ကျွန်တော်နှင့်… တိုက်ပွဲနေ့ရက်များ…

alinsettOctober 13, 20141min28824

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ အစိုးအရနဲ့ DKBA တပ်များအကြား ပစ်ခတ်မှုတွေကြောင့် စိုးရိမ်ဖွယ်ရာ ဖြစ်နေသေးတဲ့အတွက်
အဆိုပါ ပြည်နယ်တွေကို သွားရောက်မယ့် အမေရိကနိုင်သားများ အနေနဲ့ သံသယဖြစ်စရာ တွေ့ရှိတာနဲ့ အဲဒီဒေသတွေကနေ ချက်ချင်းထွက်ခွါရေး၊
ဒေသတွင်းလုံခြုံရေးအခြေအနေတွေကို သတိပြုရေးနဲ့ သတင်းအဆက်အသွယ်မပြတ်ရေးတို့ကို အမေရိက သံရုံးက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။
ကရင်ပြည်နယ် ကျုံဒိုးနဲ့ ကျိုက်မရောကြားမှာ ခရီးသည်တင် ယာဉ်တစီးကို လက်နက်ကိုင်တပ်ဖွဲ့တစုက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်
ခရီးသည် လေးဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ တပ်ဖွဲ့ဟာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA တပ်ဖွဲ့ဖြစ်ကြောင်း
နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ပြောဆိုခဲ့ပေမယ့် DKBA ဘက်က သူတို့ ပစ်ခတ်ခြင်း မဟုတ်ကြောင်း ငြင်းဆိုလိုက်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။

========================================================================
(၁)

အောက်တိုဘာ ၅ ရက်နေ့ မနက် Email နဲ့ ပို့ပေးရမည့် သတင်းစာအတွက် ဖြည့်ထည့်ဖို့ကျန်သည့် ကရင်ပြည်နယ်ဆိုင်ရာ ပစ်ခတ်မှုသတင်းတွေကို ချရေး ထည့်လိုက်သည် ။
အဲသည် သတင်းတွေကို ရေးနေစဉ်မှာ လေက တဖျတ်ဖျတ် တိုက်သွား၏ ။

စာရေးစားပွဲပေါ်မှာ တင်ထားသော ကားလက်မှတ်ကလေး လေကြောင့် လွင့်မသွားအောင် စာအုပ်တစ်အုပ်နှင့် မြန်မြန် ဖိလိုက်ရသည် ။
ကားလက်မှတ်က ရွှေစင်စကြ်ာ ၊ အောက်တိုဘာလ ၅ ရက်နေ့ ည ရ နာရီ ခွဲ ၊ ရန်ကုန်မှ ဘားအံသို့…. ။
ကရင်ပြည်နယ်၏ မငြိမ်မသက်ဖြစ်စဉ်တွေကြားထဲ တိုးဝင်မိသလို ဖြစ်နေသော ဤခရီးစဉ်အတွက်တော့ ကျွန်တော် နောင်တ မရပါ ။

တကယ်လို့ ဒီ အချိန် ဒီရက်မှာ ဒီခရီးစဉ်ကို မသွားလိုက်ရရင်သာ ကျွန်တော် နောင်တ ရနေရမှာ ။

သီတင်းကျွတ် လပြည့်နေ့ဟာ ကျွန်တော်နဲ့ မတည့်သော နေ့ဖြစ်သည် ။
မဖြစ်သင့်သော ဖြစ်ရပ်များကြောင့် ရင်တနင့်နင့် ဖြစ်ရနေကျ ကျွန်တော့်အတွက်တော့…သီတင်းကျွတ် လပြည့်နေ့ဆိုသည်မှာ
ရောက်မလာပါစေနဲ့လို့ တိတ်တိတ်ကလေး ကြိတ် ဆုတောင်းရသော နေ့တစ်နေ့… ။

ထိုသီတင်းကျွတ်လပြည့်နေ့ကို တိမ်တွေကြားမှာ လွန်မြောက်ဖို့…
ဒါမှ မဟုတ် အေးစက်သော ကျောက်နံရံကြီးကို မှီတွယ်ပြီး…တောအထပ်ထပ် တောင်အသွယ်သွယ်ကို ငေးမောရင်း လွန်မြောက်ဖို့…
ဒါမှမဟုတ်… တောင်ပေါ်လေထုရဲ့…ဟူးဟူးရားရား အော်မြည်သံတွေကို ကောင်းကင်ရဲ့ ဂီတသံစဉ်လေအလား..ထင်မှတ်မှားရင်း…လွန်မြောက်ဖို့…
တချို့လူတွေက… ဘဝမှာ ဆိုးဝါးသော ဒုက္ခတွေနဲ့ ကြုံတဲ့အခါ…ဘုရားကု ကုတယ်…တဲ့။
ကျွန်တော်ကတော့…ဘုရားကိုလည်း သိပ်စိတ်မဝင်စားသူမို့…. သဘာဝ ရှုမျှော်ခင်းများနဲ့သာ…ကုစားတတ်ပါသည်။

