” လှေနံနှစ်ဖက်နင်းလို့ “

 

တစ်ခုသော အချိန်ကာလတုန်းက အဖြစ်အပျက်လေးတစ်ခုပါ။

ပြည်မြို့ မင်းကြီးတောင်ခြေဆိုတာကြားဖူးကြမယ်ထင်ပါတယ်၊ ဧရာဝတီမြစ်ရဲ့ တဖက်ကမ်းပေါ့၊ ဟိုဖက်တစ်ဖက်ကမ်းကတော့ ပဒေါင်းကိုသွားတဲ့ဖက်ပါ၊ အဲဒီအချိန်တုန်းက ထိုဧရာဝတီမြစ်ကို အခုလို ဖြတ်ကူးတဲ့ မြစ်ကူးတံတားကြီး မဆောက်ရသေးတော့ ပြည်မြို့တဖက်ကမ်းက ရွှေဘုံသာမုနိဘုရားသွား ဖူးချင်ကြတဲ့သူတွေ ပဒေါင်းဘက်သွားချင်သူတို့က ဌက်သမ္မာန်တို့ စက်လှေတို့နဲ့ ကူးကြရတာပေါ့ဗျာ။ အဲဒီ ရွှေဘုံသာမုနိဘုရားမှာ အမတော်မမြစိမ်းသိုက်နန်းရှိလို့ သွားရောက်ဘုရားဖူး၊ သိုက်ပွဲပေး ဆုတောင်းကြ သူတွေ အနေနဲ့ အများဆုံးသွာတတ်တာမို့ အဲဒီလှေဆိပ်ကလည်း လူစည်လေတော့ တစ်ခါတလေ ကိုယ်စီး ရမည့် စက်လှေအလှည့်မရောက်သေးလို့ရှိရင် စောင့်ရတာမျိုးလည်း ပိတ်ရက်တွေဆို ကြုံရလေ့ ရှိတာပေါ့ဗျာ။

ပဒေါင်းဖက်သွားဖို့ ပြည်တဖက်ကမ်းကူးရမှာမို့ ကျုပ်တစ်ခါက အဲဒီလှေဆိပ်ကိုရောက်တော့ စက်လှေနှစ်စီး ဆိုက်ကပ်ထားပြီး စီးဖို့ဦးရေများနေတာကြောင့် ဟိုဘက်ကမ်းက စက်လှေတွေပြန်ကျော့လာမှ ကိုယ်စီးမယ့် အလှည့်မို့ လှေဆိပ်နားက အရိပ်ကောင်းတဲ့အပင်ကြီးအောက်မှာရှိသော ခုံတန်းမှာ စီးကရက်လေးခဲပြီး ထိုင်စောင့်နေလိုက်တယ်လေ။

” ဦးကြီး က လက်ရှိ လက်မှတ်ဖြတ်ပြီးသားမလား စက်လှေပေါ်တက်တော့လေ ခဏနေထွက်မှာ ”

” အေး ငါ ဒီလှေနဲ့ လိုက်ရင်ကောင်းမလား နောက်မှလိုက်ရင်ကောင်းမလား ဟိုနားမှာ မုန့်ဟင်းခါးဆိုင်ဘဲ ထွက်ရင် အဲ စားရင်ကောင်းမလား ဘာဆုံးဖြတ်ရမှန်း မသိဖြစ်နေလို့ ငါ့တူရေ ”

” အဲဒါဆိုလည်း အထက်အမိန့်စောင့်လိုက်လေ ”

” ဘယ်လိုကွ ”

” ဦးလေးကလည်း လိုက်မယ်ဆိုလည်း လိုက်မယ်ပေါ့ အခုဟာ မလိုက်ဘူးပြောလိုက် လိုက်မယ်ပြောလိုက် မုန့်ဟင်းခါးဆိုင်ဖွင့်မယ် အဲ ကျွန်တော်တောင် ယောင်ကုန်ပြီ မုန့်ဟင်းခါးစားမယ်ဆိုလည်း နောက်လူကို ကျော်တက်ခွင့်ပေး လိုက်လေဗျာ အခုတော့ ဟိုလိုလို ဒီလိုလို နဲ့ ကျွန်တော်တို့က ဘာယုံရမှာလဲဗျ ”

အဲဒီအချိန်မှာ စက်လှေပေါ်က အော်သံထွက်လာလေရဲ့

” ဟို ဦးလေးကြီး လိုက်မှာလား ဒီမှာစက်လှေထွက်တော့မှာ ”

