“ပြေနိုင်ခဲသည်……………………” (အပိုင်းတစ်)

“ပြေနိုင်ခဲသည်……………………”

(အပိုင်းတစ်)

ရန်ကုန်မိုးသည် ကျနော်လို့ အညာသားတစ်ယောက်အတွက်တော့

အင်မတန်စိတ်ဆင်းရဲစရာကောင်းသော အရာ ထဲမှာပါလေသည်။

ထီးကိုင်လေ့ကိုင်ထ မရှိတော့လဲရောက်လေရာမှာထီးမေ့ကျန်တတ်လေသည်ပေါ့။

ဒီတော့ ကျနော့်ညီမများကလဲ ကျနော်ကိုထီးမငှားချင်တာအပြစ်မဆိုသာ။

ကျနော်ရန်ကုန်လာတိုင်း သူတို့ အိမ်က ကျနော်ယူသွားသောထီးတို့သည်

ပိုင်ရှင်အသစ်လက်သို့ရောက်ပေါင်းများလေပြီ။

နောက်တော့ကျနော်က လည်း ထီးမကိုင်တော့  ။

သူတို့ထီးကို မငှားတော့ တူ တူ မ များ ကလဲ တော်တော်လေးစိတ်ချမ်းသာ

သွားကြမည်ထင်ပါသည်။

မိုးရွာလာလျင် တစ်နေရာရာဝင်ပြီးမိုးခိုလိုက်။

မိုးတိတ်လျင်ဆက်သွားလိုက်နဲ့အထာကျလို့နေခဲ့လေပြီ။

ရန်ကုန်မိုးဆိုတာက တဝေါဝေါနဲ့ အခုရွာလိုက် ခဏနေတိတ်လိုက်။

တစိမ့်စိမ့်စွေပြီးရွာတတ်သောအညာမိုးနဲ့တော့ကွာခြားလေသည်။

 

