”

” ဒါဆို မင်းလိုချင်တာ တစ်ခုတောင်းရင် ရမယ်ဆိုရင် ဘာတောင်းမလဲ ”

” ဒီမိုကရေစီ ”

” ဘာလို့ အဲဒါတောင်းချင်တာလဲ ”

” လူကို လူလိုဆက်ဆံပြီး တရားမျှတမှုရှိတယ်လို့ ပြောကြတယ်လေ ”

” အေး ဟုတ်တယ် ငါလဲ ဒီမိုကရေစီ ဘဲ တောင်းရမယ် ”

အင်း ဘာမှ မသိသေးတဲ့ ရွာက ကလေးတွေတောင် လူကို လူလို ဆက်ဆံပြီး တရားမျှတမှုကို လိုချင်တတ်ကြ ပါလားနော်လို့ အဲဒီနားထိုင်နေတဲ့ ကျုပ်တစ်ယောက်တွေးမိကာ ညဥ့်နက်လှပြီမို့ တစ်နေ့တာအနားယူ အိပ်စက်ဖို့ အိမ်ထဲဝင်ခဲ့လေတော့သတည်း။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..