အလင်းခြုံတဲ့ သတင်းZone(၃)

alinsettSeptember 19, 20142min24411

မင်္ဂလာပါ ။

အပတ်စဉ် တင်ပြပေးနေတဲ့ အလင်းခြုံတဲ့သတင်း Zone သတင်းအစီအစဉ် ( ၃ )ကနေ
အခုတစ်ပါတ်တင်ပြပေးမယ့် သတင်းတွေကတော့….
*မြန်မာနိုင်ငံဟာ မူးယစ်ဆေးတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ ၂၂ နိုင်ငံထဲမှာ ပါဝင်ကြောင်း အမေရိက သမ္မတရဲ့ သတ်မှတ်ကြေညာချက်သတင်း၊

* ခါကာဘိုရာဇီ တောင်တက်ခရီးစဉ်မှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေကယ်တင်နိုင်ဖို့ အတွက် အမေရိကန်တောင်တက်သမား ၄ ဦးကို အကူအညီတောင်းထားတဲ့သတင်း ၊

* ပါကစ္စတန်နိုင်ငံ ရေဘေး ဒုက္ခသည်တွေကို သီတဂူဆရာတော် အရှင်ဉာဏိဿရ က US ဒေါ်လာ တစ်သောင်း လှူဒါန်းလိုက်တဲ့သတင်း ၊

* အမျိုးသားပညာရေးဥပဒေကြမ်းကို တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြကန့်ကွက်နေမှုကို အပြည့်အဝထောက်ခံလိုက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ ကြေညာချက်နဲ့

* နယူးယောက်မြို့မှာ ကျင်းပမယ့် US- မြန်မာ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး ဆွေးနွေးပွဲဆိုင်ရာသတင်း၊

* IS အစ္စလာမ်မ္မစ်နိုင်ငံအဖွဲ့ကို တိုက်ခိုက်ဖို့ နိုင်ငံပေါင်း ၃ဝ က US နဲ့ ပူးပေါင်းပါဝင်မယ်လို့ ကတိပြုလိုက်တဲ့သတင်း ၊

* ပုဂံမြို့ ဟောင်းထဲရှိ ရွှေနန်းတော်မှာ တင်ဆက်ပြသမယ့် ‘ဒဏ္ဍာရီ’ အနုပညာ
ဖျော်ဖြေရေးပွဲ ဆိုင်ရာ သတင်းအချက်အလက်များ…

* မြန်မာနိုင်ငံက မိဘမဲ့ကလေးသူငယ်တွေအတွက် အလှူရန်ပုံငွေ ရှာဖွေတဲ့အနေနဲ့
နယူးယောက်မြို့မှာ ဂီတဖျော်ဖြေပွဲနဲ့ မြန်မာအစားအသောက်ပွဲတော် ကျင်းပမယ့် သတင်း၊

* ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင်တစ်ဦးကို NLD က တရားစွဲဆိုလိုက်တဲ့သတင်း ၊

* UNDP နဲ့ UNOCHA က ကုလသမဂ္ဂ အဆင့်မြင့် အရာရှိတွေ ရခိုင်ပြည်နယ်ကို ၂ရက်ခရီး သွားရောက်လေ့လာအပြီး ထုတ်ဖော်ပြောဆိုချက်များနဲ့…

* ခွင့်ပြုချက် အရင်မယူပဲ ဆီးရီးယားနယ်အတွင်း စစ်ဆင်ရေးလုပ်မယ်ဆိုရင် ပြင်းပြင်းထန်ထန် တုန့်ပြန်ပစ်မယ်လို့
ဆီးရီးယား အစိုးရက ကြေညာလိုက်တဲ့သတင်း၊

* ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရခြင်း ၁၃ နှစ်မြောက် ဝမ်းနည်းဖွယ်အထိမ်းအမှတ်
နှစ်ပတ်လည် အခမ်းအနားကို အမေရိကန်တွေ ကျင်းပကြတဲ့သတင်းနဲ့…

* US အနေနဲ့ မျှော်လင့်ထားတဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွေ ၊ ကတိကဝတ်တွေဟာ လက်တွေ့ဖြစ်မလာသေးဘူး”လို့
US လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း Kurt Campbell က ဝေဖန်ချက်ဆိုင်ရာ သတင်း၊

* ရခိုင်ပြည်နယ်၊စစ်တွေမြို့မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို ရုတ်သိမ်းလိုက်တဲ့သတင်း၊

* US မှာ အလုပ်သင် ဆရာဝန် (Residency Training) အဖြစ် အင်တာဗျူး ဝင်ရောက်ဖြေဆိုနိုင်ဖို့ ပွဲတွေ့အင်တာဗျူး (mock interview) အနေနဲ့ နယူးယောက်မြို့မှာ မြန်မာ- US ဆေးပညာအသင်းကနေ စစ်ဆေးမယ့် သတင်း၊

* မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် ကမ္ဘာ့ဘဏ်အကူအညီနဲ့ အကောင်အထည်ဖေါ်နေပြီဆိုတဲ့ သတင်း၊

* ၂၀၁၄ ခုနှစ် အာဆီယံ အင်နီမေးရှင်း ကာတွန်းရုပ်ရှင်ပြိုင်ပွဲမှာ မြန်မာ အင်နီမေးရှင်းကာတွန်းပညာရှင် သုံးဦးက ပထမ၊ ဒုတိယ နဲ့ တတိယ ၊ ဆုသုံးခုစလုံးကို သိမ်းကြုံး ရယူလိုက်တဲ့ သတင်းတွေ အပါအဝင် အခြား သတင်းတွေကို တင်ပြပေးသွားမှာဖြစ်ပါတယ်။

