ကိုယ်ချင်းစာစိတ်

U Pyaung GyeSeptember 16, 20141min20818

မျက်ဝန်းတွင် မျက်ရည်များရစ်ဝိုင်းလျက် အဝေးသို့ လှမ်းမျှော်ကြည့်နေသော်လည်း သက်ရှိ/သက်မဲ့ တစ်စုံ တစ်ခု ကိုမျှ မြင်ပုံမရ။ အချို့လဲ မျက်ရည်များ ထိန်းထားသည့်ကြားမှ ပါးပြင်ပေါ်သို့ စီးကျနေကြသူများ။ လူတန်း ရှည်ကြီး တစ်ခု။ သူတို့၏ ရည်မှန်းချက်ကား ပေါင်မုန့်ရောင်းပေးနေသော ကောင်တာလေးဆီသို့ အသိမဲ့သူများ ပမာ တရွေ့ရွေ့။ ဝန်းကျင်တွင်လည်း ပြိုကျပျက်စီး နေသော အဆောက်အဦများ ကြား၌ မြေကော်စက်ကြီးများ၊ ဝန်ချီစက်ကြီးများက တဝုန်းဝုန်း တဂျုံးဂျုံး။ ၂၀၁၂ ခုနှစ် အတွင်း ရေအောက်ကြမ်းပြင်ကို ဗဟိုပြု လှုပ်ခတ် ခဲ့သည့် ဂျပန်နိုင်ငံ ငလျှင်ဒဏ်ကြောင့် ကမ္ဘာပျက်သလို ခံစားခဲ့ကြရသော၊ မိဘ/ သားသမီး/ ညီအကိုမောင်နှမ/ ဆွေမျိုးသားချင်းများ သေကြေပျက်စီး ပျောက်ဆုံးခဲ့ကြရသော၊ နေစရာအိမ်နှင့် စားစရာ ချက်ပြုတ် ကြော်လှော် ရန် မီးမရှိရှာကြသော အနှီလူတန်းရှည်ကြီးအတွက် တစ်ခုတည်းသော စားစရာ ဖြစ်သည့် ပေါင်မုန့်ဝယ်ယူ ရရှိ ရေး စနစ်တကျ တန်းစီနေကြပုံ မြင်ကွင်းပင်။ ကြုံတွေ့လိုက်ရသည့် ကြမ္မာဆိုး ကြောင့် အဆုံးစွန် နာကျင်ခံစား ရသည့်အတွက် အသက်ရှင်ချင်စိတ်ပင် မရှိရှာကြရော့သလား။ တစ်ခုတည်းသော စားစရာ ပေါင်မုန့်ကို ပင် တိုးဝှေ့ လုယက် ဝယ်ယူလိုကြပုံ မပေါ်။ ကောင်တာရှေ့ ရောက်လာသူကို အရောင်းစာရေးမှ ဘယ်နှစ်ခု ယူမလဲ မေးသည်။ ရီဝေနေသော မျက်ဝန်းတွင် တစ်ချက် လက်ကနဲ ဖြစ်သွားပြီ သူ့အိတ်အတွင်းမှ ငွေတစ်ထပ် ဆွဲ ထုတ်လိုက်သည်။ မသေမပျောက် ကျန်ရစ်သော မိသားစုအတွက် နောက်ရက်တွေ စားဖို့ လိုသည် မဟုတ်လား။ အရောင်းစာရေးသို့ ပေးမည်ပြုပြီးမှ တစ်ချက်တုံ့ဆိုင်းကာ ရီဝေသော မျက်လုံးဖြင့် နောက်ဘက် တန်းစီ နေသူများကို လှည့်ကြည့်သည်။ ဆုံးဖြတ်ချက် တစ်ခုကို အပိုင်ချလိုက်ပုံဖြင့် အရောင်းစာရေးအား လှည့် ပြော၏။ ပေါင်မုန့် တစ်လုံးပေးပါ။ မြန်မာနိုင်ငံသား ကျွန်တော့အတွက် အံဩစရာ။ သူ့အနေနဲ့ ဝယ်ယူနိုင်သည့် အခွင့်အရေး အလှည့်လည်းရပြီ၊ လိုသလောက်လည်း ဝယ်နိုင်သည်။ ဘာဖြစ်လို့ တစ်လုံးထဲဝယ်သလဲ? ယနေ့ မြန်မာနိုင်ငံတွင် တယ်လီဖုန်း Sim ကတ်များ တရားဝင် ပေါပေါများများ ရောင်းချပေးရာ မဖြစ်မနေ လိုအပ်သော ပစ္စည်း မဟုတ်ပါဘဲနှင့် စနစ်တကျ တစ်ယောက ်တစ်ကတ် တန်းစီဝယ်ယူမှု မပြုဘဲ တစ်ဦးတည်း လေးငါး ခြောက်ကတ် ရရှိရေး အတင်းတိုးကြိတ် ဝယ်ယူမှု မြင်ကွင်းနှင့် ကွာလေစွ။ ထိုသို့ ရောင်းချပေးခြင်း မရှိစဉ်က လည်း ငါ့အတွက် တစ်ကတ်၊ ငါ့မိန်းမ အတွက် တစ်ကတ်၊ ငါ့ကလေး ရှိသလောက် အရေအတွက်အတိုင်း တစ်ကတ်စီ၊ ငါ့ရွာက ဆွေမျိုးသားချင်း တွေအတွက် ဘယ်နှစ်ကတ် ဟူ၍ တစ်ယောက်တည်း လက်ဝါးကြီးအုပ် ခဲ့သူများ ရှက်တတ်မည်ဆိုပါက…။ ဒါက လက်ရှိ ခေတ်စားနေလေသော ကိစ္စ။ အခြား အခြားသော ကိစ္စများစွာ ရှိလေဦးမယ်မှာ ခြေကြီးလက်ခတ်မလွဲပင်။ “ငါ ပေါင်မုန့်အများကြီး ဝယ်လိုက်ရင် နောက်က တန်းစီနေတဲ့ သူတွေ၊ သူတို့ရဲ့ မိသားစုတွေ မစားရဘဲ နေလိမ့်မယ်၊ တစ်လုံးဆို ငါ့မိသားစု ဒီနေ့အတွက် လောက်ငှတယ်” ဟူသည့် တဒင်္ဂတွေးခေါ် ဆုံးဖြတ် ကိုယ်ချင်းစာ တတ်သူ၊ ပေါင်မုန့် ကို လိုသလောက်သာ ဝယ်ခဲ့ကြသည့် ဂျပန်များထံ ပြန်ကြ ပါဦးစို့။
ဝန်းကျင်ကို အနည်းငယ် ကြည့်လိုက်တော့ ” ယမန်နေ့ ဈေးအတိုင်း ရောင်းချပေးနေပါသည် ” ဟူသည့် စာကို ချိတ်ထားကြောင်း တွေ့လိုက်ရပြန်၏။ နာဂစ်မုန်တိုင်း၏ ဆိုးသွမ်းရက်စက်မှုကို ကြုံတွေ့ခဲ့ဘူးသည့် ကျွန်တော့ အတွက် အထူးအဆန်းပင်။ ထိုစဉ်က မြန်မာ့ကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးငယ်များ မှာ ပွဲလန့်တုန်း ဖျာခင်း ဆိုသလို ဈေးနှုန်းများ အဆမတန် တင်၍ ဒုက္ခသည်များကို နူရာဝဲစွဲ စေခဲ့ကြသည်။ ဧကန်တ ဂျပန်နိုင်ငံ အစိုးရက ဈေးတင်မရောင်းရေးအတွက် အကြောက်တရားနှင့် ထိန်းချုပ်ထားပုံများလော…။ ဟုတ်အံ့မထင်။