“ရွှေလင်ပန်း”မှာအလုပ်တွေပြီးလို့ပြန်လာတော့ ညနေသုံးနာရီထိုးပြီ။

မြို့ထဲကိုပြန်မယ့် ရုံးကားနဲ့လိုက်လာပြီး စွယ်တော်ဘုရားနားက

ကျနော်တည်းခိုသောအိမ်မှာ

ဆင်းနေခဲ့မယ်လို့စဉ်းစားထားပေမယ့် အင်းစိန်ဈေးနားရောက်တော့

တာမွေ မှာနေတဲ့သူငယ်ချင်းက သူ့အိမ်ကို လာဘို့ လှမ်းဖုန်းဆက်လေသည်။

အဲတော့လဲသူတို့ နဲ့ အတူဆက်လိုက်လာပြီး မြောက်ဥက္ကလာနားက

ဂန္ဓမာမတ်မှာဆင်း။

အဲဒီကနေတက္ကစီငှား ပြီးသူငယ်ချင်းရှိတဲ့တာမွေကိုသွားခဲ့ပါတယ်။

တာမွေဈေးမှာဆင်းပြီး  သူငယ်ချင်းကိုအိမ်ကိုအသွား

အစိုးမရသောရန်ကုန်မိုးက ရုတ်တရက်ကြီးရွာအချ မိုးခိုစရာနေရာရှာတော့

စည်ဘီယာဆိုင်လေးတစ်ဆိုင်ကိုအတွေ့အပြေးအလွှားဝင်ခဲ့မိလေသည်။

တစ်ယောက်ထဲဆိုတော့လဲ အမြည်းအများကြီးမစားချင်။

ဒီတော့ အလွယ်ရသောဝက်အူချောင်းကြော်တစ်ပွဲနဲ့

ဘီယာဝမ်းကပ်မှာလိုက်လေသည်။

နောက်တော့ရူဘီတစ်ပွဲမှာပြီး မိုးအေးအေးနဲ့ဆေးလိပ်လေးဖွာလိုက်

ဘီယာလေးကြိုက်လိုက်နဲ့ မိုးခိုလို့ကောင်းနေတုန်း

“ကိုမင်း  “ လို့ခေါ်သံကြားလို့လှည့်အကြည့်မှာ ဘီယာခွက်ကိုင်ပြီး

ကျနော်ဆီကိုလျှောက်လာတဲ့ လူ တစ်ယောက်ကိုတွေ့လိုက်ရပါတယ်။

“ ဟာ ကိုလွင် ခင်ဗျားရန်ကုန်ပြန်ရောက်နေလား“

“ ကျနော် ဒီပြန်ရောက်နေတာကြာပြီ နောက်ပြီး အရင်ကုမ္မဏီမှာလည်းမဟုတ်တော့ဘူး“

“ အေးဗျာ ခင်ဗျားနဲ့ မတွေ့ တာလဲ ငါးနှစ်ခြောက်နှစ်လောက်ရှိပြီနော်“

“ကျနော်က တာမွေဈေးနားမှာ လျှပ်စစ်ပစ္စည်းဆိုင်လေးဖွင့်ထားတယ်

ပြန်ရင်ကျနော်နဲ့လိုက်ခဲ့ဗျာ “

“ရတယ်လေ သူငယ်ချင်းတစ်ယောက်တော့ ကျနော်ချိန်းထားတယ် သူကို့ဒီလှမ်းခေါ်လိုက်မယ် “

ဒါနဲ့ဘဲကျနော်နဲ့ချိန်းထားတဲ့သူကို ကျနော်တို့ ထိုင်နေတဲ့ဆိုင်လေးကိုလှမ်းခေါ်လို်က်ပါတယ်။

ဖြစ်ချင်တော့ သူ့ဖုန်းက “လူကြီးမင်းခေါ်ဆိုသော…………”လို့သာအကြိမ်ကြိမ်ဖြေနေပြန်ပါတယ်။

ဒီတော့ “ ရတယ်လေ  ကိုလွင်ပြန်ရင်လိုက်ခဲ့မယ် အခုတော့အေးအေးဆေးဆေးစကားပြောရင်းသောက်ကြတာပေါ့“

ဆိုပြီးစကားတွေဆက်ပြောဖြစ်ကြလေသည်။

ကွဲကွာခဲ့ကြသောစိတ်တူရာ မိတ်ဆွေခြင်းတွေပြန်တွေ့ကြပြီဆိုလျင်တော့

ပြောစရာစကားများ မကုန်နိုင်တာအမှန်ပင်။

ကြက်ခြောက်ကြော်တစ်ပွဲကိုပါထပ်မှာ ပြီးဘီယာနောက်တစ်ခွက်စီထပ်ဆွဲကြရင်း

ရှေးဟောင်းနှောင်းဖြစ်တွေပြောဖြစ်ကြလေသည်။

“မနန်းရောနေကောင်းလား ခလေးဘယ်နှစ်ယောက်ရပြီလဲ” လို့သူကမေးတော့

“သမီးလေးတစ်ယောက်ထဲဘဲ ရှိ သေးတယ် မနန်းကလဲ နေကောင်းတယ် သူက အရင်အတိုင်းဘဲ

ကျန်းမာတယ ် အလုပ်က လဲ ထွက်လိုက်ပြီ မနှစ်က”