===================================================
===================================================
17 September 2014
မူးယစ်ဆေးတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ ၂၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့
အမေရိက သမ္မတက သတ်မှတ်လိုက်ပါတယ်။
US ရဲ့ FRAA နို်င်ငံတကာ ဆက်ဆံရေး ခွင့်ပြုမိန့် ချမှတ်ရေးဆိုင်ရာ အက်ဥပဒေအရ
ကမ္ဘာမှာ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်ဖြန့်ဖြူးကြတဲ့ နိုင်ငံစာရင်းကို သမ္မတ အိုဘားမားက နှစ်စဉ် လွှတ်တော်ကို တင်သွင်းရပြီး အဲဒီအထဲကမှ မူးယစ်တိုက်ဖျက်ရေးဆိုင်ရာ နို်င်ငံတကာ စာချုပ်စာတမ်းတွေကို အပြည့်အဝ လိုက်နာဆောင်ရွက်မှု မရှိတဲ့ နိုင်ငံစာရင်းကို ထပ်မံ ပြုစုခဲ့တာပါ။
မြန်မာ၊ ဘိုလီဗီယားနဲ့ ဗင်နီဇွဲလားနိုင်ငံတွေဟာ လွန်ခဲ့တဲ့ ၁ နှစ်အတွင်းက
နိုင်ငံတကာ မူးယစ်ဆေးတိုက်ဖျက်ရေး သဘောတူ စာချုပ်ပါ တာဝန်တွေ ထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့ပြီး တာဝန် ပျက်ကွက်တဲ့အတွက်
ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံရနိုင်ကြောင်း သတင်းရရှိပါတယ်။

အခုနှစ်အတွင်းမှာ ကမာ္ဘပေါ်က အဓိကဘိန်းထုတ်လုပ်တဲ့နိုင်ငံတွေနဲ့ တဆင့်ခံဖြန့်ချီတဲ့နိုင်ငံတွေဟာ မြန်မာ၊ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ လာအိုနိုင်ငံတွေဖြစ်ကြောင်း အမေရိက သမ္မတက သတ်မှတ်ထုတ်ပြန်ထားတာဖြစ်ပါတယ်။
UNODC ကုလသမဂ္ဂ မူးယစ်ဆေးတိုက်ဖျက်ရေးအစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ စိတ်ကြွဆေးအများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး
ဒုတိယ ဘိန်းအများဆုံးထုတ်လုပ်တဲ့နိုင်ငံအဖြစ် ဖော်ပြထားကြောင်း သိရပါတယ်။
နိုင်ငံတကာနဲ့ ချုပ်ဆိုထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သဘောတူညီချက်တွေအတိုင်း
အပြည့်အဝ လိုက်နာဆောင်ရွက်ဖို့ မြန်မာအနေနဲ့ လိုအပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Marie Harf ကလည်း
တိုက်တွန်းပြောဆိုထားပါတယ်။

====================================================
====================================================
16 September 2014

ခါကာဘိုရာဇီ တောင်တက်ခရီးစဉ်မှာ ပျောက်ဆုံးနေ တဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေကယ်တင်နိုင်ဖို့ အတွက် ဂန်လန်ရာဇီ တောင်ထိပ်ကို တက်ရောက်အောင်မြင်ထားတဲ့သူ အမေရိကန်တောင်တက်သမား ၄ ဦးကို အကူ အညီတောင်းထားပြီး
အမြင့်ပေ ၂သောင်းထိ ပျံသန်းနိုင်မယ့် ထိုင်းနိုင်ငံက ရဟတ်ယာဉ်နဲ့ ရှာဖွေနိုင် ဖို့အတွက်လည်း ထူးကုမ္ပဏီက စီစဉ်နေကြောင်း
တက္ကသိုလ်ခြေလျင်နဲ့ တောင်တက်အသင်း၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်းအဖွဲ့က သတင်းထုတ်ပြန် ကြေညာလိုက်ပါတယ်။
တက္ကသိုလ် ခြေလျင်နဲ့ တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း)က
ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူ တို့နှစ်ဦးဟာ ခါကာဘိုရာဇီ ရေခဲတောင်ကို ဩဂုတ်လ ၃၁ ရက်က တက်ရောက်ခဲ့ပြီး ပြန်အဆင်းမှာ အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးသွားတာ ဒီကနေ့ဆိုရင် ၁၆ ရက်ရှိပြီ ဖြစ်ပါတယ်။

====================================================
====================================================

16 September 2014
ပါကစ္စတန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရေဘေး အန္တရာယ်ကြောင့် စားဝတ်နေရေးနဲ့ နေထိုင်ရေး
အခက်အခဲ ဖြစ်နေသူတွေအတွက် သီတဂူဆရာတော် အရှင်ဉာဏိဿရ က US ဒေါ်လာ တစ်သောင်း လှူဒါန်းလိုက်ကြောင်း သတင်းရရှိပါတယ်။
နိုင်ငံ၊ လူမျိုးနဲ့ ကိုးကွယ်ရာဘာသာတွေ မတူကြပေမယ့် အများနဲ့ဆိုင်တဲ့ပြဿနာတွေ ဖြစ်လာရင်တော့
ဝိုင်းဝန်းဖြေရှင်းပေးရမှာဖြစ်ကြာင်း သီတဂူဆရာတော် အရှင် ဉာဏိဿရက မိန့်ဆိုခဲ့ပြီး လှူဒါန်းမှုပြုခဲ့တာပါ။
ပါကစ္စတန်နိုင်ငံမှာ ဒီလဆန်းကစပြီး ရေကြီးရေလျှံခဲ့တာကြောင့်
လူဦးရေ ၃၀ဝ ကျော် သေဆုံးခဲ့ပြီး သုံးသန်းနီးပါးဟာ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြရတဲ့အပြင်
အိမ်ခြေ လေးသောင်းခွဲကျော်နဲ့ လယ်မြေဧက တစ်သန်းကျော်လည်း ပျက်စီးသွားကြောင်း
မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ် Mr.Ehsan ULLah Batth ထုတ်ဖော်ပြောဆိုထားပါတယ်။

