” သူတို့တွေ ကျပျောက်လို့ ငိုတာတဲ့ “

ခင္ခSeptember 10, 20141min785

” သူတို့တွေ ကျပျောက်လို့ ငိုတာတဲ့ “

 

 

ကျွန်တော်တွေ့ခဲ့တဲ့ လူလေးယောက်အကြောင်းပြန်ပြောပြမလို့ပါ။

အဲဒီ လေးယောက်ဟာ တစ်ခုခုကျပျောက်သွားတာလည်းတူညီပြီး အဲလိုကျပျောက်လို့ ငိုနေကြတာလည်း တူကြတာမို့ တူတာလေးတွေစုပြီး ပြန်ပြောပြမယ်နော်။

 

ပထမလူ

ပထမလူကတော့ လေးနှစ် ငါးနှစ်အရွယ် ကလေးငယ်လေးတစ်ဦးပါ

လမ်းသွားရင်း သူထိုင်ငိုနေတာတွေ့လို့ စပ်စုကာမေးလိုက်မိတာပါ။

” ကလေး ဘာလို့ ငိုနေတာလဲဗျ ”

” သားသား မုန့်ဖိုးတစ်ရာကျပျောက်သွားလို့ပါ ”

” သား မုန့်ဖိုး ဘယ်မှာ ကျပျောက်တာလဲကွ ”

” ဦးကလည်း အိမ်ကနေ မုန့်ဆိုင်အသွား ဘယ်မှာကျပျောက်ခဲ့မှန်းမသိလို့ပေါ့ဗျ ဘယ်မှာကျပျောက်တယ် ဆိုတာ သိမှတော့ပြန်ကောက်ပြီး မုန့်ဆိုင်သွားပြီပေါ့ ဦးလေးကြီးရာ”

 

 

ဒုတိယလူ

ဒုတိယလူက တက္ကသိုလ်တက်ရမယ် ကျောင်းသားလေးတစ်ယောက်ပါ။

ရန်ကုန်တက္ကသိုလ်အနီးက ဆိုင်တစ်ခုမှာတွေတွေကြီးထိုင်ငေးပြီး မျက်ရည်တွေပါးပြင်ပေါ်လိမ့်ဆင်းကာ ငိုနေလို့ စပ်စုပြီးမေးလိုက်မိတာပါ။

” ငါတူကြီး ဘာလို့ ငိုနေရတာလဲဟ ”

” ဦးလေးက ဘွဲ့ရပညာတတ်လား ”

သူမေးမှ ကိုယ်ဘွဲ့ရ ပညာတတ်ဟုတ် မဟုတ်အစစ်ခံနေရပြီ၊ ကိုယ့်က အမေးစခဲ့တော့လည်း သူမေးတာ ပြန်ဖြေပေးရမှာပေါ့လေ

” ဒါပေါ့ ဦးလေးက ဘွဲရပညာတတ်ပါ ”

” ဦးလေးတို့တုန်းက ဘယ်တက္ကသိုလ်မှာတက်ပြီး ဘွဲ့ရခဲ့တာလဲ ”

သူ့ကို မေးရမလားမှတ်တယ် သူက ပြန်ပြီး မေးခွန်းထုတ်မေးတာခံနေရပြီ စပ်စုမေးတတ်တဲ့အကျင့် ခုတော့ ဝဋ်လည်ပြီနဲ့ တူတယ်လေ

” ဘယ်တက္ကသိုလ်တက်ခဲ့ရမှာလည်း မင်းရှေ့က လှမ်းမြင်နေရတဲ့ ရန်ကုန်တက္ကသိုလ်မှာပေါ့ကွ ”

” ဦးလေးကြီးတို့ ဒီတက္ကသိုလ်မှာတက်ခဲ့ရလို့ ကျွန်တော်ငိုနေတာပေါ့ဗျ ”

ဘုရားရေ သူငိုတာ ကျုပ် ဒီတက္ကသိုလ်တက်ခဲ့လို့တဲ့လေ၊

” ဟေ့ ဟေ့ ငါတူ မင်း နဲ့ ငါက အရင်ကလည်းမသိ ဆုံလည်းမဆုံဘူးဘဲနဲ့ ငါဒီတက္ကသိုလ် တက်ရလိုငိုတယ်လေ ဘာလေး တရာခံတော့မလုပ်နဲ့နော် ဘာလို့ငိုတာလဲ မဖြေချင်နေပါကွာ ”