18 comments

  • alinsett

    September 16, 2014 at 7:28 am

    အေးဗျာ
    ဒီအတွေးမျိုး
    ဒီအသိမျိုး
    ကျနော်တို့ဆီက လူတိုင်း ရှိစေချင်တာပဲ
    အခု ဒီမှာက ဒုက္ခရောက်နေပါတယ်ဆိုရင်တောင် မညှာမတာ ခေါင်းပုံဖြတ်ချင်တဲ့လုပ်ရပ်တွေက ရှိနေတုန်းပဲ။

    အသိ အသိ
    အသိစိတ်ကို မျှတ ကောင်းမွန်တဲ့ စိတ်နေသဘောထားနဲ့ အသုံးချနိုင်ဖို့
    အသုံးချတတ်ဖို့

    ကျနော်တို့ စဉ်ဆက်မပြတ် သတိရှိနေဖို့တော့ လိုသေးတယ် ထင်တယ်

  • ခင် ခ

    September 16, 2014 at 9:10 am

    ဒီမှာက မဆလအမွေအနှစ် တန်းစီတိုး/ရောင်း စနစ်ကခုထိ မတိမ်ကောသေးဘူးလေ၊ ဒီမိုကရေစီလို့သာ ပြောနေကြပေမယ့် တကယ်တော့ လူအတော်များများရဲ့အသိဉာဏ်က မဆလ အဆင့်ကနေကို မတက်ကြသေးတာပါ။

