…………………………………………….

ကျုပ်ဒီနေ့မနက် အလုပ်လုပ်ရတာ အဆင်ကိုမပြေပါဘူး

အင်မတန်စိတ်ရှည်တယ်၊ ဒေါသထွက်ခဲတယ်လို့ အများချီးကျူးခံရတဲ့ကျုပ်

ဒီနေ့တော့ ဘာကိစ္စဖြစ်ဖြစ်ဒေါသထွက်စရာတွေပဲမြင်နေမိတယ်

ဒါနဲ့ပဲ…ရုံးထဲကထွက်ခဲ့ပြီး ကန်တီးဖက်ကိုတစ်ယောက်ထဲလျှောက်လာခဲ့တယ်…

ကန်တီးမှာဆေးလိပ်တစ်လိပ်ထုတ်ဖွာရင်း…ရန်ကုန်အိမ်မှာဖျားနေတဲ့ သမီးဆီစိတ်ကရောက်သွားတယ် …သမီးဖျားနေတာနှစ်ရက်ရှိပြီ…

မနက်ကဖုန်းသတင်းရတဲ့အထိ ရှင်းရှင်းမပျောက်သေးဘူးလို့ မိန်းမကပြောတယ်..ကျုပ်တော်တော်စိတ်ပူတယ်…

မတော်ခုတလောအဖြစ်များနေတဲ့….သွေးလွန်တုတ်ကွေးဆိုမှဖြင့်…..

ကျုပ်ရုံးဖက်ပြန်ခဲ့ပြီး ချက်ချင်းမိန်မကိုဖုန်းခေါ်လိုက်တယ်…ပြီးတော့ သမီးကို ခုပဲ ကလေးဆေးရုံကြီးကို

သွားပြဖို့ပြောတော့…အပြင်ဆေးခန်းလည်းပြနေတာပဲ..ဆေးတွေလည်းရှိတယ်..ကောင်းသွားမှာပါ

ယောက်ကျားရယ်..သိပ်စိတ်မပူပါနဲ့တဲ့……အေးလေ..ငါစိတ်ပူလွန်းနေတာပါ လို့တွေးပြီး

အလုပ်ထဲအာရုံပြန်စိုက်လိုက်တယ်…ဒါပေမဲ့ ညနေဖက်ကျတော့ ကျုပ်မနေနိုင်ပြန်ဘူး..

ဒါနဲ့ပဲ စိတ်အေးရအောင် ဘော့စ်ကိုခွင့်တစ်ရက်တိုင်ပြီး ကျုပ်ရန်ကုန်ကိုပြန်ခဲ့တယ်…

အိမ်ေ၇ာက်တော့ သမီးတင်မဟုတ် သားကပါ ကိုယ်ပူနေပြီ…သူ့အမနဲ့အတူအိပ်တာဆိုတော့ ကူးတာနေမှာပေါ့ ကျုပ်သမီလေးက ကိုယ်ငွေ့ငွေ့လေးပူနေတယ်…

မျက်နှာလေးလည်းညှိုးလို့…အိပ်ယာထဲမှာလှဲပြီးမှိန်းနေတယ်…

ဘာမှလည်းကျွေးမရ…အိုဗာတင်းလေးနဲနဲဝင်အောင်မနည်းချော့တိုက်ရတယ်….

ကျုပ်သိပ်အားမရလှဘူး…ဒါနဲ့ မနက်မိုးလင်းတာနဲ့ မိန်းမကို အ၀တ်အစားနဲ့လိုမယ်ထင်တာလေးတွေစုခိုင်းပြီး ကလေးဆေးရုံကြီးကိုထွက်ခဲ့ပါတယ်….

ကလေးဆေးရုံကြီးမှာလည်း ကျုပ်တို့လိုစိုးရိမ်တဲ့မျက်နှာတွေနဲ့

ကလေးလာပြသူတွေမနည်းဘူးပဲ…အလှည့်ကျအောင်တန်းစီစောင့်ရင်းနဲ့ ကိုယ့်အလှည့်ရောက်လို့

သမီးနဲ့ သားကိုဆရာဝန်တွေ ကသေချာစစ်ဆေးနေပါတယ်..မြင်ရသလောက်တော့ ကလေးဆေးရုံကြီးကဆရာဝန်တွေ လူနာကလေးတွေကို

တော်တော်ကရု စိုက်တာသတိထားမိလို့ စိတ်ထဲကချီးကျူးနေမိတယ်…

စစ်ပြီးသွားတော့ ကျုပ်စိုးရိမ်နေတဲ့အတိုင်းပါပဲ..