” အေး အများက တောင်းဆိုရင်တော့ လုပ်မလားလို့ အဲ လိုက်မလားလို့ ”

ဆိုပြီး ထို ဦးလေးကြီး စက်လှေ နှစ်စင်းပေါ်ကို ခြေတဖက်စီတင်ရင်းတက်လိုက်တော့

” ဟာ ဦးလှေကြီး ဘယ်လှေလိုက်မှာလည်း ဟိုဘက်က စစ်စိမ်းလှေဆိုလဲ အဲဒီဘက်တက်လေ ဒီ ဘက်က ဒီမိုလှေဆိုလဲ ဒီဘက်ဝင်ဗျာ အခုဟာက လှေနံနှစ်ဖက် နင်းထားသလိုမျိုးဖြစ်နေတယ်ဗျ မပြတ်မသားနဲ့ ခုနထဲက လိုက်မယ် မလိုက်ဖူး လုပ်မယ် မလုပ်ဖူးနဲ့ တစ်ယောက်ထဲကို ရှုပ်နေတာဘဲ ဒီလူကြီး တင်မိတာ မှားပြီထင်တယ်ဗျာ ”

ဆိုကာ ဒီမိုလှေသမားက ညီးတွားရင် စက်နိုးထားတဲ့သူ့လှေကို နည်းနည်းမောင်းဆုတ်လေတော့

” ဟုတ်သားဘဲ ခင်ဗျကလည်း လုပ် မလုပ် ဟာ စကားတောင်မှားတယ် လိုက် မလိုက် တစ်ခါတည်းပြောလေ ပြောပြီးရင်လည်း အတည်အတန့်နေမှပေါ့ လူကြီးဖြစ်ပြီး ခင်ဗျမလိုက်ဖြစ်ရင် နောက်မှာ လိုက်ချင်တဲ့သူရှိတယ် ”

” ဟုတ်တယ် ဆွေမန်း ပြောတာမှန်တယ် ခင်ဗျကြီး မလိုက်ရင် ဆွေမန်းကို လိုက်ခိုင်းလိုက်မယ် သူက သူ့ဇီထုပ်တွေ ဘုရားဈေးပို့ဖို့နောက်ကျနေလို့တဲ့ နောက်လှေတွေက ဟိုဘက်ကမ်းမှာ ထမင်းစားနားနေကြ တော့ နည်းနည်းကြာအုံးမှာ ”

လှမ်းကြည့်လိုက်တော့ ဆွေမန်း ဇီထုပ်ပေါင်း တွေလွယ်ထားတဲ့ ကောင်လေးက အနားမှာရှိနေတယ်လေ။

အဲဒီအချိန်ထိ ဦးလေးကြီးက လှေနံနှစ်ဖက်နင်းထားတုန်း မုန်ဟင်းခါးဆိုင်ကိုလဲ လှမ်းမျှော်တုန်းလုပ်နေကြလို့ စက်လှေနှစ်စီးလုံး စိတ်မရှည်နိုင်တော့ဘဲ ထွက်ဖို့စတင်လှုပ်ရှားလိုက်ရော

” ဗွမ်း ”

” ဟာ ဟိုမှာ လှေနံနှစ်ဖက်နင်းနေတဲ့လူကြီး ရေထဲ ပက်လက်လှန်ကျသွားပြီဟ ဟား ဟား ဟားးးးးးးးး ”

လှေဆိပ်နားလာဆော့နေတဲ့ ကလေးတစ်သိုက်အော်သံ လှောင်ရယ်မောသံတွေ မြစ်ကမ်းစပ်မှာလွှမ်းသွားစဉ် ကျုပ်လည်းရောယောင်ကာ ရယ်မိလိုက်တယ်လေ

” ဟား ဟား ဟား ဟားးးးးးးးးးးးးးးးးးးးးးးးးးးးး ”

ပြီးတော့ ကျုပ်လည်း အင်း ဟိုလိုလို ဒီလိုလို လုပ်နေသူကို လှေနံနှစ်ဖက်နင်းတဲ့သူဟုများ ပြောလေမလားတွေး မိသွားရင် စီးကရက်လေး တစ်ရှိုက်သောက်ကာ မီးခိုးလေးကို သက်ပြင်းနဲ့ရောမှုတ်ထုတ်လိုက်လေသတည်း။

 

အခုတော့ တံတားဆောက်ပြီးပြီ

သွားမည့်ခရီးသည်

ဌက်သမ္မာန် ကူးတို့ဆိပ်က မပို့ရလေပြီ……………။

 

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..