” အဲလိုနေ့ “

ခင္ခSeptember 5, 20141min612

” အဲလိုနေ့ “

 

ကျားရဲငါ

 

နေပြင်းရင် နှင်းမှုန်ရင်
ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း။

အခန်းကျဉ်းကျဉ်း
အလင်းမဝင် လေမဝင်
နေမမြင် လမမြင်
လူမမြင် သူမမြင်
ထိုင်ရင်ထိုင် မထိုင်ရင်ငေး
အိမ်ရင်အိပ် မအိပ်ရင်တွေး။

သတင်းမေးဖို့ ဝေးရော
သီးချင်းလေးမှ မဆိုရ
စာဖတ်ဖို့ ဝေးရော
ကဗျာလေးမှ မစပ်ရ
တရားဟောဖို့ ဝေးရော
စကားလေးမှ မပြောရ။

အဟောသိက သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းလေး ပတ်လျှောက်လိုက်
သံတံခါးဝ ရပ်လိုက်
တမတ်တတ်တတ် တစ်နေကုန်။

မနေ့ကလဲ တစ်နေကုန်
ဒီနေ့လဲ တစ်နေကုန်
နက်ဖြန်လဲ ကုန်ဦးမယ်။

ကုန်ကုန်ကုန်
ကုန်ချင်သလောက်ကုန်စမ်း
တစ်ရက်ကုန်မလား တစ်သက်ကုန်မလား
တစ်လကုန်မလား တစ်ဘဝကုန်မလား
တစ်နှစ်ကုန်မလား တစ်ခေတ်ကုန်မလား။

အားမလျှော့ဘူး မပျော့ဘူး
ပေဖြစ်တော့ခံမယ် တူဖြစ်တော့နှံမယ်။

အမှန်တရား ဒို့ဘက်မှာရှိတယ်
ပြည်သူအများ ဒို့ဘက်မှာရှိတယ်
ကာလယန္တရား ဒို့ဘက်မှာရှိတယ်
ရှင်တော်ဘုရား ဒို့ဘက်မှာရှိတယ်
သိကြရဲ့လား ဟား ဟား ဟား ဟား။

တိရစ္ဆာန်ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုံးတွေ ထင်သလား။

မှားလိုက်တဲ့အမြင်
ဟားတိုက်လို့ရယ်ချင်စရာ။

မှတ်ထားဟေ့..
အဝါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်း
အရှင်းသား မလွဲမရွေ့
အထင်းသား စွဲသရွေ့
ကျားရဲဟာ ကျားရဲ
ငါးလည်း အဲဒီလိုပဲကွဟေ့။

ဦးဝင်းတင်(ဟံသာဝတီ)
(ဘာလဲဟဲ့ လူ့ငရဲစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်)

 

အခု ပီအာ စနစ်နဲ့ရွှေးကောက်မယ့်ဆိုတာကို ဇောင်းပေးပြီး လုပ်နေလေပြီ၊ တကယ်တော့ ပီအာ စနစ်က မကောင်းဘူးမဟုတ်ပါဘူး၊ တစ်ချို့တိုင်းပြည်တွေ ပီအာ စနစ်နဲ့သွားနေကြပါတယ်၊ ဒါပေမယ် ယှဉ်ပြိုင်ကာ အမတ်ရွေးချယ်မှုက ရာနှုန်းပြည့်အပေါ်မှာဘဲ အခြေပြုတာပါ။ အခု ဒီမှာပြုလုပ်မယ့် ပီအာ စနစ်က အစိတ်သား ဖယ်ပြီး ကျန်တဲ့ရာခိုင်းနှုန်းအပေါ်မှာဘဲဆိုရင် မျှတမှုရှိသလားစဉ်းစားကြည့်ပေါ့ဗျာ။

ဟိုအရင်တုန်းခါက

စစ်အာဏာရှင်လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်နဲ့ အိမ်ထဲပိတ်ခံရတာ အခါခါပါ အဲလိုဘဲ NLD က ဆရာကြီးဦးဝင်းတင်လိုသူတွေသူတွေ ကျောင်းသားခေါင်းဆောင်လို့ အမည်ကျော်ခဲ့သူတွေ သူတို့ လုပ်ရပ် သူတို့စနစ် မတရားဘူး မမျှတဘူးလို့ ကြွေးကြော်ခဲ့သူတွေဟာ ထောင်တွင်းအကျဉ်းချခံခဲ့ရတယ် တစ်ချို့ဆို ထောင်တွင်းမှ လွှတ်လိုက်လေရဲ့ဆိုပေမယ် သိပ်မကြာမှီဝေဒနာတစ်ခုခုဖြင့် အသက်ဆုံးခဲ့ကြတယ် မိသားစုလိုက်စီးပွားလုပ်မရအောင် အငြိုးကြီးစနစ်တကျဖိနှိပ်ခဲ့ကြလို့ ဘဝပျက်ငတ်သူတွေ အဖုံဖုံဖြစ်ခဲ့ကြတယ် ဒါတွေဟာ ဘာတွေအတွက်စတေးခဲ့ကြတာလည်း အာဏာရှင်ဆန်တဲ့ လူထုသဘောတူသည် မတူသည် မကြည့် တစ်တိုင်းတစ်ပြည်လုံးရှိ ပြည်သူတွေထက် အသိုင်းအဝိုင်းဝန်ကျင်တစ်ခုကောင်းစားဖို့အတွက်ဘဲ လုပ်ဆောင်နေကြတဲ့ စနစ်ကို ချုပ်ငြိမ်းပြောင်းလဲစေချင်တဲ့ ရည်မှန်းချက်စိတ်ဓာတ်တစ်ခုကြောင့်ပါဘဲ။

အဲဒီ ရည်မှန်းချက်စိတ်ဓာတ်တွေ

ပြည်သူထူထုရဲ့ စိတ်ထဲမှာ လျော့ရဲလာတဲ့တစ်နေ့

ပြည်သူလူထုရဲ့ စိတ်ထဲမှာ မှေးမှိန်လာတဲ့တစ်နေ့

ပြည်သူလူထုရဲ့ စိတ်ထဲမှာ ပျောက်ကွယ်လာတဲ့တစ်နေ့

အဲလိုနေ့ ကို မကြုံစေချင်ဘူးဗျာ။

ဗိုလ်ချုပ်အောင်ဆန်း ကပြောခဲ့တယ်
ရာဇဝင်ကိုဖတ်တာဟာ ရာဇဝင်အတိုင်းမျှောလိုက်သွားဖို့ မဟုတ်ဖူး။ ရာဇဝင်ကို
ဖန်တီးဖို့သာဖြစ်တယ်။
 

 

ခင်ခ။

2 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 5, 2014 at 6:57 pm

    ခုဟာက အဲလိုနေ့ မရောက်နိုင်ပါဘူးလို့ကို မယုံကြည်ရဲတဲ့ အနေအထားး

    :a:

    • ခင် ခ

      September 5, 2014 at 7:57 pm

      အဟုတ်ဘဲ ဇီဇီရေ စိုးရိမ်စိတ်တော့ဖြစ်မိတယ်လေ

Leave a Reply