မြန်တျန့်ဂဇက် ရွာသူရွာသားအပေါင်း မင်္ဂလာဆောင်ကြပါ…အဲ..အဲ..မင်္ဂလာပါဗျာ….

အခုတလောရွာထဲ လည်းရောက်တစ်ချက်ပျောက်တစ်ချက်နဲ့…စာတွေလည်းဖတ်ဖြစ်ပါရဲ့..

ကွန်မန့်တော့ ပေးဖြစ်တဲ့အခါလည်းရှိရဲ့ မပေးဖြစ်ပဲ ဖတ်ရုံဖတ်သွားခဲ့တာလည်းရှိရဲ့..

ရင်းနှီးခင်မင်သူတွေရော..လူသစ်တွေကိုပါ ကွန်မန့်တွေပေးဖို့…

ကိုယ့်အကြောင်းနဲ့ကိုယ်ပျက်ကွက်နေမိခဲ့ပါတယ်…ဒီအတွက်ကြီးမိုက်စိတ်မကောင်းပါဘူး…

ကြီးမိုက်အနေနဲ့က အင်တာနက်ကိုရုံးရောက်မှ သုံးဖြစ်တာပါ…

ရုံးဆိုတော့လည်းထုံးစံအတိုင်း

နိစ္စဓူဝ ရုံးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ကြားကမှ…လှစ်ကနဲ..လှစ်ကနဲ ..ရွာထဲဝင် စာဖတ်ရတာဗျ..ဆိုတော့..မလွယ်ဘူးပေါ့ဗျာ..

`ဒါဆိုရင် ကြီးမိုက်ကိုယ်ပိုင်အချိန်တွေမှာကျတော့ ဘာလုပ်နေသလဲ??? ´

မေးတော့လည်းဖြေရတာပေါ့ဗျာ…

မနက် ၄း၃၀နာရီ… ကြီးမိုက်အိပ်ရာကထပါတယ်။

၎း၄၅ မှာ မဒမ်မိုက်နဲ့ သူ့ညီမ ဒေါ်ဝတုတ်ကိုနှိုးပီး လမ်းဘေးဆိုင်ဖွင့်ဖို့ဝိုင်းလုပ်ကြပါတယ်။

၅နာရီခွဲလောက် အိမ်ဖက်ပြန်လာ.. ရေနွေးတည်..သားတော်အတွက်

ဘရိပ်ဖတ်စ်ပြင်..ကိုယ်တိုင်အတွက်လည်း..ကော်ဖီတစ်ခွက်ဖျော်….

ကော်ဖီလေးသောက်ရင်း လက်စွဲတော်ရေဒီယိုလေးဖွင့်…BBC, VOA (စစ်အစိုးရအဆို..မိုးလုံးပြည့်မုသာဝါဒများ) ကိုနားထောင်ရင်း….

သားနိုးပီဆိုပြန်တော့ လုပ်ပေးထားတဲ့ ဘရိပ်ဖတ်စ်ကို စားဖြစ်အောင်

ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့

မိုးမလင်းခင် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်ငေါက်ပီးကျွှေးရသေးဗျား..

ကျုပ်တို့ငယ်ငယ်ကနဲ့များကွာပါ့..ကျုပ်တို့ငယ်ငယ်က မနက်အိပ်ရာထတာနဲ့

အဖေချက်ထားတဲ့ဆန်ပြုတ်ကို အလုအယက်ဆွဲရတာ..ရွေးချယ်စရာမရှိ…

ထားပါတော့လေ..

 

သားကို ၆း၁၀မိနစ် မှာ ကျောင်းကား ပေါ်တင်ပေးပြီးတာနဲ့..

ရေဒီယိုဆက်နားထောင်ရင်းဆေးလိပ်ဖွာနေပြန်တာပေါ့…

၆း၃၀ ဒေါင်ဆိုတာနဲ့ သွားတိုက်..ရေချိုး..ရုံးသွားဖို့ အမြန်ပြင်ဆင်…

(တခါတလေ ယူနီဖေါင်းမီးပူတိုက်ပီးသားမရှိရင် ကိုယ်တိုင်တိုက်လိုက်ရသေး)..