မနက်ဖြန်….
မနက်ဖြန်တွင်… ငြိမ်းချမ်းရေးကလေး..အဝေးကို ထွက်ပြေးသွားသော နယ်မြေထဲ….
ကျွန်တော် …သွားပါတော့မည်။
မငြိမ်းချမ်းတော့သော စစ်မီးတောက်များ လောင်ကျွမ်းရာ ဒေသဆီကို….
ကိုယ်တွင်း ငြိမ်းချမ်းမှုကို ရှာဖွေပြီး…စိတ်တွင်း ဒဏ်ရာကို ကုသဖို့….
ကျွန်တော်… သွားပါတော့မည်…။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(၂)

အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းကြီးသည် ခရီးသွားများ ၊ ရောင်း ဝယ်လှုပ်ရှားသူများ နှင့် ကားများကြောင့်…ဆူညံပွက်လောရိုက်နေသည်။
ဤမြို့ပြ အငွေ့အသက်ကို ကျွန်တော် ရှုရှိုက်ချင်စိတ် ကုန်နေသည် ။
ကျွန်တော့်အတွက် မြို့ပြ ရနံ့တို့ မသင်းပျံ့တော့ပါ ။
ကျွန်တော်ကရော… သည်မြို့ပြအတွက်…ဘယ်လောက် အသုံးဝင်နေလို့လဲ….
အသုံးမဝင် အသုံးမကျသူမို့…မြို့ပြက မောင်း မထုတ်ရပါဘဲ… ကိုယ့်စိတ်ဆန္ဒနဲ့ ကိုယ် ပြေးထွက်ရတော့မည် မဟုတ်လား…။

မတွေးချင်တော့ပါ… ။
ကားဂိတ်ကိုရောက်တော့ ကားထွက်ချိန်ထက် တစ်နာရီလောက် စောနေသေးသည် ။
ကားဂိတ်အနီးမှာ ရှိသော မီနီမတ်လေးထဲ ဟိုဟိုသည်သည် လျှောက်ရင်း..လိုအပ်မယ် ထင်တာလေးတွေ ဝယ်ယူလိုက်သည်။

ဝယ်ပြီးသမျှကို ကျောပိုးအိတ်ထဲ သိမ်းကြုံးထည့်ပြီး ကားဂိတ်ကို ပြန်လျှောက်လာပေမယ့် အချိန်က စောနေသေးသည်။
လက်ဖက်ရည်တစ်ခွက်တော့ ထိုင်သောက်ဖို့ အခွင့်အရေး ရသည်။

ကားဂိတ်အနီးမှ လက်ဖက်ရည်ဆိုင်မှာ လက်ရာ ညံ့ညံ့ လက်ဖက်ရည်တစ်ခွက်ကို ဇိမ်ဆွဲပြီး သောက်နေရင်း….
ကျောပိုးအိတ်ထဲမှာ ပါလာသမျှ ပစ္စည်းတွေအကြောင်း တွေးမိသည်။

ကျွန်တော် ဝတ်ဆင်ရမည့် အဝတ် သုံးစုံ ၊
ကျွန်တော် တည်းခိုရာ အိမ်ကို ပေးမည့် လက်ဆောင် မုန့်ဗူးသုံးဗူး…နဲ့ ထို အိမ်မှာ ညဘက် ထွန်းဖို့ ဖယောင်းတိုင် နှစ်ထုပ် ၊
ဖုန်း ၊ ဖုန်း အားသွင်းကြိုး ၊ နားကြပ် ၊
နိုင်ငံခြား ရုပ်ရှင်ဇာတ်လမ်း DVD သုံးချပ် ၊ မှတ်ပုံတင် ၊ ယာဉ်မောင်းလိုင်စင် ၊ ပြီးတော့…. (—— )
မျက်နှာသစ်ဆေး ၊ သွားတိုက်တံ ၊ သွားတိုက်ဆေး ၊ ကိုယ်တိုက်ဆပ်ပြာ ၊
ရှုဆေးတစ်ဗူးနဲ့.. ဘိုင်အိုဂျက်ဆစ်များ…
မေမေထည့်ပေးလိုက်သော အားဆေးတောင့် အနည်းငယ်.. ။
ကားပေါ်မှာ စားဖို့ အာလူးကြော်ထုပ်နှစ်ထုပ် ၊
ဒါပါပဲ…တခြား ထွေထွေထူးထူး ဘာမှ မပါပါ ။

