အလင်းခြုံတဲ့ သတင်းZone-1

 

မင်္ဂလာပါ ။

အပတ်စဉ် တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone အစီအစဉ် (၂) ကနေ အခုတစ်ပါတ်တင်ပြပေးမယ့် သတင်းတွေကတော့….

* သမ္မတဦးသိန်းစိန်က ပြည်သူတွေ လိုလားတယ်ဆိုရင် ၂၀၁၅ မှာ သမ္မတ ဆက်လုပ်ဖို့ ဆုံးဖြတ်မယ် လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့သတင်း၊

* မြန်မာနိုင်ငံဟာ အခုနောက်ပိုင်းမှာ နောက်ကြောင်း ပြန်လှည့်နေပြီလို့ အမေရိက လွှတ်တော်အမတ်တချို့က ဝေဖန်ပြောဆိုလိုက်တဲ့သတင်း၊

*တရုတ်အစိုးရပိုင် CNPC ရေနံကော်ပိုရေးရှင်းရဲ့ တရုတ်အလုပ်သမားတွေနဲ့ မြန်မာ အလုပ်သမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက်မှာ

တိုင်းရင်းသား၊ မြန်မာအလုပ်သမား ၁၇ ယောက်ကို ထောင်ဒဏ်စီရင်ချက်တွေ အသီးသီးချမှတ်လိုက်တဲ့သတင်း၊

* ၂၀၁၄ ခုနှစ်အတွင်းမှာ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုတဲ့ သတင်းနဲ့ နောက်ဆက်တွဲ ကြေညာချက်များ

* မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့တိုက်တွန်းလိုက်တဲ့

အိတ်ဖွင့်ပေးစာတစောင်ကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ က

EU ထံ ပေးပို့လိုက်တဲ့သတင်း၊

* တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လာမယ့်အောက်တိုဘာလကုန်မှာ ကျင်းပသွားမယ် ဆိုတဲ့ သတင်း၊

*ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆွေးနွေးခဲ့တဲ့ “မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလ စိန်ခေါ်မှုများ“ ဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာ သတင်း၊

* US နိုင်ငံသားအဖြစ်က စွန့်လွှတ်မယ့်သူတွေကို ကောက်ခံမယ့် အခကြေးငွေကို လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့က စပြီး

ငါးဆ တိုးမြှင့်တော့မယ်ဆိုတဲ့သတင်း၊

* အမျိုးသားပညာရေးဥပဒေ(မူကြမ်း)ကို တက္ကသိုလ်ကျောင်းသားတွေ သဘောမတူကြောင်းပြသခဲ့ပြီး

အမျိုးသားပညာရေးဥပဒေ (မူကြမ်း) ထပ်ဆင့်ရှင်းလင်းပွဲ မပြီးဆုံးခင်မှာ  ကျောင်းသားတွေ ထထွက်ခွါသွားကြတဲ့သတင်းနဲ့…

* ဂျပန်နိုင်ငံမှာ လက်ရှိ စမ်းသပ်တီထွင်နေတဲ့ အီဘိုလာကုသရေး Fanvipiravir အမည်ရှိ စမ်းသပ်ဆေးဝါးတွေ ကို လက်ခံရတော့မယ့်

နိုက်ဂျီးရီးယားရဲ့ အီဘိုလာသတင်း၊

* အမေရိကပြည်ထောင်စု၊ကော်လိုရာဒိုပြည်နယ်မှာ နေထိုင်သူတစ်ဦးကို  မြန်မာနိုင်ငံ ၊ Eleven မီဒီယာက ဒေါ်လာတစ်သန်းကျော် လျော်ကြေးတောင်း တရားစွဲဆိုမယ့်အမှုသတင်း၊

* အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ပစ်မှတ်ထားခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က တုံ့ပြန်ပြောဆိုလိုက်တဲ့ သတင်းအချက်အလက်များနဲ့…

* အစ္စလာမ်မစ် နိုင်ငံတော် (ISIS) အဖွဲ့ရဲ့ ခေါင်းဖြတ်သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ US သတင်းထောက် စတီဗန်ဆော့လော့ဖ်ရဲ့ နောက်ဆက်တွဲသတင်း၊

* တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့က အမျိုးသမီးအများစုပါဝင်တဲ့ လယ်သမား ၃၀ လောက် မြို့တွင်းလှည့်လည်ပြီး ဆန္ဒပြကြတဲ့ သတင်း၊

* မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ အမြဲတမ်းနေထိုင်ခွင့်ဗီဇာကို လာမယ့် အောက်တိုဘာလကုန်က စတင်လျှောက်ထားနိုင်အောင် စီစဉ်ထားပြီဆိုတဲ့သတင်း၊

* မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ နှစ်စဉ်ပြသတဲ့ US လော့စ်အိန်ဂျယ်လိစ်မြို့လယ်က ရုပ်ရှင်ပွဲတော်ဆိုင်ရာ သတင်းနဲ့…

* ဗြိတိန်ဘုရင်မကြီး Elizabeth ရဲ့ မြေးဖြစ်သူ မင်းသား William နဲ့ သူ့ဇနီးသည် Kate တို့မှာ ဒုတိယမြောက် ရင်သွေး ရတော့မယ် ဆိုတဲ့ သတင်း၊

*မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွစ်ဇာလန်နိုင်ငံက ၂၀၁၇ အထိ ငါးနှစ်တာစီမံကိန်းနဲ့ USဒေါ်လာ ၁၆၄ သန်း ထပ် ပေးပြီး

ပံ့ပိုးကူညီသွားမယ်ဆိုတဲ့ သတင်း…တို့ကို ကြေညာသွားမှာ ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မြန်မာသမ္မတ ဦးသိန်းစိန်က ပြည်သူတွေ လိုလားတယ်ဆိုရင် ၂၀၁၅ မှာ သမ္မတဆက်လုပ်ဖို့ ဆုံးဖြတ်မှာဖြစ်တယ်လို့ ဥရောပခရီးစဉ်အတွင်း ဥရောပသတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ဖြေကြားလိုက်ပါတယ်။