  • kyeemite

    September 16, 2014 at 9:42 am

    .တန်းစီခြင်းဓလေ့အကြောင်းပြောရရင်…ကားလမ်းတွေပိတ်တဲ့အကြောင်းလည်းမပါမပြီး
    .မနေ့ကပဲ ဘုရင့်နောင်လမ်းမှာကားကြပ်လို့ .ဘီပီအိုင်လမ်းဖက်ချိုးလိုက်တယ်…ရထားလမ်းပိတ်လို့တန်းစီရပြန်တယ်..အဲ့လိုယာဉ်နှစ်တန်း
    .စီနေတုန်း နောက်ကမစီပဲ ဆန့်ကျင်ဖက်ယာဉ်ကြောကနေ ဘတ်စ်ကားကြီးအတင်းကျော်တက်သွားတယ်
    .ရထားလမ်းကူးလည်းဖွင့်ရော .တစ်ဖက်ယာဉ်ကြောကကားတွေဝင်လာလို့မရ..ဘတ်စ်ကားကြီးလည်းရှေ့မတိုးနိုင်နဲ့
    .လုံးဝပိတ်ကုန်ရော….နေရာတိုင်းအဲ့လိုအတ္တကြီးသူတွေကြောင့်ဒုက္ခရောက်နောကရတယ်
    .အဲဒီသောက်ကျင့်တွေမပြင်နိုင်သ၍ ဘာစံနစ်နဲ့သွားသွားတိုးတက်ဖို့မမြင် :chee:

  • ဇီဇီ ခင်ဇော် (15102012)

    September 16, 2014 at 9:46 am

    ကိုယ်တိုင် နာဖူးမှ ကိုယ်ချင်းစာတတ်တာ ဆိုလားး

    :a:

  • aye.kk

    September 16, 2014 at 9:47 am

    မဲနယ်​ဆိုးထားတဲ့မဲပြာပုဆိုး
    တစ်​​နေ့သုံးခါလှည်​ု့ပြီးဝတ်​လို့
    ရ​နေ​တော့လည်​း….အရိုးစွဲ​နေတဲ့
    ​ရှေးရိုးအစွဲ​တွေမပယ်​နိုင်​​သေးသ၍
    အ​ရောင်​ခပ်​မှိန်​မှိန်​နဲ့ဘဲနိဂုံးချုပ်​ရမယ်​့
    ဒုက္ခ ​တွေးကြည်​့ရင်​​တော့..စိတ်​မသက်​မသာပါ

  • အဲလို အတွေးမျုးိတွေး နိုင်ဘို့က ခေတ်စံနစ် နဲ့လဲ ဆိုင်တယ်

    ၁၉၆၂ခုနှစ်က စခဲ့ တဲ့ စံနစ်ဆိုးကနေ ခု ချိန် ထိ

    မြန်မာပြည်သူ ပြည်သားအားလုံး မှာ ရ တုန်းယူ ထား နောင်ရ ဘို့ မလွယ်ဘူးဆိုတဲ့ စိတ်က နက်ရှိုင်းစွာ

    စူး နစ် နေ လို့ ရ တုန်းအလုအယက်ယူကြတာပါ

    လူ ဆို တာ ကိုယ့် အတွက် အရင်စဉ်းစား တာ သဘာဝ ပါဘဲ

  • manawphyulay

    September 16, 2014 at 2:28 pm

    ဟိုသီချင်းထဲကလို ဖြစ်နေပြီ
    ဘာတဲ့
    ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်…
    ခုတော့ မရှက်တတ်တော့ လဲမသေကြတော့ဘူးပေါ့…
    ဒီနေ့စားပြီးရင် နောက်နေ့အတွက် ချန်ထားရဦးမယ်ဆိုတဲ့အတွေးတွေရှိနေသေးသရွေ့တော့ ဒါတွေ ပြောနေလည်း အပိုပါပဲ…

  • Lucifer

    September 16, 2014 at 3:11 pm

    အဲဒီလူထားသွားတဲ့ ကိုယ်ချင်းစာစိတ်ကလေးကို ဦးညွတ်သွားပါကြောင်း…
    လောဘသည် အငတ်ဘေးကိုဖြစ်စေ၏..
    ဒေါသသည် စစ်ပွဲကိုဖြစ်စေ၏..
    မောဟသည်……………အဲ…အင်း…အဟီး တော်ပါပြီ မဆိုင်တာမပြောတော့ပါဘူး
    (အမှန်ကမေ့သွားလို့ ရှူးတိုးတိုး)