====================================================
====================================================
16 September 2014

အမျိုးသားပညာရေးဥပဒေကြမ်းကို တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြကန့်ကွက်နေမှုကို
အပြည့်အဝထောက်ခံကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်အနေနဲ့ နိုင်ငံတော် သမ္မတက သဘောထားမှတ်ချက်ပြုပြီး လွှတ်တော်မှာ ပြန်လည်ဆွေးနွေးနေတဲ့ အမျိုးသားပညာရေးဥပဒေကို ပညာရေးလွတ်လပ်မှုမရှိခြင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးချုပ်ကိုင်ခြင်း၊ ဒီမိုကရေစီကျင့်စဉ်များနဲ့ မညီညွတ်ခြင်းတို့ကြောင့် နိုင်ငံနဲ့ ပြည်သူကို အကျိုးပြုနိုင်မယ့် ဥပဒေတစ်ရပ်အဖြစ် မယုံကြည်ကြောင်းကန့်ကွက်ထားခဲ့ပါတယ်။
တိုင်းပြည်အတွက် အမှန်တကယ်အကျိုးပြုနိုင်မယ့် စစ်မှန်တဲ့ ပညာရေးဥပဒေတစ်ရပ်ပေါ်ထွန်း လာရေး ကြိုးပမ်းနေတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂများကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က အပြည့်အဝဝန်းရံပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ် ။

အမျိုးသားပညာရေးဥပဒေ မူကြမ်းအပေါ် ကျောင်းသားသမဂ္ဂတွေရဲ့ ဆန္ဒပြနေမှုနဲ့ ပတ်သက်ပြီး ဖျောင်းဖျပေးဖို့အတွက်
ပညာရေးဝန်ကြီးက တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်း တာဝန်ရှိသူများနဲ့ တွေ့ ဆုံပြောကြားခဲ့ပြီးနောက်မှာ အထက်ပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

===================================================
===================================================
16 September 2014
မြန်မာနိုင်ငံအတွင်း အမေရိက ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင် ရောက်လာဖို့အတွက်
မြန်မာအစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပူးပေါင်းပြီး
မြန်မာရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး ဆွေးနွေးပွဲကို နယူးယောက်မြို့မှာ
စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပမယ်လို့ သတင်းရရှိပါတယ်။
အဆိုပါဖိုရမ်ကို ကမ္ဘောဇဘဏ်၊ Delco Mining၊ ရွှေတောင်ဂရု (ပ) ၊ IBTC ၊ လွယ်ဟိန်း၊
Lat War Group၊ City Mart၊ Mapco၊ ပါရမီစွမ်းအင် ကုမ္ပဏီအုပ်စု…စတဲ့
စီးပွားရေးလုပ်ငန်းတွေ ပါဝင်တက်ရောက်မှာဖြစ်ပြီး၊

သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဟိုတယ်နဲ့ ခရီးသွားလာရေးပြည်ထောင်စုဝန်ကြီး၊
စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင်၊ မြန်မာနိုင်ငံဗဟိုဘဏ် ဒုဥက္ကဋ္ဌဦးဆက်အောင်၊
ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးတို့ တက်ရောက်မယ့် အပြင်…
အမေရိက ဘက်ကလည်း ရင်းနှီးမြှုပ်နှံမယ့်သူတွေ အပါအဝင် အစိုးရဌာနဆိုင်ရာ အသီးသီးက ကိုယ်စားလှယ်များ တက်ရောက်မယ်လို့ သိရပါတယ်။

==========================================================
==========================================================
15 September 2014

IS အစ္စလာမ်မ္မစ်နိုင်ငံအဖွဲ့ကို တိုက်ခိုက်ဖို့ ပူးပေါင်း ကူညီမှာဖြစ်ကြောင်းကို
နိုင်ငံပေါင်း ၃ဝ က နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ပြင်သစ် နိုင်ငံ ပါရီမြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာ ညီလာခံမှာ ကတိပြုလိုက်ကြပါတယ်။

IS အဖွဲ့ကိုတိုက်ဖျက်ဖို့ မဟာဗျူဟာ ချမှတ် နိုင်ရေးအတွက် ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာ ညီလာခံကို
ကမ္ဘာ့နိုင်ငံအများအပြားက ထိပ်တန်းဝန်ကြီးတွေ တက်ရောက် ခဲ့ကြပြီး စစ်သွေးကြွတွေကို လေကြောင်းကနေ
တိုက်ခိုက်မယ့်အစီအစဉ်မှာ အမေရိကနဲ့အတူ ပူးပေါင်းပါဝင်ဖို့ အာရပ်နိုင်ငံအများအပြားကပါ ကမ်းလှမ်းထားကြောင်း သတင်းရရှိပါတယ်။

အခုလက်ရှိမှာ IS အဖွဲ့ကိုတိုက်ဖျက်ရေးမှာ အမေရိကနဲ့ ပူးပေါင်းမယ်လို့ ပြင်သစ်နိုင်ငံက တရားဝင် လူသိရှင်ကြားကမ်းလှမ်းချက်ထုတ်ပြန်လိုက်ပြီး
ညီလာခံကို တက်ရောက်ကြသူ အားလုံးက IS အဖွဲ့ကို တိုက်ခိုက်ဖို့ သဘောတူကြတယ် ဆိုတာကို အားရ ကျေနပ်မိတယ်လို့
ပြင်သစ်နိုင်ငံခြားရေ ဝန်ကြီး Laurent Fabius က ပြောပါတယ်။

ပြင်သစ် သမ္မတ Francois Hollande ကလည်း IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ရဲ့ အန္တရာယ်ဟာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေပြီမို့
တစ်ကမ္ဘာလုံးက ပူးပေါင်း တုံ့ပြန်ဖို့ လိုကြောင်း
ညီလာခံ ဖွင့်ပွဲမှာ ပြောခဲ့ပါတယ်။