” ဟုတ်ပါတယ် ဦးလေးကြီးကို တရာခံမရှာပါဘူး တရာခံက ဟိုငနဲတွေဆိုတာသိပါတယ် ”

ခက်တော့ ခက်ပြီ ခုမှပိုဆိုးပြီနဲ့တူတယ် ဘယ်ငနဲတွေလဲမသိ အုပ်စုဖွဲ့သောင်းကျန်းတဲ့ အဖွဲ့ဆိုရင် ပြေးပေါက် တော့ မှားတော့မယ်ထင်တယ်နော် ဘေးဘယ် လှည့်ပတ်အကဲခတ်ရသေးတယ် သူပြောတဲ့ ငနဲတွေများရှိ နေမလားပေါ့

” ဟုတ်ပါပြီ ဦးလေးသိချင်တာက ငါတူ ဘာလို့ တက္ကသိုလ်ဘက်တွေတွေကြီးကြည့်ငေးပြီး ငိုနေတာလဲ မေးတာပါကွာ မင်းဖြေရခက်လည်း မဖြေပါနဲ့တော့ ဦးလေးတော့ သွားတော့မယ်နော် ”

ဆိုပြီး ခပ်သွက်သွက်လေးဒီနေရာက ခွာမှဆိုတဲ့အတွေးနဲ့ ထွက်ဟန်ပြုတော့မှ အော်ကာပြောလိုက်တာကို ကြားလိုက်ရတာ

” ဦးလေးကြီးကလည်း ကျွန်တော်တက်ရမည့် တက္ကသိုလ်က ဦးလေးတို့တုန်းကလို မြို့ထဲမှာမဟုတ်တော့ဘူး

တက္ကသိုလ်ကြီး မြို့ထဲမှာကျပျောက်သွားလို့ ငိုနေတာပါဗျ ” ……………….. တဲ့လေ။ ( Cd to ကိုကြီးမိုက် )

 

 

တတိယလူ

တတိယလူကတော့ နွားတစ်အုပ်ကို စားကျက်ကျောင်းရင် အရိပ်ကောင်းတဲ့ သစ်ပင်တစ်ခုကိုမှီပြီးထိုင်ကာ ငိုနေတဲ့သူပေါ့၊ အဲဒီသစ်ပင်မှာရှိတဲ့ ရေအိုးက ရေဝင်သောက်ရင်း တွေ့လို့မေးကြည့်မိတာလေ

” ကိုယ့်လူ ဘာလို့များ ငိုနေရတာလဲဗျ ”

” ခင်ဗျားဘာသိလို့လဲဗျ ကျုပ်တို့လယ်သမားတွေဆိုတာ တစ်သက်လုံးက လယ်အလုပ်ဘဲလုပ်တတ်တာလေ”

” ကိုယ့်လူက လယ်သမားလား ဒါပေါ့ လယ်သမားက လယ်လုပ်ရမှာပေါ့လေ ”

” အခုလယ်လုပ်လို့မရတော့ဘူး ခင်ဗျ ဘာသိလို့လဲ ”

” ကိုယ့်လူက လယ်လုပ်လို့မရတော့ဘူးဆိုတော့ လယ်တွေ ပေါင်နှံရောင်းလိုက်ရလို့လားဗျ ”

” ဘယ်ကတာ လယ်တွေပေါင်နှံရောင်းရမှာလဲ ပေါင်နှံရောင်းလို့ရရင် တော်သေးတာပေါ့ ကိုယ့်လက်ထဲ ပေါင်နှံရောင်းတဲ့ ငွေစလေးရတော့ အခြားလုပ်စားလို့ရသေးတယ် တစ်သက်လုံးထွန်ထားလို့ လယ်မြေကောင်း ရခါက စီမံကိန်းရှိလို့ဆိုပြီး လယ်အသိမ်းခံလိုက်ရပြီး ပြန်ပေးတဲ့ မြေရိုင်းက လယ်စိုက်လို့ရအောင် အနှစ်နှစ် ပြန်ပြီးပြုစုထွန်ယက်ရအုံးမှာ ဒီကြားထဲဘာနဲ့သွားစားမလဲ ခင်ဗျ စဉ်းစားကြည့်ဗျာ အခု နှစ်ရှည်လများလုပ်လာ တဲ့ ကျုပ်လယ်မြေ ကျပျောက်သွားပြီမို့ ငိုနေတာဗျ ငိုနေတာ”

 

 