အဆိုပါ ပြောကြားချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအရ ခွင့်ပြုထားတဲ့ ရွေးကောက်ပွဲစနစ်နဲ့ သမ္မတရွေးချယ်ပုံတွေအရ ပြည်သူ့သဘောဆန္ဒအရ နိုင်ငံတော်သမ္မတဖြစ်ဖို့ မဖြစ်ဖို့ဆိုတာ

ပြည်သူ့ဆန္ဒ သဘောထားပေါ်မှာ မူတည်တာမဟုတ်တဲ့အတွက်  သမ္မတဦးသိန်းစိန်ရဲ့ ပြောဆိုပုံဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့

အတိုက်အခံပါတီ NLD ၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ထောက်ပြလိုက်ပါတယ်။

” ပြည်သူ့ဆန္ဒအရပဲဆိုတော့ တော်တော်တော့ ခက်တာပဲ။

သမ္မတရွေးချယ်ရေးစနစ်က Indirect ရွေးတာလေ။ ပြည်သူ့ဆန္ဒ တိုက်ရိုက်မှ မဟုတ်ဘဲ၊

ဒီစကားက အမှန်တော့- တည့်တည့်ပြောရရင် သမ္မတဆက်လုပ်မယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။” လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

သမ္မတဦးသိန်စိန်ရဲ့ ပြောဆိုချက်ဟာ လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ

နောက်တစ်ကြိမ် ပြန်လည် ရွေးကောက်ခံဖို့ရှိတယ်ဆိုတာကို ပြသ လိုတဲ့ သဘောဖြစ်ကြောင်း ပြည်တွင်းသတင်းတွေမှာ ရေးသားဖော်ပြနေကြပါတယ်။

သမ္မတဦးသိန်းစိန်က အစောပိုင်းကာလတွေမှာတော့

သူ့အနေနဲ့ လာမယ့် ၂၀၁၅ မှာ ရွေးကောက်ပွဲ ၀င်မ၀င်ဆိုတာ ပြောဖို့ စောသေးတယ်လို့ သမ္မတပြောခွင့်ရှိသူက တစ်ဆင့် ပြောခဲ့ဖူးပါတယ်။

သူ့အနေနဲ့ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ပြီး အေးအေးဆေးဆေး နေထိုင်လိုတယ် လို့လည်း ဒီနှစ်ထဲမှာ ပြောခဲ့ဖူးကြောင်း သိရပါတယ်။

ပြည်သူတွေအတွက် လုပ်ပိုင်ခွင့်အပြည့်အ၀နဲ့ လိုအပ်တာတွေလုပ်ပေးနိုင်ဖို့ သမ္မတ ဖြစ်ချင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားတာ ရှိတဲ့အပြင်

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း သမ္မတဖြစ်ချင်ကြောင်း ထုတ်ဖော်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

4

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

၂၀၁၄ ခုနှစ် မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအက်ဥပဒေ မူကြမ်းကို

စက်တင်ဘာ ၉ရက်နေ့မှာ အောက်လွှတ်တော် နိုင်ငံခြားရေး ဆပ်ကော်မတီမှာ ဆွေးနွေးခဲ့ရာမှာ

မြန်မာနိုင်ငံအနေနဲ့ အပြောင်းအလဲတွေ လုပ်လာပေမဲ့၊ အခုနောက်ပိုင်းမှာတော့  နောက်ကြောင်း ပြန်လှည့်နေပြီလို့

အမေရိက လွှတ်တော်အမတ်တချို့က ပြောဆိုပြီး ဆွေးနွေးခဲ့ပါတယ်။

၂၀၁၁ ခုနှစ်ကစပြီး အမေရိက အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ်

နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲကျင့်သုံးလာတဲ့ တလျှောက်လုံး အမေရိက လွှတ်တော်ဘက်က   မြန်မာအစိုးရရဲ့ ခြေလှမ်းကို စောင့်ကြည့်ပြီး ဝေဖန်ခဲ့ကြပါတယ်။

အထူးသဖြင့် အခုနှစ်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံ အခြေအနေတွေက တိုးတက်မှုမရှိတဲ့အပြင်

နောက်ကြောင်း ပြန်လှည့်တာတွေပါ တွေ့လာရပြီဖြစ်ကြောင်း လွှတ်တော်အမတ်တွေဖက်က ပြောဆိုဝေဖန်လိုက်ပါတယ်။

၂၀၁၄ ခုနှစ် မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအက်ဥပဒေ မူကြမ်းကို

အောက်လွှတ်တော်ရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေး ဆပ်ကော်မတီ ဥက္ကဌ Chabot နဲ့

နယူးယောက်ပြည်နယ် အောက်လွှတ်တော်အမတ် Joe Crowley တို့က ဦးဆောင်ပြီး တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။

Mr. Chabot ဟာ ရီပတ်ဗလစ်ကန်ပါတီကဖြစ်ပြီး Mr. Crowley ကတော့   ဒီမိုကရက်ပါတီကဖြစ်ပါတယ် ။

ဆပ်ကော်မတီ ဥက္ကဌ Mr. Chabot က   အမေရိက အစိုးရဘက်က မြန်မာနဲ့ ဆက်ဆံရေးမှာ

လိုက်လျောပေးလွန်းတာကြောင့် ကန့်သတ်ဖို့ ဒီဥပဒေကြမ်းကို တင်သွင်းတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

5

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ ၂၂ မိုင်ခန့်အကွာ၊ အမ်းတောင်အုပ်စု၊

တောင်စောက်ရွာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ ကြားစခန်းတခုမှာ

ပြီးခဲ့တဲ့ ဇန်နဝါရီလက တရုတ်အလုပ်သမားတွေနဲ့ မြန်မာ အလုပ်သမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက်မှာ                                                                         တိုင်းရင်းသား၊ မြန်မာအလုပ်သမား ၁၇ ယောက်ကို မီးရှို့မှု၊ ဖျက်ဆီးမှု၊ ပိုင်နက်ကျူးလွန်မှု စတဲ့ ပုဒ်မတွေနဲ့ တရားစွဲခဲ့ပြီး

ထောင်ဒဏ် ၆ နှစ်ကနေ ဆယ်နှစ်အထိ စီရင်ချက်အသီးသီးချမှတ်လိုက်ပါပြီ။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်း ဦးစီးအရာရှိတဦးက တရားလိုပြုပြီး