အီရက်နဲ့ ဆီးရီးယားရှိ အစ္စလာမ္မစ်နိုင်ငံ (IS) အကြမ်းဖက်သမားတွေက ဗြိတိန် ကူညီကယ်ဆယ်ရေးလုပ်သား ဒေးဗစ်ဟိုင်းနက်စ်ကို ခေါင်းဖြတ်သတ်လိုက်တဲ့ဗီဒီယို တွေ့မြင်ခဲ့ပြီးနောက်မှာ ..
သမ္မတ အိုဘားမားက
” IS အဖွဲ့ဟာ လူမဆန်တဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့တဲ့အတွက် ဒေသတွင်း သာမကတော့ပဲ
တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လာတဲ့ IS အဖွဲ့ကို အမြစ်ပြတ်အောင် ချေမှုန်းပစ်မယ် ” လို့ ပြောဆိုလိုက်ပါတယ်။

=====================================================
=====================================================

15 September 2014
ပုဂံမြို့ ဟောင်းထဲရှိ ရွှေနန်းတော်မှာ မြန်မာ့ဇာတ်ဝင် အနုပညာ သုခုမလက်ရာနဲ့ ရုပ်သေး…အစရှိတဲ့ တင်ဆက်မှုတွေကို
အဆင့်မြင့် နည်းပညာများနဲ့ တင်ဆက်ပြသမယ့် ‘ဒဏ္ဍာရီ’ အနုပညာ
ဖျော်ဖြေရေးပွဲကို ၂၀၁၄ ၊ နိုဝင်ဘာလက စတင်ပြီး နေ့စဉ် ည ရ နာရီမှာ တင်ဆက်ပြသသွားဖို့ စီစဉ်နေပြီလို့ သတင်းရရှိပါတယ်။
အဆိုပါ ဖျော်ဖြေပွဲကို မြန်မာ နဲ့ အခြား အာဆီယံနိုင်ငံတွေက
ဖျော်ဖြေသူ ၁၀ဝ ခန့် ပါဝင်တင်ဆက်မှာဖြစ်ပြီး မြန်မာ့အက၊ မြန်မာ့အားကစား၊ မြန်မာ့ကိုယ်ခံပညာအပါအဝင်
အခြားသောအကြောင်းအရာ များစွာလည်း ထည့်သွင်း တင်ဆက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ မြန်မာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်တို့က အသိအမှတ်ပြုထားတဲ့
‘ဒဏ္ဍာရီ’ အနုပညာ တင်ဆက်မှုဟာ
ပြည်တွင်းက ပုဂံမြန်မာ ခရီးသွားလုပ်ငန်း ကုမ္ပဏီနဲ့ ထိုင်းနိုင်ငံ အခြေစိုက် Index Creative Village တို့ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပြီး၊
ပြသချိန် မိနစ် ၈ဝ ခန့် အတွက် လက်မှတ်တစ်စောင်ကို US ဒေါ်လာ ၅ဝ သတ်မှတ်ထားကြောင်း သတင်းရရှိပါတယ်။

=======================================================
14 September 2014
မြန်မာနိုင်ငံက လူကုန်ကူးခံရသူ အများစုဟာ တရုတ်နိုင်ငံကို ရောင်းစားခံနေကြရတာဖြစ်တယ် လို့
နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားလိုက်ပါတယ်။

အမေရိက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအစီရင်ခံစာမှာပါဝင်တဲ့
မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ထောက်ခံအကြံပြုချက် (၁၃)ချက်ကိုလည်း
ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းအသီးသီးက ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်းနဲ့
၂၀၀၅ ခုနှစ်က ပြဌာန်းထားခဲ့တဲ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဟာ လက်ရှိအခြေအနေနဲ့ ကိုက်ညီမှုရှိတော့တဲ့အတွက်
ပြန် လည်ပြင်ဆင်သွားဖို့ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

================================================
====================================================

13 September 2014
မြန်မာနိုင်ငံက မိဘမဲ့ကလေးသူငယ်တွေအတွက် အလှူရန်ပုံငွေ ရှာဖွေတဲ့အနေနဲ့

နယူးယောက်မြို့မှာ ဂီတဖျော်ဖြေပွဲနဲ့ မြန်မာအစားအသောက်ပွဲတစ်ခု စက်တင်ဘာ ၂ရ ရက်၊ စနေနေ့မှာ ကျင်းပမယ်လို့ သတင်းရရှိပါတယ်။
ပွဲတော်အစီအစဉ်ကတော့ ညနေ ၄ နာရီမှ ၅း၃ဝ နာရီအထိ
ကြိုက်နှစ်သက်ရာ အဝစား မြန်မာအစားအသောက်များ ကျွေးမွေးမယ့်အပြင်
ညနေ ၆ နာရီမှ ည ၉ နာရီအထိ မြန်မာတေးသီချင်း၊ ဂီတများနဲ့ သီဆိုဖျော်ဖြေဦးမှာဖြစ်ပါတယ်။

အဲဒီအတွက် လက်မှတ်တစ်စောင်ကို ၁၅ ဒေါ်လာသာ သတ်မှတ်ထားကြောင်း သိရပါတယ်။
အဆိုပါ ရန်ပုံငွေဂီတပွဲတော်ကို ကမကထပြုလုပ်တဲ့ 3hird Medium Band အဖွဲ့သား ၂ဝ နီးပါးနဲ့
နယူးယောက်မြို့ခံ လူငယ် ၄ဝ ခန့်ဟာ မြန်မာပြည်တွင်းနဲ့ နယ်စပ်ဒေသများရှိ မိဘမဲ့ကလေးသူငယ်များအတွက်
နှစ်စဉ် လုပ်အားပေးလှူ ကူညီနေကြတာဖြစ်ပါတယ်။

