ရွှေအကြောင်းသိကောင်းစရာ 154,155,156

Zaw AungSeptember 16, 20141min1244

ရွှေအကြောင်းသိကောင်းစရာ(154)

ကျွန်တော့်ညီဆိုင်မှာ ဖြစ်ခဲ့တာလေးတစ်ခုပါ လူလတ်ပိုင်းအမျိုးသားတစ်ယောက် ဟန်းချိန်းလာဝယ်
တယ် ဝတ်ကြည့်မယ်ပြောတယ် ဒါကထုံးစံပဲလေ လူတိုင်း
ဝယ်မယ့်ရွှေဝတ်ကြည့်ကြတာပဲ ဆိုင်ကကောင်မလေးက
ဝတ်ပေးလိုက်တယ် ဝတ်ပြီးတာာနဲ့ ရုတ်တရတ်ထွက်ပြေး
သွားတယ် နောက်ကနေအော်ပြီး ဝိုင်းလိုက်ကြတာပေါ့
ဆိုင်ရှေ့ လမ်းဘေးပလက်ဖောင်းမှာ ဈေးရောင်းနေတဲ့လူတွေ
လဲ ဝိုင်းလိုက်ပေးကြပါတယ် လမ်းထိပ်လောက်အရောက်
မှာ ပြန်မိတယ် တော်သေးတာပေါ့ တစ်ချို့ဆိုင်တွေမှာ ဖြစ်တာဆို လွတ်သွားတာရှိဖူးတယ် ရဲစခန်းရောက် အမှု
ဖွင့်နဲ့ ပစ္စည်းကိုလဲ သက်သေခံအနေနဲ့ သိမ်းသွားတယ်
နောက်မှတရားရုံးမှာ ပြန်ထုတ်ယူရတယ် အဲဒီလူလဲထောင်
နှစ်နှစ်လောက်ကျသွားတယ် ရွှေဆိုင်မှာဖြစ်တတ်တဲ့
အန္တရာယ်တွေက တော်တော်များပါတယ် အဲဒါတွေကို
ကြောက်နေရင်လဲ ဘာမှလုပ်ဖြစ်တော့မှာမဟုတ်ဘူး
တတ်နိုင်သလောက်သတိထားပြီး လုပ်နေရတာပေါ့ တခြား
လုပ်ငန်းတွေမှာလဲ ဒီလိုပဲနေမှာပါ ကိုယ်ကရွှေဆိုင်လုပ်ငန်း
တစ်ခုပဲ ကျွမ်းကျင်တာကိုး

ရွှေအကြောင်းသိကောင်းစရာ(155)

ဆိုင်မှာကောင်မလေးတစ်ယောက် လက်စွပ်လာဝယ်တယ်
ထုံးစံအတိုင်းဟိုလက်စွပ်ဝတ်ကြည့် ဒီလက်စွပ်ဝတ်ကြည့်
ပေါ့ ရောင်းတဲ့သူက ဟိုတစ်ခါရေးတဲ့ သူ့လက်ထဲက လက်
ကောက်တစ်ကွင်းပါသွားတယ်ဆိုတဲ့ အရောင်းဝန်ထမ်း
ကောင်မလေး ချိုချိုလင်း ပေါ့ဟိုတစ်ခါပါသွားတုန်းက
သူကလုပ်သက် လပိုင်းပဲရှိသေးတယ် အခုတစ်ခါတော့
လုပ်သက်သုံးလေးနှစ်လောက်ရှိပြီ ကျွမ်းနေပြီပေါ့ တစ်
ကွင်းဝတ်ကြည့်လိုက် ပြန်ပေးလိုက် နောက်တစ်ကွင်းဝတ်
ကြည့်လိုက် ပြန်ပေးလိုက်နဲ့ တစ်ခေါက်ကျတော့ သူပြန်
ပေးတာ လက်စွပ်အတုဖြစ်နေတယ် သိပ်မကျွမ်းတဲ့သူ
သတိမရှိတဲ့သူဆိုသိမှာမဟုတ်ဘူး သူကတော့ချက်ချင်း
သိလိုက်တယ် ကျွန်တော့်ကိုချက်ချင်းလှမ်းခေါ်တယ်
ကောင်မလေးကငြင်းနေသေးတယ် သူမလဲပါဘူး ဆိုင်က
ထုတ်ပြကတည်းက ဒီလက်စွပ်ပါပဲတဲ့ ရဲခေါ်လိုက်မယ်ပြော
တော့မှ ဝန်ခံတယ်အစစ်ကိုပြန်ထုတ်ပေးတယ် ငိုယိုပြီး
တောင်းပန်တယ် အဖေဆေးရုံတင်ထားရလို့ပါ ဘာညာပေါ့ (စဉ် 156 သို့)

ရွှေအကြောင်းသိကောင်းစရာ(156)
(စဉ် 155 မှအဆက်)

