ခွေးဖြစ်သွားတဲ့ ည …

kotun winlattSeptember 10, 20143min14910

ခွေးဖြစ်သွားတဲ့ ည

@@@@@@@@@@@@@@@@@@@@

တိတ်ဆိတ်ငြိမ်သက်နေသည့် ညတွင် အတွေးများ ယောက်ယက်ခတ်စွာဖြင့် အိပ်မပျော်နိုင်သည့် ကျနော့်အတွေးများသည် ဟိုမှသည်သို့

ကူးလူးပျံသန်း ခြေဆန့်နေကြပေသည်။ မနက်ဖြန်တွင် တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့ပင်….. ကောင်းကင်ကို မော်ကြည့်မိတော့ ကောင်းကင်ပြာပြာမှာ

လမင်းကြီးက ထိန်ထိန်သာနေ၏။ ဪ…လွန်ခဲ့တဲ့ သုံးနှစ်က ဒီလိုအချိန် ဒီလိုညတစ်ညကို ကျနော်စိတ်ထဲမှာ သတိရလာမိတော့သည်။ လွန်ခဲ့တဲ့

သုံးနှစ်…ဟုတ်ပါသည်…. လွန်ခဲ့တဲ့ သုံးနှစ်က ယခုလိုည……

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

လွန်ခဲ့တဲ့ သုံးနှစ်က ကျနော်ဟာ ကျူရှင်ဆရာတစ်ယောက်ပါ။ ဘော်ဒါဆောင်တစ်ခုကို သူငယ်ချင်းတစ်ဦးနဲ့ စပ်တူဖွင့်ပြီး စာသင်ခြင်းအလုပ်ကို

လုပ်နေခဲ့တဲ့ကောင်ပေါ့။ ရွာက လူကြီးတစ်ဦးက ကျနော့်ကို တွေ့တိုင်း ရိုက်စားကောင်တဲ့လေ….. အဆောင်လာထားတဲ့ ကလေးတွေကို ရိုက်လည်း ရိုက်သေးတယ်

ပိုက်ဆံလည်း ရတယ်ဆိုတဲ့ သဘောနဲ့ ရိုက်စားလို့ ခေါ်တာပါ။ တကယ်တမ်းပြောရရင် ကျနော်စာသင်ခဲ့တဲ့ ကာလတစ်လျှောက်မှာ ဘယ်ကျောင်းသား/သူကိုမှ

သင်ကြားရေးနဲ့ ပတ်သက်ပြီး ရိုက်နှက်တာမျိုး မရှိခဲ့ပါ။ ကျနော်နဲ့ စာအတူသင်တဲ့ ဆရာတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက ရိုက်တယ်ဆိုတာ ရိုက်ချင်လို့မှ

မဟုတ်တာ ကလေးတွေ စာရအောင် စာကျက်အောင် ရိုက်ပေးရတာပဲတဲ့။ သူကို ကျနော်ပြန်ပြောဖြစ်တာက ကျနော်က ငယ်ငယ်ကတည်း မိဘတွေရဲ့

ရိုက်နှက်ဆုံးမမှုကို အမြဲခံခဲ့ရတဲ့သူပါ။ နောက်ကျောင်းနေတော့လည်း အရိုက်ကြမ်းတဲ့ ဆရာနဲ့ကြုံရပြန်ရော…. ဒါကြောင့် ကျနော် စာသင်တဲ့

ဆရာတစ်ယောက်ဖြစ်လာတဲ့ အချိန်မှာ ရိုက်နှက်ဆုံးမခြင်းဆိုတဲ့ ဝေါဟာရကို တော်တော်လေး မုန်းတီးနေပါတယ်လို့ ပြန်ပြောမိတာပါ။ စာအတူသင်ကြတဲ့

ဆရာ/မတွေကြားမှာ ကျနော်ဟာ လူထူးလူဆန်းတစ်ယောက်ဖြစ်နေတော့တာပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်ကတော့ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပြီး

ကိုယ်ပေးနိုင်သလောက် ပေးနိုင်အောင် ကြိုးစားခဲ့တာပါ။ စာသင်နေရတဲ့ အချိန်ဆို အမြဲပျော်နေခဲ့ရတာ….။ ဒါပေမယ့်