  • ဦးဦးပါလေရာ

    September 17, 2014 at 5:36 am

    .ဂျပန်နဲ့ မြန်မာကို ယှဉ်ပြောလို့ မရပါဘူး…
    .သူတို့က နှစ်ပေါင်း ရာနဲ့ချီပြီး ကျင့်ဝတ်တွေကို လေးစားလိုက်နာဖို့ အကျင့်ရခဲ့သူတွေ……

    .ဒီမှာက ကျင့်ဝတ် တစက်မှမရှိသူတွေက နှစ်ပေါင်းများစွာအုပ်စိုးပြီး
    .တနိုင်ငံလုံး လူ့ကျင့်ဝတ်ပျက်ပြားအောင် လူစိတ်ကင်းမဲ့အောင် လုပ်ထားတာ….
    .လူမှန်သမျှ စိတ်လုံခြုံမှု့ကင်းမဲ့အောင် ခိုကိုးရာမဲ့ဖြစ်အောင် အနာဂတ်အတွက် အမြဲစိုးရိမ်နေရအောင် လုပ်ထားတာ….

    .အကျင့်မကောင်းတဲ့ စိတ်ထားမမှန်တဲ့ မြန်မာနိုင်ငံသားတွေကိုလဲ အပြစ်မြင်ရမယ်
    .အဲသလိုဖြစ်အောင် လုပ်ခဲ့တဲ့အရာတွေကိုလဲ မြင်အောင်ကြည့်ပြီး တတ်အားသရွေ့ ဆန့်ကျင်ရမယ်…..
    .အဲသလိုဖြစ်အောင် လုပ်ခဲ့တဲ့အရာတွေဟာ ဘာတွေပဲဖြစ်ဖြစ်
    .မြင်အောင်ကြည့်ပြီး တတ်အားသရွေ့ ဆန့်ကျင်ရမယ်…..

  • kai

    September 17, 2014 at 8:47 am

    စနစ်ကြောင့်မဟုတ်…။ နိုင်ငံရေးကြောင့်မဟုတ်..။
    ယူအက်စ်မှာ.. ဂျပန်မှာ.. မြန်မာတွေ..အကုန်..အတူတူနဲ့အနူနူ..။

    ဆိုတော့…
    ထုံးစံအတိုင်း….
    .. အတွေးအခေါ်တို့၏ အချုပ်သည်.. ဘာသာရေး..။
    နှစ်၁၀၀ဝ ကျိန်စာ..။ :k:

  • ကိုပေါက်(မန္တလေး)

    September 17, 2014 at 10:23 am

    (. အတွေးအခေါ်တို့၏ အချုပ်သည်.. ဘာသာရေး..။) ကိုခိုင်ရေ

    ခင်ဗျား က လဲ ကျား ကျား မီးယပ်စာရင်းထဲပါ နေပြ

    မြန်မာပြည် လို့ အသံကြားတာနဲ့ ဘာသာရေး ခေါင်းစဉ်အောက်ဆွဲသွင်းလိုက်တာဘဲ။

    အခုလို ကိုယ်ချင်းစာတရားမရှိတာက ဘာသာရေး ကြောင့်မဟုတ်ဘူးဗျ

    ဗုဒ္ဓဘုရားဟောကြားတဲ့ တရားတွေကို နိဗ္ဗာန်ရောက်ကြောင်းတွေမှန် မမှန်ကတော့ မငြင်းချင်ဘူး။

    ကျန်တာတွေလဲလေကုန်ခံပြီး မငြင်းဘူး။

    အခုကိုယ်ချင်းစာတရားက ဘာသာတရားကြောင့် မဟုတ်ဘူးဆိုတာဘဲပြောချင်တယ်။

    သေချာ တာက တော့ ှဘုရားဟောတဲ့ အထဲမှာ စိတ်ရင်းကောင်းဘို့ကိုယ်ချင်းစာတရား ထားဘို့ဘဲပါတယ်။