သိန်း ၁,၆၀၀ ကျော် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ မီးလောင်ပျက်စီးသွားတယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအလုပ်သမားတွေကို မီးရှို့မှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲခဲ့တာပါ။

အဲဒီတရားစွဲခံအလုပ်သမားတွေကို ပြီးခဲ့တဲ့ရက်ကပဲ အနိမ့်ဆုံး ထောင်ဒဏ် ၆ နှစ်ကနေ

၁၀ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာပါ။

ဇန်န၀ါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုမှာ  တဆောင်ထဲအတူနေ တရုတ်အလုပ်သမားတွေက

မြန်မာအလုပ်သမားတွေကို   မစင်ရေနဲ့ ပက်တဲ့အတွက် စကားများ ရန်ဖြစ်ရာကနေ စတင်ခဲ့တာဖြစ်ပြီး

အဲဒီနောက် ရန်ဖြစ်တဲ့အဆောင်နဲ့ အနည်းငယ်ဝေးကွာတဲ့    စီမံကိန်းသုံး အဆောင်တခု မီးလောင်ပျက်စီးသွားပါတယ်။

အဲဒီမီးလောင်မှုဟာ ချင်းတိုင်းရင်းသား၊ မြန်မာအလုပ်သမားတွေကျူးလွန်ခဲ့တာလို့ စွပ်စွဲခံရပေမယ့်

တရားခံတွေအဖြစ် စွပ်စွဲခံရသူတွေကတော့ သူတို့ မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုထားပါတယ်။

စွပ်စွဲခံရသလို မီးရှို့တာမျိုး မလုပ်ခဲ့တဲ့အတွက် အခုလို ပြစ်ဒဏ်ချမှတ်မှုဟာ တရားမျှတမှု မရှိဘူးလို့

သူတို့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောဆိုလိုက်ပါတယ်။

CNPC လိုခေါ်တဲ့ တရုတ်အစိုးရပိုင် ရေနံကော်ပိုရေးရှင်းက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့

အဆိုပါ သဘာဝဓာတ်ငွေ့ စီမံကိန်းဟာ US ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံ ဆောက်လုပ်နေတဲ့စီမံကိန်းဖြစ်ပြီး

ရခိုင်ပြည်နယ်အတွင်းမှာ ဆန့်ကျင်ကန့်ကွက်မှုတွေလည်း ရှိခဲ့တဲ့ လုပ်ငန်းဖြစ်ပါတယ်။

 

3

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

၂၀၁၄ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့ပါဘူးလို့   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက

စက်တင်ဘာလ ၇ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အခုလို ပြောကြားချက်အပေါ်မှာ ပါတီတချို့က ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြောင်းလွယ် ပြင်လွယ် မလုပ်သင့်ဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေကြောင်း သိရပါတယ်။

၂၀၁၄ နိုဝင်ဘာလမှာ ပြည်ထောင်စုလွှတ်တော်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲ တစ်ရပ်ကျင်းပပေးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားရာကနေ

အခုတော့ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့တဲ့အကြောင်း

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ

ပြည်တွင်းနိုင်ငံရေးပါတီ ၃၅ ခု နဲ့ တွေ့ဆုံပြီး သတင်းထုတ်ပြန်ကြေညာခဲ့တာပါ။

ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့တဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို စတင် ပြင်ဆင်တော့မှာဖြစ်ကြောင်း၊

လက်ရှိ အချိန်မှာတော့ မဲဆန္ဒရှင် စာရင်းပြုစုခြင်းတွေကို ဆောင်ရွက်ဖို့ရှိကြောင်း၊

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်အောင် ကြိုးစားမှာဖြစ်ကြောင်း…သတင်းစာရှင်းလင်းပွဲမှာ ကတိပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

——————–

ကြားဖြတ်ရွေးကောက်ပွဲကို ဖျက်သိမ်းလိုက်ခြင်းနဲ့ ပတ်သက်ပြီး

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ လုပ်ပိုင်ခွင့်မရှိကြောင်း

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းချက်အရလည်းကောင်း၊

ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရလည်း ကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေအရလည်းကောင်း ၊

ရွေးကောက်ပွဲကို ဖျက်သိမ်းနိုင်ခွင့်အာဏာမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ပြောဆိုလိုက်ပါတယ်။

ကော်မရှင်ဟာ ရွေး ကောက်ပွဲကိုဖျက်နိုင်တဲ့အာဏာ မရှိဘဲ ဖျက်လိုက်တာဖြစ်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်ဟာတရားမ၀င်တဲ့ ကြေညာချက်ဖြစ်တယ်’’လို့

ဦးကိုနီက ပြောဆိုလိုက်ပါတယ်။

 

3

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ဗြိတိန်ဘုရင်မကြီး Elizabeth ရဲ့ မြေးဖြစ်သူ မင်းသား William နဲ့ သူ့ဇနီးသည် Kate တို့မှာ

ဒုတိယမြောက် ရင်သွေး ရတော့မယ်လို့ ဗြိတိသျှ တော်ဝင်မိသားစုက

စက်တင်ဘာလ ၈ရက်၊ တနင်္လာနေ့ မှာ ကြေညာလိုက်ပါတယ်။

သူတို့ရဲ့ ပထမ သားဦးကလေးကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ မွေးဖွားခဲ့ပြီး

မင်းသား George လို့ အမည်ပေးထားတာပါ။

အခုလို ဒုတိယမြောက် ရင်သွေးရတော့မယ်ဆိုတဲ့ သတင်းကောင်းအတွက် ၀မ်းသာမိကြောင်း

ဝန်ကြီးချုပ် David Cameron က သူရဲ့ တွစ်တာ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြရေးသားထားပါသေးတယ်။

 

 4

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လာမယ့် အောက်တိုဘာလကုန်မှာ ကျင်းပသွားမယ်လို့

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ UPWC နဲ့

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ဟာ

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် တတိယမူကြမ်းကို

လာမယ့် စက်တင်ဘာလ ၂၃ ရက်နေ့မှာ အပြီးသတ်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးရင် လာမယ့်နှစ် ဇန်န၀ါရီလလောက်မှာ

အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် နိုင်ငံရေးပါတီတွေ အတော်များများပါဝင်တဲ့

နိုင်ငံရေးဆွေးနွေးပွဲကို စတင်နိုင်မယ်လို့ ခန့်မှန်းကြောင်းလည်း ၀န်ကြီးဦးအောင်မင်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

