ရေးမိ ရေးရာ တွေးမိ တွေးရာ ….

kotun winlattSeptember 14, 201415min19210

” ရေးမိရေးရာ တွေးမိတွေးရာ ”
@@@@@@@@@@@@@@@@@@@@@@@@
စာမရေးတာ တော်တော်ကြာလာတော့ ရေးချင် ပြောချင်တာလေးတွေ များသားဗျ…။

ဘာရယ်တော့ မဟုတ်ပါဘူး စပ်မိစပ်ရာလေးတွေပေါ့..။ ကိုယ်ကျင်လည်နေရတဲ့

ပတ်ဝန်းကျင်အကြောင်း လူတွေအကြောင်း နည်းနည်းပါးပါးပါ။ ဒီလိုဗျ… ကျနော်က

ရွာမှာ ဘာမှဟုတ်တဲ့ကောင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း

ကိုယ်တတ်နိုင်သလောက် တတ်နိုင်တဲ့ဘက်က အုတ်တစ်ချပ် သဲတစ်ပွင့်

ရပ်ရွာတိုးတက်ရေးကို လုပ်နေတာပါ။ ဒါက ကျနော့်ဘက်က အမြင်ပေါ့။

တစ်ဘက်ကအမြင်တွေကတော့ ကျနော်ဟာ နာမည်ရဖို့ အလုပ်လုပ်နေတာဆိုပဲ…။

ဒီလိုလူတွေကို ကျနော်မေးချင်တဲ့ မေးခွန်းတစ်ခုရှိနေပါတယ်။

ကျနော်နာမည်ရဖို့ လုပ်နေတာပဲ ထားပါတော့…နာမည်ရလာရင် ကျနော်

ဘာလုပ်လို့ရမှာလဲ။ ကျနော်က လွှတ်တော်အမတ်လုပ်မဲ့ကောင်လည်း မဟုတ်ပါဘူး။

နောက်ပြီး အုပ်ချုပ်ရေးမှူးလုပ်မဲ့ကောင်လည်း မဟုတ်ပါဘူး။

တစ်ခုတော့ရှိတာပေါ့နော့…နာမည်ကြီး ထမင်းငတ်ဆိုတာလေ…။ ပွင့်လင်းလာနေတဲ့

ဒီမိုကရေစီခေတ်ကြီးထဲမှာ…အင်းးးးဒီစာသားကို သုံးရတာလည်း သိပ်တော့

မမိုက်ပါဘူးဗျာ…။ တကယ်က မပွင့်လင်းသေးဘူးဗျ….။ စာတွေထဲမှာ ရေးနေကြတဲ့

ညီအစ်ကို မသိတသိအချိန်ဆိုတာမျိုးပါ။ ပြောချင်တာတွေကို ဟိုစပ်စပ်

ဒီစပ်စပ်ပဲ ရေးသွားမယ်ဗျာ…။ ၂၀၁ဝ ရွေးကောက်ပွဲကြီးပြီးသွားတဲ့နောက်မှ

ဟိုလူပါးစပ်ဖျားမှာလည်း ဒီမိုကရေစီ၊ ဒီလူပါးစပ်ဖျားမှာလည်း

ဒီမိုကရေစီနဲ့… ဒီမိုကရေစီဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်

ဖြစ်လာတာပေါ့။ အရင်ကဆို ဒီမိုကရေစီလို့ ပါးစပ်က ကျယ်ကျယ် မပြောရဲတဲ့အပြင်

ဒီမိုကရေစီ အရေးလှုပ်ရှားနေတဲ့လူတွေကိုတောင်

ထောင်ထဲရောက်မယ့်ကောင်တွေ..ဒီကောင်တွေနဲ့ စကားပြောရင် ငါတို့ပါ

ထောင်ထဲရောက်မယ့်ကိန်းဆိုတဲ့ အတွေးတွေနဲ့ နိုင်ငံရေးသမားဆိုရင်

ဝေးဝေးကရှောင်ခဲ့ကြတာပါ။ အဲ့အချိန်က ကျနော်တို့ရွာမှာဆို

ဒီမိုကရေစီအရေးလှုပ်ရှားတဲ့သူ လက်ချိုးရေလို့ရတယ်…..။ ဟော….အခုတော့ဗျာ….

ပေါလိုက်တဲ့ နိုင်ငံရေးသမားတွေ ..သူရဲကောင်းတွေ…. အရင်က လှုပ်ရှားခဲ့ကြတဲ့

နိုင်ငံရေးသမားတွေတောင် ဘေးရောက်ကုန်ပါရောလား…။ ပြောလိုက်တဲ့

နိုင်ငံရေးစကားတွေကလည်း တကယ့်ရဲရဲတောက်တွေချည်းပဲ။ ဒီလို

ပြောရဲဆိုရဲတာကိုတော့ ချီးကျူးပါတယ်…ဒါပေမယ့် စကားစကား ပြောပါများးး

စကားထဲက ဇာတိပြဆိုသလို… ဒီမိုကရေစီ..ဒီမိုကရေစီလို့

ပါးစပ်ကပြောနေတဲ့လူတွေဟာ တကယ်ရော ဒီမိုကရေစီရဲ့ အနှစ်သာရ သဘောတရား

လမ်းစဉ်အတိုင်း လျှောက်လှမ်းကြပါရဲ့လား… ကျနော်လည်း

တတ်သိနားလည်လွန်းလို့ရယ်တော့ မဟုတ်ပါဘူး…။ ကျနော်လက်ခံနားလည်ထားတဲ့

ဒီမိုကရေစီဆိုတာကတော့ အမြင် အယူအဆတွေ ကွဲပြားခြားနားနေကြပေမယ့် နိုင်ငံ

ရပ်ရွာ တိုးတက်ဖို့ဆိုလျှင် မည်သူနှင့်မဆို လက်တွဲ ဆောင်ရွက်နိုင်ရမယ်

ဆိုတာပါပဲ…… (တစ်ချို့ နိုင်ငံရေးအဖွဲ့အစည်း ခေါင်းဆောင်တွေက ဟိုလူက

ဘာဖြစ်လို့၊ ဒီလူက ဘာကောင်မို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့

ပူးပေါင်းလုပ်ဆောင်ဖို့ရာ တွန့်ဆုတ်သလို..