ကားထွက်တော့မည်။
”ဘားအံသွားမယ့် ခရီးသည်များ ကားပေါ် တက်လို့ရပါပြီ….” ဆိုတဲ့ ဂိတ်ထဲက သတိပေးသံကို ကြားလိုက်ချိန်မှာပဲ…
လက်ဖက်ရည်ဖိုး သုံးရာ ချပေးခဲ့ပြီး ထထွက်ခဲ့သည်။
ကျွန်တော် ထိုင်ရမည့် ခုံနံပါတ်မှာ (၁၈) ။
ကျွန်တော် ပြုံးမိသည် ။
ကိုး ပဲ… ။

ကိုးသမားတွေက ကျန်တဲ့လူကို နိုင်စားတတ်တယ်.. ဆိုတဲ့စကားလေး..ကြားဖူးခဲ့သည်။

ဟုတ်သလား… ။
ကျွန်တော် ဘယ်သူ့ကိုများ နိုင်စားခဲ့ရပါလိမ့်… ။
ဒါမှမဟုတ်… ကျွန်တော် နိုင်စားတာကို ကြည်ဖြူနှစ်လိုစွာ.. အဘယ်သူလေးက ခံယူဖူးပါလိမ့်… ။
ကွယ်……။
ဒဏ်ရာဒဏ်ချက်တွေ အကြောင်း..မစဉ်းစားချင်တော့ပါဘူး. . .

အခုအချိန်မှာ အစဉ်းစားသင့်ဆုံးက… ခုံနံပါတ် ( ၁ရ )
ကျွန်တော့် ဘေးမှာ ဘယ်သူ လာထိုင်မှာလဲ… ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(၃)

ကားပေါ်မှာ ခြောက်နာရီကျော်ကျော်လောက် ထိုင်ပြီး အိပ်ချင်အိပ် ၊ ငေးချင်ငေး ၊ ရေးချင်ရေး ၊ တွေးချင်တွေး..
လိုက်ပါရဖို့အတွက်.. ကိုယ့်ဘေးမှာ ထိုင်ပြီး တလျှောက်လုံး ပါလာမယ့် ခရီးသည်ဟာ…
ကိုယ့်ကို တနည်းနည်းနဲ့ အနှောက်အယှက် မပေးဖို့ လိုပါသည်။

ကျွန်တော့်ကို အနှောက်အယှက်ပေးပြီး စိတ်ပျက်စေသော ခရီးသည်များနှင့်တော့ အတူမထိုင်လိုပါ။
ကွမ်းကို 92 တို့ ၊ ဘုရင်မတို့ လို ဆေးနံ့ပြင်းပြင်းတွေနဲ့ စားပြီး စကားပြောလျှင် ကွမ်းနံ့ ဆေးနံ့ တထောင်းထောင်းထတတ်သူများ…
သူတို့ စားသော ကွမ်းတံတွေးကို ကွမ်းယာထည့်သော ကြွပ်ကြွပ်အိတ်ကလေးထဲ ဖြစ်စေ…
ရေသန့်ဗူးလို ဗူး တခုခု ထဲ ဖြစ်စေ ပျစ်ခနဲ ထွေးနေတတ်သူများနှင့်တော့ အတူ မထိုင်ချင်…
ထို့ အပြင်…
ဖုန်းထဲက သီချင်းကို နားထောင်ရာမှာ နားကြပ်မပါပဲ ဒီအတိုင်း အသံကြီးထွက်အောင် ဖွင့် နားထောင်တတ်သော လူငယ်မျိုးနှင့်လည်း
အတူ မထိုင်ချင်…
ဘေးပတ်ဝန်းကျင်က်ို အနှောက်အယှက် ဖြစ်စေလား ဆိုတဲ့ မေးခွန်းမျိုးကို ကိုယ့်အသိစိတ်နဲ့ကိုယ် မမေးစွမ်းနိုင်သော ထိုလူငယ်မျိုးကို ကျွန်တော် စိတ်ပျက်ပါသည်။
ခန္ဓာကိုယ် ဝဝကြီးနဲ့… ကျွန်တော့်ဘက်ကို မှီတွယ် ပိကျလာမယ့် ခရီးသွားမျိုးနဲ့လည်း အတူမထိုင်လို… ။
စကားများသော မိန်းမကြီးတွေနဲ့လည်း အတူမထိုင်လိုပါ… ။

ကျွန်တော့်လို စာအုပ်တစ်အုပ်ကို ငြိမ်ငြိမ်လေူ ထိုင် ဖတ်ရင်း လိုက်ပါလာမည့်သူမျိုး…
ဒါမှ မဟုတ်.. ကျွန်တော့်လို အပြင်ဘက်ကို ငေးပြီး..တွေးချင်ရာတွေး…စိတ် ဝတ္ထု ရေးချင်ရေးနေတတ်မည့်သူမျိုးနှင့် အတူထိုင်ရလျှင်..
ကျွန်တော် စိတ်သက်သာရာရပါလိမ့်မည်။