စေတနာ့ဝန်ထမ်း လုပ်အားပေးသူတွေရဲ့ ကျေးဇူးကြောင့် 3hird Medium Band အဖွဲ့အနေနဲ့
နှစ်စဉ် ဒေါ်လာ ၂၀, ဝ၀ဝ ကျော် ရန်ပုံငွေစုဆောင်းရရှိပြီး လှူဒါန်းကူညီနိုင်ကြောင်း၊
ရရှိလာတဲ့ အလှူငွေတွေကို လက်ကျန်မထားဘဲ တစ်နှစ်ချင်းပေးပို့ လှူဒါန်းကြောင်းလည်း သိရှိရပါတယ်။

လှူဒါန်းရာမှာ ငွေသားအတိုင်းပေးခြင်းထက် မိဘမဲ့ကလေးတွေအတွက် လိုအပ်တဲ့ ဆန်၊ဆီ၊စားနပ်ရိက္ခာ၊
ကျောင်းသုံးပစ္စည်းနဲ့ စာရေးကိရိယာများ၊ ဆေးဝါး၊ အဆောက်အအုံ ပရိဘောဂပစ္စည်း၊ လျှပ်စစ်မီး … စသည်ဖြင့်
စီမံထောက်ပံ့နေတာ ဖြစ်ပါတယ်။

အဆိုပါ မိဘမဲ့ကလေးငယ်များရန်ပုံငွေ ဂီတနဲ့ မြန်မာ့အစားအသောက်ပွဲတော်ကို
နှစ်စဉ် ပရိသတ် ၆၀ဝ ကနေ ၈၀ဝ အထိ လာရောက် အားပေးနေကြပြီး
ပင်ဆီလ်ဗေးနီးယားပြည်နယ်၊ ပစ်စ်ဘတ်ဂ်မြို့က နာမည်ကျော် အဆိုတော် ခင်ဘုဏ်းလည်း ပါဝင်ဖျော်ဖြေမယ့် အခုနှစ်မှာတော့ ပိုမို လာရောက်အားပေးလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သိရှိရပါတယ်။

ပွဲတော်အချိန် ညနေ ၄ မှ ၅း၃ဝ နာရီ၊ မြန်မာစားဖွယ်အဝစား အစီအစဉ်
ညနေ ၆ မှ ည ၉ နာရီ၊ ခင်ဘုဏ်း နှင့် 3hird Medium Band
ပွဲတော်နေရာ Is 5 The Walter Crowley Intermediate School
50-40 Jacobus St
Elmhurst, NY 11373

Online Info https://www.facebook.com/3hirdMedium

==========================================================
==========================================================

13 September 2014

NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်ထားတဲ့ စာရွက်စာတမ်းတွေ ဖြန့်ဝေခဲ့ခြင်းနဲ့ ပတ်သက်ပြီး
ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင်တစ်ဦးကို NLD က တရားစွဲဆိုလိုက်ပါတယ်။

မကွေးတိုင်း ၊ ဆိတ်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အတွက်
NLD ရဲ့ စည်းရုံးလှုပ်ရှားမှုတွေ လုပ်နေစဉ်မှာပဲ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့
စာရွက်စာတမ်း ဖြန့်ဝေခြင်းတွေကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အမှုဆောင်တစ်ဦးက ပြုလုပ်ခဲ့တဲ့အတွက် တိုင်ကြား အမှုဖွင့်လိုက်တာဖြစ်ပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့မှာ စတင်ကြားနာ စစ်ဆေးဖို့ ရက်ချိန်းပေးထားတဲ့ အဆိုပါအမှုမှာ
NLD အဖွဲ့ချုပ်အနေနဲ့ ဥပဒေအထောက်အကူပြု အဖွဲ့ကနေ အကြံဉာဏ်တွေ ရယူထားပြီး
အမှုကိုမှန်မှန်ကန်ကန်ဖြစ်အောင် ခိုင်မာတဲ့ သက်သေအထောက်အထားတွေနဲ့ တင်ပြသွားမယ်လို့ သတင်းရရှိပါတယ်။

=====================================================
==========================================================
12 September 2014

UNDP နဲ့ UNOCHA က ကုလသမဂ္ဂ အဆင့်မြင့် အရာရှိတွေ ရခိုင်ပြည်နယ်ကို ၂ရက်ခရီး သွားရောက်လေ့လာအပြီးမှာ
ရခိုင်ပြည်နယ်ဟာ လူသားချင်း စာနာကူညီမှုနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ တိုးမြှင့် ဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ ထုတ်ဖော် ပြောဆို်လိုက်ပါတယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်တွေထဲက တစ်ခုဖြစ်နေပြီး
ဒေသအတွင်းက လူတွေအားလုံးအတွက် ဖွံ့ဖြိုးရေးဆိုင်ရာစိန်ခေါ်မှုတွေအပြင် လိုအပ်ချက်တွေ အများကြီး ရှိနေကြောင်း၊
လူသားချင်းစာနာကူညီမှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်တွင်းက လူမျိုးစု ပဋိပက္ခတွေရဲ့ နောက်ပိုင်း လက်ရှိအချိန်မှာ ယာယီ စခန်းတွေမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် တစ်သိန်းလေးသောင်းလောက် ရှိနေကြောင်း ..
ကိုယ်တိုင် သွားရောက်ခဲ့တဲ့
UNOCHA ရဲ့ ပြည်သူ့ ဆက်ဆံရေး အရာရှိ Pierre Peron က ပြောဆိုခဲ့ပါတယ်။

=======================================================
=======================================================

12 September 2014
ဆီးရီးယားနိုင်ငံအတွင်းက IS အကြမ်းဖက် စစ်သွေးကြွတွေကို ဝေဟင်ကနေ တိုက်ခိုက် နှိမ်နင်းမယ်လို့ အမေရိက သမ္မတက ကြေညာပြီးတဲ့နောက်
ခွင့်ပြုချက်ကို အရင်မယူပဲ ဆီးရီးယားနယ်အတွင်း စစ်ဆင်ရေးလုပ်မယ်ဆိုရင် ပြင်းပြင်းထန်ထန် တုန့်ပြန်ပစ်မယ်လို့
ဆီးရီးယား အစိုးရက ကြေညာလိုက်ပါတယ်။