    ကိုယ်ချင်းစာ တရား မဲ့ ဘို့ တိုက်တွန်း တာ တစ်ခု မှ မပါ ဘူး။

    ဗုုဒ္ဓဘာသာအစစ်အမှန် ဆိုရင် ကိုယ်ချင်းစာတရား ရှိ တယ်

    ဒါပေမယ့် ဆိုရှယ်လစ် စနစ် အုပ်စိုးတဲ့တစ်ချိန်လုံးမှာ လူ တွေ ပျက်စီး ကုန်တယ်။

    ခေတ်စံနစ်ကို မတွန်းလှန်နိုင်လို့ဖြစ်သွားတာ

    ဒါကတော့ ဘယ်သူမှ ငြင်းလို့ မရ

    အရှေ့ နိုင်ငံ ဖြစ်ဖြစ် အနောက်နိုင်ငံဖြစ်ဖြစ် ကောင်းသူ ဆိုး သူ ရှိနေမှာပါဘဲ။

    • kai

      September 17, 2014 at 1:13 pm

      ဆိုတော့..
      အခု.. ကမ္ဘာနိုင်ငံတွေမှာ..မြန်မာ ၅သန်းအထက်အပြင်ရောက်လို့.. နိုင်ငံစုံမှာလှည့်လည်နေထိုင်ကြကြောင်း..
      မြန်မာပြည်ဆိုတာကလည်း.. သက်ဦးဆံပိုင်..။ ကိုယ်တိုင်နယ်ချဲ့လုပ်ယိုးဒယားသိမ်း၊ အင်္ဂလိပ်ကိုလိုနီ၊ဂျပန်ကိုလိုနီ၊ ပါလီမန်ဒီမိုကရေစီ၊ တချို့နယ်တွေက..ကွန်မြူနစ်.။ စစ်အုပ်ချုပ်ရေး၊ ဆိုရှယ်လစ်တွေကနေ.. အခု.. ဒီမိုကရေစီဆိုတဲ့စနစ်မျိုးစုံအောက်.. လုပ်ခဲ့နေခဲ့ကြသပေါ့..။
      ကိုပေါက်..ကိုယ်တိုင်ကို… က… စနစ်တော်တော်စုံအောက်နေခဲ့ဖူးခဲ့ပြီပဲ..။
      စနစ်က.. ဘာတွေလုပ်ပေးနိုင်ခဲ့တယ်… ထင်သလည်း..။

      ပြောချင်တာက.. လူတွေရဲ့ကိုယ်ကျင့်တရားဆိုတာ..
      တဦးပုဂ္ဂလစီရဲ့.. အတွေးအခေါ်.. နာမ်အလုပ်ဗျ..။
      .. အဲဒီမှာ.. လောကနီတိ.. လူမှုရေးတွေနဲ့ဆက်စပ်လို့လည်းရသဗျ..။
      ကိုမိုးသီးတယောက်များဆို.. လောကနီတိရေးတဲ့.. ကုလားကြီးလွှဲချပြီးကို.. တည့်တည့်ဆော်တာ..
      နာခံမှုကိုဆန်းစစ်ခြင်းစာအုပ်ထဲပါတယ်..။

      ဆိုတော့..
      အယူအဆမတူလည်း.. လွတ်လပ်စွာ ကွဲလွဲကြတာပေါ့…။
      တကယ်တော့.. လဖက်ရည်ဆိုင်လေးထိုင်.. တညလောက်ထိုင်ဆွေးနွေးချင်တာ…။
      အင်း..
      အဆုံးသတ်ကောက်ချက်.. ကိုယ်တိုင်ဆွဲစေချင်..။ :k:

  • ကိုခို်င်ရေ

    အခုလိုစာနဲ့ပြောရတာထက်စာရင်

    လက်ဖက်ရည်လေးတစ်ငုံ ငုံလိုက် မျက်နှာကြည့် စကားလေးပြောလိုက်ဆိုသိပ်ကောင်းမယ်

    မြန်မာပြည်ကိုတစ်ခေါက်လောက်လာပါ

    တိတ်ဆိတ်နေတဲ့ညမှ ဦးပိန်တံတားပေါ်မှာ လေ လေး တဖြူးဖြူးနဲ့စကားတွေပြောလိုက်ကြရအောင်

    သေချာတာ တစ်ချက်ကတော့ အကျင့်ကောင်းခြင်း မကောင်းခြင်းဆိုတာ က သူ နေထိုင်ကြီးပြင်းတဲ့ပါတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမူ့ကြောင့် ပြောင်းလဲ နိုင်တယ်ဆိုပေ မယ့် အရာအားလုံးက လူ တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်ဆင်ခြင်တွေးတောနိုင်စွမ်းနဲ့ဘဲ ဆိုင်ပါတယ်။

    ကဲ လူ ချင်းတွေ့မှ ဒီအကြောင်းကို လက်ဖက်ရည်သောက်ရင်းပြောကြ ရအောင်

    အခုပြောရင် တစ်ခါ ပြော 12ကျပ်ဆို သူဂျီးဘတ်ဂျက် ထိ သွားလိမ့်မယ်

    ဟုတ်တယ်ဟုတ်

    • kai

      September 17, 2014 at 5:45 pm

      ….ကိုပေါက်က…အတွေ့အကြုံတော်တော်များပါတယ်..။
      လေကန်ဝေဖန်စကားတွေပြောချင်တော့ပေါ့…။

      ကိုပေါက်ရေးဖူးတဲ့.. မန်းလေးအစားအသောက်စာရင်းလေးလည်း.. ကိုင်ပြီးစားချင်သေး..
      ရန်ကုန်မှာလည်း.. စားချင်သေး..