အမှန်ပြောတာဖြစ်နိုင်ပေမယ့် လိမ်ပြောတာဖြစ်ဖို့ ရာနှုန်း
ပိုများပါတယ် ရဲစခန်းမပို့ဖြစ်ပါဘူး ဒီလိုဆက်လုပ်နေရင်
တစ်နေ့မဟုတ်တစ်နေ့ မိပြီးထောင်ကျမှာသေချာတယ်
ဆက်မလုပ်ပါနဲ့လို့ ဆုံးမပြီးပြန်လွှတ်လိုက်တယ် တစ်ချို့
ကတော့ ဒီလိုမိရင်ရဲစခန်းပို့တယ် နောက်မလုပ်ရဲတော့
အောင်တဲ့ ဒီလိုသာပြန်လွှတ်ပေးနေရင် ပိုအတင့်ရဲလာမယ်တဲ့ ဒါလဲဟုတ်တာပဲ တစ်ချို့ကိစ္စတွေ
ကျတော့ ကိုယ်ကြိုက်တဲ့ဘက်က ကြိုက်သလိုတွေးယူလို့
ရပါတယ် ဥပမာ စာကလေးလွှတ်ချင်တဲ့ သူကငါဝယ်ပြီး
လွှတ်လိုက်လို့ ဒီစာကလေးလွတ်လပ်သွားတယ်လို့တွေးတယ် မလွှတ်ချင်တဲ့သူက ဒီလိုဝယ်ပြီးလွှတ်တဲ့သူတွေ ရှိနေလို့
ဒီစာကလေးတွေ အဖမ်းခံရတာလို့ တွေးတယ် သူငယ်ချင်း
တို့ရောဘယ်လိုတွေးကြသလဲ comment လေးရေးပေးခဲ့ပါလား အမြင်ချင်းဖလှယ်ရအောင်

4 comments

  • ဦးဦးပါလေရာ

    September 17, 2014 at 5:18 am

    .ရိုးရိုး သာမန်လူတစ်ယောက်ဟာ ရွှေအစစ်နဲ့ ရွေးရခက်လောက်အောင်(မှားနိုင်လောက်အောင်)တူတဲ့ ရွှေထည်အတုကို ရဖို့ ဝယ်ဖို့ ရှာဖို့ မလွယ်ပါဘူး။
    .ရိုးရိုးသာမန်လူတစ်ယောက်အဖို့ ရွှေထည်အတုတစ်ခုဟာ အစစ်နဲ့ ဘယ်လောက်ဘယ်လိုတူတယ်မတူဘူး ဆိုတာ သိတောင်မသိပါဘူး..။
    .ဒါကြောင့် ရွှေ (+ကျောက်မျက်ရတနာ) နဲ့ပတ်သက်ပြီး လိမ်တဲ့သူအကုန်လုံးနီးပါးဟာ လူလိမ်အစစ်တွေပါ။ လိမ်စားသူတွေပါ။
    .ရဲစခန်းပို့ရုံတင်မက ထောင်မကျ ကျအောင် လိုက်ကြပ်ပေးသင့်ကြောင်း…..

    • ခင် ခ

      September 17, 2014 at 8:35 am

      ရွှေအစစ် နဲ့ အတု ကတော့ ရွှေအကြောင်းနားမလည်တဲ့ သာမာန်လူကတော့ မသိနိုင်ဘူးလို့ ဦးပါပြောတာကို ထောက်ခံတယ်ဗျ။

  • kyeemite

    September 17, 2014 at 8:13 am

    .စိတ်ဝင်စားမိတာက “ဒီလိုဝယ်ပြီးလွှတ်တဲ့သူတွေ ရှိနေလို့
    .ဒီစာကလေးတွေ အဖမ်းခံရတာလို့ တွေးတယ် ”ကျုပ်လည်းအဲ့လိုပဲသဘောတူပါကြောင်း :mrgreenn:

  • မြစပဲရိုး

    September 18, 2014 at 2:20 am

    ကျွန်မ သဘောကလဲ တရားဥပဒေ အတိုင်း ရင်ဆိုင်ခိုင်းမှာဘဲ။
    သူ့မိသားစု ကို သနားရင် အမှန် ဒုက္ခဖြစ်နေတာဆို နောက်မှ ပံ့ပိုး ပေးပေါ့။
    ပြောရရင် အဲဒါမျိုး တွေ က ရလေလိုလေ ဖြစ်နေတာပါ။
    မြန်မာပြည်မှာ အလုပ်ရှားတယ် ဆိုပေမဲ့ ရှာမရလောက်အောင် လုပ်စရာမရှိ အောင် မရှားလောက်ပါဘူး။
    စားစရာမရှိရင် ခိုးမဲ့ အစား ကူလီထမ်းစား တာက မှ ပိုပြီး ဂုဏ်ယူဖို့ ကောင်းပါတယ်။
    နောက်ဆို ကိုဇော်အောင် ရဲ့ ဆိုင် မှာ ” CCTV နဲ့ မှတ်တမ်းတင် နေသည်” လို့ မြင်သာအောင် ရေးထား။
    နောက် မရိုးမသား လုပ်နေပြီ ထင်ရင် ချိုချိုသာသာ နဲ့ ကြိုပြီး သတိပေးထားပေါ့။
    လိုရင် လူကျချိန်မှာ Staff တွေ ကို Customer တွေ ထဲ ဝင်နေခိုင်းပေါ့။
    မဖြစ်ခင် ကြိုကာကွယ် ထားတာ က ပိုပြီး အလုပ်ရှုပ် သက်သာမှာပါ။

Leave a Reply