ဘဝဆိုတာက ဖြစ်ချင်သလို ဖြစ်လာတတ်တာမျိုး မဟုတ်ဘူးလေ…။ လွန်ခဲ့တဲ့ သုံးနှစ် ဒီနေ့ညလို အချိန်ပေါ့…. နောက်ရက်ကို တော်သလင်းလပြည့်နေ့ဆိုတော့

အဆောင်မှာ နေကြတဲ့ ကျောင်းသား/သူတွေကို နားရက်တစ်ရက်ပေးလိုက်တာမို့ ကျနော်တို့ စာသင်ဆရာတွေအတွက်လည်း နားရက်ရတယ်ဆိုပါတော့…။

ကျနော်တို့ ဘော်ဒါဆောင်မှာ စာသင်တဲ့ ဆရာက သုံးယောက်ရှိပါတယ်… ကျနော်ရယ်၊ ကျနော့်သူငယ်ချင်းရယ်၊ နောက်ဆရာတစ်ယောက်ရယ်ပေါ့။

နားရက်ဆိုတော့ အေးအေးဆေးဆေး နားမယ်ဆိုပြီး ညနေပိုင်းကို ရေမိုးချိုးပြီး အခန်းထဲမှာ စာအုပ်တစ်အုပ်နဲ့ ငြိမ့်နေတာပေါ့…။ ညနေ ၆ နာရီခွဲလောက်ကျတော့

ကျနော့်သူငယ်ချင်းဆရာက ရောက်လာပါတယ်။ ညကို သောက်ပွဲလေး လုပ်ရအောင်ဆိုပြီး လာခေါ်တာပါ။ ကျနော်ဆိုတာကလည်း သောက်ပြီဆိုရင်

အန်လစ်မစ်ဆိုတော့ မသောက်ချင်ပါဘူး။ အခါတိုင်းကတော့ ငြင်းခဲပါတယ်။ လာခေါ်ရင်လိုက်သွားပြီး သောက်လိုက်တာပါပဲ….။ သောက်မိရင်လည်း ဘယ်တော့မှ

နည်းနည်းနဲ့ နားတယ်မရှိ… အန်လစ်မစ်…. အော့တဲ့ အန်တဲ့အထိ သောက်လုံးကြီးတတ်တာမို့ပါ။ သောက်လုံးကြီးပေမယ့် ပြဿနာတော့ မရှာတတ်ပါဘူး။

ခက်တာက ကျနော့်သူငယ်ချင်းပါ။ သူက မူးလာရင် ဘဝကြီးနဲချီပြီး စကားလုံး

အကြီးကြီးတွေ ပြောတတ်တာရယ်… နောက်တစ်ခုက သောက်မဲ့နေရာကလည်း ဘော်ဒါဆောင်ထဲမှာဆိုတော့ မကောင်းဘူးလို့ တွေးမိတာရယ်ကြောင့်ပါ။

မသောက်ချင်ဘူး ငြင်းပေမယ့် သူက အားလုံးစီစဉ်ပြီးပြီ လိုက်သာလိုက်ခဲ့တော့ဆိုပြီး ခေါ်လို့ ကျနော်လည်း လိုက်ခဲ့ရတယ် ဆိုပါစို့။ လမ်းရောက်တော့ ကျနော်ကသူ့ကို

ကျန်တဲ့ဆရာတစ်ယောက်ကိုရော သွားခေါ်ရအောင်ဆိုပြီး ကျန်တဲ့ ဆရာကို သွားခေါ်ကြပါတယ်။ ဟိုဆရာကလည်း မလိုက်ချင်ပေမယ့် ကျနော်ဇွတ်အတင်းခေါ်လို့

လိုက်လာခဲ့ပါတယ်။ အဆောင်ရောက်တော့ ကိုယ့်ကောင်က အားလုံးပြင်ဆင်ပြီးသားဖြစ်နေတယ်… ဟိုက်ကော်မရှင်တစ်လုံး၊ အချိုရည်ဘူး၊ အကင်၊

ကြက်သားကြော်၊ လိမ္မော်သီး၊ ပန်းသီး စုံလို့ပေါ့။ ဘော်ဒါဆောင်က ကျနော့်သူငယ်ချင်းအိမ်မှာ လုပ်ထားတာပါ။ အိမ်တစ်ဝင်းထဲကို အဆောက်အဦး သုံးခု….