      လေး..လေး..
      လုပ်ချင်တာတွေများလှသေး.. :k:

  • ကိုပေါက်(မန္တလေး)

    September 17, 2014 at 11:35 pm

    မန်းလေးသာရောက်အောင်လာခဲ့ပါ

    ကြာကြာတော့ နေ

    ရှေးကတည်းကရှိတဲ့ဆိုင်တွေ တစ်ဆိုင်ပြီး တစ်ဆိုင်လိုက်ကျွေးမယ်

  • မြစပဲရိုး

    September 18, 2014 at 1:47 am

    ကျွန်မ ကတော့
    (၁) “ပညာရေး” ကို ပထမ တရားခံ ရှာပါမည်။
    ကလေး တွေ ကို ( ပြောရရင် ကျွန်မတို့ မျိုးဆက် တွေ အပါအဝင်) ငယ် ကထဲက ကိုယ်ချင်းစာစိတ် လူသားချင်းစာနာစိတ်၊ ခိုး ဝှက် တတ်တာ ရှက်ဖို့ကောင်းတဲ့ စိတ်၊ အချင်းချင်း ကူညီရိုင်းပင်းစိတ် တွေ ကို ကျောင်းတွေ မှာ သင်ပေးမှုအားနည်း ခဲ့လို့ပါ။
    အခုချိန်မှာ ပိုသာဆိုး ဖြစ်နေပါပြီ။
    (၂) “အူမမတောင့်” မှု ကို ဒုတိယ တရားခံ ရှာပါမည်။
    တစ်ချို့ စိတ်ကောင်း ရှိသူတွေ တောင် စားဝတ်နေရေးအတွက် သီလ ပျက်နေကြပါတယ်။
    (၃) အဲဒီ နှစ်ချက် လုံးကို ဖန်တီး ပေးတဲ့ မူလ ပထမ တရားခံ အစစ် ကတော့ မြန်မာပြည်မှာ မှန်ကန်တဲ့ “ဥပဒေ” နဲ့ အုပ်ချုပ်မှု လုံးဝ (လုံးဝ) ကို ပျောက်ဆုံး နေလို့ပါဘဲ။

    ဘာသာရေးက အပရိကပါ။
    တကယ်သာ ဗုဒ္ဓတရားတော် ကို လိုက်နာခဲ့ကြရင် လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ ကင်းပြီး ကိုယ့်ရသင့်တာထက် ပိုပြီး မယူ တဲ့ ယဉ်ကျေးမှု ဖြစ်နေမှာ သေချာပါတယ်။
    အခုတော့ ဘာသာရေး အမှန် ကို အတ္တ တွေ က ဆွဲချ နေတာ။

