” လုပ် သင့် တာ လုပ် ပေး စေ ချင် “

ခင္ခSeptember 17, 20141min1116

” လုပ် သင့် တာ လုပ် ပေး စေ ချင် “

 

” သမီးလေး ညဉ့်နက်နေပြီ စာတွေလုပ်တာ မပြီးသေးဘူးလား ”

” မပြီးသေးဘူး ဖေဖေ ”

” ဘာတွေများ ဒီလောက်တောင်ရေးနေရတာလဲ ”

” ဆရာမက သင်္ချာအိမ်စာတွေလေ အပုဒ် ၅ဝ တောင် ကျောင်းပိတ်ရက်မှာ အပြီးတွက်ဖို့ပေးလိုက်တာမို့ပါ အခုမှ အပုဒ် ၃ဝ ကျော်ဘဲ ပြီးသေးလို့ ”

” မနက်ဖြန်မှာ ဆက်တွက်ပါလား သမီးရယ် အရမ်းညဉ့်နက်အိပ်ရေးပျက်တော့ သမီးနေမကောင်းဖြစ်နေ အုံးမယ် ”

” မနက်ဖြန်ကျတော့လည်း အပြင်ကျုရှင်က တစ်နေ့လုံးနီးပါးရှိတာဆိုတော့ မပြီးမှာစိုးလို့ပါ ”

” ဒါနဲ့နေပါအုံးသမီး သမီးတို့ကျောင်းဆင်း အတန်းပိုင်ဆရာမသင်တဲ့ကျုရှင်ကသူတွေကျတော့ရော ကျောင်းပြီး ဆရာမကျုရှင်သွား ညမှအိမ်ပြန်ရောက်ကြတာ သူတို့ကျတော့ ဘယ်လိုပြီးသလဲ ”

” ကျောင်းဆရာမကျုရှင်ယူတဲ့သူတွေကျတော့ သူကျုရှင်မှာ ပြန်တွက်ခိုင်းတယ်ဆိုပေမယ့် သဘောတရား တူတဲ့ပုစ္ဆာ ၁ဝ ပုဒ်ရှိတယ်ဆို အကုန်မတွက်ရဘူး ၂ ပုဒ်လောက်ဘဲတွက်ရတာ ဖေဖေရဲ့ ”

” အင်း သမီးပြောတာ ဖေဖေ သဘောပေါက်သွားပြီ သမီး ”

ကျွန်တော်တစ်ခု သတိထားမိသွားပြီလေ။ နောက်တစ်နေ့ ကျောင်းပိတ်ရက်အပြင်ကျုရှင်တစ်ခုကို သမီးအား လိုက်ပို့ရင်း အခြားကျောင်းသူတစ်ယောက်ရဲ့ မိဘနဲ့ဆုံတော့ စနည်းနာမေးကြည့်တဲ့အခါ

” အကိုကြီး ကျွန်တော် သမီးကတော့ သင်္ချာပုစ္ဆာတွေသူတို့ကျောင်းကဆရာမက အပုဒ် ၅ဝ ကိုဒီပိတ်ရက်မှာ တွက်ဖို့ အိမ်စာပေးခံရတယ်ဗျ အကိုကြီးတို့ သမီးကျောင်းကကော ဘယ်လိုလဲ”

” ဘာထူးလို့လဲဗျာ ကျုပ်သမီးလဲ မနေ့က မနက် ၃ နာရီထိုးထိ သင်္ချာထိုင်တွက်နေလို့ မနည်းချော့မော့ပြီး အိပ်ခိုင်း ရတယ်၊ ဒီမနက် ၆ နာရီလောက်ပြန်ပြီး အိပ်ရာထ တွက်နေလို့ ဘယ်လောက်တောင်သမီးပုစ္ဆာတွေက များလို့ လည်းမေးကြည့်တာ အပုဒ် ၆ဝ တဲ့လေ ”