ကျွန်တော့်ဘေးမှာ…ထိုင်မည့်သူသည်..ဘယ်လိုလူစားမျိုးဖြစ်မလဲ…
မိန်းမကြီးတစ်ယောက်လား..
ယောကျာ်းကြီးတစ်ယောက်လား…
ဒါမမဟုတ် လူငယ်လေးတစ်ယောက်လား…
ဒါမှမဟုတ်…

ခုံနံပါတ် (၁၈) ကို ရောက်တော့…
ကျွန်တော့် ဘေးမှာ ထိုင်မည့်သူ…ဘယ်သူများလဲ…ဆိုသည့်အတွေးနဲ့… ကြည့်လိုက်မိတဲ့အခါ……

”ဟင်”

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(၄)
ကျွန်တော့် ဘေးက ခုံမှာ…
ဘယ်သူမှ ရှိမနေပါ။

လက်မှ နာရီကို ကြည့်လိုက်တော့….
ကားထွက်ရန်… ဆယ်မိနစ်လောက် လိုသေးကြောင်း သိရသည်။

ခုံနံပါတ် (၁၈) ဟာ… ပြတင်းပေါက်ဘက်မှာထိုင်ရမှာလား…
ဒါမှမဟုတ်… လူသွားလမ်းဘက်မှာလား…
ကားနောက်လိုက်တယောက်ယောက်ကို လှမ်းမေးဖို့ ကြည့်တော့ Driver မှ လွဲ၍ အခြား မတွေ့…. ။
ကိစ္စ မရှိပါ ။
လောလောဆယ် ပြတင်းပေါက်မှန် အခြမ်းမှာ ကျွန်တော် ထိုင်နေလိုက်ပါမည်။
ကျွန်တော့် ဘေးကို ရောက်လာမည့်သူက… ဒီပြတင်းပေါက် ဘက်မှာမှ ထိုင်ချင်ပါသည် ဆိုလျှင် ဖယ်ပေးလိုက်ရုံသာ… ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(၅)

ငါးခုမြောက် အာလူးကြော်အချပ်ကလေးကို ပါးစပ်ထဲ ထည့် ဝါးလိုက်စဉ်မှာပဲ…
ကျွန်တော့်ဘေးကို လူအရိပ်တစ်ခု ရောက်လာသည် ။
ကျွန်တော် လှည့်မကြည့်ပါ။

ကား ထိုင်ခုံများရဲ့ အပေါ်မှ ခရီးဆောင်အိတ်များ တင်သည့် သေတ္တာကြီးကိုဖွင့်ပြီး သူ့မှာ ပါလာသည့် အိတ်ကို ထည့်နေပြီထင်ပါရဲ့။

ဒါနဲ့ နေစမ်းပါဦး. . .
မွှေးရနံ့ သင်းသင်းကလေးတစ်ခု ရနေသလားလို့…. ။
တဖြည်းဖြည်း…မွှေးရနံ့ သင်းသင်းကလေးက…နီး နီးလာသလိုလို….
အဲ…
နီးလာသလိုလို ထင်ရတုန်းမှာပဲ… ထို မွှေးရနံ့ကလေးက…ဗြုန်းခနဲ…ကျွန်တော့်ဘေးနား ရောက်လာသည်။
ကျွန်တော်…လှည့်မကြည့်ပဲ မနေနိုင်တော့ပါ… ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(၆)

 

”. . .”

လုံးဝ ထင်မှတ်မထားသော မျက်နှာ တစ်ခု ဖြစ်သည် ။

မိန်းကလေးတစ်ယောက်…
မိန်းကလေးတောင်မှ ကျွန်တော် တွေ့ဖူးနေကျ မိန်းကလေးများလို သာမန် မိန်းကလေးပုံစံ မဟုတ်… ။
ဖြူနုနေသော အသားအရည်လေးက ကြည်လင်ရှင်းသန့်နေသည် ။
နှာတံစင်းစင်းကလေး…နဲ့..နှုတ်ခမ်းဖူးဖူးကလေး…ပြီးတော့..သူမရဲ့ နဖူးပြင် ဝင်းဝင်းလေးက… ဖျက်ခနဲ အကြည့်တစ်ချက်မှာပဲ..
ကပ်ငြိစွဲထင်လာသည်။
ကျွန်တော့်ကို သူ ပြုံးပြပါသည်။
သူ့ အပြုံးကလေးက…ခပ်နွမ်းနွမ်း…ဆိုတာတော့ သတိပြုမိသည်။

ကျွန်တော် တစ်ချက် ပြန်ပြုံးပြပြီး…ဘာပြောရမှန်းမသိတာနဲ့….
လက်ထဲက စားလက်စ အာလူးကြော်ကို ထိုးပေးပြီး စားပါဦးလားဆိုတဲ့ ဟန် လုပ်ပြမိသည်။
သူက… ပို ပြုံးသွားပြီး… ”စား စား ” ဟု တိုးတိုးကလေး ပြောပြီး ထိုင်ခုံရှေ့မှာ အသင့်ရှိနေသော ရေသန့်ဗူးကို ဖောက် သောက်နေသည်။