အမေရိက သမ္မတ ချပြတဲ့ မဟာဗျူဟာအရ ဝေဟင်ကနေ စနစ်တကျ တိုက်ခိုက်မှုတွေ လုပ်မယ့်အကြောင်း၊
IS အဖွဲ့ကို တိုက်ခိုက်နေတဲ့ တခြားအဖွဲ့တွေကိုလည်း စစ်သင်တန်း၊ ထောက်လှမ်းရေးအချက်အလက်နဲ့ စစ်သုံးပစ္စည်းတွေ ပိုမိုထောက်ပံ့ပေးဆောင်မယ့်အကြောင်း၊ ကြိုတင်ကာကွယ်တဲ့အနေနဲ့ IS အဖွဲ့ရရှိနိုင်တဲ့ ဝင်ငွေတွေ ဖြတ်တောက်ပြီး
အရှေ့အလယ်ပိုင်းက ပြည်သူတွေ အကြမ်းဖက်အဖွဲ့နဲ့ မပူးပေါင်းအောင် အတွေးအခေါ် ပြောင်းလဲတာမျိုးတွေ
လုပ်ဆောင်မယ့်အကြောင်းနဲ့ ပြည်သူတွေကို လူသားခြင်း စာနာရေးအထောက်အပံ့တွေ ဆက်လက်ပေးသွားမယ့်အကြောင်း ပြောဆိုမှုတွေ ရှိပါတယ်။

အမေရိက သမ္မတ အိုဘားမားက US ကို ခြိမ်းခြောက်မှု လုပ်ရင် ဘယ်အကြမ်းဖက်သမားကိုမဆို မြေလှန်ရှာဖွေပြီး ခြေမှုန်းပစ်မယ်လို့ အတိအလင်းပြောဆိုခဲ့ပါတယ်။

====================================================
========================================================

11 September 2014

အမေရိက ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က
အကြမ်းဖက် တိုက်ခိုက်ခံ ခဲ့ရတဲ့ ၁၃ နှစ်မြောက် ဝမ်းနည်းဖွယ်အထိမ်းအမှတ် နှစ်ပတ်လည်
အခမ်းအနားကို အမေရိကန်တွေ ဟာ ကြာသပတေးနေ့က ကျင်းပခဲ့ကြပါတယ်။

အဆိုပါ အထိမ်းအမှတ်ပွဲမှာ နယူးယောက်မြို့က ကမာ္ဘ့ကုန်သွယ်ရေး ဌာန WTC တည်ရှိခဲ့ရာနေရာ၊
ပင်တဂွန် စစ်ဌာနချုပ်နဲ့ Pennsylvania ပြည်နယ်၊ Shanksville မြို့တို့မှာ သေဆုံးသွားကြတဲ့
လူပေါင်း ၃၀၀ဝ လောက်ရဲ့ မိသားစုဝင်တွေ၊ အသိမိတ်ဆွေတွေ စုဝေးပြီး သူတို့ရဲ့ နံမည်တွေကို ရွတ်ဖတ်ခဲ့ပါတယ်။

အောက်မေ့ဘွယ် အခမ်းအနားကို သမ္မတ Barack Obama နဲ့ သမ္မတကတော် Michelle Obama တို့က ဦးဆောင်ပြီး
သမ္မတအိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

-==================================================
==================================================

11 September 2014

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့စီးပွားရေး အသွင် ကူးပြောင်းခြင်းအမည်နဲ့ အမေရိကပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ STIMSON Center မှာ
ကျင်းပ တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ

အာရှနဲ့ ပစိဖိတ်ရေးရာ US လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း Kurt Campbell က
”မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အထောက်အကူပြုနိုင်ဖို့အတွက် US အနေနဲ့ သံတမန်ရေး ထိတွေ့ဆက်ဆံမှု မူဝါဒကို
လွန်ခဲ့တဲ့နှစ်အနည်းငယ်တကည်းက ချမှတ်ဆောင်ရွက်ခဲ့ပေမယ့်
ကနေ့အထိ ကတိကဝတ်တွေဟာ လက်တွေ့ဖြစ်မလာသေးဘူး”လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

US အနေနဲ့ မျှော်လင့်ထားတဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွေ
မြန်မာပြည်တွင်း နိုင်ငံရေး အခြေနေအရမှာရော နိုင်ငံတကာဆက်ဆံရေးမှာပါ
အခုအချိန်ထိ ရေရေရာရာမရှိ လက်တွေ့ဖြစ်မလာသေးကြောင်း ၊
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်းက Campbell ကိုယ်တိုင် ပါဝင်ခဲ့ရတဲ့ ကနဦးဆောင်ရွက်ချက်တွေဟာ
ထင်သလိုဖြစ်မလာကြောင်းနဲ့ မအောင်မြင်သေးကြောင်း ထုတ်ဖော်ပြောဆိုလိုက်တာပါ။

အဆိုပါ ဆွေးနွေးပွဲကို Campbell နဲ့အတူ STIMSON Center က
အရှေ့အာရှရေးရာ သုတေသီYun Sun လည်း တက်ရောက်ခဲ့ပြီး
မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးဆိုင်ရာ အချက်အလက်တွေကို ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

=====================================================
=====================================================
11 September 2014

ရခိုင်ပြည်နယ်၊စစ်တွေမြို့မှာ နှစ်နှစ်ကျော်ထုတ်ပြန်ထားခဲ့ရတဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို စက်တင်ဘာလ ၁၁ရက်နေ့မှာ စတင် ရုတ်သိမ်းလိုက်ပါတယ်။