အရှေ့အနောက်တန်းထားတဲ့ အဆောက်အဦးကနှစ်ခု တောင်မြောက်တန်းထားတဲ့ အဆောက်အဦးက တစ်ခု…. အရှေ့အနောက်တန်းထားတဲ့

အဆောက်အဦးနှစ်ခုမှာ တစ်ခုက ကျနော့်သူငယ်ချင်းဆရာနဲ့ သူ့အဖေ နေကြတဲ့ အဆောက်အဦးဖြစ်ပြီး နောက်တစ်ခုကတော့

အပေါ်ထပ်မှာ ကျောင်းသူတွေ နေကြပြီး၊ အောက်ထပ်မှာတော့ စာသင်ခန်းပါ။ နောက် တောင်မြောက်တန်းထားတဲ့ အဆောက်အဦးကတော့ ကျောင်းသားတွေ

အပေါ်ထပ်မှာနေပြီး အောက်ထပ်ကတော့ စာသင်ခန်းပါပဲ။ အဆောင်ပိတ်ထားမို့ ကျနော်တို့ သုံးယောက် အရှေ့အနောက်တန်းထားတဲ့ အဆောက်အဦးက

စာသင်ခန်းလေးထဲမှာ ဝိုင်းဖွဲ့ကြပါတယ်။ ကျနော်နဲ့ ဆရာကတော့ သိပ်မသောက်ချင်တာမို့ အမြည်းများများစားနေကြပါတယ်။ ကျနော့်သူငယ်ချင်းကတော့

တစ်ခွက်ပြီး တစ်ခွက်ဆက်ချနေလို့ ဒီအတိုင်းသွားရင် ဒီကောင်မှောက်တော့မှာပဲဆိုတဲ့ အသိနဲ့ ကျနော်လည်း သူနဲ့အပြိုင် ခွက်ဆင့်သောက်ပါတော့တယ်။

ကျန်တစ်ယောက်ကတော့ နည်းနည်းပဲသောက်ပြီး ကျနော်တို့ ပြောတာတွေ နားထောင်ပေးနေတာပေါ့။ ကျနော်တို့ပြောတာတွေ ဆိုပေမယ့် ကျနော်လည်း

နားထောင်သူနေရာမှာ ပါနေတာပါပဲ။ ကျနော်တို့ဝိုင်းမှာ ပြောသူက ကျနော့်သူငယ်ချင်း၊ နားထောင်သူက ကျနော်နဲ့ ကျန်တစ်ယောက်၊ ဒါပေမယ့် တစ်ခါတစ်ခါမှာ

ကျနော်က ဝင်ဝင်ပြောတာမို့ စကားပြောသူရော နားထောင်သူပါ ဖြစ်နေတယ်ဆိုပါစို့။ သောက်ရင်းစားရင်း ထွေရာလေးပါးပြောနေကြရင်း အချိန်က

ညဆယ်နာရီနားကပ်လာပါပြီ… ဟိုက်ကော်မရှင်ပုလင်း တစ်ဝက် ကျိုးချိန်မှာတော့…. ရေချိန်လည်းတော်တော်လေး ရလာကြပြီမို့ …. ကျနော့်သူငယ်ချင်းက

“ဟေ့ကောင် ဘဝဆိုတာကြီးကို မင်းဘယ်လိုမြင်သလဲ”လို့ မေးလာပါတယ်။ ကျနော်စိတ်အညစ်ဆုံးက အရက်သောက်ပြီး ဘဝအကြောင်းတွေ၊

တရားအကြောင်းတွေ ပြောတာမျိုးကို မနှစ်သက်ဆုံးပါပဲ။ ကျနော့်ဘဝမှာ အရက်ဆိုတာကို စိတ်ညစ်လို့ဆိုပြီး ဘယ်တော့မှ မသောက်ခဲ့ဘူးပါ။ ပျော်လို့၊