ပူးပေါင်းလုပ်ဆောင်နေသူတွေကိုလည်း ဝေဖန်ထိုးနှက်တတ်ပါသေးတယ်။)ဒီနေရာမှာ

ဆရာ ဒဂုန်တာရာရဲ့ စကားလေးက နိုင်ငံရေးသမားဆိုသူတွေ သေသေချာချာ

မှတ်သားထားသင့်ပါတယ် ” နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်လာအောင်

လုပ်ရတာပါ”တဲ့….။ ကောင်းလိုက်တဲ့ စကားလေးဗျာ..။ နိုင်ငံရေးဆိုလို့

လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က အစ်ကိုတော်တစ်ယောက်နဲ့ နိုင်ငံရေးဆိုတဲ့

ဝေါဟာရနဲ့ ပတ်သက်ပြီး အခြေအတင်ပြောဘူးပါတယ်…။ ဒီနေရာမှာ

ကျနော်အဓိပ္ပါယ်ဖွင့်တဲ့ နိုင်ငံရေးဆိုတာရဲ့ ဝေါဟာရက နိုင်ငံ့အရေးပါ….

နိုင်ငံတိုးတက်အောင် လုပ်ဆောင်တာ မှန်သမျှ နိုင်ငံရေးလို့ ပြောမိသလို

လယ်သမား လယ်ထွန်တာလည်း နိုင်ငံရေး၊ ကျောင်းဆရာ စာသင်တာလည်း

နိုင်ငံရေးလို့ ပြောမိတာ.. ဟုတ်တယ်လေ… လယ်သမားလယ်ထွန်ပြီး လယ်လုပ်တယ်ဗျာ…

စပါးရအောင်ပေါ့.. စပါးရလာအောင် လုပ်ဆောင်တာ သူ့အကျိုးစီးပွားအတွက်

ဖြစ်သလို နိုင်ငံရဲ့ စားနပ်ရိက္ခာအတွက်လည်း တစ်ထောင့်တစ်နေရာက

တာဝန်ထမ်းဆောင်နေတာ မဟုတ်လား…။ ကျောင်းဆရာ စာသင်တာ

သူ့ဝမ်းရေးအတွက်ဖြစ်သလို နိုင်ငံတော်အတွက် ပညာတတ်လေးတွေကို

မွေးထုတ်ပေးဖို့ မဟုတ်လား…။ ဒီတော့ အစ်ကိုတော်က ဒီလိုဆိုရင်

သူစာပြန်သင်ရမယ်လို့ ပြောပါတယ်။ အစ်ကိုတော်ဟာ ကျနော့်ထက် အသက်ပိုကြီးပြီး

ပညာလည်း ပိုတတ်သူပါ…သူ့အယူအဆက ကျောင်းသားလူငယ်တွေ နိုင်ငံရေးမလုပ်သင့်ဘူး

နိုင်ငံရေးကို စိတ်မဝင်စားသင့်ဘူးလို့ ယူဆထားတာပါ။ ကျနော့်အယူအဆ

အမြင်ကတော့ ကိုယ်နေထိုင်နေတဲ့ နိုင်ငံရဲ့ အရေးကို ကိုယ့်နိုင်ငံသားတွေမှ

စိတ်မဝင်စားရင် ဘယ်သူတွေက လာစိတ်ဝင်စားမှာလဲ…..။ သူကလည်း

သူ့အယူအဆနဲ့သူဆိုတော့ ကျနော်ပြောတာကို လက်ခံချင်ပုံ မရလို့ လူထု အမေမာ

စကားလေးနဲ့ ကျနော်သူ့ကို ပြောခဲ့ပါတယ်…” ဒီနေရာမှာ အစ်ကိုနဲ့ ကျနော်

လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်”လို့….။

ဒီမိုကရေစီနိုင်ငံကို ထူထောင်ခြင်သူတွေကလည်း

ဒီမိုကရေစီ..ဒီမိုကရေစီဆိုပြီး ကြွေးကြော် ခရီးဆက်နေကြသလို…

ဒီမိုကရေစီနိုင်ငံတကယ်ဖြစ်သွားမှာကို စိုးရိမ်ကြောင့်ကြနေသူတွေလည်း

ရှိကောင်းရှိနေပါလိမ့်မယ်….။ သူတို့တွေရဲ့ အယူအဆကတော့ ဒီမိုကရေစီဆိုတာ

အရင်းရှင်စနစ် ငွေရှိသူတွေသာ ကောင်းစားပြီး ဆင်းရဲသားတွေကတော့ ဆင်းရဲသထက်