Capture1

 

 

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ရန်ကုန်မြို့ ၊ မီကာဆာဟိုတယ်မှာ စက်တင်ဘာလ ၅ရက်နေ့က

“မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလ စိန်ခေါ်မှုများ“ ဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပြီး

မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုရှိမှ ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာမှုရှိမယ်လို့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က

“တကယ့် ပြည်တွင်းငြိမ်းချမ်းရေး ရေရှည်ခံဖို့ဆိုရင် တရားဥပဒေ စိုးမိုးမှုမရှိပဲနဲ့ မရပါဘူး၊

ဘယ်လိုပဲ သဘောတူညီချက်တွေယူယူ၊ ဘယ်လိုပဲ သဘောတူညီချက်တွေ လက်မှတ်ထိုးထိုး၊

တရားဥပဒေစိုးမိုးမှု မရှိလို့ရှိရင် ဒီသဘောတူညီချက်တွေဟာ

ဘယ်လောက်အထိ တည်မြဲမှာလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ် လို့ ပြောဆိုလိုက်ပါတယ်။

အဲဒီအလုပ်ရုံဆွေးနွေးပွဲကို BAYDA Institute နဲ့ ဂျာမနီအခြေစိုက် KAS (Konrad-Adennauer-Stiftung) ဖောင်ဒေးရှင်းတို့က

ပူးပေါင်းစီစဉ်တာဖြစ်ပြီး NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၁ ခု တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

image1

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် US ဒေါ်လာ ၁၅ သန်း ကို ၂၀၁၃-၂၀၁၄ခုနှစ်အတွက် ပံ့ပိုးကူညီခဲ့တဲ့

ဆွစ်ဇာလန်နိုင်ငံက ၂၀၁၇ အထိ ငါးနှစ်တာစီမံကိန်းနဲ့ USဒေါ်လာ ၁၆၄ သန်း ထပ် ပေးပြီး ပံ့ပိုးကူညီသွားဦးမယ်လို့ ပြောပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်အတွင်း ဆွစ်ဇာလန်နိုင်ငံကိုရောက်ရှိစဉ်မှာ နှစ်နိုင်ငံသမ္မတများတွေ့ဆုံပြီး

သဘောတူညီမှုရခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။

မြန်မာ-ဆွစ်ဇာလန်နှစ်နိုင်ငံ သမ္မတတွေ့ဆုံချိန်မှာ

မြန်မာနိုင်ငံရဲ့ နိုင်ငံ့ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး၊

ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး၊

ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့… လူ့အခွင့်အရေးမြှင့်တင်ရေး၊

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကိစ္စရပ်များ နဲ့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စ ရပ်များ၊

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို   ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

5

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

===============================================

အမေရိကနိုင်ငံသားအဖြစ်က စွန့်လွှတ်မယ့်သူတွေကို ကောက်ခံမယ့် အခကြေးငွေကို

လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့က စပြီး ငါးဆ တိုးမြှင့်တော့မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

အမေရိကနိုင်ငံသားအဖြစ်က စွန့်လွှတ်ဖို့ ရှည်လျားလှတဲ့လုပ်ငန်းကိစ္စများ လုပ်ဆောင်ရတဲ့ အထဲမှာ

အခုလက်ရှိ ဒေါ်လာ ၄၅၀ သတ်မှတ်ထားတဲ့ အခကြေးငွေကို စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့က စပြီး

ဒေါ်လာ ၂,၃၅၀ ပေးဆောင်ရတော့မှာဖြစ်ပါတယ်။

အမေရိကနိုင်ငံသားအဖြစ်ကို စွန့်လွှတ်သူ အရေအတွက် တဟုန်ထိုး တိုးပွားလာခဲ့ပြီးနောက်မှာ အခကြေးငွေကို ၅ ဆ တိုးမြှင့်လိုက်ခြင်း ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်များရဲ့ အလယ်ပိုင်းနှင့် ၂၀၀၀ ခုနှစ်များရဲ့ အစောပိုင်းကာလများအထိ၊

အမေရိကနိုင်ငံသား စွန့်လွှတ်သူ အရေအတွက်ဟာ တစ်နှစ်မှာ ရာဂဏန်းလောက်သာ ရှိခဲ့ပေမယ့်

၂၀၁၃ ခုနှစ်မှာတော့ စံချိန်တင် အများဆုံး ၃,၀၀၀ ရှိလာခဲ့ပါတယ်။

ယခုနှစ် ပထမနှစ်ဝက်ပိုင်းမှာ တစ်ကမ္ဘာလုံးက အမေရိကနိုင်ငံသား စုစုပေါင်း ၁,၅၇၇ ဦး

နိုင်ငံသားအဖြစ်က စွန့်လွှတ်သွားခဲ့ကြတယ်လို့ သိရပါတယ်။

1

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဒဂုံတက္ကသိုလ်မှာ စက်တင်ဘာ ၅ရက်နေ့က ပြုလုပ်ခဲ့တဲ့

အမျိုးသားပညာရေးဥပဒေ (မူကြမ်း) ထပ်ဆင့်ရှင်းလင်းပွဲမှာ

ဥပဒေ(မူကြမ်း)အပေါ် သဘောတူညီမှုရှိ၊ မရှိ ကျောင်းသူ၊ ကျောင်းသားတွေကို မေးမြန်းရာ

တက်ရောက်လာတဲ့ ကျောင်းသူ၊ ကျောင်းသားအားလုံးက သဘောမတူခဲ့ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ ရှင်းလင်းပွဲမှာ ဒဂုံတက္ကသိုလ် ရှေးဟောင်းသုတေသနဌာနက အမျိုးသားပညာရေးဥပဒေ(မူကြမ်း)ကို ဆွေးနွေးခဲ့ပြီး

တက်ရောက်နားထောင်နေတဲ့ ကျောင်းသူ၊ ကျောင်းသားများ ဥပဒေမူကြမ်းကို သဘောတူညီရင် လက်ထောင်ပြပါ…လို့ ဆိုတဲ့အခါ

တစ်ယောက်မှ လက်ထောင်ပြခြင်းမရှိဘဲ သဘောမတူကြောင်းကို ပြသခဲ့ကြပါတယ်။

အမျိုးသားပညာရေးဥပဒေ(မူကြမ်း)ကို ရှင်းလင်း ပြောကြားပြီး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ခဲ့တဲ့