၇နာရီ၁၅ အိတ်ကလေးဆွဲပီး မဒမ်မိုက်ရဲ့ အသုပ်ဆိုင်ကိုသွား..

ရုံးကဖယ်ရီစောင့်ရင်း ကျုပ်အတွက် ဘရိတ်ဖတ်စ်အဖြစ် ခေါက်ဆွဲသုပ်တစ်ပန်းကန်စား..

(ပြောသာပြောရတာ..ဆိုင်မှာက အဲဒီအချိန်ဆိုလူကျတဲ့အချိန်..တစ်ပါတ်မှာ

၃ရက်လောက်က ကိုယ့်အတွက် ဘရိပ်ဖတ်စ်မစားရသေးခင် ဖယ်ရီပေါ်တက်ခဲ့ရတာများပါတယ်)…

အဲဒီလောက်အလုပ်ရှုပ်တဲ့ကြားထဲ….ရွာထဲက လူကြီးသူမ ဆိုသူများက..တာဝန်ပေးလာသေးတယ်…ဘာတဲ့…

၂၀၁၃ခုနှစ် စက်တင်ဘာလမှစ၍`မန်းဂဇက်ချစ်သူများစာပေဆု´

ရွေးချယ်ရေးကို ကြီးမိုက်က ဦးဆောင်ပြီး ခရီးဆက် ပေးရမတဲ့…လုပ်ပုံ..လုပ်ပုံ….

အဓိကကတော့…ပထမဦးဆုံး ငှက်ကဋ္ဌဟောင်းကြီးနဲ့ ဒုတိယဆက်တာဝန်ယူခဲ့တဲ့

ငှက်ကဋ္ဌ နှစ်ယောက်စလုံးကို ကြီးမိုက်ကလည်း လေးစားနေတာဆိုတော့

မအားတဲ့ကြားကပဲ တာဝန်ယူလိုက်တာပေါ့ဗျာ…

ကိုင်း…ကိုင်း..တကယ်ပြောချင်တာလေး စလိုက်ကြရအောင်…

ကြီးမိုက်က ရုံးကပြန်လာတဲ့အချိန် ညနေစာမစားမီ တစ်နာရီခွဲလောက်၊

အရပ်ထဲလမ်းသလားလေ့ရှိသဗျ…ဟိုသတင်းနားစွင့်..ဒီသတင်းနားစွင့်…

ကိုယ်ပြောချင်တာတွေလည်း နားထောင်ချင်ချင် မချင်ချင်

အာဘောင်အာရင်းသန်သန်နဲ့ လွှတ်ပြောတာပေါ့ဗျာ ….

ကြုံတုန်းပြောရအုံးမယ်ဗျို့…ကြီးမိုက်က အရပ်ထဲမှာ..`ဘိုးတော်မိုက်´လို့နာမည်ကြီးနေတာ..

တစ်ခြားကြောင့် ဟုတ်ပါရိုးလား..နှစ်လုံးထီပေါ့…ကြီးမိုက် မနက်မနက် ဘာလုပ်လဲ..

ဘယ်သွားလဲ..ဘာစားလဲ..ဘာပြောလဲ…အဲဒါတွေက ပါတ်ဝန်းကျင်အတွက်..

အတိတ်တွေ နမိတ်တွေပဲ…အဲဒီ ကျုပ်ရဲ့လှုပ်ရှားမှု့ကိုကြည့်ပီး နှစ်လုံးထီထိုးကြတာဗျို့..

အံ့သြသွားကြပါသလား…ဇတ်လမ်းကဒီလို…..ဒီလို….