သူငယ်ချင်းတွေနဲ့ ဆုံဖြစ်ကြလို့သောက်ဖြစ်တာများပါတယ်။ သောက်ပြီးရင်လည်း စကားကို များများစားစား သိပ်မပြောတတ်ပါဘူး။ ကျနော့်အကျင့်က မူးပြီဆိုရင်

အိပ်ချင်လာတာပါပဲ။ အခုလည်း ကျနော့်သူငယ်ချင်းက ရေချိန်မှန်လာပြီး ဘဝနဲ့ချီတဲ့ စကားစလာတာမို့ ကျနော် စိတ်ပျက်သွားပါတယ်။

“ဘဝဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက ကာလလို့ ဆရာဦးအောင်သင်းက ပြောတာပဲကွ”လို့ ပြန်ပြောတော့ “မဟုတ်ဘူးကွ သူငယ်ချင်းရ

သူများအမြင်ကို မေးတာမဟုတ်ဘူး မင့်အမြင်ကို မေးတာ”ဆိုပြီး စောဒကတက်လာတာမို့ ” ဘဝဆိုတာ ဘကုန်းနဲ့ ဝလုံးပေါင်းထားတာလေ… အရေးကြီးတာက

ဘုန်းခနဲလဲပြီး ဝုန်းခနဲ မကွဲဖို့ပေါ့”ဆိုပြီး ပါးစပ်ထဲတွေ့ရာ ပြောချလိုက်တယ်။ “ငါကတော့ကွာ ဘဝဆိုတာကြီးကို စိတ်ပျက်တယ်”ဟု

ဆိုလာပြန်ရာ…..”ဘာလို့လဲကွ”ဆိုပြီး ကျနော်မှ စကားထောက်ပေးလိုက်ရာ… “ဘာလို့လဲဆိုတော့ ငါအသက်မရှင်ချင်တော့လို့” ဟုပြန်ဖြေရာ… ကျနော့်စိတ်ထဲမှ

“ဗုဒ္ဓေါ….”ဟု တလိုက်မိတော့သည်။ သူကဆက်ပြီး “မင်းဘဝဆိုတာကြီးကို ဘယ်လိုဖြတ်သန်းမလဲ… ပြီးတော့ အိမ်ထောင်ပြုဖို့ရော အစီအစဉ်ရှိသလား…

လူတစ်ယောက်ဟာ ဘဝဆိုတာ ရလာရင် အိမ်ထောင်ပြုဖို့ရော လိုအပ်သလား… ကဲ..မင်းရော… ဆရာရော….. ဖြေကြပါဦး” နားထောင်သူဖြစ်နေတဲ့ ဆရာကတော့

“ဘဝဆိုတာကြီးကို ဘယ်လိုဖြတ်သန်းမယ်ဆိုပြီး အစီအစဉ်တွေချထားပေမယ့် အစီအစဉ်အတိုင်း ဖြစ်လာတာမှ မဟုတ်တာ ဒီလိုပဲ ဖြတ်သန်းကြရတာပေါ့…

တစ်ခါတစ်လေ အစီအစဉ်အတိုင်းဖြစ်တယ် … တစ်ခါတစ်လေ အစီအစဉ်အတိုင်း မဖြစ်ဘူး… ဘယ်လိုပဲဖြစ်လာဖြစ်လာ ကြိုးစားဖြတ်သန်းရမှာပဲလေ…

ဘာလို့လဲဆိုတော့ ငါတို့က ဘဝဆိုတာကြီးကို ရနေကြပြီပဲ…နောက်တစ်ခုက ဘဝဆိုတာရလာတယ်… ဘဝထဲမှာမှ လူ့ဘဝဆိုတာရလာတယ်…

လူဖြစ်လာပြီဆိုမှတော့ လူ့တာဝန်ကျေပွန်ရမှာပေါ့ လူသားတာဝန်ထဲမှာ မျိုးဆက်ပြန့်ပွားအောင် ဆောင်ရွက်ခြင်းကလည်း လူသားတာဝန်တစ်ရပ်ပဲလေ…. ဒီတော့