Education Talk အစီအစဉ်မှာ

အမျိုးသားပညာ ရေးဥပဒေ(မူကြမ်း)နဲ့ ပတ်သက်ပြီး ဦးမျိုး မြတ်သူနဲ့

ရန်ကုန်တက္ကသိုလ်ဥပဒေဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက်တာဒေါ်သန်းနွဲ့၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဥပဒေဌာနမှ ပါမောက္ခဒေါက်တာဒေါ်ခင်ချစ်ချစ်၊ ဒေါက်တာခင်မောင်ညိုတို့ ဆွေးနွေးခဲ့တဲ့ စကားဝိုင်းဗီဒီယိုဖိုင်ကို ဖွင့်လှစ်ပြသတဲ့ အချိန်မှာပဲ ဒဂုံတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေဟာ

အခန်းထဲကနေ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရပါတယ်။

ဒဂုံတက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရှင်းလင်းပွဲကို ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ ရှစ်ရာကျော်တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ အမျိုးသားပညာရေးဥပဒေမူကြမ်းဟာ ပညာရေးလွတ်လပ်ခွင့်ကိုအာမခံချက်ပေး ထားခြင်းမရှိတာကြောင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးကွန်ရက်(NNER)၊

ကျောင်းသားသမဂ္ဂ များနဲ့ တက္ကသိုလ်ဆရာများအသင်းတို့ကလည်း ၀ိုင်းဝန်းကန့် ကွက်ထားကြကြောင်း သိရပါတယ်။

6

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

နိုက်ဂျီးရီးယားအနေနဲ့ ဂျပန်နိုင်ငံမှာ လက်ရှိ စမ်းသပ်တီထွင်နေတဲ့

အီဘိုလာကုသရေး ဆေးဝါးတွေကို လက်ခံရယူမယ်လို့ နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

အနောက်အာဖရိကနိုင်ငံတွေမှာ လျင်လျင်မြန်မြန် ကူးစက်ပျံ့ပွားနေတဲ့ အီဘိုလာရောဂါကို ကုသဖို့အတွက် ဆေးမရှိသေးဘဲ

ပိုးသတ်ဆေးမျိုးမျိုးကို အချိုးအစား ပြောင်းလဲရောစပ်ပြီး ကုသပေးရတဲ့ နည်းလမ်းမျိုးကိုသာ အသုံးပြုနေရပါတယ်။

အီဘိုလာရောဂါ ကုသမှုအတွက် လောလောဆယ်မှာ အနီးစပ်ဆုံး ဖြစ်နေတဲ့ Zmapp အမည်ရှိ စမ်းသပ်ဆဲ ဆေးဝါးတစ်မျိုးကို

ကနေဒါရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ အမေရိကဆေးဝါးကုမ္ပဏီတစ်ခုက တီထွင်ထားနိုင်ပေမယ့်

ရောဂါကူးစက်နေတဲ့ နိုင်ငံတွေကို ဖြန့်ဝေပေးဖို့

အရေအတွက် မလောက်မင ဖြစ်နေပါတယ် ။

အဲဒီလို အခြေအနေကြောင့် နိုက်ဂျီးရီးယား အစိုးရက ဂျပန်မှာ သုတေသနပြု စမ်းသပ်နေတဲ့

Fanvipiravir အမည်ရှိ စမ်းသပ်ဆေးဝါးတွေ ပေးဖို့ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ပါတယ်။

အခုနှစ်အတွင်း အီဘိုလာရောဂါ ကူးစက်မှုတွေကြောင့် သေဆုံးကြတာဟာ

အနောက်အာဖရိက ဒေသမှာ အရေအတွက် (၁၅၀၀) ကျော်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။

ebola say

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

 

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)၊

နိုင်ငံတကာလူ့အခွင့်အရေး ဖက်ဒရေးရှင်း (the International Federation for Human Rights-FIDH) နဲ့

FIDH အဖွဲ့ဝင် Alternative ASEAN Network on Burma (ALTSEAN-Burma) တို့က ဥရောပသမဂ္ဂ (EU) ထံကို မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေများ မြှင့်တင်ရေးဆိုင်ရာ အိတ်ဖွင့်ပေးစာတစောင် ပေးပို့လိုက်ပါတယ်။

အဆိုပါ အိတ်ဖွင့်ပေးစာထဲမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေများ မြှင့်တင်ရေးအတွက် ကုသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာပြဿနာ ဖြေရှင်းချက်နဲ့ ဆုံးဖြတ်ချက်တစ်ခု ယခုနှစ်မှာ ထပ်မံချမှတ်နိုင်ရေးကို (EU)အဖွဲ့ဝင်နိုင်ငံများအနေနဲ့ တိုက်တွန်းပေးရန် ပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်နဲ့

 

ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်တို့အပေါ် တင်းကျပ်မှုများ ရှိနေပြီး

သမ္မတဦးသိန်းစိန် အနေနဲ့ ၂ဝ၁၃ ခုနှစ်အကုန်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမယ်လို့ ပြောဆိုခဲ့ပေမယ့်

လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း၊

၂ဝ၁၄ ခုနှစ်အတွင်း လူ့အခွင့်အရေးလှုပ်ရှားသူ၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ လယ်သမားအမြောက်အမြား ထပ်မံဖမ်းဆီးခံခဲ့ရပြီး                                                   ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ အပါအဝင်

နိုင်ငံရေးအကျဉ်းသား ၇ဝ ထက်မနည်း မြန်မာနိုင်ငံရဲ့

အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးကြောင်း ၊

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဝေဖန်ထားပါတယ်။

ဒါ့အပြင် သတင်းထောက်တွေနဲ့ စာနယ်ဇင်းသမားတွေကို ဖမ်းဆီးထောင်ချခြင်းကလည်း

မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ထိခိုက်စေကြောင်း၊

၂ဝ၁၄ ခုနှစ်အတွင်းမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် တိုင်းရင်းသားဒေသတွေမှာ

နိုင်ငံတကာလူ့အခွင့်အရေး ပြဌာန်းချက်တွေကို ဖောက်ဖျက်မှု အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း၊