စတုတ္ထလူ

စတုတ္ထလူကတော့ ဦးပိန်တံတားအနီး အုန်းစိမ်းရည်ရောင်တဲ့ အဒေါ်ကြီးပေါ့ဗျာ။

” အဒေါ်ကြီး အုန်းသီဇွန်းခြစ်လေး တစ်လုံးလောက်လုပ်စမ်းပါဗျာ ”

” ဟုတ်ဆရာရမယ် ရေခဲယူအုံးမလားဆရာ ”

” ရေခဲမယူပါဘူး သဘာဝအတိုင်းဘဲသောက်ပါမယ် ”

အဲလိုမှာပြီး ဦးပိန်တံတားဘက်ငေးနေတုန်း အဒေါ်ကြီး အုန်းသီးတစ်လုံး သောက်ရအောင် ပိုက်ထဲ့ပြီးလာချ ပေးတော့ သူ့မျက်နှာ ကိုကြည်မိလိုက်တာ

” အဒေါ်ကြီး ငိုနေတာလား အုန်းသီးထဲတော့ မျက်ရည်တွေ ကျမလာပါဘူးနော် ”

” ကြံကြီးစီဆရာရယ် အုန်သီးထဲ မျက်ရည်ကျရပါ့မလား ”

” ဒါနဲ့နေပါအုံး အဒေါ်ကြီးက ဘာလို့ ငိုရတာလဲ ”

” ဟိုဂျာနယ်ဖတ်ပြီ စိတ်မကောင်းဖြစ်လွန်းလို့ပါတော် ”

” အဲ ဂျာနယ်မှာ ဘာပါလို့ ဒီလောက်တောင် အဒေါ်ကြီး ငိုရတာလဲ ဘာလဲ ဟိုသရဖူသိမ်းခံရတဲ့ ကလေးမ လေးနဲ့ အဒေါ်ကြီးက သိလို့လား သူ့သနားပြီးငိုနေတာလား ”

” ဟာ ဆရာကလည်း သူ့ဖာသာ သရဖူအသိမ်းခံရတာ ကျုပ်က ငိုစရာလား ကျုပ်တို့စီးပွား တုတ်နဲ့ လာထိုး တာမှ မဟုတ်တာ ”

” အင်း ဒါဆို အခုက အဒေါ်ကြီးစီးပွားကို ဘယ်သူလာတုတ်နဲ့ထိုးလို့လဲ ငိုနေတာဆိုတော့ ”

” ဟုတ်ပ ကျုပ်တို့ကို တုတ်နဲ့ထိုးတာမှ ဒဲ့ထိုးတာတော် ဆရာရေ ”

” ဘယ်လိုများလဲ ရှင်းပါအုံး ”

” ကျုပ်တို့တွေ ဟိုငယ်ငယ်ကထဲက ဒီမှာအုန်းရည်ရောင်းလာတာပါ ဒီလိုမျိုး တစ်ခါမှမကြားဖူးပါဘူးတော် အခုဟာက အုန်းရည်ရောင်းချခြင်းဟာ ယစ်မျိုးဥပဒေနဲ့ ငြိစွန်းတဲ့အတွက် ရောင်းချခွင့်လိုင်စင်ဆိ်ုလားလုပ်ရ မှာတဲ့၊ ပြီးတော့အခွန်ဆောင်ရမယ်တဲ့လေ အဲဒါဆို ကျုပ်တို့အမြတ်လေး ကျပျောက်ပါပြီ တော် ”

 

 

အဲဒီလို သူ့တို့မှာ ကျပျောက်သွားလို့ ငိုကြတာတွေကို ဆုံတွေ့မေးခဲ့ပြီး ပြန်ပြောပြတာပါ။

” ကိုခင်ခ ”

” ဗျားးးးးးးးးးးးးးးးးးးးးး ဗျ ”

” ဒီဘီဒိုပေါ်က ဘောပင်ထဲ့တဲ့ ခွက်ထဲမှာထဲ့ထားတဲ့ ပိုက်ဆံတစ်ထောင်တန်တစ်ရွက်က ဘယ်ခြေထောက် ပေါက် ကျပျောက် ရပြန်ပြီလဲတော် ”

” ဘယ်မှ ကျမပျောက်ပါဘူး မင်း တစ်ထောင်တန်တစ်ရွက်က ဒီမှာပါ စီးကရက်တစ်ဗူးသွား ဝယ်မလို့ယူလာ တာပါကွာ ဒီမှာပါ ”

” အဲဒီတစ်ထောင်က သုံးဖို့မဟုတ်ဘူး ပြန်လာပေးလှဲ့ ”