အိမ်ထောင်ပြုသင့်တာပေါ့”ဟု ဝင်ပြော၏။ “မဟုတ်ဘူးဆရာ……. ဘဝဆိုတာကြီးကို ဆရာပြောသလိုဖြတ်သန်းရင်

အဓိပ္ပာယ်မရှိတဲ့ ဖြတ်သန်းမှု မျှော်လင့်ချက်မရှိတဲ့ ဖြတ်သန်းမှုလို့ ခေါ်မှာပေါ့…. ဆရာ့မှာ သတ်မှတ်ထားတဲ့ ပန်းတိုင်မှ မရှိတာ….နောက်တစ်ခု

လူသားတာဝန်တစ်ရပ်ဖြစ်တဲ့ မျိုးဆက်ပြန့်ပွားရေးဆိုတာကိုလည်း ကျနော်လက်မခံဘူးဗျ….. ကျနော်မျှော်လင့်ခဲ့တဲ့ ဘဝက ကျနော်တို့

ဘဝကို ပေးဆပ်ခြင်းတွေနဲ့ ဖြတ်သန်းကြမယ်…. အိမ်ထောင်မပြုဘူးဗျာ… ကလေးတွေကို စာသင်မယ်… အားလပ်ချိန်တွေကို စာဖတ်မယ်… တစ်ခါတစ်လေ အခုလို

ဝိုင်းဖွဲ့မယ်…. ဘယ်လောက်ပေါ့ပါး ဘယ်လောက် လွတ်လပ်သလဲ… မဟုတ်ဘူးလား သူငယ်ချင်း….”ဟု ဆိုကာ မြှားဦးက ကျနော့်ဘက်လှည့်လာပြန်တာမို့

“မဟုတ်ဘူးကွ… မမှန်ဘူး …. ငါတို့ဒီအတိုင်းနေသွားလို့ မရဘူး မဟုတ်ဘူး ရတယ်… ဒါပေမယ့် အသက်တွေကြီးလာရင် အလုပ်တွေ မလုပ်နိုင်ရင် ကျန်းမာရေး

မကောင်းရင် ဘယ်လိုလုပ်မလဲ….”ဟု ပြန်ဖြေတော့ သူက တဟားဟားးးအော်ရယ်ရင်းးးးးး”မင်းက ဆရာပြောတာကို

သဘောတူတယ်ပေါ့…..ကောင်းတယ်ကွာ….ကောင်းတယ်….မင်းတို့က ဘဝကြီးကို လူသားတာဝန်ကျေပွန်စွာ ထမ်းဆောင်ကြ…. ငါကတော့

မထမ်းဆောင်ချင်တော့ဘူးကွ…. ဒီမှာ သူငယ်ချင်း ငါ့အပေါ်မှာ မင်းဟာ ငါ့ညီအစ်ကို မောင်နှမတွေထက်မကဘူး ကောင်းခဲ့တယ်…. ကျေးဇူးတင်တယ်ကွာ…

ဒါပေမယ့် ဒီကျေးဇူးတွေကို နောက်ဘဝမှပဲ ဆပ်တော့မယ်…..” ဟုဆိုလာပြန်ရာ… ကျနော့်စိတ်ထဲမှာ ဒီကောင် အမူးလွန်သွားလို့

ပါးစပ်ထဲတွေ့ရာ လျှောက်ပြောနေတာလား ဘာအဆင်မပြေမှုတွေရှိနေလို့လဲဆိုတဲ့ အတွေးဝင်လာပါတယ်။ “မဟုတ်သေးပါဘူးကွာ…. ကျေးဇူးဆပ်တာတွေ ဘာတွေ

အသာထား နောက်ဘဝမှာ မင်းက လူဖြစ်ပါမယ်လို့ သေသေချာချာ ပြောလို့ရလို့လား…မင်းဘာတွေ လျှောက်ပြောနေတာလဲ… အဓိပ္ပါယ်မရှိတဲ့ စကားတွေ