“အေး အဆင်ပြေတယ် ကြားရလို့ဝမ်းသာတယ်ဗျာ “လို့သူပြန်ပြောတော့

ကျနော်ကလဲ

“ ဒါနဲ့ မသူ ရော “လို့မေးလိုက်မိပါတယ်။

“ ကျနော် နဲ့သူလမ်းခွဲခဲ့တာ သုံးနှစ်ကျော်သွားပြီ ကိုမင်းရေ“လို့နွမ်းလျလျနဲ့

ပြောတဲ့အခါမှ ကျနော်သူ့ကိုသေချာကြည့်မိပါတော့တယ်။

ဆံပင်က ညှင်းသိုးသိုး မုတ်ဆိတ်မွှေးနူပ်ခမ်းမွှေးကထိုုးထိုးထောင်ထောင်။

ဝတ်ထားတဲ့ တီရှပ် က ခပ်နွမ်းနွမ်း ။

အမြဲတမ်းဝင်းလက်တောက်ပနေခဲ့ တဲ့ ဟိုအရင်က ကိုလွင် မဟုတ်တော့ပြီ။

ဘယ်အကြောင်းတွေကများ ကိုလွင် ကိုပြောင်းလဲအောင်ဖန်တီးလိုက်တယ်ဆိုတာကို

သိချင်မိလေသည်။

“ မိသူ “အကြောင်းမေးပြီးချိန်မှာတော့ ကျနော်နဲ့ ကိုလွင်ကြားမှာ

ယာယီတိတ်ဆိတ်သွားခဲ့လေသည်။

“ သူနဲ့ကျနော်  လက်မထပ်ဖြစ်ဘူး ကိုမင်း ကျနော်ကို သူထားသွားခဲ့တယ် “

လို့ပြောရင်း ခွက်အပြည့်နီးပါး ရှိတဲ့ ဘီယာခွက်ကိုမပြီး တစ်ကြိုက်ထဲမော့ချလို်က်ပါတယ်။

ပြီးမှ စီးကရက်ကို ဖွာရင်းကျနော့် ကို ရီဝေစွာကြည့်နေပြန်ပါတယ်။

“  ကျနော်တို့ခြင်းက ဝေးသွားကြတာ ကိုး  ၊

ကျနော်က အခုလောက်ဆိုရင်ခင်ဗျား တို့ ကလေးတွေဘာတွေ တောင် ရနေပြီထင်နေတာ“

“ မထင်တာတွေ အမြဲဖြစ်တဲ့လောကကြီးပါဗျာ  “လို့ပြောရင်းအဝေးကိုသူငေးနေတော့

မေးမိတာ မှားပြီ လို့ ကျနော်စိတ်ထဲထင်မိပြန်လေသည်။

နောက်တော့ ကိုလွင်က သူနဲ့ မိသူ တို့ ရဲ့ ဇာတ်လမ်းကို ပြောပြလေသည်။

ဘီယာတွေတစ်ခွက်ပြီးတစ်ခွက် သောက်ရင်း

ဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ်ဖွာရင်း

ကိုလွင်ပြောသမျှ ကို နားထောင်ရင်း

မယုံကြည်နိုင်လောက်တဲ့အကြောင်းအရာတွေကို ပြော  ပြ နေသလို ခံစားမိလေသည်။

သို့သော် ကိုလွင်ပြော ပြေ နတာ တွေ က အမှန်တရား ဆို တာ ကိုတော့ သူ့ရဲ့

ပြောနေရင်းက တိမ်ဝင်ဆို့နင့်သွားသော

ကြေကွဲတုန်ယင်နေသောအသံများက သက်သေပြနေလေသည်။

ကိုလွင်ပြောနေတာကိုနားထောင်နေရင်း ကျနော်စိတ်များကလဲ

အတိတ်ကိုပြန်ပြေးလိုက် ကိုလွင်အသံကနားထဲကိုရောက်လာလိုက်။

ဟုတ်မှ ဟုတ်ရဲ့လား လို့ မူးယစ်ရီဝေစွာတွေးမိလို်က် ရှိနေဆဲမှာ

ကိုလွင် က သူနဲ့ မသူ တို့ အကြောင်းကို အဆုံးသတ်အပြီး သက်ပြင်းတစ်ချက်ချ

လို့ ဘီယာ နောက်တစ်ခွက်ထပ်မှာပြီးသောက်ရင်း နှစ်ဦးသားကြားမှာ

ပြောစရာ စကားမရှိသလို တိတ်ဆိတ်လို့ သွားပြန်ပါတယ်။

မိုးလဲတိတ် အမှောင်ရိပ်လဲစွက်ချိန်မှာ ဖုန်းမြည်သံလေးက ကျနော်တို့ ကို

ပစ္စုပ္ပန် လောကို သို့ ပြန်လည်ခေါ်ယူလိုက်လေသည်။

ကျနော်နဲ့ချိန်းထားသောသူငယ်ချင်းထံမှဖုန်းဖြစ်လေသည်။

“ဒါဆို မင်းဆင်းလာခဲ့ လေ ငါလမ်းထိပ်ကစောင့် နေမယ်”