ဆင်းရဲမယ်ဆိုတဲ့ အယူအဆပါ။ ဒီလိုအယူအဆမျိုး မရှိဘူးမထင်နဲ့ဗျ… ကျနော်တို့

ရွာက လွှတ်တော် အမတ်ဆိုတဲ့ လူကိုယ်တိုင် ပြောဘူးတာ ကျနော်မှတ်မိတယ်။

မည်သို့ပင်ဖြစ်စေပေါ့ သူတို့တွေဟာ ၂၀၁ဝ ရွေးကောက်ပွဲကို

လက်ခံတယ်..ပြီးတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော

ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ဆိုတဲ့ ကြွေးကြော်သံအောက်မှာ

မဲပုံးတွေထောင်ပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်ပြီး

ဒီမိုကရေစီခေတ်ရဲ့ လွှတ်တော်အမတ်တွေအဖြစ် တာဝန်ယူနေကြတာဆိုတော့

ဒီမိုကရေစီဆိုတာကြီးကို လက်ခံလို့ပေါ့နော့…။ ဟုတ်ပါပြီ…. ဒီမိုကရေစီလို့

ဆိုလိုက်တာနဲ့ လူ့အခွင့်ရေးဆိုတာကြီးကလည်း ကျွဲကူးရေပါဆိုသလို

ကပ်ပါလာတာပေါ့။ လူ့အခွင့်အရေးဆိုတာ ကမ္ဘာကုလသမ္မဂ္ဂအဖွဲ့ကြီးက

ထုတ်ပြန်ထားတဲ့အထဲမှာ အချက်ပေါင်း ၃ဝကျော်၄ဝလား ရှိပါတယ်။ ဒါကို ဆရာတော်

ဦးကောသလ္လက မေတ္တသုတ်တစ်ခုတည်းနဲ့ လုံလောက်တယ်လို့ ဟောဘူးပါတယ်။ ထားတော့

ကျနော်အကြမ်းဖျင်းနားလည်ထားတဲ့ လူ့အခွင့်အရေး…အဲလေ…နားလည်တယ်ဆိုတာမှာ

ရှင်းပြပေးတဲ့လူရှိလို့ပေါ့နော့….။ လူတစ်ယောက်ရဲ့ မွေးရာပါ

အခွင့်အရေးအကြောင်းကို ၂၀၀၆ /၂၀၀ရ ခုနှစ်လောက်က မိုးညှင်းမြို့က ဆရာ

ဦးဖေစိန်က ရှင်းပြဘူးတယ်။ မွေးလာကတည်းက လူတွေမှာ ခြေ၊ လက်၊ မျက်စိ၊ နား၊

ပါးစပ်တွေ ပါလာကြတယ်တဲ့။ ခြေဆိုတာ သွားလိုရာသွားဖို့၊ လက်ဆိုတာ ရေးချင်ရာ

ရေးဖို့၊ ပါးစပ်ဆိုတာ ပြောချင်တာပြောဖို့၊ မျက်စိဆိုတာ

ကြည့်ချင်ရာကြည့်ဖို့၊ နားဆိုတာ နားထောင်လိုတာ နားထောင်ဖို့တဲ့… ဒါက

လူတစ်ယောက်ရဲ့ မွေးရာပါ အခွင့်အရေးတွေပါတဲ့။ ဒါတွေကို အသုံးချခွင့်(ဝါ)

အသုံးပြုခွင့် မရဘူး ပိတ်ပင်ခံရတယ်ဆိုရင် လူတစ်ယောက်ရဲ့ မွေးရာပါ

အခွင့်အရေး ဆုံးရှုံးတာပါပဲတဲ့လေ….။

ကျနော်တို့ေတွေဟာ နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်မှုတွေအောက်မှာ

ပြားပြားဝပ်ခဲ့ရသလို စာနာနားလည်မှုဆိုတဲ့ စိတ်ထားတွေလည်း

ဖျက်ဆီးခံခဲ့ရတာပါ…။ ကိုယ့်နဲ့ မဆိုင်ရင် ဘာမှဝင်မလုပ် မပြောနဲ့….။

ကိုယ့်ထမင်း ကိုယ်စားပြီး အေးအေးနေဆိုတဲ့ အတွေးတွေပဲ

စိုးမိုးကုန်တော့တာပါပဲ။ တကယ်တော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှဟာ

ကိုယ်နဲ့ ဆိုင်တယ်ဆိုတဲ့ အတွေးမျိုး တွေးသင့်တယ်ဗျ…။ ကိုယ်နဲ့ မဆို်င်ရင်

အသာနေခဲ့တာများလို့ မိသားစုတွေ၊ အသိုင်းအဝိုင်းတွေ၊ ရပ်ရွာတွေ

နစ်နာနေကြတာလို့ ပြောရင် ရေးရင် လွန်သွားမလား။ တကယ်ပါ … ကျနော်တို့

ပြည်သူတွေနစ်နာနေခဲ့တာကြာပါပြီ။ ယခုထက်တိုင်

နစ်နာနေကြတုန်းပါပဲ။ အရင်က ကြွေးကြော်ခဲ့တဲ့ တပ်မတော်သာ အမိ တပ်မတော်သာ

အဖဆိုတဲ့ ဆိုတဲ့ စကားကို နည်းနည်းပြောချင်ပါတယ်။ မိဘဆိုတာ

သားသမီးတွေအတွက် အနစ်နာခံရမယ် မဟုတ်လား။ သားသမီးကောင်းစားဖို့အတွက်

မိဘတွေက ဖြည့်ဆည်းပေးရတာ မဟုတ်လား။ တကယ်က သားသမီးပြည်သူတွေက

မိဘတပ်မတော်ကို အနစ်နာတွေခံ ဖြည့်ဆည်းပေးခဲ့ရတာပါ။ အခုဒီဘက်ခေတ်မှာ

ပြောင်းသွားတဲ့ အစိုးရက ပြည်သူသာအမိ ပြည်သူသာ အဖဆိုပြီး

ကြွေးကြော်ပြန်ပါရောလား။ ဒီတော့လည်း သားသမီးဖြစ်တဲ့ အစိုးရရဲ့ ပြောသမျှ

လုပ်သမျှတွေကို မိဘဖြစ်တဲ့ ပြည်သူတွေ ခံကြရပြန်ရော..။ ဒီတော့

ကျနော်စဉ်းစားမိတာက ကျနော်တို့နိုင်ငံမှာ ပြည်သူတွေကို မိဘလို ဆက်ဆံမဲ့

သားသမီးအစိုးရ…ဒီလို အစိုးရမျိုးကို ဦးဆောင်မဲ့

ခေါင်းဆောင်မရှိတော့ဘူးလား။ နောက်တစ်ခုက “ကျနော်တို့ဟာ မိမိတို့

စိတ်ဓာတ်နဲ့ ထိုက်တန်တဲ့ အစိုးရကိုသာ ရရှိတာပါ “ဆိုတဲ့စကား

မှန်များမှန်နေပြီလား။ ဒီမေးခွန်းတွေက ကျနော့်ကို အတွေးများစေပါတယ်။

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံကြီးကို ကျနော်တို့

မျှော်လင့်တယ်ဆိုရင် ကျနော်တို့တွေရဲ့ စိတ်ထားတွေ အရင်ပြင်ကြရပါလိမ့်မယ်။

အစပိုင်းမှာ ကျနော်ရေးခဲ့သလို ကိုယ်နဲ့ မဆိုင်ပါဘူးဆိုတဲ့ အတွေးတွေကို

အရင်ဆုံးဖျောက်ကြရအောင်ဗျာ။ ကျနော်တို့နိုင်ငံဟာ ကျိန်စာတွေသင့်နေတဲ့

နိုင်ငံတစ်ခု… အခုနောက်ပိုင်းမှာ ကျိန်စာတစ်ခုတိုးလာပြန်ပါတယ်။

မူးယစ်ဆေးဝါးကျိန်စာပေါ့။ မူးယစ်ဆေးဝါးကျိန်စာဟာ ကျနော်တို့

အနာဂတ်တိုင်းပြည်ကို ဦးဆောင်မဲ့ ခေါင်းဆောင်လေးတွေကို

အမှည့်ခြွေခြွေနေတာပါ။ ဒါကို ဘယ်လို ချေမှုန်းတိုက်ခိုက်ကြမလဲ။

ဒီမိုကရေစီနိုင်ငံလို့ ကြွေးကြော်နေပေမယ့် တရားဥပဒေကတော့

မစိုးမိုးသေးဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖမ်းဆီးနေတယ်ဆိုပေမယ့်

ဘာမှအရာမထင်ပါဘူး။ ဥပမာပြောရရင် အဆိပ်ပင်တစ်ပင်ကို အမြစ်ကနေ

ဆွဲမနှုတ်ပစ်ပဲ အကိုင်းအခက်လောက်သာ ချိုင်နေတော့ အဆိပ်ပင်ဟာ

ရွက်နုရွက်သစ်တွေ ဝေဝေဆာဆာနဲ့ ပြန်ပြန်ဖြစ်လာတာပါ။ နောက်ပြီး

လာဘ်ပေးလာဘ်ယူကိစ္စတွေ..ဒါကလည်း ငွေ ၃ သိန်းအထက်မှ

လာဘ်စားမှုမြောက်တယ်ဆိုတော့… အံ့ဩမကုန်နိုင်အောင်ပါ။ ဥပဒေဆိုတာ

ပြည်သူတွေကို အကာအကွယ်ပေးဖို့ ရေးဆွဲပြဋ္ဌာန်းတာမဟုတ်ပါလား။ ခုတော့

ထွက်လာသမျှ ပြဋ္ဌာန်းသမျှ ဥပဒေက အစိုးရ အတွက်ချည်းပဲလို ဖြစ်နေတယ်လေ။

ဥပဒေတစ်ခု ထွက်လာလိုက် ပြည်သူတွေမှာ အခက်အခဲတွေကြုံလိုက်နဲ့ပေါ့။

တခြားမကြည့်နဲ့ဗျာ… ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပဲကြည့် ရအောင်…

တချို့ လူတွေထင်နေတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်လိုတာဟာ

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်လို့ဆိုပြီး ပြောနေကြတယ်။ တကယ်က

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ချင်ကြတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို

သမ္မတဖြစ်စေချင်လို့လို့ ဆိုတာထက် ဒီအခြေခံဥပဒေကြီးကို

မပြင်နိုင်ခဲ့ဘူးဆိုရင် ခင်ဗျားတို့ ကျနော်တို့လို သာမန်ပြည်သူတွေ

နိုင်ငံကို အုပ်ချုပ်တဲ့ သမ္မတနေရာကို မျှော်လင့် မနေနဲ့တော့။

အခြေခံဥပဒေထဲက သမ္မတအရည်အချင်းထဲမှာ စစ်ရေးအတွေ့အကြုံရှိရမယ်လို့ ပါသဗျ။

ခင်ဗျားတို့ ကျနော်တို့က စစ်ရေး အတွေ့အကြုံဆိုလို့

ရေစစ်သောက်ဘူးတာလောက်ရှိတာ မဟုတ်လား။ ဆိုလိုတာက စစ်ရေးအတွေ့အကြုံရှိတဲ့

လူတွေ နိုင်ငံကို အုပ်ချုပ်လာခဲ့တာ ကျနော်တို့ တိုင်းပြည်ကြီး

ဘာဖြစ်သွားခဲ့သလဲ။ ဒါတောင်မှ နောင်တမရနိုင်သေးပဲ သမ္မတ အရည်အချင်းထဲမှာ

စစ်ရေးအတွေ့အကြုံရှိရမယ်လို့ ရေးဆွဲထားပုံထောက်တော့ ကျနော်တို့

ပြည်သူတွေအပေါ် ဘယ်လောက် စေတနာရှိတဲ့ လူတွေလည်းဆိုတာ

သဘောပေါက်သင့်ကြပါပြီ။ ဒီလို အခြေခံ ဥပဒေတွေရှိနေတာကို

ဘယ်လိုနည်းနဲ့များ ဒီမိုကို ကရေစီကြမယ် မသိ။ မူးယစ်ဆေးကိစ္စနဲ့

ပတ်သက်ပြီးတော့လည်း ပါတီခေါင်းဆောင်အချို့ရဲ့ အယူအဆက တစ်မျိုးဖြစ်နေတယ်။

မူးယစ်ဆေးဝါးနှိမ်နင်းကာကွယ်တားဆီးရေးဟာ အစိုးရလုပ်ရမဲ့ အလုပ် ငါတို့တော့

မလုပ်ဘူး။ တကယ်လို့ ငါတို့ပါတီကလုပ်လိုက်ရင်

ထောက်ခံမှုတွေလျှော့ကျသွားမယ်။ ဆေးသမားလည်း မဲတစ်မဲပေးခွင့်ရှိတယ်။

မဲတစ်ပြား ဆုံးရှုံးမှာကို ကြောက်ပြီး ပြည်သူတွေကို မူးယစ်ဆေးကျိန်စာထဲမှာ

တဝဲလည်လည်ဖြစ်နေစေတာပါ။

နိုင်ငံရေးဆိုတာ နိုင်ငံတိုးတက်ဖို့ရာ လုပ်တဲ့သူမှန်သမျှ နိုင်ငံရေးလို့

ကျနော်ရေးခဲ့ပါတယ်။ ဒီလိုမဟုတ်ပဲ ကိုယ့်ပါတီ အာဏာရဖို့ကို အရင် …. ပြီးမှ

နိုင်ငံကောင်းစားဖို့ စဉ်းစားမယ်ဆိုတာမျိုးလို့ ဖြစ်နေမယ်ဆိုရင်…

ခံပေဦးတော့ ပြည်သူတွေပေါ့။ ဒါကတော့ မူးယစ်ဆေးကိစ္စပဲ

ရှိပါသေးတယ်..တခြားကိစ္စတွေလည်း အများကြီး ရှိနေသေးသဗျ..ဥပမာ .. ပြည်တွင်း

ငြိမ်းချမ်းရေး ကိစ္စ)