ကျုပ်ကမြန်မာ့ ရိုးရာ `အတိတ်´`နိမိတ်´`တဘောင်´ `စနည်း´ဆိုတာတွေကိုအင်မတန်ယုံကြည်တဲ့ကောင်….မြန်မာ့ သမိုင်းထဲရှိခဲ့တဲ့

အယူတော်မင်္ဂလာဦးနိုး အကြောင်းဖတ်ဖူးပြီးကတဲက အဲဒီနည်းလမ်းအတိုင်း..

စမ်းသပ်လေ့ကျင့်ခဲ့တာ…အလေ့အကျင့်တော့လိုတာပေါ့ဗျာ..ဦးနိုးလိုပါရမီရှင်

ကိုတော့ ဘယ်မှီနိုင်ပါ့မလဲ…ဒါပေမဲ့ လေ့ကျင့်စမ်းသပ်ရင်းနဲ့ တော်တော်မှန်လာသဗျ..

ဥပမာ…မနက်ခင်းတစ်ရက် ကျုပ်ထုံးစံအတိုင်း လမ်းထိတ်ကပိတောက်ပင်ရိပ်

မှာထိုင်နေတုန်း ၀တ်ကောင်းစားလှဝတ်ထားတဲ့ မိန်းမကြီးတစ်ယောက်

ကားအကောင်းစားကြီးပေါ်ကဆင်းလာတယ်ဗျ…သူ့လက်ထဲလဲ ဆွဲခြင်းတစ်လုံးနဲ့…

ဆိုက်ကားသမားတစ်ယောက် နားချဉ်းကပ်ပြီး `မောင်လေးရယ်..ဒီဂဏန်းတွေကို

လက်မချည်ထားတဲ့ကြိုးတွေဖြုတ်ပြီး ဒီမြောင်းထဲလွှတ်ပေးပါကွယ်..ရော့ မုန့်ဖိုး´

ဆိုပြီး ဆိုက်ကားသမား ကိုကရင်ကို ငွေတစ်ထောင်တန်တစ်ရွက်ပေးတာတွေ့လိုက်ရတယ်..

ကိုကရင်လည်း သူဋ္ဌေးမပေးတဲ့ ဂဏန်းတွေယူ..မြောင်းထဲဆင်းလွှတ်ပေးလိုက်တာပေါ့

သူဋ္ဌေးမကြီး ဂဏန်းတွေလွှတ်နေတာကြည့် ..ကျေနပ်စွာပြုံး …ပါးစပ်က ပွစိပွစိရွတ်ပြီး ကားကြီးပေါ်တက် ထွက်သွားပါလေရော…

ဟဲဟဲ…ကျုပ်တို့လမ်းထိတ်က ဆိုက်ကားဆရာတွေဘယ်နေလိမ့်မလဲ..

ဂျပုဆိုတဲ့ ဆိုက်ကားသမား ချက်ချင်း မြောင်းထဲဆင်း ဖမ်းတာ ပြန်ရသဗျို့

ကျုပ်လှမ်းကြည့်လိုက်တော့ အားလုံး ၇ကောင်တိတိ….ဒါနဲ့ ကျုပ်က ကိုကရင်ကို

လှမ်းမေးလိုက်တယ်…မင်းလွှတ်တာဘယ်နှစ်ကောင်လဲလို့…

သူက အားလုံး၉ ကောင်တဲ့…ဒါဆိုနှစ်ကောင်လွတ်သွားတာပေါ့……..

အင်း….ကျုပ်စဉ်းစားတယ်…ဒါ `နိမိတ်´ပဲ…ဒါကိုကောက်ရရင်

`ဂဏန်း´…ဆိုတော့ ၂၇…ဒီတော့ ကျုပ်ကခင်ဗျားတို့ ဒီမနက်နှစ်လုံးထီ

၂၇ တစ်ပေါက်ပဲထိုး..လှန်စရာတောင်မလိုဘူးလို့…

အဲ့ မနက် ၁၂နာရီမှာ ၂၇ ထွက်သဗျ…..ဟီဟိ…

ဒါဆိုညနေဖက်ကောဘာထိုးရမလဲတဲ့…….ဒါလဲလွယ်ပါတယ်…

ဘယ်အရာမဆို…စ၊လယ်၊ ဆုံး…သုံးပါးရှိသလို..အခု ၂၇ ကအစ

ဒါဆိုအလယ်ကဘာလဲ…`ဘေးမဲ့´ လွှတ်တာပေါ့…..