လို့ပြောအပြီး ကိုလွင် နဲ့ ကျနော် လမ်းလျောက်ပြီး ကိုလွင်ဆိုင်ကို

သွားခဲ့ကြလေသည်။

ကိုလွင် ဆိုင်ရှေ့ ရောက်တော့ ဆိုင်ထဲမဝင်တော့ဘဲ သူ့ ကိုနုတ်ဆက်ပြီး

သူငယ်ချင်းနဲ့ချိန်းထားရာ လမ်းထိပ်ဆီ ကိုထွက်ခဲ့ ပါတယ်။

သူငယ်ချင်းနဲ့လမ်းခွဲ လို့ ပြန်တော့ ည ၉ နာရီကျော်လေပြီ။

အိမ်ရောက်တော့ ရေမိုးချိုး ထမင်းစား ပြီး ကျနော်အခန်းထဲ သို့ ဝင်ခဲ့လေသည်။

အိပ်ယာထဲရောက်ပေမယ့် အိပ်မပျော်။

စိတ်တွေက လွန်ခဲ့ သောငါးနှစ်က ကိုလွင် တို့ နဲ့အတူနေခဲ့သာရက်များကိုပြန်လည်လို့ သတိရ မိနေလေသည်။

 

************************************************************

လွန်ခဲ့သော ငါးနှစ်လောက်ကဘဲ ဆိုကြ ပါစို့။

မန်းလေးသား ကျနော်နဲ့ ရန်ကုန်သား ကို လွင် တို့ ကရုံးခွဲတွေအများကြီးရှိသော

လူသုံးကုန်ပစ္စည်းဖြန့် တဲ့ကုမ္ပဏီတစ်ခုမှာ အလုပ်အတူလုပ်ခဲ့ကြလေသည်။

ကျနော်တို့အလုပ်ဝင်ပြီး မကြာခင်မှာဘဲအနယ်နယ်အရပ်ရပ်က ဝန်ထမ်းတွေ

သင်တန်းတက်ဘို့ရန်ကုန်ကိုလာခဲ့ကြရပါတယ်။

အဲဒီအချိန်မှာ ကျနော်နဲ့ နန်း က ချစ်သူတွေဘဝကိုရောက်နေပြီးသားပါ။

မိုးကုတ်သူမနန်းနဲ့ မန်းလေးသားကျနော်က ကျောင်းတက်တော့လဲမေဂျာအတူ

အလုပ်လျောက်ကြတော့ လဲ ကုမ္ပဏီတစ်ခုထဲမှာအလုပ်ရတော့

အဆင်ပြေလွန်းတယ်လို့ဆိုနိုင်လေသည်။

ကျနော်တို့သင်တန်းမှာအားလုံးလူ ၂ဝကျော်ပါတယ်။

မြန်မာပြည်အနှံ့အပြားက ဝန်ထမ်းတွေကိုခေါ်ပြီး

နိုင်ငံခြားကလာတဲ့ ဆရာ နဲ့ တွေ့ပေးပြီး  သင်ကြားပေးတာပါ။

ဘယ်အချိန်ကြည့်ကြည့်သပ်သပ်ရပ်ရပ်ဝတ်စားတတ်တဲ့ကိုလွင်နဲ့

ကပိုကရိုဖြစ်သလိုနေတတ်တဲ့ကျနော် တစ်ခုံထဲအတူတွဲထိုင်ပြီး

သူငယ်ချင်းဖြစ်ခဲ့ကြပါတယ်။

မနန်းနဲ့  မိသူကလဲ ခုံခြင်းကပ်ထိုင်ရတော့ ကျနော်ရယ်မနန်းရယ်

မိသူ ရယ် ကိုလွင်ရယ်လေးယောက်က သင်တန်းတက်စဉ်ကာလ

မှာ စားအတူ သွားအတူဖြစ်ခဲ့ ကြပါတော့တယ်။

ကျနော်နဲ့ မနန်းကလဲ ကိုလွင်နဲ့ မသူ ကို လှော်ပေးကြပါတယ်။

နေ့စဉ် နေ့တိုင်းမနက်လက်ဖက်ရည်ဆိုင်အတူထိုင်

နေ့လည်ထမင်းအတူစား

သင်တန်းဆင်းတာနဲ့ ဟိုသွားဒီသွား လိုဖြစ်နေတော့