တည်ငြိမ်အေးချမ်းလာပြီဖြစ်တဲ့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေ ပုံမှန်အတိုင်းဖြစ်နေပြီဆိုပေမယ့်
ဘင်္ဂ ါလီကျေးရွာတွေနဲ့ ထိစပ်နေတဲ့နေရာတွေမှာတော့ လုံခြုံရေးကို အရင်အတိုင်းတင်းကျပ်ထားသင့်တယ်လို့ ဒေသခံတွေက ပြောဆိုနေပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေဖြစ်ခဲ့တဲ့အတွက်
တည်ငြိမ်မူမရှိတဲ့ မြို့နယ်တိုင်းမှာ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ မတ်လက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့ရုံးတချို့ တိုက်ခိုက် ခံရမူဖြစ်ပြီး
ဒေသခံတွေနဲ ့တင်းမာမူတွေဖြစ်ခဲ့တဲ့ စစ်တွေမြို့ဟာ
စက်တင်ဘာ ၁၁ရက်က စပြီး ညမထွက်ရ အမိန့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

=====================================================
=====================================================
10 September 2014
မြန်မာ အင်နီမေးရှင်းကာတွန်းပညာရှင် သုံးဦးဟာ ၂၀၁၄ ခုနှစ် အာဆီယံ အင်နီမေးရှင်း ကာတွန်းရုပ်ရှင်ပြိုင်ပွဲရဲ့
ပထမ၊ ဒုတိယ နဲ့ တတိယ ၊ ဆုသုံးခုစလုံးကို သိမ်းကြုံး ရယူလိုက်ကြောင်း သတင်းရရှိပါတယ်။

အာဆီယံဒေသအတွင်း မူပိုင်ခွင့်ကိစ္စ အလေးထားရေးနဲ့ ဒေသတွင်း အင်နီမေးရှင်း ခေါ် ကာတွန်းရုပ်ရှင်လုပ်ငန်းများ
ဖွံ့ဖြိုးကြီးထွားလာရေး လှုံ့ဆော်အားပေးဖို့ ရည်ရွယ်ကျင်းပတဲ့ ပြိုင်ပွဲမှာ

အာဆီယံနိုင်ငံတွေထဲ အသိပညာ၊ အနုပညာလုပ်ငန်းများ မူပိုင်ခွင့်နဲ့ ပတ်သက်ရာမှာ
ဂရုစိုက် အလေးထားမှု အလွန်နည်းပါးနေတဲ့ မြန်မာနိုင်ငံတွင်းက
မြန်မာ အင်နီမေးရှင်းကာတွန်းပညာရှင် သုံးဦးအနေနဲ့ ထိပ်ဆုံးဆု သုံးခုကို သိမ်းပိုက်လိုက်နိုင်တာဟာ အံ့အားသင့်စရာဖြစ်နေကြောင်း ပြောဆိုမှုတွေရှိနေပါတယ်။

အာဆီယံ အင်နီမေးရှင်း ကာတွန်းရုပ်ရှင်ပြိုင်ပွဲမှာ ပထမဆုရရှိသွားတဲ့ လင်းထက်မော်အတွက်
ဆုငွေ ဘတ် ၁၀၀, ဝ၀ဝ (US ဒေါ်လာ ၃, ၁၀ဝ ကျော်) နဲ့
အမေရိက၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ အင်နီမေးရှင်း ရုပ်ရှင်ပညာ ၅ ရက် အနီးကပ် ဆည်းပူးလေ့လာခွင့်အတွက်
အသွားအပြန် လေယာဉ်လက်မှတ်အပါအဝင် စရိတ်တွေ ချီးမြှင့်မှာဖြစ်ပါတယ်။

ဒုတိယဆု ရရှိတဲ့ အောင်ရဲမော်ရဲ့ နျူထရွန်အသင်းကတော့ ဘတ် ၇၀,၀၀ဝ (ဒေါ်လာ ၂,၁၀ဝ ကျော်) နဲ့
ဂျပန်နိုင်ငံ၊ ထိပ်တန်း အင်နီမေးရှင်း စတူဒီယိုများမှာ ၅ ရက် လေ့ကျင့်သင်ကြားခွင့်အတွက်
အသွားအပြန် လေယာဉ်လက်မှတ်ခအပါအဝင် စရိတ်များ ပေးအပ်မှာဖြစ်ပြီး…

တတိယဆုရသူ ရဲဝင်းအတွက် ငွေသား ဘတ် ၅၀,၀၀ဝ (ဒေါ်လာ ၁,၅၆ဝ ခန့်) ပေးအပ်ချီးမြှင့်မှာဖြစ်ကြောင်း သတင်းရရှိပါတယ်။

====================================================
====================================================
9 September 2014

မြန်မာနိုင်ငံရဲ့ ဆေးတက္ကသိုလ်တွေကနေ ဘွဲ့ရအောင်မြင်လာကြတဲ့ မြန်မာဆရာဝန်တွေ
US မှာ အလုပ်သင် ဆရာဝန် (Residency Training) အဖြစ် အင်တာဗျူး ဝင်ရောက်ဖြေဆိုနိုင်ဖို့
ပွဲတွေ့အင်တာဗျူး (mock interview) အနေနဲ့
စက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့မှာ နယူးယောက်မြို့မှာ မြန်မာ- US ဆေးပညာအသင်းကနေ စစ်မေးပေးမယ်လို့ သတင်းရရှိပါတယ်။

အဆိုပါ ပွဲတွေ့အင်တာဗျူးကို Myanmar American Medical Education Society (M A M E S)
အသင်းဝင် ဖြစ်စေ၊ အသင်းမဝင်ရသေးသူ ဖြစ်စေ၊ US ရောက် မြန်မာဆရာဝန်များအနေနဲ့ မည်သည့် ပြည်နယ်ကမဆို
လာရောက် လေ့ကျင့် ဖြေဆိုနိုင်ကြောင်း
MAMES ကို စတင် တည်ထောင်သူ၊ ပညာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ မြတ်မြတ်မွန်ရဲ့ ရှင်းလင်းပြောကြားချက်အရ သိရပါတယ်။