ဒါနဲ့ ကျုပ် ၅၅ ထိုးကွာ…လို့ပြောလိုက်တယ်…ညနေဖက် ထွက်သဗျာ…

အဲ့မှာကျုပ်နာမည်ကြီးတာပဲ….ကျုပ်ကတော့မထိုးပါဘု…ခိခိ

နောက်နေ့မနက်..၉ကောင်မှာ..တကယ်လွတ်သွားတာနှစ်ကောင်ထဲမို့

၉၂ ထိုးကွာဆိုတော့ …၀ိုင်းထိုးကြတာ..ထွက်တော့ ၉၇…လွဲတာပေါ့

အကောက်မှားတာလေ…ခိခိ..ဒါတောင်ယုံတဲ့လူတွေက ပါဝါချိန်းထွက်တာဟတဲ့…  :k:

 

 

 

 

ရွာသူားများဗဟုသုတဖြစ်အောင် `အတိတ်´`နိမိတ်´`တဘောင်´ `စနည်း´ဆိုတာလေးတွေနဲ့ နဲနဲမိတ်ဆက်ပေးချင်တယ်

..ဟီး..ဟီး(ကြုံတုန်းလေးပွားတာ)

 

`အတိတ်´

 

`အတိတ်´ဆိုတဲ့စကားက မျက်မှောက်၌ဖြစ်မည်ဖြစ်စေ၊ နောင်အနာဂါတ်တွင်ဖြစ်မည်ဖြစ်စေ

အတိတ်ကာလ၌ ထင်ရှားသိသာခဲ့သည့် အကြောင်းကို ဆောင်၍ ထူးခြားစွာပြောင်းလဲဖြစ်ပေါ်ခြင်းအပေါ် သည်လိုဖြစ်လာနိုင်သည်ဟု ပြောခြင်းမျိုးကို

`အတိတ်´ ဟုခေါ်သတတ်။(ဒီအတိုင်းဆို နားရှုပ်နိုင်၍ ဥပမာဆောင်ပါမည်)

အလောင်းမင်းတရားကြီး ပေါ်ပေါက်ထွန်းကားလာမည့်အခါ အတိတ်တစ်ခုပေါ်ခဲ့သည်။

စာသင်ရာတွင် `စာအစ နမောက´ ဆိုသည့်အတိုင်း `နမောတသ´ကစ၍ အစဉ်အဆက် သင်ခဲ့ကြသော်လည်း(ထိုအချိန်က ဘုန်းကြီးကျောင်းပညာရေးသာရှိခဲ့သည်ကို သတိမူကြကုန်

…ဤကား စကားချပ်) ထိုအခါက` အောင်ဇေယျတု၊ သဗ်ဗမင်္ဂလံ´ဟုပြင်ဆင်ခဲ့ကြရာ

ပညာရှိများက `အောင်ဇေယျ´ အမည်ရှိသူ ကောင်းစားမည့်အရေးအကြောင်းဖြစ်သည်ဟု အဓိပ်ပါယ်ကောက်ကြရာ ကောက်ယူသည့်အတိုင်းမှန်၏။

 

`တဘောင်´

`တဘောင်´ ဆိုသည်မှာလည်း ပစ္စုပ်ပန်မှ အနာဂါတ်အရေး မျှော်တွေးပြောဆိုခြင်းပင် ဖြစ်ပေသည်။ (ဥပမာဆောင်ပါအုံးမည်)

သီပေါမင်းထီးနန်းဆက်ခံရမည်ကို အရူးမ မိချမ်း က `ရွှေမိုးရွာလို့မယ်မအေး၊ ငွေမိုးရွာလို့