မပြောနဲ့ကွာ… ငါတို့ အရက်သောက်တယ်ဆိုတာ စိတ်ညစ်လို့ မဟုတ်ဘူး… ပျော်လို့သောက်တာ… စိတ်ညစ်စရာတွေ

မပြောနဲ့ကွာ”ဆိုပြီး ပြောလိုက်ပေမယ့်….”ငါ့ကိုခွင့်လွှတ်ပါ သူငယ်ချင်း တကယ်ကို ဘဝဆိုတာကြီးကို စိတ်ပျက်လို့ပါ…..”ဟုဆိုလာပြန်ရာ…. နားထောင်နေသူ

ဆရာမှာ အပေါ့စွန့်သွားလိုက်ဦးမယ် ဆိုပြီး ထသွားတော့သည်။ “ခက်တော့ ခက်နေပါပြီကွာ…. မင်ဘဝဆိုတာကြီးကို စိတ်ပျက်တယ်ဆိုပြီး ထွက်သွားချင်တိုင်း

ထွက်သွားလို့ ရတာမျိုးမှ မဟုတ်တာ …..”ဟုဆိုတော့…. “ဘယ်လိုပဲ ဖြစ်ဖြစ်ကွာ…. မင့်ကျေးဇူးတွေကို နောက်ဘဝမှပဲ ဆပ်ပါရစေတော့……ငါ့ကို

ခွင့်လွှတ်ပါကွာ…..”ဆိုလာပြန်ရာ…”ဟေ့ကောင် ငါက မင်းကို ကျေးဇူးဆပ်ပါလို့ ပြောဘူးလို့လား”ဟု ပြန်မေးမိသည်။ ညဆယ့်တစ်နာရီခန့်ရှိပြီမို့ ပတ်ဝန်းကျင်တွင်

တိတ်ဆိတ်နေချိန် နှစ်ယောက်သား မူးမူးနှင့် စကားကို အာလေး လျှာလေးနဲ့ အာကြီးအာကျယ် ပြောနေကြတာမို့ ( ကျနော့်တို့ကတော့ တိုးတိုးလေးပြောနေတာဟု

ထင်နေကြတာပါ) ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်မိ…. ထိုအချိန်တွင် အဆောင်ရှေ့ဘက် ဝင်းထရံကို “ဖောင်းးးးးဖောင်းးးးးဘုန်းးးးဘန်းးးးး”ဆိုတဲ့ အသံတွေနဲ့ အတူ

“တော်တော်ဆိုးတဲ့ ခွေးတွေ” ဆိုတဲ့ အသံကို ကြားရပါတယ်….။ ပြီးတော့ အပြင်ထွက်သွားတဲ့ ဆရာနဲ့ ကျနော့် သူငယ်ချင်းရဲ့ အဖေ စကားပြောနေသံကို

ကြားရပါတယ်။ ကျနော့်သူငယ်ချင်းကတော့ ကျနော့်ကို ကျေးဇူးတွေ နောက်ဘဝမှပဲ ဆပ်တော့မယ်….ခွင့်လွှတ်ပါ…ဟုသာ ပြောနေတော့သည်။ မကြာခင်မှာပဲ

အပြင်ထွက်သွားတဲ့ ဆရာပြန်ဝင်လာပြီး ကျနော့်နားကပ်ကာ “ဟေ့ကောင်….. ပြန်စို့ မင့်ကောင်အဖေက မင်းမူးပြီး ပြဿနာရှာနေတာ

… ပြန်ခေါ်သွားတော့တဲ့….ခဏက လေးခွနဲ့ ပစ်တာလည်း ဘာခွေးမှ မဟုတ်ဘူး”ဟု လေသံတိုးတိုးဖြင့်ပြောလာသည်။ ကျနော်နားလည်လိုက်ပါပြီ….။

မူးနေတယ်ဆိုပေမယ့် ကျနော် အသိစိတ်လွှတ်အောင် မမူးပါ။ သူငယ်ချင်းဖြစ်သူပြောနေတဲ့ စကားတွေက

လမ်းကြောင်းလွဲနေတယ်ထင်လို့ ဖြန်ဖြေပြောနေရုံမျှသာ….. သို့သော်….. အမြင်လွဲမှားမှုကို ခံလိုက်ရချေပြီ။ ကျနော့် သူငယ်ချင်းအဖေ စိတ်ထဲမှာ