ဆရာဝန်က နှစ်ယောက်လုံး ဆေးရုံတင်ရမယ်..သွေးလွန်တုတ်ကွေးဖြစ်နေပြီတဲ့…

၂၄ နာရီစောင့်ကြည့်ရမယ်တဲ့…ဓါတ်ဆားရည်သာဝင်အောင်ချော့တိုက်ပါတဲ့….

ကျုပ်ရင်ထဲဘယ်လိုပူလောင်သွားမှန်းမသိဘူး…ဘုရားဘုရား..သမီးလေးရောသားလေးပါ အမြန်သက်သာပါစေလို့စိတ်ထဲက ဆုတောင်းရင်း..မျက်ရည်စမ်းစမ်းဖြစ်နေတဲ့ မိန်းမကိုလည်း ကလေးတွေစိတ်အားငယ်အောင်မလုပ်ပါနဲ့ကွာလို့ အားပေးနေရသေးတယ်…

ဆေးရုံမှာလည်း လူနာကလေးတွေပြည့်နေတော့ သားနဲ့သမီးကုတင်ကတစ်နေရာစီ..

ကျုပ်တို့လင်မယားမှာ သားကုတင်ပြေးလိုက် သမီးကုတင်ပြေးလိုက်နဲ့အရူးမီးဝိုင်းသလို

စိုးရိမ်ပူပန်နေခဲ့ရတာ ဘာနဲ့နှိုင်းပြရမှန်းတောင်မသိတော့ပါဘူး….

ဆေးရုံမှာ ဆရာဝန်တွေအများကြီး အနီးကပ်ပြုစုနေကြတော့ နဲနဲတော့ စိတ်အေးသွားသလိုပါပဲ

ဒါနဲ့ပဲ မိန်းမနဲ့ ခယ်မကို ဆေးရုံစောင့်ထားခဲ့.. ကျုပ်အိမ်ပြန်ပြေးပြီး ထမင်းဟင်းနဲ့လိုအပ်တာလေးတွေ

ယူဖို့စီစဉ်ရပြန်ပါတယ်….ကျုပ်အိမ်က ယောက္ခမအိမ်နဲ့ အိမ်ချင်းနီးလို့တော်သေးတယ်ဆိုရမယ်…

စားရေးသောက်ရေး သူတို့ပဲအားကိုးရပေတာပေါ့။နောက်ရက်တွေတော့ အိမ်ကိုလည်းဒုက္ခမပေး

တော့ပါဘူး..ဆေးရုံထဲက ဈေးတန်းမှာပဲ အဆင်ပြေသလို ၀ယ်စားလိုက်တော့တယ်..

သူတို့ကိုဆေးရုံတင်ပြီး နောက်တစ်ရက်ညနေမှာ သမီးကိတ်မုန့်လေးနဲနဲကြိုးစားစားရင်း

အံပါလေရော…အံတာကကော်ဖီရောင်တွေမို့ ဆရာဝန်ကြီးလာကြည့်ပြီးချက်ချင်း ICU ထဲသွင်းတော့တာပဲ

ဆရာဝန်ကြီးက သွေးလှုရှင်အသင့်ရှာထားဖို့ပါမှာလို့

ကျုပ်မှာ စိတ်ကိုမနည်းတည်ငြိမ်အောင်ထိန်းပြီး

ဟိုဖုန်းဆက် ဒီဖုန်းဆက်နဲ့ သွေးလှုနိုင်မဲ့သူရှာရတယ်…ကျုပ်ကလည်းသွေးမတူတော့လှူမရ…

သားရောသမီးရော နှစ်ယောက်လုံးက B+ ပါ…

ပဲခူးမှာရှိတဲ့ ကျုပ်ကုမ်ပဏီကိုဖုန်းဆက် အကျိုးအကြောင်းပြောပြပြီး ခွင့်တိုင်တော့

ကျုပ်ကုမ်ပဏီမှာလုပ်နေတဲ့ နိုင်ငံခြားသား (မလေးရှားတရုတ်) တစ်ယောက်က

သူနဲ့သွေးတူတယ်..သူလှူမယ်..အခုချက်ချင်းလာခဲ့မယ်ဆိုပြီး ရောက်ချလာပါတယ်

နောက်တစ်ယောက်က ကျုပ်ရဲ့ညီတော်မောင်ပါ လှူမယ်ဆိုလို့ ဆေးရုံမှာ အသင့်ခေါ်ထားရပါတယ်….