ဒီတော့ ကျနော်ပြောချင်တာက ခေါင်းဆောင်ဆိုတဲ့ လူတွေကို ရွေးချယ်တဲ့နေရာမှာ

ကျနော်တို့ပြည်သူတွေ မှန်မှန်ကန်ကန် ရွေးချယ်နိုင်စေဖို့ပါ။ ကျနော်တို့

ရွေးချယ်ခဲ့..အဲ…ဒီနေရာမှာလည်း နည်းနည်းတော့ ခက်သားဗျ…. ၂၀၁၀

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေကို

ကျနော်တို့ တကယ်ရွေးချယ်ခဲ့တာ ဟုတ်ပါရဲ့လား။ မည်သို့ပင်ဖြစ်စေကာမူ

သူတို့ကတော့ လွှတ်တော်ဆိုတာကြီးမှာ “ပြည်သူများက

ရွေးချယ်တင်မြောက်လိုက်သော….“ “မိဘပြည်သူများခင်ဗျားး“ဆိုပြီး

အားရပါးရ ကျေကျေနပ်နပ်ကြီးကို သုံးနေ ပြောနေတာတွေ့ရတော့ မိဘဖြစ်တဲ့

ပြည်သူတွေမှာ အားတုံ့အားနာစွာ လက်ခံပေးရတာပါပဲ။ လာမဲ့ ၂၀၁၅

ရွေးကောက်ပွဲမှာတော့ ကျနော်တို့ပြည်သူတွေ အမှန်အကန်

ရွေးချယ်ရလိမ့်မယ်လို့ မျှော်လင့်မိတာပါပဲ။ ဒီလိုရွေးချယ်ခွင့် ရှိလာတဲ့

အခါ ဘယ်လိုခေါင်းဆောင်မျိုးကို ကျနော်တို့ရွေးမလဲပေါ့။

ခေါင်းဆောင်ကောင်းကို ရွေးဖို့ရာ ကျနော်တို့ပြည်သူတွေမှာ

တာဝန်ရှိလာပါပြီ။ နိုင်ငံကို တကယ်တိုးတက်အောင်လုပ်ဆောင်နိုင်မဲ့၊

မိဘဖြစ်တဲ့ ပြည်သူတွေကို မိဘလိုဆက်ဆံမယ့် အစိုးရမျိုးခေါင်းဆောင်မျိုး

ရွေးချယ်ကြဖို့ပါပဲ။

ကျနော့်အမြင်ကတော့ ဘယ်ပါတီကပဲ ဖြစ်ဖြစ် ရပ်ရွာနိုင်ငံ တိုးတက်အောင်

အမှန်အကန်လုပ်ဆောင်မဲ့ ခေါင်းဆောင်ကောင်းကို ရွေးချယ်ကြဖို့ရာပါ။ ဒီလို

မရွေးချယ်ပဲ ရပ်ရွာနိုင်ငံကို ဘယ်သူတွေ ဦးဆောင် ဦးဆောင် ငါ့တို့ကတော့

လုပ်စားရမှာ… လုပ်စားရမှာပဲ ဆိုတဲ့ အတွေးတွေကို ဖျောက်ပစ်ကြပါ။ ဒီလို

အတွေးမျိုးတွေနဲ့ ဖြစ်သလို ရွေးချယ်လိုက်မိတဲ့ ခေါင်းဆောင်တွေဟာ

ရပ်ရွာနိုင်ငံအကျိုးထက် မိမိအကျိုး မိမိ ဆွေမျိုးသားချင်းများရဲ့

အကျိုးကိုသာ ဆောင်ရွက်သွားကြတာမို့ ကျနော်တို့တွေအတွက် အများကြီး

နစ်နာရပါတယ်။ တိုင်းပြည်တစ်ပြည်တိုးတက်ဖို့ဆိုရင် ရပ်ရွာအဆင့်

အုပ်ချုပ်သူတွေကနေစပြီး နိုင်ငံအုပ်ချုပ်တဲ့သူအထိ ကောင်းဖို့လိုပါတယ်။

ဒီတော့ ရွေးချယ်ခွင့်ရှိတဲ့ ကျနော်တို့တွေ ကိုယ့်ရပ်ရွာနိုင်ငံကို

ဦးဆောင်တဲ့သူအဖြစ် ရွေးချယ်ရာမှာ သေသေချာချာ လေ့လာပြီး ရွေးချယ်ကြဖို့

လိုအပ်လှပါတယ်။

ဒီလို မှန်ကန်စွာရွေးချယ်နိုင်မှသာ ရှေ့ပိုင်းမှာ ကျနော်ရေးခဲ့တဲ့

မွေးရာပါ လူ့အခွင့်အရေးတွေနဲ့ ပြည့်စုံတဲ့ စည်းကမ်းပြည့်ဝပြီး

ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေ နိုင်ငံကြီး ဖြစ်မှာမဟုတ်လားးးးး(

အမှန်က ဒီမိုကရေစီနိုင်ငံ ဆိုကတည်းက စည်းကမ်းတွေ ခေတ်မီတာတွေ

ပါပြီးသားဆိုပဲ….) ကျနော်ကတော့ ရွာက ကျနော့် ဦးလေးတစ်ယောက်ပြောသလို

ပြောပြီး အဆုံးသတ်ပါရစေ…“ဘာပဲဖြစ်ဖြစ်ဟေ့…… ရပ်ရွာ နိုင်ငံကို

အုပ်ချုပ်တဲ့ လူကြီးတွေ မဟုတ်တာလုပ်လို့ ပြည်သူတွေက မကြိုက်ရင်

တရားစွဲခွင့်၊ နှုတ်ထွက်ဖို့ တောင်းဆိုခွင်ရှိတယ်ဆိုတာ တစ်ခုတည်းနဲ့

ဒီမိုကရေစီဆိုတာကြီးကို သဘောကျသဗျားးးးးးးး“။

ပျော်ရွှင် ချမ်းမြေ့ကြပါစေ…..
K.T.W.L

10 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 14, 2014 at 7:46 am

    ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ချင်ကြတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို
    သမ္မတဖြစ်စေချင်လို့လို့ ဆိုတာထက် ဒီအခြေခံဥပဒေကြီးကို
    မပြင်နိုင်ခဲ့ဘူးဆိုရင် ခင်ဗျားတို့ ကျနော်တို့လို သာမန်ပြည်သူတွေ
    နိုင်ငံကို အုပ်ချုပ်တဲ့ သမ္မတနေရာကို မျှော်လင့် မနေနဲ့တော့။
    အခြေခံဥပဒေထဲက သမ္မတအရည်အချင်းထဲမှာ စစ်ရေးအတွေ့အကြုံရှိရမယ်လို့ ပါသဗျ။
    ခင်ဗျားတို့ ကျနော်တို့က စစ်ရေး အတွေ့အကြုံဆိုလို့
    ရေစစ်သောက်ဘူးတာလောက်ရှိတာ မဟုတ်လား။ ဆိုလိုတာက စစ်ရေးအတွေ့အကြုံရှိတဲ့
    လူတွေ နိုင်ငံကို အုပ်ချုပ်လာခဲ့တာ ကျနော်တို့ တိုင်းပြည်ကြီး
    ဘာဖြစ်သွားခဲ့သလဲ။ ဒါတောင်မှ နောင်တမရနိုင်သေးပဲ သမ္မတ အရည်အချင်းထဲမှာ
    စစ်ရေးအတွေ့အကြုံရှိရမယ်လို့ ရေးဆွဲထားပုံထောက်တော့ ကျနော်တို့
    ပြည်သူတွေအပေါ် ဘယ်လောက် စေတနာရှိတဲ့ လူတွေလည်းဆိုတာ
    သဘောပေါက်သင့်ကြပါပြီ။ ဒီလို အခြေခံ ဥပဒေတွေရှိနေတာကို
    ဘယ်လိုနည်းနဲ့များ ဒီမိုကို ကရေစီကြမယ် မသိ။

    Bravo..!!

  • ဇီဇီ ခင်ဇော် (15102012)

    September 14, 2014 at 7:50 am

    Let me share..!!