သူတို့နှစ်ယောက်လဲ တဖြည်းဖြည်းနဲ့ ပိုပိုရင်းနှီးလာကြသည်ပေါ့။

တစ်လကျော်ကျော်လောက် နေ့စဉ် အတူတွဲနေတော့လည်းသူတို့နှစ်ယောက်

လည်း သံယောဇဉ် ရှိခဲ့ တာကတော့ အသေအချာ။

သင်တန်းမဆင်းခင် လေးမှာပိတ်ရက်  ၃ ရက်ရတော့ ကျနော်တို့

သင်တန်းသားအားလုံး ချောင်းသာကို သွားဘို့ အာရုံ ကျ ခဲ့ လေသည်။

မနက်စောစော ပုသိမ်ကို ကားနဲ့ သွား။

အဲဒီကမှတစ်ဆင့်ချောင်းသာကားကိုပြောင်းပြီးစီး။

ရွာထဲကတည်းခိုခန်းတစ်ခုမှာ ငှားနေဖြစ်ကြလေသည်။

နှစ်ယောက်အိပ်ခန်းလေး တွေ က သပ် သပ် ယပ်ယပ်။

ရေချိုးခန်းအိမ်သာတွဲလျက် ဆိုတော့ မိန်းကလေးတစ်ဖွဲ့

ယောက်ျားလေးတစ်ဖွဲ့ အဆင်ပြေစွာတည်းဖြစ်ကြသည်ပေါ့။

သင်တန်းသား ၂ဝကျော်ပေမယ့် တကယ် လိုက်ခဲ့သူက ၁၅ယောက်

ကျော်ကျော်သာရှိလေသည်။

ချောင်းသာမှာပျော်စရာကောင်းခဲ့ ကြ သည်မှာအမှန်။

နှစ်ညအိပ်ဆိုတော့ မပြန်ခင်ညကတော့ သောင်ပြင်ပေါ်မှာမီးပုံပွဲကျင်းပခဲ့ကြသေးသည်လေ။

ပုဇွန်ကင် ငါးကင် တွေ အုန်းရေတွေ ယောက်ျားလေးတွေကတော့ ဘီယာတွေနဲ့

သီချင်းတွေဆိုကြ ကကြ နဲ့ ပျော်စရာကောင်းလိုက်တာမှာ သန်းခေါင်ကျော်မှ

ပွဲသိမ်းနိုင်ခဲ့လေသည်။

ဒီချောင်းသာခရီးမှအပြန်မှာတော့  ကိုလွင် နဲ့ မိသူ တို့က

မကြေညာပေမယ့် ချစ်သူတွေ ဖြစ်သွားတာကိုတော့ သူတို့နှစ်ယောက်ရဲ့

နေထိုင်ပုံတွေက သက်သေပြလို့ နေသည်လေ။

ချစ်သူတွေဆိုတာ တစ်ယောက်နဲ့ တစ်ယောက်ကြင်နာယုယစွာ

နေကြသည်ကတော့ သဘာဝ တရား။

ဒီအချိန်မှာတော့ ဘာမှ မစဉ်းစား ပါတ်ဝန်းကျင်ကိုပါမေ့ထားနိုင်ကြသည်လေ။

ကျနော်တို့ ထမင်းအတူစားကြပြီဆိုလျင် မိသူ ကကိုလွင်ကို ဂရုစိုက်သည်

က ချစ်ခြင်းတရားတွေအပြည့်။

ထမင်းမစားခင်ဆိုလျင် ကိုလွင်အတွက်ဇွန်းတွေခရင်းတွေကို တစ်သျှူးနဲ့

ကျကျနနသုတ်ပေး။

ကြက်သားတွေငါးတွေဆိုလည်းအရိုးနွှင်ပေး။

အတို့အမြုတ်ဆိုလျင် အရွက်တွေကိုသ င်ပေးတတ်လေသည်။

ထမင်းစားပြီးလျင် ကိုလွင်သောက်ရန်အတွက်ရေနွေးကို အဆင်သင့်ဖြစ်အောင်

တဖူးဖူးမူတ်ပြီး အေးအောင်လုပ်ပေးထားလေသည်။

ကိုလွင် ပါးစပ်သုတ်ရန်အတွက် ခေါက်ပြီးသားတစ်သျှူးကအဆင့်သင့်။