လက်နက်ကိုင် အဖွဲ့အစည်းများမှ တရားမဝင်သတ်ဖြတ် နှိပ်စက်မှု၊ ချုပ်နှောင်မှုများနဲ့

အဓမ္မမှုများ ရှိခဲ့ပြီး အဲဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူမှု အားနည်းနေကြောင်း

EU ကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ပါရှိပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ကဏ္ဍကို EUရဲ့ လွှမ်းမိုးနိုင်မှုကို အသိအမှတ်စရာဖြစ်ပြီး

မကြာသေးမီက စတင်ခဲ့တဲ့ EU-မြန်မာ လူ့အခွင့်အရေး ဆွေးနွေးပွဲတွေဟာ

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်ကြောင်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

eu

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

 

အမေရိကပြည်ထောင်စု၊ကော်လိုရာဒိုပြည်နယ်မှာ နေထိုင်သူတစ်ဦးဟာ

မြန်မာနိုင်ငံမှာထုတ်ဝေနေတဲ့ Eleven မီဒီယာ ဒစ်ဂျစ်တယ်လ် ပုံစံနဲ့ သတင်းစာ၊ ဂျာနယ်တွေကို ဖေ့စ်ဘွတ်ခ်ပေါ်တင်ပြီး

အခမဲ့ ဖြန့်ဖြူးနေတဲ့အတွက် ဒေါ်လာ တစ်သန်းကျော် လျော်ကြေးတောင်းဆိုမှာဖြစ်ပြီး

အမေရိကားနဲ့ မြန်မာ နှစ်နိုင်ငံစလုံးမှာ တရားစွဲဆိုမှာ ဖြစ်ကြောင်း Eleven မီဒီယာ ဂရု(ပ်)ရဲ့ အွန်လိုင်းမီဒီယာ အယ်ဒီတာချုပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ဒစ်ဂျစ်တယ်လ် သတင်းစာလို့ ကြော်ငြာပြီး ထုတ်ဝေနေတဲ့

Eleven သတင်းပေါင်းချုပ်မှာ Eleven နေ့စဉ်သတင်းစာ၊ အပတ်စဉ်ဂျာနယ်၊ ဖတ်စ်Eleven၊ အားကစားဂျာနယ်၊

ပရီမီယာအီလဲဗင်း အားကစား ဂျာနယ်တို့ ပါဝင်ပြီး လစဉ်ကြေး ၅.၅၀ ဒေါ်လာ သတ်မှတ်ထားပြီး ဖြန့်ဝေနေစဉ်မှာ

အမည်မဖော်ပြသေးတဲ့ ထိုသူက ချက်ချင်းလိုလို ဖေ့စ်ဘွတ်ခ်ပေါ်တင်ပြီး အခမဲ့ ဖြန့်ဝေခဲ့တာဖြစ်ပါတယ် ။

အွန်လိုင်းပေါ်ကို တင်တဲ့ ပုဂ္ဂိုလ်ဟာ အမေရိက ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာ နေထိုင်ကြောင်း ၊

သူ့ရဲ့ ဗီဇာ ခရက်ဒစ်ကဒ်နံပါတ်နဲ့ အီးမေးလ်လိပ်စာ အပါအဝင် သက်သေအထောက်အထားတွေကို စုဆောင်းရရှိထားပြီဖြစ်ကြောင်း ၊

 

အဆိုပါ ပုဂ္ဂိုလ်ဆီမှ နစ်နာကြေး ဒေါ်လာတစ်သန်းကျော်ကို သတင်းပေါင်းချုပ်အစုံ တစ်နှစ်စာ မှာယူခ ဒေါ်လာ ၅၀ ရဲ့ ၅ ဆ ကို

ဖေ့စ်ဘွတ်ခ် Like လုပ်ထားသူ ဦးရေနဲ့ မြှောက်ပြီး တွက်ချက်တောင်းဆိုတာဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

eleven

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

 

စက်တင်ဘာလ ၃ ရက်နေ့က အင်တာနက်ပေါ် ဖြန့်ချိခဲ့တဲ့ ၅၅ မိနစ်ကြာ ဗီဒီယိုဖိုင်မှာ

အိန္ဒိယမှာ Al-Qaeda အဖွဲ့ ခွဲဖွဲ့စည်းတာဟာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အာသံ၊ ဂူဂျာရတ်၊ ကက်ရှ်မီးယားက မွတ်စလင်တွေကို

မမျှတမှု၊ ဖိနှိပ်ခံရမှုတွေက လွတ်ကင်းအောင် အဲ့ဒီအဖွဲ့က ကယ်တင်မှာဖြစ်ကြောင်း ၊

မွတ်စလင်တွေ တစုတစည်းတည်းဖြစ်အောင် ဂျီဟတ်တိုက်ပွဲ ဆင်နွှဲသွားမှာဖြစ်ကြောင်း

အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့ခေါင်းဆောင် အယ်လ်-ဇာဝါဟရီ က ပြောဆိုခဲ့ပါတယ်။

အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ပစ်မှတ်ထားခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့

အမေရိက အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး

လိုအပ်လာရင် ပြည်သူတွေအတွက် အရေးပေါ်သတိပေးချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ကြေညာသွားမယ်လို့ နေပြည်တော် သမ္မတရုံးက ပြောပါတယ်။

အဆိုပါ ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး မြန်မာပြည်တွင်းနေ မွတ်စလင်အဖွဲ့က

စက်တင်ဘာလ ၅ ရက်နေ့မှာ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းက မြန်မာ မွတ်စလင်အဖွဲ့အစည်းနဲ့ မြန်မာမွတ်စလင်လူငယ်များဟာ အကြမ်းဖက်မှုတွေကို ရှောင်ရှားခဲ့ပြီး အချင်းချင်းအထင်အမြင်လွဲမှားမှုတွေပပျောက်အောင် ကြိုးပမ်းလျက်ရှိကြောင်း ၊

လူမျိုးရေး ၊ဘာသာရေးနဲ့ မတူကွဲပြားမှုတွေကို အကြောင်းခံတဲ့ အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်နေတဲ့ အယ်လ်ကိုင်းဒါး၊အိုင်ဆစ် (ISIS) အပါအဝင် ပြည်တွင်းပြည်ပဦးဆောင်သူတွေကို ပြင်းထန်စွာရှုတ်ချကြောင်း ပြောဆိုလိုက်ပါတယ်။