” ဒါဆို ကျွန်တော်သမီးကျောင်းနဲ့ အတူတူဘဲပေါ့နော် ကျောင်းကဆရာမတွေ ဘာစတိုင်ထွင်ကြပြန်ပြီလဲ မသိ ဘူးနော် ခါတိုင်းနှစ်တွေဒီလိုမဟုတ်ခဲ့ပါဘူးလေ ”

” ဘာစတိုင်ရမှာလဲဗျ ဒီနှစ်ပေါ်ပြူလာစတိုင်လေ ကလေးအမေဆီတစ်လောက လာလည်တဲ့ သူ့ သူငယ်ချင်း ကလည်းပြောသွားသေးတယ် သူ့ သားကျောင်းက ဆရာမတွေလည်း ဒီလိုဘဲတဲ့ ပိတ်ရက်ကို အိမ်စာတွေ ကျက်စာတွေ သင်္ချာတွေကို အများအများကြီးပေးလိုက်ကြတယ်တဲ့လေ အဲဒါဘာလို့လဲဆိုတော့ ဒီနှစ်တွေမှာ ကိုယ်ပိုင်ကျောင်းတွေကနေ ဒေးစပယ်ရှယ်တို့ ပိတ်ရက်နဲ့ညဖက် စာကျက်ဝိုင်းတို့တွေ ပိုပေါပေါများများ ပေါ်လာကြပြီလေ ပြီးတော့အဲဒီမှာက တစ်ချို့ကျောင်းတွေဆို ပါမောက္ခတွေ ကထိကတွေလို ဝါရင့်ဆရာတွေ ဆရာမတွေပါလေတော့ ကိုယ့်ခလေးပညာတော်ဖို့ ကျုရှင်ကို အတန်းငယ်တွေမှာဘဲ အရင်လို ကျောင်းဆင်း ကျောင်းကဆရာမတွေ ဆီမှာ ယူကြပေမယ့် အတန်းကြီးလာတဲ့အခါ ကျောင်းကဆရာမတွေရဲ့ ကျုရှင်မှာ မတက်ကြတော့ဘူးလေမယူကြတော့ဘူးလေ အဲဒီမှာသူတို့ဆီ ကျုရှင်မယူတဲ့ ကလေးတွေကို ပိတ်ရက်တွေ ညဖက်တွေမှာ အခြားအပြင်ကျုရှင်တို့ စာကျက်ဝိုင်းတို့ရဲ့စာတွေအတွက် အချိ်န်ပေးလို့မရအောင် အိမ်စာတွေ ဖိပြီးပေးကြတာပေါ့ဗျာ ”

” ကျောင်းမှာလည်းစာကျက် အပြင်မှာလဲဆရာကောင်းတွေထံမှာ မွန်းမံတက်နဲ့ကိုယ့်တပည့် စာတော်လာတာ ဂုဏ်ထူးတွေရလာတာ တွေဖြစ်လာရင် ဆရာမတွေက ဝမ်းသာပြီးဂုဏ်တောင် ယူရအုံးမယ့်ဉ္စာကိုးဗျာ၊ ကိုယ်က တော့ ကျောင်းဆရာမတွေပြန်သင်တဲ့ကျုရှင်က ဒီနေ့သင်တဲ့ကျောင်းစာကို ပြန်နွေးတဲ့သဘောဘဲသင်တာမို့ ကိုယ့်ကလေးပိုတတ်အောင် အပြင်ကျုရှင်ထားတာလေကိုး ”

” ဒါပေမယ့် သူတို့က တပည့်စာတော်တာမတော်တာထက် သူတို့ကျုရှင်လာမတက်တော့ အတန်းငယ်တွေက ဆရာမတွေလောက် သူတို့ဝင်ငွေမရတာဘဲတွက်ပြီး သူတို့ကျုရှင်မတက်တဲ့ကလေးကို သူတို့ဆီမလာ လာ အောင် လုပ်နေတာနေမှာပေါ့ဗျာ ”

” ဪ အခုခေတ်ကျောင်းဆရာမတွေက ပညာကို အကုန်ပြ တတ်လိုက်တာ နော် ”

 

ဒီအကြောင်းအရာလေးက သူငယ်ချင်းတစ်ယောက်မန်းအလည်ရောက်လို့ ထမင်းစားရင်းဟိုပြောဒီပြောထဲက တစ်ခုပေါ့ဗျာ။