ICU ထဲသမီးနဲ့အတူမိန်းမပါသွားတော့ အပြင်မှာကျန်ခဲ့တဲ့သားကို ကျုပ်ပိုပြီးကရုစိုက်ပြီး

ဓါတ်ဆားရည်လေးဝင်အောင်ချော့တိုက်..ဒါပေမဲ့ သိပ်မ၀င်…

သားလည်းပျော့ခွေနေရာက ညနေပိုင်းမှာ ၀မ်းထသွားပါတယ်…အဲ့ဒါ ဆရာဝန်တွေလာကြည့်ပြီး

မဖြစ်ဘူး..သူ့လည်း ICU ပို့ပါဆိုတော့ ကျုပ်မှာငိုမချမိအောင်မနည်းထိန်းထားရပါတယ်…

ဟုတ်တယ်..ကျုပ်ကအားလုံးကို ဦးဆောင်နေရတာ..ကျုပ်စိတ်ထိန်းမှရမယ်လို့တွေးရင်း

အပူမီးတွေမျိုချရင်း…သတိနဲ့စိတ်ထိန်းနေရပါတယ်…

ဒါပေမဲ့ ကျုပ်ဆွေမျိုး မိတ်သင်္ဂဟတွေ လူနာမေးလာကြရင်

ကျုပ် ပြန်မဖြေနိုင်ဘူး ၀မ်းနည်းပြီးမျက်ရည်ကထိန်းမရ….

 

ဒီလိုနဲ့ သမီးရယ်သားရယ် မိန်းမရယ်က ICUထဲမှာ…ကျုပ်နဲ့ သွေးလှုရှင်နှစ်ယောက်က

အပြင်ကောရစ်ဒါမှာငုတ်တုတ်ပေါ့…..သွေးကလှုထာခဲ့လို့လည်းမရ..လိုမှ ချက်ချင်း

ထုတ်ယူရမှာဆိုတော့ ဒုက္ခခံစောင့်နေရတာပေါ့….

ကျုပ်တို့တင်ဘယ်ဟုတ်မလည်း… ICU ထဲက

တခြားအသဲအသန်လူနာတွေရဲ့ မိဘဆွေမျိုးတွေရော…အားလုံးမျက်နှာညှိုးငယ်စွာနဲ့

သွေးရှာတဲ့သူတွေ သွေးလှုမဲ့သူတွေ….ကိုယ့်အပူနဲ့ကိုယ်ပေါ့….

အဲ့လိုနေတုန်းမှာပဲ…အမျိုးသမီးတစ်ယောက်ထွက်လာပြီး ဟီးကနဲငိုချလိုက်…အပြင်မှာစောင့်နေတဲ့အထဲက

သူ့ယောက်ကျားဖြစ်ဟန်တူသူခမျာ ဘိုင်းကနဲ သံမန်တလင်းပေါ်လဲကျပြီးရင်ဘတ်ကိုဖိပြီး

အသံမထွက်နိုင်ဖြစ်နေတယ်…အင်း…ကလေးတစ်ယောက်လောကကြီးထဲကပြန်ထွက်သွား

လေပြီပေါ့…မြင်ကွင်းကိုကြည့်ပြီး ကျုပ်လည်းမျက်ရည်မဆည်နိုင်ဘူး……..

ICU ကော်ရစ်ဒါမှာ တကယ်တော့ဒီမြင်ကွင်းတွေက မကြာမကြာမြင်နေရတာပါ…

သားနဲ့သမီး ICU တင်ထားတုန်းကာလအတွင်း ကလေးသုံးဦးဆုံးပါးသွားတာ

မျက်မြင်ကြုံခဲ့ရပါတယ်……ဆေးရုံရောက်နောက်ကျလို့ပါ…….

ကျန်သူတွေမှာတော့ မိမိတို့ရင်သွေးလေးတွေအတွက်ဘုရားတပြီးဆက်စောင့်ပေါ့…

တကယ်တော့ သွေးလွန်တုတ်ကွေးက အချိန်မီ ကလေးဆေးရုံကြီးကိုရောက်ရင်

ကုသကယ်တင်နိုင်ပါတယ်…အဖျားတာရှည်တာကိုကရုမထားပဲ နောက်ကျရောက်လာရင်တော့

ခုလို လက်လွှတ်ဆုံးရှုံးကြရတာပါ……………

ကျုပ်တို့မိသားစုလည်းအချိန်မီ ကလေးဆေးရုံကြီးကို ရောက်လာတာ ကံကောင်းတယ်ဆိုရပါမယ်

အသည်းအသန်အခြေအနေနဲ့ ICU မှာ နှစ်ရက်လောက်စောင့်နေခဲ့ရပြီး နောက်ဆုံးတော့

သွေးသွင်းစရာတောင်မလိုလိုက်ပဲ သားနဲ့သမီးကို ကယ်တင်နိုင်ခဲ့ပါတယ်….