ကျနော်ကနန်းကို လက်တို့ပြီး

“ ကြည့် ထား” ဆိုတဲ့သဘောနဲ့  မိသူကိုမေးငေါ့ ပြ တော့နန်းက

ကျနော်ကို မျက်စောင်းထိုးလေသည်။

မိသူ  ကိုလွင်ကို ဂရုစိုက်ပုံချစ်ခင်ပုံက မြင်သူအားကျလောက်ပေသည်။

ကိုလွင် ကို လည်း မိသူ နဲ့ ချစ်သူ ဖြစ်ရသည်မှာ ကံ ကောင်းလှသည်လို့

လူတိုင်းက သတ်မှတ်ခဲ့ပေသည်။

နောက်သင်တန်းပြီး လို့ ကိုယ့် လုပ်ငန်းခွင်ကိုယ်ဝင် ကြသည့်အခါမှာတော့

ကုမ္ပဏီတစ်ခုထဲ မှာမှန်သော်လည်း တစ်ယောက်နဲ့တစ်ယောက်                                               မဆက်သွယ်မိကြတော့။

ဒီတော့ လဲ သတင်းတွေအဆက်ပြတ်ကုန်လေသည်။

နောက်တော့ ကိုလွင် တောင်ကြီး ဘက်မှာ တာ ဝန်ကျသည်လို့ ကြားပြီးသည့်နောက်ပိုင်း

မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့သည်ကအမှန်။

နောက်၂ နှစ်လောက်အကြာမှာတော့ ကျနော် လည်း နောက်ထပ်ကုမ္ပဏီ

တစ်ခု သို့ ထပ်ပြောင်းလိုက်တော့ အရင်အလုပ်ကလူတွေနဲ့

ဆက်သွယ်ရေးလမ်းကြောင်းတွေက အကုန်ပြတ်တောက်သွားခဲ့လေသည်။

 

အိပ်ယာပေါ်လှဲ နေရင်းက အတိတ်ကို ပြန်ပြီး တွေးနေရင်းကမှ

ကိုလွင် နေ့လည်က ပြော ခဲ့ သောစကားတို့သည်

ကျနော်ခေါင်းထဲမှာ အစီအရီပေါ်လို့ လာခဲ့ပြန်လေသည်။

 

*******************************************************

ဆက်လက်ဖော်ပြပါမည်

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

4-9-2014

5 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 5, 2014 at 12:29 pm

    အုန်းရည်ကတော့ ကမ်းခြေ က လတ်လတ်ဆတ်ဆတ် အုန်းရည်လောက် ဘယ်နေရာမှ သောက်မကောင်းတာ အမှန်ပဲ။
    :mrgreenn:

    • ခင် ခ

      September 5, 2014 at 4:01 pm

      တောင်တမန်အုန်းရည်က သောက်ကောင်းပေမယ့် ဈေးကြီးတယ်ဗျ

  • တောင်သမန် အုန်းရည်က ဈေး ကြီးတယ် တစ်ခါ တစ်ခါ အရင့်ကြီးတွေ နဲ့ တွေ့ ရင် စိတ်လေဒယ်

  • Fall Guy

    October 13, 2014 at 11:18 pm

    ဟိုဟာမ​ပြောဘဲ ဟဝှာပြု ဟိုဒင်​းကမ​ကျေနပ်​ ရင်​​မောတာ 🙁

Leave a Reply