အဲဒီပြောခဲ့တဲ့အကြောင်းကို အခြေပြုပြီ ကျုပ်တွေးမိလာတယ် တိုင်းပြည်တစ်ပြည်တိုးတက်ဖို့ ဆိုတဲ့နေရာမှာ ပညာတတ်တွေ အတွေးအခေါ်ပညာရှင်တွေ လိုအပ်မှာပါဘဲ၊ အဲဒီပညာတတ်တွေ အတွေးအခေါ်ပညာရှင်တွေ ဟာအမေဝမ်းဗိုက်ထဲက မွေးဖွားသန့်စင်ပြီး လူလောကရောက်ပြီဆိုတာနဲ့ အလိုလိုဖြစ်လာတာပါဆိုတာ မဖြစ် နိုင်ပါဘူး၊ မူလတန်း အလယ်တန်း အထက်တန်းနဲ့ တက္ကသိုလ် စသည်ဖြင့် ပညာတွေသင်ယူပြီးမှ ဖြစ်လာကြ တာမဟုတ်ဘူးလား၊ ကျုပ်တို့တိုင်းပြည်ရဲ့ပညာရေးစနစ်က တည်ငြိမ်မှုမရှိဘူး အစိုးရဝန်ကြီးပြောင်းရင် သင်ကြားရေးစနစ်ပြောင်းလေ့ရှိသလို အစိုးရအုပ်ချုပ်သူပြောင်းရင် သင်ကြားရေး သင်ကြားပုံပြောင်းနေကြ တာလဲ အမြဲလိုဖြစ်လေ့ဖြစ်ထပါဘဲ၊ ကျုပ်တို့ငယ်ငယ် မဆလစနစ်တုန်းက အင်္ဂလိပ်စာကို အလယ်တန်း ဖြစ်တဲ့ ၅ တန်းမှသင်ရမယ်တို့၊ မဟုတ်တော့ဘူး မူလတန်းထဲကသင်တာတို့၊ တက္ကသိုလ်ဝင်တန်းဖြစ်တဲ့ ဆယ်တန်း စာမေးပွဲကို ဝိဇ္ဇာဘာသာတဲ့ သိပ္ပံဘာသာတွဲ ပေါင်းလိုက် မပေါင်းလိုက် ဖြစ်လိုက်သေးတယ်၊ တက္ကသိုလ်ကို ဒေသကောလိပ် ၂ နှစ်တက်ပြီးမှ အမှတ်ပြန်ခွဲတက်ရတာတွေ နောက်ဒေသကောလိပ်ဆိုတာမရှိ တော့ဘူး၊ တက္ကသိုလ်ဝင်တန်းအမှတ်နဲ့ဘဲ တက္ကသိုလ်တက်ခွင့်ကို ပြန်ခွဲတာတွေ အတော်ကို အပြောင်းအလဲ ဗလောင်း ဗလဲ အစိုးရဲ့ပညာရေးပေါ်လစီကဖြစ်ခဲ့ကြတယ်လေ။ ကျုပ်တို့ငယ်တုန်းက ပညာရေးစနစ်ကသာ မတည်ငြိမ်ဘဲ ပြောင်းတတ်ပေမယ့် ဆရာတွေ ဆရာမတွေကတော့ စေတနာအပြည့်ကောင်းတယ်ဗျ ကိုယ့် တပည့်ဘာလို့ဘဲ တော်တော် ဝမ်းသာကြသလို သူတို့ကိုယ်တိုင်ကလည်း အတန်းချိန်မှာဘဲ သေချာသင် ပေးခဲကြတာ ဘာ ကျုရှင်မှမယူခဲ့ကြရပါဘူး၊ သီတင်းကျွတ်လိုမျိုးဆရာကန့်တော့ပွဲတို့မှာဘဲ ကိုယ်နိုင်သလောက် ဆရာသမား မို့တစ်တန်းလုံးစုကန့်တော့တာလောက်ဘဲရှိတာ၊ တစ်ခါတလေ ဆရာမကတောင် စာမေးပွဲနီးလို့ ကျောင်းမှာ အချိန်ပိုသင်ပေးရင် မုန့်တောင်ကျွေးကြသေးတာတွေလည်းရှိခဲ့သေးတယ်။