 

index

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အစ္စလာမ်မစ် နိုင်ငံတော် (ISIS) အဖွဲ့ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ရတဲ့

အမေရိကန် သတင်းထောက် စတီဗန် ဆော့လော့ဖ်အတွက် ဝမ်းနည်းမှုကို ပြသတဲ့အနေနဲ့

စက်တင်ဘာ (၅)ရက်နေ့က

ဖလော်ရီဒါ ပြည်နယ်မှာ အမေရိကန် အလံတွေကို တိုင်တစ်ဝက် လွှင့်တင်ထားပါတယ်။

ဖလော်ရီဒါဟာ ဆော့လော့ဖ်ရဲ့ ကျန်ရစ်သူ မိသားစု နေထိုင်ရာ ဒေသဖြစ်ပြီး

အသက်(၃၁)နှစ်ရှိ ဆော့လော့ဖ်ဟာ (၂၀၁၃)ခုနှစ်က ဆီးရီးယားမှာ ပြန်ပေးဆွဲခံရပြီး ISတို့လက်ထဲကျရောက်ခဲ့တာပါ။

IS တွေကို လေကြောင်းတိုက်ခိုက်မှုပြုခဲ့တဲ့ US ကို တုံ့ပြန်တဲ့ အနေနဲ့

ဆော့လော့ဖ်ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းဟာ အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုလေကိုလည်း အလားတူသတ်ဖြတ်ခဲ့ပါတယ်။

မီယာမီဖွား ဆော့လော့ဖ်က အလွတ်တန်းသတင်းထောက် တစ်ဦးဖြစ်ပြီး Time၊ Foreign Policy နဲ့ အခြား သတင်းဂျာနယ်၊ မဂ္ဂဇင်းတွေအတွက် သတင်းဆောင်းပါးတွေ ရေးသားပေးခဲ့သူပါ။

7

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

 

=====

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ အမျိုးသမီးအများစုပါဝင်တဲ့ လယ်သမား ၃၀ လောက်ဟာ

ဖမ်းဆီးထောင်ချခံ လယ်သမားတွေ ပြန်လည်လွတ်မြောက်ရေးနဲ့၊ သိမ်းဆည်း ခံလယ်ယာမြေတွေ ပြန်ရရေးအတွက်

မြို့တွင်းလှည့်လည်ပြီး ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

ဆန္ဒပြခေါင်းဆောင် ဒေါ်ရွှေစင်ယုက ထားဝယ်မြို့မှာ လယ်သမား ၁၀ ဦးကို ထောင်ချထားတဲ့ အတွက်

ထောင်ကျခံနေရတဲ့ လယ်သမားတွေရဲ့ မိန်းမတွေ သမီးတွေက မိသားစုဝင်တွေက မကျေနပ်လို့ ဆန္ဒပြကြကြောင်း ၊

သိမ်းယူထားတဲ့ လယ်တွေမှာ အဆောက်အဦတွေ အတင်းဝင်ရောက်ဆောက်လုပ်နေကြကြောင်း ၊

မတရားဖမ်းဆီးခံထားရတဲ့ မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ လယ်သမားတွေနဲ့ ဖမ်းခံထားရတဲ့ ထားဝယ်မြို့ လယ်သမား ၁၀ ဦးကို ချက်ချင်းလွှတ်ပေးပြီး

သိမ်းထားတဲ့လယ်တွေကို တရားနည်းလမ်းကျ ဖြေရှင်းပေးဖို့ တောင်းဆိုဆန္ဒပြရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်နဲ့ပြတာဖြစ်ပြီး အာဏာပိုင်တွေရဲ့ အတားဆီး ဟန့်တားမှုတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

 

da wal2

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ အမြဲတမ်းနေထိုင်ခွင့်ဗီဇာကို လာမယ့် အောက်တိုဘာလကုန်က စတင်လျှောက်ထားနိုင်အောင် စီစဉ်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဝန်ကြီးဦးခင်ရီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အမြဲတမ်းနေထိုင်ခွင့်ဗီဇာ(Permanent Residence Visa )လို့သာ ခေါ်ဝေါ်သုံးစွဲရပေမယ့်

တကယ်တော့ နှစ်ရှည်ဗီဇာတစ်မျိုးသာပြီး အမေရိက ပြည်ထောင်စုမှာ ကျင့်သုံးတဲ့ ဂရင်းကဒ် (နှစ်ရှည်တရားဝင်နေထိုင်ခွင့်)လိုမျိုး၏

 

နှစ်အကန့်အသတ်မရှိ နေခွင့်ပေးခြင်း မဟုတ်ပဲ မြန်မာနိုင်ငံမှာတော့ ၅ နှစ်သက်တမ်းလို့ သတ်မှတ်ထားပါတယ် ။

၅ နှစ်ပြည့်လို့ သက်တမ်းထပ်တိုးရင်လည်း ၅ နှစ်သာ ထပ်တိုးပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၁၉၈၂ နိုင်ငံသား ပုဒ်မ ၁၃ အရ နှစ်နိုင်ငံသား ခံယူတဲ့စနစ်ကို

ခွင့်ပြုထားခြင်း မရှိတဲ့အတွက် မြန်မာနိုင်ငံသားဟောင်းတွေ လာရောက်တဲ့အခါ ရက်အကန့်အသတ်တွေနဲ့နေထိုင်ရတဲ့အတွက် လက်ရှိဗီဇာစနစ်ဟာ အဟန့်အတားဖြစ်စေတယ်လို့ သိရပါတယ်။

u khin ye

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

=====

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ နှစ်စဉ်ပြသတဲ့ ရုပ်ရှင်ပွဲတော်ကို

အမေရိက၊ လော့စ်အိန်ဂျယ်လိစ်မြို့လယ်က ရုပ်ရှင်ရုံကြီးမှာ စက်တင်ဘာ ၁၃၊ စနေနေ့နဲ့ စက်တင်ဘာ ၁၄ တနင်္ဂနွေနေ့တွေမှာ

ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ယခုနှစ်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင် ၄ ကားနဲ့ ဇာတ်လမ်း ရုပ်ရှင် ၁ ကား စုစုပေါင်း ၅ ကား ပြသမှာဖြစ်ပါတယ်။