” မင်း သုံးစရာရှိရင် ငါ့ အိတ်ထဲမှာ ရှိပါတယ် လိုသလောက်ယူသွားလေ ငါ စီးကရက်နဲ့လဘက်ရည်လေး ပြေးဝယ်လိုက်အုံးမယ် ”

” ရှင်ပြောတာမရဘူးလား အဲဒီတစ်ထောင်က ရှင်သားငယ် မူကြိုကျောင်းသွားအပ်တုန်းက အစိုးရက ကျောင်းသားတစ်ယောက် ငွေကျပ်တစ်ထောင်နှုန်းနဲ့ ထောက်ပံကြေး ပေးထားတာ တစ်နှစ်ခံအောင်လို့ မသုံးဘဲ ဘီဒိုပေါ်အလှကြည့်ဖို့ ကျုပ်တင်ထားတာမို့ ပြန်လာပေးလှဲ့”

” ဪ ဒီလိုလား သိမှမသိဘဲလေ လာပါပြီကွာ ”

နောက် ဘယ်သူတွေ ဘာတွေကျပျောက်လို့ငိုကြသေးလဲ ထပ်တွေ့လာခဲ့ရင် တစ်ခါလာပြောပြအုံးမယ်နော် အခုတော့ မိန်းမကို အစိုးရထောက်ပံငွေ ဒီငွေတစ်ထောင်တန်လေး ရွှေချထားဖို့ သွားပေးလိုက်အုံးမယ်ဗျာ။

 

ခင်ခ။

5 comments

  • kyeemite

    September 10, 2014 at 11:49 am

    .ကျုပ်တို့က သူတို့နဲ့အတူလိုက်ငိုရမလား တောင်မသိတော့ပါဘူး…ဘာမှလုပ်မပေးနိုင်လို့ :p:

  • ဇီဇီ ခင်ဇော် (15102012)

    September 10, 2014 at 12:44 pm

    အရင်က ကျပျောက်တာတွေက အရင်က ငိုပြီးပြီ။
    😥
    ခု ဘာပျောက်နေပါလိမ့်။ 🙄
    လူပျောက် ကြော်ငြာရမလား စဉ်းစားနေတာ။
    ဟိ :mrgreenn:

  • ဦးဦးပါလေရာ

    September 10, 2014 at 1:07 pm

    .အုန်းရည်ကို ယစ်မျိုးဥပဒေထဲပါလို့ ယစ်မျိုးခွန်ကောက်မယ့်ကိစ္စက ဒီလူတွေ အရူးတွေမှန်း သက်သေပြချက်တစ်ခုပေါ့ဗျာ…
    .ယစ်မျိုးဥပဒေက လူက ရေးထားတာလေ..
    .သောက်သုံးမကျမှန်း လက်တွေ့မကျမှန်း သိရင်လဲ လူက ပြင်လိုက်ရုံပေါ့…
    .အုန်းရည်ဆိုတာ မူးယစ်စေတဲ့ဟာမဟုတ်မှန်း ခွေးကအစသိတယ်…
    .ဒီကောင်တွေမသိတာကတော့ ခွေးထက်ညံ့ကြောင်း သိသာတာပဲ..။

    PS- အုန်းရည်ကို အရက်ချက်လို့ရတာမှန်ပေမယ့် ဒီက အုန်းရည်မျိုးလဲ မဟုတ်ပါ။ ဒီနိုင်ငံမှာလဲ မဟုတ်ပါ။

    • ခင် ခ

      September 10, 2014 at 1:25 pm

      ကြည့်ရတာ အဘ အုန်းရည်ပါဆိုပြီး ဘာရောတိုက်ခံရပြီး မှားခဲ့လဲမှ မသိတာ ဦးပါရေ။
      အဲဒီမှာ မှတ်သွားပုံထောက်တယ် အုန်းရည်သည် မူးတတ်တယ်လို့…… အဲလို အဲလို နေမှာပေါ့။

  • ဟုတ်ဘူးဗျ

    ထန်းရည် ဓနိရည်ဆိုတာ မူး တော့ အုန်းရည်လဲ မူး တယ်ဆိုပြီး သတ်မှတ်တာနေမှာ

    ရော ချ ခံ ရ ပေါင်း များ ပြီ လေ

    အဲဒီအတိုင်းဘဲ ကျပျောက်တာတွေ များ တော့ မှတ်တောင် မမှတ်မိတော့ ဘူး

Leave a Reply