တော်လောက်ပြီ သူရ….
မင်းသူ့ကို အကြာကြီး စိုက်ကြည့်မနေသင့်ဘူး..။
ခဏခဏလည်း လှည့်မကြည့်သင့်ဘူး ။
သိပ်လှတဲ့ မိန်းမတစ်ယောက်ဟာ သူ့ကို ခဏခဏ လှည့်ကြည့်နေတဲ့ ယောက်ျားတစ်ယောက်ကို
တခြား ဘာမှတ်ချက်မှ မချနိုင်သေးခင်မှာ… သူ့ အလှကို ယစ်မူးသွားလို့…ဒီလို ခဏခဏ လှည့် ငမ်းနေတာ…ဆိုတဲ့ မှတ်ချက်မျိုး…
ခပ်လွယ်လွယ် ချလိုက်နိုင်တယ် မဟုတ်လား… ။

ကောင်မလေးတစ်ယောက်ရဲ့… ချစ်ခင်နှစ်လိုဖွယ် အဆင်းကို ကြည့်ပျော်ရှုပျော်ချင်နေပေမယ့်…
တခြား ဘာရည်ရွယ်ချက်မှ မရှိတဲ့ ယောက်ျားတစ်ယော်ကအနေနဲ့… သူ့ အလှကို တစ်ချက် အသိအမှတ်ပြုတဲ့ အနေနဲ့… ကြည့်ပြီးရင်…
ေတော်လောက်ပြီပေါ့… ။

အဲဒီအတွေးနဲ့… ကျွန်တော်… စားလက်စ အာလူးကြော်ကို ဆက်စားနေလိုက်သည်။
စားရင်းနဲ့…တွေးမိတာကတော့.. ကျွန်တော့်ဘေးမှာ ထိုင်လိုက်ပါလာမယ့်…ဒီကောင်မလေးဟာ…
ကျွန်တော့် အသက်လောက်တော့ မရှိသေးပေမယ့်.. ကျွန်တော့်ထက် ငယ်လည်း နည်းနည်းပဲ…..
သူ့ကို ကြည့်ရတာ.. ခပ်ငယ်ငယ် ဆယ်ကျောက်သက်လေးတွေလို ခပ်သွက်သွက် မဟုတ်ဘဲ..
တည်ငြိမ်နေတဲ့ ဟန်တော့ ရတယ်လေ… ။
ပြီးတော့… မပိန် မဝ ခန္ဓာကိုယ်လေးမို့…

ကျွန်တော့် ထိုင်ခုံဘက် သူ ့ကိုယ် က လာ အနှောင့်အယှက်ပေးမှာလည်း မပူရ ။
ဒါ့အပြင်.. ကွမ်းနံ့ ဆေးနံ့လည်း မရနိုင်တဲ့ အပြင်… ကျွန်တော် နှစ်သက်သလိုလိုရှိတဲ့ မွှေးရနံ့ သင်းသင်းလေးတောင် ရနေသေးရဲ့… ။
မိန်းမပျိုလေးမို့…အဒေါ်ကြီးတွေလို စကားတွေထိုင်များပြီး တဗျစ်တောက်တောက် ပြောနေမှာလည်း မပူရ… ။

မဆိုးပါဘူး… ။ ကျွန်တော့်ကို အနှောင့်အယှက် မဖြစ်စေလောက်တဲ့ ခရီးသွားတစ်ယောက်နဲ့… အတူထိုင်ခွင့်ရတာ… ။

ကားစ မထွက်ခင် အချိန်လေးမှာေတော့…
ကျွန်တော်..အဲဒီလို ဖြောင့်ဖြောင့်တန်းတန်းလေးပဲ..တွေးမိတယ်လေ… ။
ကျွန်တော့်ဘေးက အဲဒီေကောင်မလေးနဲ့…
ကျွန်တော်ဟာ…
လမ်းခရီးမှာ… ဒီလို ရိုးရှင်းတဲ့ အနေအထားကနေ …ဖောက်ထွက်ပြီး..တမျိုးတမည်တွေ ဖြစ်လာလိမ့်မယ်လို့….
ကြို တွေးမထားမိဘူးလေ….

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဆက်လက်တင်ပြပါမည်…

 

လေးစားချစ်ခင်လျက်…

 

အလင်းဆက် ( Gazette)

 

24 comments

  • Phoe Myinttar

    October 13, 2014 at 12:50 pm

    ကိုအလင်းဆက်…. ကောင်းခန်းရောက်မှအိပ်ပျော်သွားတဲ့ပုံပြင်လိုပဲ … မြန်မြန်ဆက်ရှေးဗျာ…..