တစ်ပါတ်လောက်နေတော့ ဆေးရုံကဆင်းခဲ့ရပါတော့တယ်….ကျုပ်အဖို့တော့

မမေ့နိုင်စရာ အပူပြင်းဆုံးမီးတောက်လောင်ခံရပြီး ကလေးတွေဖျားနာရင် လုံးဝ

မပေါ့မိစေဖို့ အသိတစ်ခုရခဲ့ပါတယ်…အဲ့အချိန်ကစလို့ ၃ရက်လောက်အဖျားမပြတ်ရင်

ကျုပ်ကလေးဆေးရုံကြီးတန်းပြေးတာပဲ…အဲ့အချိန်ကကူညီခဲ့ကြတဲ့မိတ်ဆွေသင်္ဂဟများနဲ့

ကလေးဆေးရုံကြီးက ဆေးရုံအုပ်ကြီးအပါအ၀င် ဆရာဝန်၊ ဆရာမများ ၀န်ထမ်းများအားလုံးကို..ဒီနေ့တိုင်ကျေးဇူးတင်နေရဆဲပါဗျာ…

ဆေးရုံကဆင်းပြီး တစ်လအကြာ....

ဆေးရုံကဆင်းပြီး တစ်လအကြာ….

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကလေးများနာအကျန်းဖြစ်ရင်ဒီကိုသာပြေးပြကြပါ

ကလေးများနာမကျန်းဖြစ်ရင်ဒီကိုသာပြေးပြကြပါ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဆိုတော့….ကျုပ်တို့ရွာထဲက ကလေးရှိတဲ့မိဘများကို သတိပေးလိုတာတော့ ကလေးတွေ

နာမကျန်းဖြစ်ရင်…ကိုယ့်သဘော၊ ကိုယ့်အယူအဆနဲ့မဆုံးဖြတ်ပဲ ကလေးဆေးရုံကြီးကို

အချိန်မီပြသအစစ်ဆေးခံဖို့လိုအပ်ပါကြောင်း အကြံပြုလိုက်ပါတယ်…………………….

ကြီးမိုက်၏နှလုံးသဲပွတ်လေးများ

ကြီးမိုက်၏နှလုံးသဲပွတ်လေးများ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%

 

ကျုပ်အဲ့အချိန်က ခံစားလောင်မြိုက်ခံခဲ့ရတာ…ဘာမီးပါလိမ့်ဗျာ……………

ဟိုရွာသူတစ်ယောက်ပြောသလို ကိုယ့်ဖာသာကိုယ် ကျေကျေနပ်နပ်နဲ့ မွှေးထားတဲ့…

မီးတော့ မီးပါပဲ ဘာလို့လဲဆို သူက သိပ်ပူတာကိုး။ ထူးဆန်းတာက သူက အဖြူရောင်။ ကိုယ့်ရင်က ဖြစ်တဲ့ သားသမီးဆိုတဲ့ အဖြူရောင် သံယောဇဉ်လေးတွေအတွက် ပူပင်သောက ဖြစ်စေမှုက ထွက်ပေါ်တောက်လောင်တဲ့ ကိုယ့်ရင်ကို လောင်တဲ့ မီးမို့ အဖြူရောင်မီးတောက်လေးပါ။ အဖြူရောင်လေးမို့ အထင်တော့ မသေးလိုက်ပါနဲ့ သူမတူအောင် သိပ်ပြင်းလွန်းလှပါတယ်။ သူရဲ့ အပူဒဏ်ကို မခံနိုင်​သူများဆို ရူးနိုင်လောက်ရဲ့။

တခုပဲ ပြောစရာရှိပါတယ်။ ဒီ အဖြူရောင်မီးကို ဘယ်သူကမှ ယူလာပေး ပျိုးပေးတာ မဟုတ်ပဲ ကိုယ်ကိုတိုင် လိုလိုလားလား ကျေကျေနပ်နပ် ပျိုးယူထားတာ မွှေးယူထားတာမို့ ဘယ့်သူ့ ကိုမှ အပြစ်တင်စရာတော့ မလိုဘူးပေါ့နော်။(မမှီ)

…………………………………………………………………..

ရင်နဲ့ရင်းပြီးကျုပ်အတိတ်စိမ်းပေးခဲ့ပြီ

၂၀၁၄ခုနှစ် သြဂုတ်လအတွက် ဖတ်ရွေးအဖွဲ့အကြိုက်ဆုံးဆုရသွားသူကို

ကွကိုဖေါ်ထုတ်ဂုဏ်ပြုကြပေတော့….

 

အားလုံးကိုလေးစားခင်မင်စွာဖြင့်

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၁၇၊ ၉၊ ၂၀၁၄

 

 

 

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)