  • ခင် ခ

    September 14, 2014 at 8:05 am

    စစ်တပ်ကဦးဆောင်ပြီးရေးဆွဲထားတာလေ သူတို့အတွက်ဘဲစဉ်းစားထားတာပေါ့
    ဒါကြောင့်အရင်ဆုံးလုပ်သင့်တာက အဲဒီ အခြေခံက စပြီးပြင်ရမှာ မပြင်သရွေ့ သူတို့ပြောတဲ့ ဒီမိုကရေစီဟာ အပီအာနေတာဘဲဖြစ်မယ်ပေါ့ဗျာ

  • မွသဲ ( 17082011 )

    September 14, 2014 at 10:32 am

    အင်းနိုင်ငံရေးအကြောင်းပြောရင်အသက်ရှုကျပ်ကျပ်သးတယ်။ မတွေးချင်တော့ဘူးရယ်။ ဒါလေးတော့သဘောကျလွန်းလို့ရှဲပရစေ

  • kai

    September 14, 2014 at 2:19 pm

    အခုနောက်ပိုင်းမှာ ကျိန်စာတစ်ခုတိုးလာပြန်ပါတယ်။
    မူးယစ်ဆေးဝါးကျိန်စာပေါ့။ မူးယစ်ဆေးဝါးကျိန်စာဟာ ကျနော်တို့
    အနာဂတ်တိုင်းပြည်ကို ဦးဆောင်မဲ့ ခေါင်းဆောင်လေးတွေကို
    အမှည့်ခြွေခြွေနေတာပါ။

    အောက်ကသတင်းအရ..
    မူးယစ်ဆေးနဲ့တရားမဝင်ရောင်းဝယ်နေတာကနေရတဲ့.. ငွေဟာ.. ဒေါ်လှဘီလီယန် ၉ဝချီလိုက်တာ.. မြန်မာ့ဂျီဒီပီကို ၂ဆကျော်သတဲ့…
    ဆိုတော့…

    မူးယစ်ဆေးဟာ.. မြန်မာပြည်ကို.. အဓိက(အဓိက)ထမင်းကြွေးနေတယ်လို့လည်း.. မြင်ကြည့်လို့ရမလားပဲ..။
    အဲဒါကြောင့်… ရန်ကုန်ရဲ့.. စားသောက်ဆိုင်တွေ..ကလပ်တွေ.. လူတွေ..လူတွေ.. ပြည့်လို့..
    အိမ်မြေဈေး.. နယူးယောက်ထက်ဈေးကြီးလို့..
    တချိန်ထဲ.. ယူအက်စ်က ပြည်နယ်၂ခုက.. မူးယစ်ဆေးတခုဖြစ်တဲ့..ဆေးခြောက်အပေါ်… တရားဝင်ပြုလိုက်ပါပြီ..
    သဘောက.. သုံးသူ.. တရားဝယ်ဝယ်သုံးစေသတည်းပဲ..
    အဖမ်းအဆီးမရှိ..
    မြန်မာ့အရေးမှာတော့.. မူးယစ်ဆေးရယ်..။ နိုင်ငံရေးရယ်.။ တိုင်းပြည်ဓလေ့..လူတွေစရိုက်..။ သူပုန်တပ်တွေဝင်ငွေ.. ။နယ်စ်ထိနိုင်ငံခြားတိုင်းပြည်တွေအခြေအနေ..။
    ငွေကြေး..သယံဇာတ..ဒါတွေနဲ့ချိန်ဆသင့်လှတယ်..။
    တကယ်နားလည်တဲ့.. နိုင်ငံရေးသမားက.. တိုင်းပြည်အပေါ်.. စေတနာရှိရှိနဲ့.. တွေးပြီး.. ဦးဆောင်လုပ်သင့်..။
    ========

    Myanmar is region’s biggest drug producer: UN
    archive-1.mizzima.com/…/9232-myanmar-is-region-s-biggest-drug-prod…
    Apr 19, 2013 – The United Nations Office on Drugs and Crime (UNODC) announced … region is a US$90 billion a year business—twice the GDP of Myanmar. … concern now,” said Jeremy Douglas, the UNODC regional representative for …

  • alinsett

    September 14, 2014 at 2:36 pm

    ရပ်ရွာ နိုင်ငံကို

    အုပ်ချုပ်တဲ့ လူကြီးတွေ မဟုတ်တာလုပ်လို့ ပြည်သူတွေက မကြိုက်ရင်

    တရားစွဲခွင့်၊ နှုတ်ထွက်ဖို့ တောင်းဆိုခွင်ရှိတယ်

    အဲဒီအခွင့်အရေး မရှိလို့ မရဘူးဗျ ။
    ဒီ အစိုးရကို အုပ်ချုပ်ပါဆိုပြိီး..ပြည်သူကရွေးချယ်တင်မြှောက် အလုပ်ပေးထားရတာလေ..
    ပြည်သူက အစိုးရရဲ့ အရှင်သခင်ပဲ..
    အစိုးရက ပြည်သူရဲ့ အရှင်သခင်လို..အခွင့်ထူးတွေခံပြီး ထင်ရာစိုင်းနေပြီဆိုရင်…
    သေချာတယ်..
    အဲဒါ…စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မယ့် အစိုးရမဟုတ်ဘူး ။

  • ဇီဇီ ခင်ဇော် (15102012)

    September 14, 2014 at 2:42 pm

    Credit to အတီး ဝါးလုံးရှည်

    အယ်ကေဒါက လူလယ်ခေါင်မှာ ရုတ်တရက် အကြမ်းဖက်ဗုံးပေါက်ခွဲလိုက်လို့ သေရမှာကို ကျနော်မကြောက်ဘူး။ ဒါပေမဲ့ သွားလာနေရင်း ရုတ်တရက် ဓာတ်ကြိုးခေါင်းပေါ်ပြုတ်ကျ မချိမဆန့်သေပွဲဝင်ရမှာကို ကျနော်ကြောက်တယ်။

    အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ကုလားမလေးတွေ ခေါင်းမြီးခြုံနေရတယ်။လူအခွင့်အရေး မရှိဘူးဆိုပြီးတော့ ကျနော် ဝမ်းမနည်းတတ်ဘူး။ဒါပေမဲ့ မြန်မာအမျိုးသမီးတွေ တရုတ်နိုင်ငံကို ငွေဝယ်ကျွန် သတို့သမီးပို့ကုန် အဖြစ် ရောင်းစားခံနေရတာကို ကျနော်ဝမ်းနည်းတယ်။

    ကုလားတွေရဲ့ ကျောက်တုံးနဲ့ ပေါက်သတ်ခံရမှာကို ကျနော် မကြောက်ဘူး။ နေ့စဉ်ကြုံနေရတဲ့ အဆင်မပြေမှူတွေကို ဆန္ဒပြလို့ သေနတ်နဲ့ အပစ်ခံရမှာ ကျနော်ကြောက်တယ်။

    ကုလားလေးတွေ မြန်မာ အမျိုးသမီးလေးတွေနဲ့ တွဲ ကုလားမယားတွေ ဖြစ်ကုန်မှာကို အမျိုးပျောက်မှာ ကျနော် မစိုးရိမ်ဘူး၊ ဒါပေမဲ့ နိုက်ကလပ်တွေ၊ဘတ်စ်ကားဂိတ်တွေမှာ မြန်မာ အမျိုးသမီးတွေ အများကျွန်ဖြစ်နေရလို့ အမျိုး မှောက်မှာတော့ ကျနော်စိုးရိမ်တယ်။

    မြန်မာပြည်မွေး၊မြန်မာပြည်မှာပဲကြီးတဲ့ မြန်မာပြည်ပေါက် တရုတ်သူငယ်ချင်းတွေ ကြိုးစားပြီး ကြီးပွါးကုန်ကြလို့ မြန်မာနိုင်ငံကြီး တရုတ်ပြည်နယ် ဖြစ်သွားရမှာကို ကျနော် မပူပန်ဘူး၊ ဘယ်တုန်းက ဘယ်လိုရောက်နေမှန်းမသိတဲ့ပြည်ကြီးတရုတ်တွေ ဘယ်ကဘယ်လိုရလာမှန်း မသိတဲ့ ငွေတွေနဲ့ အလှူပေးသလို စီးပွါးရေးသောင်းကျန်းရင်း မြန်မာနိုင်ငံကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခုဖြစ်သွားမှာကိုတော့ ကျနော်ပူပန်တယ်။

    တချိန်တုန်းက မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနဲ့ အတိုးတက်ဆုံး နိုင်ငံတစ်ခုဖြစ်ခဲ့လို့ ကျနော် ဂုဏ်ယူသလို အခုလက်ရှိပြည်ပနိုင်ငံတွေမှာ ညိုးငယ်စွာနဲ့ အနှိမ်ခံအလုပ်လုပ်နေရတဲ့(အချို့) မြန်မာလူမျိုးတွေကိုလည်း ဝမ်းနည်းကိုယ်ချင်းစာမိတယ်။

    လူမျိုးခြားတွေနဲ့ စီးပွါးရေးပြိုင်ပြီး ရှုံးနိမ့်သွားမှာကို ကျနော်မကြောက်ဘူး၊ ဒါပေမဲ့ ကျနော့ လုပ်ငန်းတွေ အချိန်မရွေး ပြည်သူပိုင်သိမ်း၊လယ်ယာတွေကို တပ်ပိုင်မြေလုပ်ခံရပြီး နေ့ချင်းညချင်း အခြေအနေမဲ့ ဖြစ်မှာကိုတော့ ကြောက်မိပါတယ်။

    ကျနော်ဟာ ငှက်တစ်ကောင် မဟုတ်တဲ့ အတွက် မိုးပြိုမှာကိုကြောက်ပြီး ခြောက်ထောက်မိုးပေါ်ထောင် အိပ်ရလောက်အောင် မတွေးနိုင်ပါ။
    လူစင်စစ်ဖြစ်ပြီး လူလိုသာ တွေးနိုင်တဲ့ အတွက် အဝေးကြီးက မလာသေးတဲ့ အန္တရယ်ကို မကြောက်ပဲ နီးရာ ဓားကိုသာ ကြောက်တာ ကျနော့အပြစ်လားခင်မျာ။

  • မြစာကလေး (23122011)

    September 14, 2014 at 3:58 pm

    တကဲ့ ဒီမိုကရေစီ အစစ် နိုင်ငံတွေမှာ အစိုးရက ပြည်သူတွေ ရဲ့ မျက်မှာကြည့်ပြီး ဖားနေရတာပါ ဆရာလေးရယ်။
    အမှားလုပ်ဖို့ တော်ရုံ မရဲ။
    ဒါမှ သူတို့ သက်ဆိုးရှည်မှာကိုး။

  • ကျောက်စိမ်း တိန်ညင်

    September 14, 2014 at 6:53 pm

    ဗဲရီးဂွတ် ဖတ်ရတာကိုက အရသာရှိတယ် … ခုတလောက သိတဲ့အတိုင်း ဘာတွေမှန်းမသိ ဖတ်နေရတာ

    ကျေးကျေးပါဗျို့

  • kyeemite

    September 15, 2014 at 3:40 pm

    .ကိုထွန်းဝင်းလတ်ကြီး ရေးလိုက်တာ အနှစ်ချည်းပါလားဗျာ…
    .ဒါတို့ပြေ ဒါတို့မြေ တောင် ရဲရဲမအော်ဝံ့ကြတော့ဘူးဗျ…ဇဝေဇဝါဖြစ်ကုန်ကြပြီ
    .အပြုသဘောတိုက်တွန်းတဲ့ပို့စ်ကောင်းလေးအတွက်ဗရာဗိုပါဗျု့ိ

Leave a Reply