မယ်မအေး၊ ပထမပြန်ရှင်လိန်ထွက်၊ နန်းတက်မှအေး´ ဟူ၍ သီဆိုနေသည်ကို အများကြားမိလေရာ ပညာရှိများက အရှင်သီပေါမင်း ထီးနန်းတက်စံရမည် ဟု

တဘောင်ဖတ်ရာ မှန်၏။

 

`နိမိတ်´

 

`နိမိတ်´ဆိုတဲ့စကားက`နိမိတ္တ´ဟူသောပါဠိစကားမှလာသည်ဟုဆိုရပေမည်။မြန်မာလိုနိမိတ်သာဖြစ်၏။`နိမိတ္တ´၏အနက်ကိုကြည့်လျှင်မြင်လတ္တံ့သောအနာဂါတ်အရေးအကြောင်းများကို

ကြိုတင်ကြည့်ကြသည့်လက္ခဏာ ဟုတွေ့ရ၏တဲ့။(ဥပမာဆောင်ပါအုံးမည်)

 

အနော်ရထာမင်းစောသည် လယ်တွင်းကိုးခရိုင် ဆည်၍ပြီးသောအခါ နေပြည်တော် ပုဂံသို့

ပြန်ခါနီး၌ ကွန်းထောက်နားသည့် တဲအောက်မှ ဖားမြည်သံကို ကြားလေသည်။ ထိုအခါ

ဟူးရားဖြူ၊ ဟူးရားညို တို့အား အကြောင်းကိုမေးလေ၏၊

ဖားမြည်သံကို နားလည်သော ဟူးရားဖြူ၊ ဟူးရားညို တို့က ဖားဖိုသေ၍ ဖားမ လင်ကောင်ပိုး၍

ငိုကြောင်း သံတော်ဦးတင်လေ၏။ အမိန့်တော်အရ မြေကိုတူးကြည့်ရာ ပြောဆိုသည့်အတိုင်း

ဖားမသည် ဖားဖိုကို ပိုးကာ ငိုနေသည်ကိုတွေ့ရ၏။ ထိုအချင်းအရာကို မင်းကြီးက နမိတ် မည်သို့နည်းဟု မေးမြန်းရာ…

ဟူးရားဖြူ၊ ဟူးရားညို တို့က ဤနမိတ်ကားနမိတ်ကောင်းမဟုတ်

အရှင်မင်းကြီးသည် ဘ၀ဟောင်းမှ ကောင်းမှုများ ကုန်ပြီ ဖြစ်သဖြင့် ပုဂံနေပြည်တော်သို့

မ၀င်မီ နတ်ရွာစံမည့် နမိတ်ဟု ဟော၏။

ထိုဟောချက်နမိတ်အတိုင်း အနော်ရထာမင်းသည် ကိုးခရိုင် နယ်စပ်တွင် ကျွဲရိုင်းခတ်၍

နတ်ရွာစံလေသည်။(မြန်မာ အများစုသည် အတိတ်နမိတ် များကို သတိပြုလေ့ရှိ၏၊ ဤ

သည်ကို ခေတ်နောက်ကျသည်ဟု ယူဆပါကလည်း ယူဆနိုင်ပါ၏၊ ဤ ကား လူ

တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ပိုင်ယုံကြည်မှု လူ့အခွင့်အရေးပင် မဟုတ်ပေလား..)

 

`စနည်း´

`စနည်း´ ဟူသည်ကား မြန်မာစကားနှင့် ပါဋ္ဌိပျက်တွဲ ထားသောစကားဖြစ်ပြီး အနက်မှာ

မည်သို့မည်ပုံ ဖြစ်မည်၊ လိုက်နာရမည်တို့ကိုပြဆိုခြင်းဖြစ်ရာ ဖြစ်လာမည့်အဖြစ်ကို `စံ´