ကျနော်တို့နှစ်ယောက်က သူ့သားကို အရက်သောက်ဖို့ရာ အဖော်ညှိ သောက်ပြီးတော့ ပြဿနာရှာနေတာဟု ထင်မှတ်သွားပုံရသည်။ ကျနော်လည်း သူငယ်ချင်းကို

“ကဲ…ထတော့ကွာ မင့်ကို အိပ်ယာထဲ ပို့ပေးထားခဲ့မယ်… မင်းလည်း မူးနေပြီ… မိုးလည်းချုပ်ပြီ… ငါလည်း ပြန်တော့မယ်….”ဟု ဆိုကာ သူ့ကို သူ့အခန်းထဲ တွဲပို့ပြီး

အိပ်ယာပေါ်တင်ပေးကာ ကျနော်နဲ့ ဆရာ အိမ်ပြန်လာရင်း လမ်းမှာ ဆရာက “ဟေ့ကောင် ငထွန်း အဲ့တာကြောင့် ငါ မလိုက်ချင်ဘူးပြောတာ …. မင့်ကြောင့် ငါပါ

ဒီည ခွေးဖြစ်သွားပြီ…. ငါတို့ကို တော်တော်ဆိုးတဲ့ ခွေးတွေတဲ့….. မင့်ကောင် အဖေက…..”ဟု ပြောလာတော့…. ကျနော် မဲ့ပြုံးပြုံးရင်း

“ခွေးဖြစ်သွားခဲ့တဲ့ ကျေးဇူးရှင်ကြီးပေါ့ ဆရာရယ်…..”ပြန်ပြောလိုက်တော့ သူရော ကျနော်ပါ

တဟားဟားးရယ်မောရင်းးးးးးးးးးပြန်လာခဲ့ကြတာပေါ့။ တော်သလင်းလရဲ့ အမှတ်တရ ညတစ်ညဖြစ်ခဲ့ပါလေရောဗျာ….. ဪ…လွန်ခဲ့တဲ့

သုံးနှစ်…..သုံးနှစ်…သုံးနှစ်……

ဟော………… ကျနော်ဒီစာရေးနေရင်း လမ်းထိပ်မှာ ခွေးသံတွေ ဆူညံနေပြီ……

ပျော်ရွှင် ချမ်းမြေ့ကြပါစေ….

K.T.W.L

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ရွာသူ/သားအပေါင်းတို့ ခင်ဗျား ….. ကျနော် ရွာထဲမှာ အလှူ ခရီးစဉ် ပုံနှင့် စာများ တင်ပေးရေးပေးရန် အကြွေးကျန်နေပါသေးသည်။ ကွန်နက်ရှင်မကောင်းခြင်း အတ္တဟိတ အလုပ်များ ရှုပ်နေခြင်းကြောင့် မတင်ပေးနိုင်သေးခြင်းကို ခွင့်လွှတ်ပေးကြပါရန်…. တောင်းပန်အပ်ပါသည်။

10 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 10, 2014 at 2:53 pm

    ဖြစ်တတ်ပါတယ်။
    မိဘ တော်တော်များများက
    ကိုယ့်သားသမီးက ဓာတ်ခံကောင်းပေမဲ့
    အပေါင်းအသင်းကြောင့် လုပ်နေရတာလို့ပဲ ထင်နေရှာတတ်တာ။

    :k:

  • ခင် ခ

    September 10, 2014 at 3:09 pm

    ကျွန်တော်ရန်ကုန်မှာနေတုန်းက ကျွန်တော်သူငယ်ချင်း ကျုရှင်ဆရာတစ်ယောက်ရှိတယ် တစ်ခါတလေ သူနဲ့ဘီယာသောက်ဖို့ချိန်းရင် ဘီယာဆိုင်ရဲ့ အတွင်းဘက်အနောက်ဆုံးထောင့်ကျကျ စားပွဲမှာ ဆိုင်ဝင်တဲ့ဘက်ကို ကျောပေးပြီး သူကထိုင်လေ့ရှိတယ်ဗျ။
    ဘာလို့လဲဆိုတော့ တပည့်တွေနဲ့မျက်နှာချင်းဆိုင်မိကာဆုံရင် မျက်နှာပူရမှာစိုးလို့တဲ့လေ။