    မဆီမဆိုင် အခုရက် ထဲ တွေးမိခဲ့တာ။
    ပြီးခဲ့တဲ့ လ က အမေရိကား က သူငယ်ချင်း စုံတွဲ လာတယ်။
    သူ့တို့ ဝင်ငွေ ကောင်းကြပါတယ်။
    ဒီရောက်တော့ အဓိက ပြတိုက်တွေ၊ ရှေးဟောင်းနေရာတွေ အဓိကသွားတယ်။
    သူတို့ မတိုင်ခင် မြန်မာပြည်က အသိ တွေ လာတယ်။
    အဓိက ဘယ်ကို သွားတယ်မှတ်လဲ။
    Outlet လို့ ခေါ်တဲ့ ဘရန်းဒက်အိတ် တွေ Discount နဲ့ ရောင်းတဲ့ နေရာ ကို သွားပြီး အိတ်တွေ ဝယ်တော့တာ။
    သူပြမှ ကိုယ်လဲ မြင်ဖူးပါတယ်။
    ပေါင် တစ်ထောင့် နှစ်ရာ တန် အိတ်တဲ့။ အဲတာတင်မဟုတ် ပေါင် ရှစ်ရာ တို့ ပေါင် ခြောက်ရာ တို့ လဲ ပါတယ်။
    Discount မို့သာ တော်တော့တယ်။
    လူကြုံ မှာလိုက်တာလဲ ပါပေါ့။
    ဒီလောက်ဈေးကြီးပေးရတဲ့ အိတ် နဲ့ သာမာန်အိတ် ဘာကွာ လဲ မတွေးတတ်။
    အိတ် ဆိုတာ ပစ္စည်းထည့်ဖို့ နဲ့ ကိုင်လို့ ကောင်းဖို့ အရေးကြီးတာ ဟာကို ဒီလောက် အကုန်ခံဖို့လိုလား။ မသိ။
    သူ့အပြော အရ အဲဒီ ဆိုင်မှာ ဝယ်နေတာ အာရှနွယ် တွေ က ၉၀% လောက် ဆိုဘဲ။
    ကျန်တဲ့ နေရာတွေ ကို အမှတ်တရ ဓာတ်ပုံရိုက်ဖို့ဘဲ။
    အထဲ ဝင်ကြည့်ဖို့တောင် စိတ်မဝင်စား။
    အံ့ရော။
    ဒီတော့ အမေရိကားက သူငယ်ချင်း ကိုလဲ မေးကြည့်တယ်။ အိတ် သွား မဝယ်ဘူး လားလို့။
    သူက ဈေးကြီးတယ် မဝယ်ပါဘူးတဲ့။
    စိတ်လဲ မဝင်စားဘူးတဲ့။

    ဒီတော့ ကွကိုယ် ကောက်ချက်ချ လိုက်မိတာ။
    အဲလို ဘရန်းဒက် တွေ ကို မြန်မာပြည် မှာ ဂရုစိုက် ပြီး ပြိုင်ဆိုင်နေတဲ့ ယဉ်ကျေးမှု က ကြီးစိုးပြီး
    အနောက်တိုင်း တွေ မှာ ဘာဝတ်ဝတ် ဘယ်သူမှ ကိုယ့်ကိုလဲ ဂရုမစိုက်၊ ကိုယ်ကလဲ ဂရုမစိုက် တဲ့ ယဉ်ကျေးမှု ကြီးစိုး နေလို့ နေမှာလို့။
    ဒီတော့ သူများ ကြည့် ဖို့ ကိုယ့် ဒုက္ခ ကိုယ်ရှာပြီး ဟန်လုပ် ပြင်ဆင် ရှိုး လုပ်ပြ နေစရာမလိုတော့ဘူး။
    ကိုယ့်စိတ်ထဲ လွတ်လပ်မှုရတယ် လို့ ခေါ်မလားဘဲ။

    ဒီတော့ နောက် တရားခံ တစ်ချက် ကတော့
    မြန်မာပြည် မှာ “ပြိုင်ဆိုင် ဝင့်ကြွား လိုတဲ့ စိတ်” တွေများ နေတာကနေ
    ဝ မရှိ ဘဲ ဝိ လုပ်ဖို့ စာရိတ္တ တွေ ပျက်ကုန်ရော။
    ပိုက်ဆံထားစရာ နေရာမရှိတော့ တဲ့ ခေတ်ပျက်သထိန်း များ နဲ့ အာဏာရှင်အဘ များ ကလဲ ဒီ ပိုက်ဆံ တွေ အလှူပေးဖို့ ချောင်းနေလေတော့ ဟန် ကိုကျလို့။
    အဲဒီမှာ “ဥပဒေ” ကလဲ ကစားလို့ ရနေတော့ အားလုံး ဂွင်ဝင် ဟန်ကျပြီး တိုင်းပြည်ပျက်တော့ တာပါဘဲ။

    အဲဒီ “ပြိုင်ဆိုင် ဝင့်ကြွား လိုတဲ့ စိတ်” တွေကဘဲ လူသားချင်း ထားရမဲ့ “ကိုယ်ချင်းစာစိတ်” တွေကို ဖယ်ပစ်လိုက်တာလို့ ထင်တာပါဘဲ။

    • kai

      September 18, 2014 at 9:21 am

      အောင်မလေး…
      ဒီစာဖတ်လိုက်တော့.. လန့်တောင်သွားတယ်..
      မြန်မာပြည်ရဲ့အခြေအနေကို.. တော်တော်သိတဲ့.. ယူအက်စ်ကနိုင်ငံရေးသမားစကားနဲ့တူနေလို့..။
      တို့အရီးလတ်က.. ကောက်ချက်အတွေးကတော့..တော်တော်မြင့်..(အရပ်လည်းမြင့်ပါ့) :k:

      သူပြောတာက.. ခရိုနီတွေအကြောင်း…။
      ခရိုနီတွေ..။ ခရိုဝါတွေ၊ ခရိုစိမ်းတွေ.. အကုန်.. အဲလို..။
      အဲလိုဆိုတာက..
      တိုင်းပြည်အတွက်.. ကိုယ်ဘဝရဲ့ပျော်စရာ(အစစ်)အတွက်.. ၊ ကျန်ရစ်တဲ့လူတွေအတွက်..။ ဘာမှမကြည့်..မသိ..
      ရှော့ပင်း.. ပြီးရှေ့ာပင်းတာ… တဲ့..။
      ကိုယ်တိုင်လည်း.. ဒီအသက်တွေနဲ့.. ဒီလောက်ဝေးတဲ့ခရီးကို.. လေယဉ်အထူးတန်းစီးရမယ့်နေရာမှာငွေမသုံးဖူးတဲ့..။
      အစားအစာလည်း.. ဆိုင်ကောင်းကောင်းမှာမစားဘူး.. တဲ့..။

      ပိုက်ဆံကို.. တန်ဖိုး(စနစ်တကျ)နားလည်ပြီး.. သုံးကြတာမဟုတ်လို့.. အံ့ဩနေ..။ :k:

  • ကိုပေါက်(မန္တလေး)

    September 18, 2014 at 10:13 am

    ကိုလတ်နဲ့ ကိုခို်င်ရေ

    မြန်မာပြည်မှာ ငွေ ကို လေလိုသုံးနိုင်သူ( ဆရာသော်တာဆွေ က မိုးကုတ်သူဌေးတစ်ယောက်ကို ညွန်းခဲ့တဲ့စကားလေးပါ)
    တွေက အလုပ် လုပ်စရာမလို ဘဲ ပိုက်ဆံ ရ နေသူတွေပါ ။

    အဲလို သုံးတဲ့ လူတွေက သာမန်မြန်မာပြည်သူ ပြည်သား တွေကို ကိုယ်စားပြု တဲ ့ ပုံရိပ်မဟုတ်ပါဘူး။

    အဲ လို သုံးနိုင် တဲ့သူတွေက ဘယ်သူတွေ ဘယ်ဝါတွေဆိုတာကတော့ ပါတ်သက်နေသူတိုင်းသိကြပါတယ်။

    မြန်မာပြည်မှာ စီးပွားရေးလုပ်ရ တာ မလွယ် ကူေ ပမယ့် အရမ်းမခက်ခဲပါ။
    တကယ်ကြုးိကြိုးစားစား လုပ် ရင် ထမင်း မငတ်နို်င်သေးပါ။
    ဒါပေမယ့် အားလုံးက အလွယ်လမ်း အချောင်လမ်းကိုဘဲ လိုက်နေကြတယ်။

    လက်ရှိခေတ်စားနေတဲ့ ဖုန်းကဒ် နဲ့ချိန်ထိုး ပြီး ပြော ပြ ပါမယ်။

    မပုတု ကဒ်တွေကို ဆိုင်တွေ က လူတစ်ယောက်တစ်ကဒ် ရောင်းပေးနေတယ်။
    ရပြီးသားလူ က နေ့ တိုင်းတိုး တယ်။

    အဲဒီနားပါတ်ဝန်းကျင်မှာဘဲ ပြန်ရောင်းကြတယ်။
    1500 တန်ကဒ်က ပေါက်ဈေး နှစ်သောင်း ထိရောက်သွားတယ်။
    အဲ ဒီတော့ လူတွေရဲ့ စိတ်ဓါတ်တွေ မပြုပြင်နိုင်ဘဲ နိုင်ငံ ကောင်းမလာ ဘူး ဆို တာ သေ ချာ နေတာပါဘဲ။

    ဒီလို စိတ်ဓါတ်ဆိုးတွေက ပြင်ဘို့ ဘယ်သူက ဦးဆောင်မလဲ ။

    ဘယ်သူက လမ်းညွန်မလဲ ဆို တာ က ထည့် မစဉ်းစားလို့ မရ တဲ့ အကြောင်းတစ်ခုပါဘဲ.

    2015 အလွန်မှာ ဒေါ်အောင်ဆန်း စု ကြည် လက်ထဲ တိုင်းပြည်ရောက်သွားခဲ့ ရင် ကျနော် တို့ ပြည်သူပြည်သားတွေရဲ့
    စိတ်ဓါတ်က အခု လို ဘဲ ဖြစ်နေအုံးမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ကို အတော်လေး အားနာဘို့ ကောင်း မယ် ထင် မိပါ တယ်။

Leave a Reply