ယူရန် ပြဆိုခြင်းတည်း။

လွယ်လွယ်ပြောရသော် `စနည်း´ ဆိုသည်မှာ အမှတ်တမဲ့ပြောဆိုသော စကားတို့ကိုမှတ်သား၍ အဓိပ်ပါယ်ဖတ်ရသော နည်းမျိုးဖြစ်ပေသည်။

`စနည်း´ က တစ်မူထူးခြားသည်။ တစ်ခုခု သိချင် ဆုံးဖြတ်ချင်စရာရှိလာမှ

အဖြေထုတ်ရန် တကူးတက `စနည်းနာ´ထွက် ၍ ထူးခြားသည့် အရပ် အသံကို နားထောင်ရခြင်းပင် (ဥပမာဆောင်ပါဦးအံ့)

တောင်တွင်းအကျော် ဆရာတော်ခင်ကြီးဖျော်သည် မနာမကျန်းဖြစ်၏။

ထိုရောအခါ ဗေဒင်ကျမ်း၊ ဆန်းကျမ်းတို့ တဖက်ကမ်းခတ် တတ်သူပီပီ

သူ့ အခြေအနေကိုတွကိဆရန် တပည့်တစ်ဦးကို စနည်းနာ ထွက်စေခဲ့၏။

စနည်းနာသူက သားသည်မိခင်တစ်ဦးသည် `သီဘောသုံးဆယ်´ ဟု

သီဆိုကာကလေးချော့နေသံကြားခဲ့ကြောင်း ပြန်လည်လျှောက်ထားရာ

ဆရာတော်က…

ဘော……အိုအချင်းတို့

သီ……သီလရှိသော

ဆယ်……အင်္ဂသားသည်

သုံး……သုည၊ ဆိတ်လတ္တံ့၊ ငါသေလတ္တံ့ ။

ဟု ဖတ်ကြားပြီး `ငါ့မှာ၊ ဆေးမုန်း၊ ဓာတ်ပုပ်၊ တြင်းသုဉ်း၊ န၀င်းသုဉ်း ဖြစ်၍ ကုသခြင်း မပြုကြနှင့် မုချသေရတော့မည်´ ဟုပြောရင်းပျံလွန်တော်မူ၏။

 

စနည်း…ကိုတော့ကျုပ်တော်တော်စမ်းသပ် ကြည့်ဖူးတယ်…မှန်သားဗျ

တစ်ရက် ကျုပ်အလုပ်ကပြန် ရေချိုး ထမင်းစား ဘုရားရှိခိုးပြီး…

ငါအခု စနည်းနာထွက်မယ် အဲ့ပေါ်မူတည်ပြီး နှစ်လုံးထီထိုးမယ်လို့ အဓိတ်ဋ္ဌာန်ပြီး

လမ်းလျှောက်ထွက်ခဲ့တယ်…

ညနေ ၅နာရီထိုးပြီးခါစလောက်…လမ်းမှာလူရှင်းနေပါတယ်…ဆောင်းတွင်းကြီး

နှင်းတွေကလည်းမှုံနေအောင်ကျနေတော့ ရှေ့ ၁၀ ပေလောက်ကိုကောင်းကောင်း

မမြင်ရဘူး…အဲ့လိုလျှောက်လာရင်း…အသံတစ်ခုကြားရတယ်…

`ရောက်မလို ရောက်မလိုနဲ့ မရောက်နိုင်ဘူးကွာ´..တဲ့

မကြာခင်ပဲ ကျုပ်ဘေးကနေ ၀ါးမြစ် စည်းတွေထမ်းလာတဲ့လူနှစ်ယောက်ဖြတ်သွားတယ်…

`၀ါးမြစ်´ ဆိုတာက ပဲခူးဖက်မှာ ထင်းရှားလာတော့ ၀ါးရုံကအမြစ်တွေကိုထင်းလုပ်ဖို့

တူးပြီး ရောင်းကြတာပေါ့…ကျုပ်အတွက် စနည်း ရပါပြီ…သူတို့ပြောသွားတာက

`မရောက်´…ထမ်းလာတာက `၀ါးမြစ်´…..အဓိကကတော့ လိုရာမရောက်နိုင်တာအဓိကပဲ

ဆိုတော့..နောက်နေ့မနက်..`၅၄´ တစ်ကွက်ထဲ၂၀၀၀ ဖိုးထိုးလိုက်တာပေါက်ပါလေရော…

 