စစ်အစိုးရတိုင်းပြည်အာဏာသိမ်းပြီး နဝတလက်ထက်မှာတော့ ပညာရေးစနစ်ဟာ အဖတ်ဆယ်မရအောင် ပျက်ယွင်းလာခဲ့တော့တာပါဘဲ၊ မူလတန်း အလယ်တန်း ကျောင်းတွေမှ မအောင်မနေရ ပညာရေးစနစ်ကို ထိုအချိန်ကတီဗွီမင်းသားကြီးက ဖော်ဆောင်တော့တာပါဘဲ၊ အောင်ချက်မကောင်းတဲ့ကျောင်းတွေ အတန်း ကျဆုံးမှုရှိတဲ့ကျောင်းတွေရဲ့ ကျောင်းအုပ်တွေ အတန်းပိုင်တွေကို ပြောင်းရွှေ့ပညာပေးတဲ့ထိလုပ်လာကြ လေတော့ မူလတန်း အလယ်တန်း အထက်တန်းကျောင်းဆရာမတွေ မင်းခစားဆိုတော့ နီးရာဓားကြောက် ကြဟန်တူပါတယ် ” မျက်နှာလည်းရ ဝမ်းလည်းဝ ” စနစ်ကို ဆရာ ဆရာမတွေ ဖော်ဆောင်လာကြတော့တယ် လေ၊ ဆိုလိုတာက အတန်းပိုင်ဆရာမရဲ့ ကျောင်းချိန်ပြင်ပကျုရှင်ကိုတက်တဲ့ခလေး တစ်နှစ်တစ်တန်းအောင် စေခဲ့တယ်လေ၊ တကယ်ပညာတတ်အောင် ကျောင်းမှာကော ကျုရှင်မှာပါ ဖိဖိစီစီးသင်ကြားလို့ ဆရာမကျုရှင် တက်ရင်တော်ပြီး တတ်လေတော့ အောင်တယ်လို့တော့မထင်လေနဲ့နော် အဲဒီတုန်းက အတန်းပိုင်ဆရာမရဲ့ ကျုရှင်က ကျောင်းမှယနေ့သင်ပေးလိုက်တဲ့စာတွေ ရ ရ မရ ရ အော်နေဆူနေဖို့ဘဲ၊ အဲ နောက်နေ့လို စာမေးပွဲ ရှိပြီဆိုတော့မှ ဒါရေး ဒါကျက် ဒီလိုဖြေ တစ်ခါတည်းမေးခွန်းကို ဖော်ထုတ်သင်ပေးလိုက်တာမျိုးလေ၊ မေးခွန်း တော့ကျက်ရမှတ်ရသေးတာဘဲလို့ စောတကမတက်လေနဲ့ ဒီလိုပါ ပုဒ်စာနံပါတ်(၁) ရဲ့ အဖြေဟာ (A) ၊ ပုဒ်စာနံပါတ်(၂)ရဲ့ အဖြေဟာ (C) အဲဒီတော့ ပုဒ်နံပါတ်(၁) ဆို (A) လို့ရေးလိုက်၊ ပုဒ်စာနံပါတ်(၂)ဆို (C) လို့ရေးဖို့ဘဲကျက်ရမှာ ထိုအချိန်ကဘေးအိမ်က မူလတန်းကျောင်းသား အဲဒီတုန်းက စာမေးပွဲဖြေမယ့် စာကျက်တာ ကြားဖူးတယ် ပုဒ်စာ(၁) A ပုဒ်စာ(၂) B ……. အထဲက ဘာမေးထားတယ် ဘာလို့ A ဖြေရ တယ်လေးတော့ ငါတူဖတ်အုံးမှပေါ့ရှာရှည်မိတုန်းက သူကဘာပြောလဲ လေးလေးကလည်းဘာသိလို့လဲ မေးခွန်းမှာဘာဘဲ မေးမေး ပုဒ်စာ(၁) ဆို A လို့ဖြေဖို့ဘဲ ဆရာမကရေးပြပေးလိုက်တာ ဘားမေးလို့ ဘာ ဖြေတယ် မပါဘူးလေ ဆိုပြီးသူ့စာအုပ်ပြတော့ အဟုတ်ဗျ ပုဒ်စာ(၁) A ၊ ပုဒ်စာ(၂) B …….. အဲလိုဘဲရေးထား လေရဲ့လေ၊ ကျုပ်တို့ နေတဲ့မြို့နယ်က အဲဒီမူလတန်းကျောင်း အဲဒီပညာရေးနှစ်မှာ ရာနှုန်းပြည့် အောင်ချက် အကောင်းဆုံး ဆုတောင်ရလို့ တီဗွီမင်းသားကြီးထံမှ ထိုကျောင်းအုပ်ဆရာမကြီး ဆုတက်ယူရသေးတယ်ဗျ၊ တီဗွီမင်းသားကြီးက ဆရာ ဆရာမတွေ နဲ့တွေ့တော့ ပြုံးပြပြီးစကားတွေပြောတာကို အဲဒီတုန်းက ဆရာ ဆရာမ တွေ သူ့တို့ကို ကျရှုံးသူမရှိ ရာနှုန်းပြည့် အောင်ချက်ရလို့ ဂုဏ်ယူပြီးပြုံးကာစကားပြောတယ်လို့ ကြံဖန်အမွှန်း တင်ပြောကြသေးတယ်၊ တကယ်တော့ အဲလိုမဟုတ်ဘူး ငါတို့ စီမံချက်ကျကျ ပညာတတ်တွေမပေါ်လာအောင် လုပ်တဲ့ စီမံကိန်း အောင်မြင်တာ အားရ တယ်ဆိုပြီး ပြုံးနေခဲ့တာသူတို့မသိလေတယ်ပေါ့လေ၊ ဒီလိုနဲ့ အနှစ်နှစ် ဆယ်လောက် ပညာရေးစနစ်ကိုဖျက်စီး ခဲ့တဲ့ ဆရာ ဆရာမတွေလည်း ဝမ်းရေးလှဖို့ အလုပ်မြဲဖို့နဲ့ဘဲ စခန်း သွားခဲ့ကြတယ်လေ။