  • Kaung Kin Pyar

    October 13, 2014 at 1:13 pm

    မနေ့ကတောင် ပြောဖြစ်သေး..အသိဦးလေးကြီးကို
    တောင်ကြီးသွားမှာတော့ နည်းနည်းလန့်တယ်လို့
    သူပြောတာက တိုင်းရင်းသားသူပုန်တွေက ပွဲတော်နေ့တွေမှာ မလုပ်ပါဘူးတဲ့..။ ရှမ်းတွေဆိုပိုဆိုး…။ သူတို့ပွဲတော်ရက်ကို သူတို့ သိပါသတဲ့…
    ပြန်ပြောလိုက်ပါတယ်…
    သူပုန်တွေ ဒီရက်မျိုး ဒါမျိုးမလုပ်တာ သိပါတယ်လို့…
    :k:

    • အလင်းဆက်

      October 13, 2014 at 1:45 pm

      သူပုန်တွေကတော့ မလုပ်ပါဘူး။
      အဟွတ်။
      ကျန်တာတော့ ကွကိုယ် စဉ်စားဗျာ။
      :k:

      သူပုန်ဆိုလို့. . .
      အဲ့ဒီအခေါ်အဝေါ်ကို ထိပ်တိုက်တွေ ့ပြီး တိုက်ခိုက်တဲ့
      နှစ်ဦးနှစ်ဖက်လုံးက တစ်ဖက်ကို တစ်ဖက် သူပုန်လို့သာ
      ခေါ်သဗျ။

      :k:

      စကားစပ်နေတာမို့. . .
      သာယာတဲ့ ပျော်ရွှင်ကြည်နူးဖွယ် အမှတ်တရခရီးစဉ် ဖြစ်ပါစေလို့
      ဆုတောင်းပေးနေပါတယ်နော်

      • pooch

        October 13, 2014 at 2:12 pm

        သူတို့ကို သူပုန်လို့ခေါ်ရင်စိတ်ဆိုးတယ်
        ပြည်နယ်လွတ်မြောက်ရေးတပ်မတော်လို့ ခေါ်ပါတဲ့
        သူတို့ကိုယ်တိုင်ပြောသွားတာ
        ဘယ်မှာတွေ့ခဲ့လဲ မမေးနဲ့ သတ်ချင်သတ်ပလိုက်ပြောမပြဘူး :mrgreenn:

        တောင်ထိပ်ကိုရောက်ဖူးလို့ ယစ်မူးသွားတဲ့သူဆို
        ထစ်ခနဲရှိ တောင်ပေါ်ပြေးတက်ချင်တော့တာ
        ဘယ်သူမှ နှောင့်ယှက်လို့ မရအောင် နားအေး ပါးအေး
        ဒေါသတွေ သောကတွေလည်း ချွေးတွေနဲ့ ရောပြီး အပြင်ကို ထွက်ကုန်ရော

        နေပါအုန်း ဆက်ဆက် ညည်းခွင့်တွေဘာတွေ ယူလို့ ရသလား
        စိတ်ဝင်စားရင် short trip တခု လိုက်ချင်လား
        ဒါပေမဲ့ ငါကိုယ်တိုင်က မသေချာဘူး လိုက်ဖြစ်မဖြစ်
        သူူတို့ကလည်း သွားဖြစ်မဖြစ် မသေချာဘူး
        ဘယ်နေ့သွားမယ်မှန်းလဲ မသိဘူး
        ဟီး တော်ပါပြီအေ ခေါ်တော့ပါဘူး :loll:

        • အလင်းဆက်

          October 13, 2014 at 2:37 pm

          တောင်ထိပ်က ယစ်မူးတတ်သူတွေကို
          ခေါ်တယ် ဗျ။
          အဲဒါအမှန်ပဲ။
          ကျနော့်ကို အခေါ်ဆုံးတောင်ထိပ်ကတော့ ဇွဲကပင်ပေါ့။
          မမပုချ်ပြောသလိုပေါ့
          ထစ်ခနဲရှိ ပြေးတက်ပြီးသာ နေလိုက်ချင်တော့တာ
          အဟုတ်။

          တောင်ထိပ်မှာ မတ်မတ်ရပ်ပြီး
          တောင်အောက်ကို ငုံ ့ကြည့်ရတဲ့အရသာမျိုးကို
          စွဲစွဲလမ်းလမ်းကို ဖြစ်နေတာ။

          ——

          နောက်ထပ် ခရီးတစ်ခု ထွက်ချင်နေတာ
          အခုတလော အလုပ်မအားး(လူရော မန်းနီးပါ မအား)လို့သာ ငြိမ်နေရတာဗျ

          :k:

          ဒါနဲ့ ဘယ်မှာ တွေ ့ပြီး စကားပြောခဲ့တာလဲငင်

          😆

      • Kaung Kin Pyar

        October 13, 2014 at 4:08 pm

        တောင်ထိပ်ရောက်ရင်များ…တိုက်တဲ့လေအေးအေးလေး..ဘယ်လို အေးချမ်းသွားမှန်းမသိဘူး…
        ရှမ်းပြည်တွေ တောင်နားတွေနေခဲ့တော့…
        လွမ်းတယ်…

  • ကေဇီ

    October 13, 2014 at 1:18 pm

    ရေးးးသွားးး တဲ့ အစီအစဉ် လေးးး လှ သအေ….
    ပထမဆုံးး အစ မှာ ရိုက်ကွင်းးလေးးတစ်ခုမြင်လိုက် ရသလိုပဲ…..
    စကားးးဇွတ်စပ်
    မြန်မာ ကားးတွေ မှာ ရိုက်ညွှန်းး ညံ့တယ်အေ။
    :k:

    • အလင်းဆက်

      October 13, 2014 at 1:53 pm

      ဒီတခါတော့ ရေးဟန်ကို မြန်မာရှေးအစဉ်အလာ ဝတ္ထုဆန်ဆန်ပဲ
      ရိုးရှင်းစွာ ဖွင့်ချပြီး ရေးလိုက်တယ်

      😆

      ဒီဇာတ်လမ်းကို ကရင်ပြည်မှာ ရေးခဲ့တာ မမဂျီးရေ။
      စာက တအားများသွားတာမို့ ပိုစ့်တစ်ပုဒ်တည်းထည့်ချလိုက်ရင်
      ဖတ်ရတဲ့လူတွေ အချိန်ကုန် လူပန်း ဖြစ်မှာ စိုးလို့. . .
      အပိုင်းလေးနဲ့ တင်မယ် စဉ်းစားလိုက်တယ်။

      အမှန်က ဟိုမှာ ရေးလာတာက လမ်းခရီးနဲ့ လက်ရှိ ဒေသမြင်ကွင်းတွေကို ပြချင်လို့ ရေးချထားတာ။
      ဇာတ်လမ်း ဇာတ်အိမ်တောင် မပါသလောက်။

      အဲဒီအတိုင်း တင်ရင် သိပ် မကောင်းတတ်လို့
      ပြင်ဆင် ဖြတ်တောက် ပြီး
      ဇာတ်လမ်းတစ်ခု အတင်းထည့်. . .
      အချစ်လိုလို ဘာလိုလို ပြင် ဆင် ရေးနေရတာ
      ကွကိုယ် သနားထာဗျာာာာ

      (စာပေလွတ်လပ်ခွင့်))

      မြန်မာဇာတ်ကားတွေ ဝတ္ထု မညံ့။
      ဇာတ်ညွှန်းမှာ စဖောက်ပြီး . . .
      ရိူက်ပြီးသားလည်း ထွက်လာရော ဝက်ဝက်ကွဲအောင် ညံ့သွားတာ

      ကိစ္စတော့ မရှိပါဘူး မမဂျီးရယ်

      ဂဘာမှာ ညံ့တာတွေ ပြနိုင်တာဆိုလို့ တို့ပဲ ရှိတာ
      ဂုဏ်ယူလိုက် ဇမ်းးးဘာာာ

      :k:

  • Yae Myae Tha Ninn

    October 13, 2014 at 2:04 pm

    အော်… အော်…. သိပ်ကြည့်ရင် မကောင်းလို့ပဲ ဆက်ဆက်ရယ်… ဆံပင်မွှေး ဘယ်နှမွှေးလဲ ပဲ ကျန်တော့တယ်… ကုန်နေပြီ… 😛
    ဒါနဲ့ လမ်းမှာ ကားစီးရင် အိပ်ငိုက်တော့ မှီကျလာတဲ့အခန်းပါမှာလား… မပါရင် နောက်တပိုင်း လာမဖတ်တော့ဘူး… မျက်စိညောင်းတယ်… 😀

    • အလင်းဆက်

      October 13, 2014 at 2:40 pm

      အိပ်ငိုင်တာတို့ဘာတို့ထက်တောင် ပိုသေး
      ဟေးဟေးဟေးးးး

      :k:

      နောက်တပိုင်းထိ လိုက်မလာရင်
      ခီညားတို့ ရက်ကွက် မလာတော့ဘူး။

      ကျနော်တို့ရပ်ကွက် လာခဲ့
      ဂွစ်ဂွစ်စ်
      😆

  • weiwei

    October 13, 2014 at 2:10 pm

    ကောင်းခန်းရောက်တော့မှပဲ …
    တကယ်တော့ ကားစီးတဲ့အချိန် ခရီးထွက်ချိန်တွေမှာ တွေးလို့အကောင်းဆုံးပဲ ..
    တာရာမင်းဝေဝတ္ထုထဲမှာ ဖတ်ဖူးတာလို့ ထင်တာပဲ … 3 b … in bus, in bed, on bath (သိပ်တော့မသေချာ) … အဲဒီအခြေအနေမှာ တွေးလို့အကောင်းဆုံးတဲ့ ..