  • အဲလို သောက်ပြီး ရင် ရစ် တတ် တဲ ့ သူတွေကြောင့် အရက်သိက္ခာကျတာ။

    နောက်တစ်ခါ လယ်ကွင်းထဲ သွား သောက ်နော်

    • kai

      September 10, 2014 at 3:33 pm

      မြန်မာ့ရုပ်ရှင်တွေ.. ဝတ္တုတွေကြောင့်အဲလိုဖြစ်ကြတာလားတော့မသိ..

      ဖွံ့ဖြိုးပြီးနိုင်ငံတွေမတော့ အရက်ဆိုတာ.. ပျော်မှသောက်ကြတာအများစုရယ်..။
      မူးပြီးရစ်တာမျိုး… ယူအက်စ်မှာဆို.. သေနတ်တွေပေါပေါပဲပဲနဲ့.. အသတ်ခံရမယ့်ပုံ…

      ဆိုတော့…
      မြန်မာပြည်လည်လည်လာဖြစ်ရင်.. ရွာသူားတွေနဲ့.. တဝိုင်းလောက်တော့…ထိုင်ချင်သား :k:

  • Mr. MarGa

    September 10, 2014 at 3:40 pm

    အင်းး
    ဖြစ်တတ်ပါရဲ့ ဗျာ…
    သောက်ကောင်းတဲ့ ညတစ်ညတော့ မဟုတ်ခဲ့ဘူးပေါ့လေ 🙂

  • kotun winlatt

    September 10, 2014 at 3:46 pm

    ဝိုးးးးးးးးမြန်ချက်…… ကွန်မန့်တွေကတော့…..
    ဘယ်လိုလိုင်းမျိုးကိုများ သုံးလို့ အဲ့ဂလောက်မြန်ကြသလဲ ပြောပြကြပါဦးးးး
    ဒီမှာတော့ အဝိုင်းလေး ချာချာလည်ကောင်းနေတုန်းးးးးးး
    လာရောက် ဖတ်ရှု့ ကွန်မန့်ချီးမြင့်သူများကို ကျေးဇူးပါလို့….
    ဘယ်တော့များမှ လိုင်းကောင်းကောင်းး သုံးရမှာလိမ့်ကွယ်ရို့…….

  • aye.kk

    September 10, 2014 at 6:13 pm

    ပြုတဲ့သူနဲ့​ပြောတဲ့သူ​ကော

    မ​ကောင်​းပါလား​နော်…​

  • alinsett

    September 11, 2014 at 3:12 am

    တူချက်

    အရက်ကို ပျော်တဲ့အခါ အပေါင်းအသင်းတွေနဲ့ ဟေးဟေးဟားဟားဆုံလို့သာ သောက်တာ

    :mrgreen:

  • မြစာကလေး (23122011)

    September 11, 2014 at 5:17 am

    ခွေးဖြစ်ပြီး သွားတော့ အဲဒီ အရည်တွေ ပြတ်သွားရောလား ဆရာလေး။ ;-))

  • kyeemite

    September 11, 2014 at 2:39 pm

    .အော်ဟော်..ဆရာတို့ရယ်..ဖြစ်မှဖြစ်ရလေ..
    .အာ့ကြောင့် သောက်တယ်ဆိုနေရာလေးရွေးဖို့လိုသလို လူလည်းရွေးဖို့လိုသဗျ
    .ကျုပ်လည်းရစ်တဲ့လူဆိုဝေးဝေးရှောင်တယ်..
    .ဘယ့်နယ်..ပျော်ချင်လို့သောက်တာစိတ်ညစ်နဲ့ဇတ်သိမ်းရတယ်လို့
    .ရန်ကုန်ရောက်ရင်..ကွဲစည်ကိုသာဆက်သွယ်လိုက်..သူကလိုင်ဆင်ရ :k:

Leave a Reply