ဒါတွေဟာ လက်စောင်းထက်တဲ့နီးရာဓားရှိခဲ့သော အာဏာစက်ကြောင့် ဆိုရင်တော့ မပြောလိုပါဘူး သူ့ခေတ် နဲ့သူပေါ့လေ၊ အခုဟာက လူတိုင်းပြောလိုက်ရင် ဒီမိုကရေစီနိုင်ငံဖြစ်ချင်တယ် ဖြစ်ချင်တယ် ဆိုနေကြတာ အစိုး ရအနေနဲ့ကတော့ သူတို့စစ်မျိုးနွယ်သက်ဆိုးရှည်ရေးအရ ဘယ်တော့မှ ဒီမိုကရေစီအပြည့်အဝသဘောကောင်း စွာ ဖော်ဆောင်ပေးလိမ့်မယ်မထင်လေနဲ့ မပေးရေးချမပေးသေးတယ်၊ ဒီမိုကရေစီရချင်ရင် ပြည်သူတွေ ကဘဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ရအောင်ယူရလိမ့်မယ်ဆိုတာ ယုံမှားသံသယမဖြစ်ကြလေနဲ့။

တိုင်းပြည်မှာ ပညာတတ်တွေများအောင် အတတ်ပညာရှင်တွေများအောင် အခြေခံအကျဆုံးဖြစ်တဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းက ဆရာ ဆရာမတွေဟာအရေးကြီးတဲ့ကဏ္ဍမှာပါပါတယ်၊ ကျုရှင်သင်တာ မသင် တာကိုတော့ ဘာမှမပြောပါဘူး လူ့ဘဝဆိုတာရှာဖွေခွင့်ရတုန်း ငွေဆိုတာရှာခွင့်ရှိပါတယ် ဒါပေမယ့် ကိုယ့် တပည့်ကျောင်းသားကျောင်းသူလေးတွေ ကိုယ်သင်ပေးလိုက်လို့ဘဲဖြစ်ဖြစ် သူတပါးသင်လို့ဘဲဖြစ်ဖြစ် ပညာတတ်သိပြီး တော်လာရင် ပီတိဖြစ်ကြစမ်းပါ ကိုယ့်ကျုရှင်ယူယူ မယူယူ ဒီမိုကရေစီတိုင်းပြည်ဖြစ်ချင်တဲ့ ထဲမှာ ကိုယ်လည်းပါဝင်တဲ့ ဆရာ ဆရာမဆိုရင် ပညာကို အကုန်ပြတယ်ဆိုတာ တကယ့်ကိုယ်တတ်တဲ့ပညာကို အကုန်သင်ပြပေးတာကိုဆိုတာပါ တပည့်တွေ အခက်အခဲဖြစ်အောင် ပညာပြတာမျိုး နဝတစနစ်တုန်းက အမူ အကျင့်တွေအတိုင်းသာရှိနေကြမယ်ဆိုရင်တော ဒီတိုင်းပြည်ကို နဝတ တစ်ဖြစ်လဲ အစိုးရ ပြန်လာလိမ့် မယ်လို့ ထင်မိပါတယ်၊ ဘာလို့လဲဆိုတော့ ကိုယ့်စိတ်ဓာတ်က သူ့တို့နဲ့ဘဲတန်ကြတာကိုးလို့ ပြောချင်တယ်ဗျာ။

ဆရာ ဆရာမတိုင်းအတွက် မရည်ရွယ်ပါဘူး တစ်ချို့သော တစ်ချို့တွေအတွက် မိဘတွေရဲ့ခံစားမှုကို ပြန်သရုပ် ဖော်ရေးရုံမျှသာပါ။

တိုင်းပြည်မှာ အသိပညာ အတတ်ပညာ ပညာတတ်တွေပေါများစွာ မွေးထုတ်နိုင်မှ ကျုပ်တို့ရည်မျှော်တဲ့ ဒီမို ကရေစီတိုင်းပြည်အဖြစ် ပြည်သူအားနဲ့ယူနိုင်ပါလိမ့်မယ်၊ အဲဒီလို အသိပညာ အတတ်ပညာ ပညာတတ်တွေ များစွာပေါ်ပေါက်ဖို့အတွက် အတန်းပညာတာထွက်ဖြစ်တဲ့ အခြေခံပညာ ဆရာ ဆရာမတွေဟာ အရေးပါသော နေရာ မှာရပ်တည်သူများလို့ သိကြရင်ဖြင့် ကိုယ် လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြဖို့ဝန်မလေးကြပါနဲ့လို့ တိုက်တွန်းပါရစေ။

 

 

ခင်ခ။

 

6 comments

  • ဂျက်စပဲရိုး

    September 17, 2014 at 8:02 am

    ကလေးတွေ သနားပါတယ်နော်။
    ဒါနဲ့လေ မြန်မာပြည် က ပုဂ်ဂလိက ကျောင်းတွေရော ဘယ်လို အခြေအနေ ရှိလဲဗျ။
    ဘယ်လောက်လောက် ကုန်သလဲ ဆိုတာပါပေါ့။
    အဲ့မှာ ဈေးကြီးပေးတက်ရပြီး ကိုယ့်ကလေး စာလဲ တတ် အပြင်မှာလဲ ကျူရှင် မယူရတော့ဘူးဆိုလဲ မနည်းဘူး။
    သူတို့လေးတွေ အတွက် တခြား စိတ်ဝင်စားစရာတွေ လုပ်ဖို့ အချိန် အများကြီး ထွက်လာမယ် ထင်တာပဲ။