မြန်မာပြည်၊လားရှိုးမှာ မွေးဖွားတဲ့ ထိုင်ဝမ်ဒါရိုက်တာ မီဒီဇီရိုက်ကူးတဲ့ Ice Poison (ရေခဲအဆိပ်) ဇာတ်ကားလည်း

ပါဝင်ပြသမှာဖြစ်ပြီး အဲဒီဇာတ်ကားဟာ မြန်မာပြည်မှာ ပြသခွင့် မရတဲ့အတွက်

လော့အိန်ဂျယ်လိစ်မြို့မှာ ကြည့်ခွင့်ရတာကြောင့် ကြုံတောင့်ကြုံခဲ အခွင့်အရေး တစ်ခုလည်းဖြစ်ပါတယ်။

 

စက်တင်ဘာ ၁၃ ရက်နေ့မှာ ဖိတ်ကြားထားတဲ့ ဧည့်သည်များသာ တက်ရောက်ပြီး ရုပ်ရှင်ကားတွေအကြောင်း

ရှင်းလင်း ပြောပြပြီး ဆုချီးမြှင့်ပွဲ ကျင်းပမှာ ဖြစ်ပြီး စက်တင်ဘာ ၁၄ ရက် မှာတော့

အများပြည်သူ အားလုံးအတွက် တစ်နေ့တာလက်မှတ် (All Day Pass) အခမဲ့ ထုတ်ပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် ပထမဆုံး ရောက်လာတဲ့ ရုပ်ရှင်ကြည့်ပရိသတ် ၅၀ ထဲက စစ်တမ်းမေးခွန်းအနည်းငယ်

ဖြေကြားပေးတဲ့သူတွေကို ၂၄.၉၉ ဒေါ်လာတန် THE AQUARIUM OF PACIFIC ငါးပြတိုက် ဝင်ခွင့်လက်မှတ်လည်း

မေတ္တာလက်ဆောင် ချီးမြှင့်ဦးမယ်လို့ သိရပါတယ်။

မြန်မာ-အမေရိကန်လူမျိုးများ ကွန်ရက်အသင်း (Network of Myanmar American Association) ရဲ့

၇ ကြိမ်မြောက် ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ဇာတ်ကားတွေကို ယခုနှစ်ဆန်းကနေ ဇူလိုင်လအထိ ဖိတ်ခေါ် ရွေးချယ်ခဲ့ပြီး

စုစုပေါင်း ၂၁ ကားထဲက လက်ရွေးစင် ၅ ကားကို အကဲဖြတ်လူကြီး ၅ ဦးပါဝင်တဲ့ အဖွဲ့က စိစစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

ရုပ်ရှင်ရုံနေရာ                     Downtown Independent Theater

251 S. Main Street, Los Angeles, CA 90012

ပွဲတော်နေ့ရက်                             September 13 & 14 / 2014

စုံစမ်းရန်                            အသင်းရုံးခန်းဖုန်း 626-537-9990

 

7

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အမေရိက ၊ ကာလီဖိုးနီးယားပြည်နယ် ၊သုန္ဒရာ ရာမဗြဟ္မဝိဟာရကျောင်းတည်ရှိရာ

1790-1830 Ranch road, Azusz, CA 91702 မှာ

အလိုတော်ပြည့်ဆရာတော် ဒေါက်တာအရိယဝံသက

ဝိပသနာတရားတော်များကို စက်တင်ဘာ 12 ရက် မှ 18 ရက်အထိ

နေ့စဉ် နံနက် 7း00 နာရီ ၊ မွန်းလွဲ ၃း၀၀ နှင့် ည ၇း၀၀ တို့တွင် ဟောကြားမည်ဖြစ်ကြောင်း ကြားသိရပါတယ်။

တရားအားထုတ်ရန် နဲ့ တရားတော် နာယူနိုင်ရန် ဓမ္မမိတ်ဆွေများကို လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

တရားတော်ပွဲ အစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက..

ဖုန်း – (၆၂၆)၃၇၈-၅၄၀၂ ၊ (၉၀၉)၅၈၁-၅၈၅၈၊ (၉၀၉)၅၈၁-၅၈၆၁ သို့  ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အလင်းခြုံတဲ့ သတင်း Zone ကို တင်ဆက်လို့ ပြီးပါပြီ ။

နောင်တစ်ပါတ်မှာ ပြန်ဆုံကြပါဦးစို့ခင်ဗျား….

 

မိတ်ဆွေများ..လွတ်လပ်ငြိမ်းချမ်းပါစေ…

 

လေးစားစွာဖြင့်…

 

အလင်းဆက်(Gazette)

 

11/9/2014/

 

 

 

( အလင်းခြုံတဲ့သတင်း Zone ဆိုတဲ့ နာမည်နဲ့ အပတ်စဉ် သတင်းထူးလေးတွေကို ရတတ်သလောက် စုစည်းတင်ပြပေးသွားဖို့ ရည်ရွယ်ထားပါတယ်။

ကျနော် ဖတ်မိသမျှထဲ သတင်းတွေထဲက… ထူးခြားတဲ့ သတင်းလေးတွေ  ရွာထဲ (မြို့ ထဲ)မှာ..

မှတ်တမ်းကျန်ရစ်အောင် ရည်ရွယ်ပြီး…

ဖတ်မိတဲ့သတင်းတွေကို…  အလင်းဆက်ဆိုတဲ့ ကျနော်က

ကျနော့် ဟန်နဲ့ ပြန်ရေးပြီး.. ခြုံငုံ တင်ပြပေးမှာမို့  …

အလင်းခြုံတဲ့ သတင်းZone လို့ ခေါင်းစဉ်တပ်ပြီး…

အပတ်စဉ် ဗုဒ္ဓဟူးနေ့ည…(သို့မဟုတ်)ကြာသပတေးနေ့ မနက်ပိုင်းတွေမှာ..ပုံမှန်တင်ပြသွားနိုင်အောင်..ကြိုးစားပါ့မယ်.. ။

ဖတ်ရှုအားပေး ဆွေးနွေးဝေဖန်ပေးကြပါဦးခင်ဗျားးး။      )

 

 

 

 

 

 

alinsett

About alinsett

alinsett has written 615 post in this Website..

. . .