 

 

 

 

ရှည်ရှည်ဝေးဝေးတွေ မပြောတော့ပါဘူးဗျာ….စာဖတ်သူတွေပျင်းကုန်အုံးမယ်…

အခုတော့ ဒီလောက်ပါပဲ…နောက်မှ ကြီးမိုက် တစ်ယောက် `အတိတ်၊ တဘောင်၊

နမိတ်၊ စနည်း´ တို့နဲ့ ဘယ်လိုလေ့ကျင့်ခဲ့တယ်၊ ဘယ်လိုနာမည်ကြီးခဲ့တယ်

ဘယ်လို ငွေရွှင်ခဲ့တယ် ဆိုတာတွေ

အခန်းဆက်ရေးပါအုံးမယ်။ခိခိ..ယုံချင်ယုံ မယုံချင်နေပေါ့…. :boss:

 

ကဲကဲ..ပေါက်ကရလေးဆယ်ပြောတာလေးတွေရပ်ပြီး….၂၀၁၄ သြဂုတ်လအတွင်း

ရွာထဲက စာရေးဆရာအကျော်မော်တွေရေးကြတဲ့အထဲက…ဖတ်ရွေးအဖွဲ့ဝင်များ

က အောက်ပါပို့စ်များကို အကြိုက်တွေ့ကြပါသတဲ့….ပိတ်သတ်ကြီးလည်း…

ဒီပို့စ်တွေထဲက ဘယ်သူ အကြိုက်ဆုံးဆုရမလည်းဆိုတာ….ကျုပ်ပြောခဲ့တဲ့

`အတိတ်´`နိမိတ်´`တဘောင်´ `စနည်း´ဆိုတာလေးတွေနဲ့ ချိန်ထိုးပြီး

ရွေးကြည့်ကြပါအုံးဗျာတို့…….မှန်တဲ့သူ…ကွကိုမုန့်ဝယ်စားဂျ… :mrgreenn:

 

 

 

အချစ်ကို ဖွင့်ဆိုကြည့်တဲ့အခါ….Mr. MarGa

http://myanmargazette.net/203291

 

 

သေဆုံးသွားတဲ့နေ့….ဗုံဗုံ

http://myanmargazette.net/203331

 

ခေတ်သစ်ဈေးလည်ခြင်း…..ကိုပေါက်(မန္တလေး)

http://myanmargazette.net/202190

 

လက်ဖက်ရည်ဆိုင် စကားဝိုင်း….Black Chaw

http://myanmargazette.net/203170

 

ရှက်ဖွယ်… ရှက်ဖွယ်…… ကိုပေါက်(မန္တလေး)

http://myanmargazette.net/202119

 

အန်တီလတ် ပုံပြင် (anti love story)…. မြစာကလေး

http://myanmargazette.net/203131

 

အဖြူရောင်မီးတောက်ကလေးများ…..hmee

http://myanmargazette.net/202537

 

ကျနော်နဲ့ ဟိုကလေးမ….နောင် ရိုး

http://myanmargazette.net/202899

 

တန်ဖိုးထားတတ်စေချင်သည်….လုံမလေးမွန်မွန်

http://myanmargazette.net/201951

 

မြန်မာနိုင်ငံအလယ်ဗဟိုတည့်တည့် ( ပြတ်ခရွေတောင် )…. Pooch

http://myanmargazette.net/201675

 

အားလုံးကိုလေးစားခင်မင်စွာဖြင့်…

ထာဝရလမ်းဆက်လျှောက်နေတဲ့..

ကြီးမိုက်။

၁၅၊ ၉၊ ၂၀၁၄

 

 

 

 

 

 

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)