    • ခင် ခ

      September 17, 2014 at 8:29 am

      ပုပ္ပလိဂ ကိုယ်ပိုင်ကျောင်းတွေရဲ့ ဈေးနှုန်းက ရိုးရိုးဒေးဆို ကျောင်းကြီးတက် အပြင်ကျုရှင် ယူရတာနဲ့နှိုင်းရင် သုံးပုံတစ်ပုံလောက်တော့ ပိုကုန်ပါတယ်၊ အဲ ဘော်ဒါထားရင်တော့ ၂ဆလောက်ပိုတယ်ဗျ ခန့်မှန်းခြေပါ ကျောင်းကတော့ အစားစားပေါ့။
      အဲဒီမှာ ကိုယ်ပိုင်ကျောင်းဆိုပေမယ့် တစ်ချို့ကျောင်းတွေကျတော့ သူတို့မှာတက်ပြီး အပြင်ကျုရှင်ပြန်ယူရတာလဲရှိတယ်ဗျ အဲဒီလိုမျိုးကျောင်းတွေက ကိုယ်ပိုင်ကျောင်းတာဆိုတယ် အစိုးရကျောင်းသင်ပုံနဲ့ မခြားဘူးလေ၊ မန်းမှာ အဲလို အသင်အပြအဆင်မပြေတဲ့ ကိုယ်ပိုင်ကျောင်း သုံးကျောင်းလောက်ရှိတယ်ဗျ။
      တကယ်တော့ အစိုးရကျောင်းဘဲဖြစ်ဖြစ် ကိုယ်ပိုင်ကျောင်းဘဲဖြစ်ဖြစ် သင်ကြားပေးတဲ့ ဆရာ ဆရာမ တွေက အခရာပါဘဲလေ။

  • aye.kk

    September 17, 2014 at 9:13 am

    နာသုံးနာ

    အခ​ျိန်​နာ
    ​ကျောင်​းသာနာ
    မိဘနာ
    နာ၃နာနဲ့ကိုက်​ညီတဲ့​ခေတ်​​ရောက်​
    ​နေတာမို့ပါ

  • ကိုပေါက်(မန္တလေး)

    September 17, 2014 at 10:25 am

    ကျောင်း က ဆရာ

    ဝိုင်းက ဆရာ

    ကျူရှင် က ဆရာ

    အထူးသင်တဲ့ ဆရာ

    အိမ်က မိ ဘ

    ဝိုင်း ညှပ်လိုက်တော့

    ကလေး က အလိုလို စက်ရုပ်ဖြစ်သွား ပါတယ်

  • ဇီဇီ

    September 17, 2014 at 10:42 am

    ကြက်ဥ
    ကြက်မ ဘယ်က စ ဆိုတဲ့ ကိစ္စထဲမှာ ပညာရေးလည်း ပါတယ်။
    :a:

  • kyeemite

    September 17, 2014 at 1:40 pm

    .အင်း..ကိုခပြောပုံအတိုင်း“ မေးခွန်းမှာဘာဘဲ မေးမေး ပုဒ်စာ(၁) ဆို A လို့ဖြေဖို့ဘဲ .ဆရာမကရေးပြပေးလိုက်တာ ဘားမေးလို့ ဘာ ဖြေတယ် မပါဘူးလေ ဆိုပြီးသူ့စာအုပ်ပြတော့ အဟုတ်ဗျ .ပုဒ်စာ(၁) A ၊ ပုဒ်စာ(၂) B …….. အဲလိုဘဲရေးထား လေရဲ့လေ၊ ”
    .အဲ့လိုကြီးတောင်ဖြစ်နေပြီဆိုရင်တော့….ပညာရေးသွားရှာပြီးလို့ပြောရမှာပဲဗျာ….
    .ကျင့်ဝတ်မရှိတော့တဲ့ဆရာမတွေလို့ပဲသုံးသပ်ရမယ်…အဲ့ဒီဆရာမတွေ သူတို့ကိုယ်ပိုင်သားသမီးတွေကိုရော
    .အဲ့လိုပဲသင်သလားလို့မေးလို့ရရင်မေးချင်တယ်….တော်တော်စိတ်ပျက်စရာကောင်းလှပါ၏ :harr:

Leave a Reply