    • အလင်းဆက်

      October 13, 2014 at 2:44 pm

      အန်တီဝေ

      မီးပျက်သွားတဲ့ ဇာတ်ကားတစ်ကားလို သဘောထားမိပြီ ဟုတ်?

      :k:

      ——

      ကျနော်လည်း အဲ့လိုလေး ဖတ်ဖူးတယ်။
      တာရာမင်းဝေထဲမှာပဲဆိုတာ သေချာတယ်
      ဘယ်ဝတ္ထုထဲမှာပါလိမ့်. . . .
      နောက်ထွက်တဲ့ စာအုပ် အပါးလေးတွေထဲမှာပဲ. . .

  • CharTooLan

    October 13, 2014 at 2:51 pm

    မတိပါဝူးအေ……. အောင်သရဲလင်းတို့ပါလက်နက်ကိုင်ကြကုံပီလားလို့
    ဘားမှဇက်လမ်းဆက်မနေနဲ့ ကျုပ်ကတိပီးသား………
    ပြန်လာတဲ့ထိတျောက်…..မှရေရေယာယာပါမလာဝူးမှုတ်လား 😛

  • မဟာရာဇာ အံစာတုံး

    October 13, 2014 at 3:03 pm

    တိုက်ပွဲ မရောက်ခင်
    စော်ဂလေးနဲ့ တွေ့နေဒယ်တော့ … ဟိ
    အောင်မဲလင်း တို့များ ငမ်းမှာကိုပဲ
    တို့နန့်တို့နန့် လုပ်နေလိုက်သေးတယ် ..
    နင် ဒီပုံမျိုးနဲ့တော့ ဒီတစ်သက် တယ် .. မ .. ထင် ….
    :mrgreen:

    • အလင်းဆက်

      October 13, 2014 at 3:17 pm

      ## ချာတူး
      ဒါရှို ဇာတ်လမ်း မဆက်လည်း ကြို သိပြီးသားပေါ့နော်
      အဟိ
      ဒါမယ့် ဆက်ပျဇီဗျာ။
      ဇာတ်လမ်းက အချစ်ကို အသားပေးချင်တာမဟုတ်ဘူးရှိုဒေါ့.. .

      :k:

      ======================

      ##အံဇရာအတုံး
      ဒီတစ်သက် မရ ရင်
      နောက်တစ်သက်ဟေ့
      ရည်မှန်းချက်တော့ တယ် အပျက် မခံချင်

      😆

  • MAUNG

    October 13, 2014 at 4:10 pm

    ဒါလား ဟဲ့ တိုက်ပွဲ

    ဟီးဟီး မစောင့်နိုင်တော့ ဘူး၊ မြန်မြန် လုပ် ဘရို 🙂

  • Crystalline

    October 13, 2014 at 4:58 pm

    နာက​တော့ express ကားနဲ့သွားရင်​… အထူးကား တခုံတည်​း သီးသန်​့မပါရင်​ ၂ခုံပဲဝယ်​​တော့တယ်​.. သူများနားမထိုင်​ချင်​လို့… ​လေယာဉ်​ကြ​တော့ ​ရှောင်​မရ… 🙂 ​ကောင်​မ​လေးက ခါးပိုက်​နှိက်​ခံလာရလို့လား :mrgreenn:

  • kyeemite

    October 14, 2014 at 1:29 pm

    .အဘက်ဆင်း ခရီးသွားနေသည်ပေါ့…ဇတ်လမ်းက .ကိုယ့်လက်ထဲရှိတာပဲလေ..ဆက်ချင်သလိုသာဆက်ပေရော့ :k:

  • Ko chogyi

    October 15, 2014 at 5:17 am

    ကောင်ကလေးနော် ကားစီးရင်းအိပ်တယ် ပြီးတော့ ကူလားမရင်ခွင်ထဲ ရောက်အောင်မှီအိပ်တယ် ကူလားမနော် ရင်ဘတ်တွေအောင့်နေပြီ အရမ်းဆုိုးတယ် ကောင်ကလေးရယ်
    အိပ်ရင်းနဲ့ယောင်တယ်နော် ကူလားမကုို ဖွေးဖွေး…….ဖွေးဖွေးနဲ့ ခေါ်တယ် ကူလားမရှက်တယ် ကောင်ကလေး

    • အလင်းဆက်

      October 15, 2014 at 7:55 am

      တိန်
      ဒီမှာ. . .ရိုမန်းတွေတစ်နေတာကို

      အောင်မယ်ငီးးးးးးအသမဲရီး အသမဲရီး

      :k:

Leave a Reply