မြန်မာဆေးတက္ကသိုလ်များမှ ဆရာဝန်များအနေနဲ့
အခုအချိန်မှာ အသင်းဝင် ၇၀ဝ ကျော် ရှိနေတဲ့ M A M E S အသင်းကို ဝင်ဖို့ အခကြေးငွေ ပေးစရာမလိုပဲ
အခမဲ့အသင်းဝင်နိုင်ကြောင်း သိရှိရပါတယ်။

အမေရိကရောက် မြန်မာလူမှုအသိုင်းအဝိုင်းရဲ့ ကျန်းမာရေးအတွက်
တစ်ဖက်တစ်လမ်းကနေ ကူညီ ဆောင်ရွက်ပေးနေတဲ့ (MAMES) အသင်းဟာ
၂၀၀၂ ခုနှစ်က စတင် တည်ထောင်ခဲ့တာဖြစ်ပြီး စေတနာ့ဝန်ထမ်း မြန်မာဆရာဝန် ၄ဝ ကျော်က မြန်မာလူမျိုးများ
အဝလွန်ကဲမှု၊ သွေးတိုး၊ ဆီးချို၊ သွေးအဆီဓာတ် (cholesterol) စစ်ဆေးမှုတွေအပြင် …

အမျိုးသမီးတွေအတွက် ရင်သားကင်ဆာ ရှိမရှိ စစ်ဆေးတဲ့ ရင်သားဓာတ်မှန် (mammogram) လည်း အခမဲ့ ရိုက်ကူးပေးပြီး အခြားလိုအပ်တဲ့ ကုသရေးတွေ အခမဲ့ ရရှိအောင်ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
ဒါ့အပြင်၊ ကျန်းမာရေးအာမခံ ရရှိအောင်လည်း အကြံပေးလမ်းညွှန်လျက် ရှိတယ်လို့ သိရှိရပါတယ်။

==================================================
===================================================

08.09.2014

မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် CDD Community Driven Development Projects
အခြေခံလူထုအသိုင်းအဝိုင်းရဲ့ ဆန္ဒ လိုအပ်ချက်ကိုဗဟိုပြုတဲ့ ဖွံ့ဖြိုးရေး စီမံကိန်းပေါင်း ၃၅ဝ ကျော်ကို
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်း ကျေးရွာ ၂ သိန်း ၄ သောင်း ၅ ထောင်မှာ ကမ္ဘာ့ဘဏ်အကူအညီနဲ့ အကောင်အထည်ဖေါ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ဌာနေ ကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဆန်းစစ်အကဲခတ်လေ့လာချက်တွေအရ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးစံနစ်ဟာ ခေတ်နောက်ကျပြီး
အားနည်းနေတယ်ဆိုတဲ့အချက်ကို မြန်မာအာဏာပိုင်တွေက ဝန်ခံထားပြီး လိုအပ်ချက်တွေအတွက် အကူအညီပေးဖို့ တောင်းခံခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးစီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ ဝန်ကြီးဌာနတွေကတော့ ဘဏ္ဍာရေးနဲ့ စီမံကိန်း ဝန်ကြီးဌာန၊ မွေးမြူရေး၊ ငါးလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ဖြစ်ကြောင်း သတင်းရရှိပါတယ်။

US အရှေ့ဖက်ကမ်းရိုးတန်း နယူးဂျာဆီပြည်နယ်မှာ ပထမဆုံး အာရှ မြန်မာစားသောက်ဆိုင်အဖြစ်
Inle Lake Asian Fusion Food ကို စက်တင်ဘာ ၃ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။

နယူးယောက်မြို့မှ မိနစ် ၃ဝ ခန့်သာ ကွာဝေးတဲ့ နေရာမှာ တည်ရှိတဲ့
အင်းလေးကန်သာ စားသောက်ဆိုင်မှာ ရှမ်းပြည်နယ်နဲ့ အင်းလေးဒေသ အစားအသောက်တွေကို စီမံချက်ပြုတ် ပေးပြီး
တခြားနေရာမှာ ရရှိဖို့ ရှားပါးခက်ခဲတဲ့ အစားအစာတွေ သုံးဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပွဲလမ်းအခမ်းအနားများအတွက်လည်း အော်ဒါလက်ခံပြီး ချက်ပြုတ်စီစဉ် ပို့ဆောင်ပေးနေတဲ့
Inle Lake Asian Fusion Food လိပ်စာကတော့…

Inle Lake Asian Fusion Food (Closed on Tuesdays)
633 Anderson Ave, Cliffside Park, NJ 07010
Tel. 201-313-0313 ဖြစ်ပါတယ်။

====================================================

US ၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ Jamestown မြို့၊
ဓမ္မဗိမာန်ကျောင်း တည်ရှိရာ 6612 Brass Rd, James town, NC 27282 ၌
သီတင်းကျွတ်မီးထွန်းပွဲေတော်နှင့် တရားပွဲကို စက်တင်ဘာ ၂ရ ၊ (စနေနေ့) ၊ ညနေ ၄ နာရီမှ စတင်ပြီး ကျင်းပမှာဖြစ်တဲ့အတွက်
ပွဲတော်ကို ကြွရောက်ကြပါရန် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ကို ဖိတ်ခေါ်အပ်ပါတယ်။
ပွဲတော်နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက …
ဓမ္မဗိမာန်ကျောင်း ၊ ဖုန်း – ( 336 ) 882-5012 / 847-4462 ကို ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါတယ်။
———————————

US ၊ ဂျော်ဂျီယာပြည်နယ်၊ ရတနာဗိမာန် ရိပ်သာကျောင်း တည်ရှိရာ
No. 4415 Union Church Rd, McDonough, GA 30252 တွင်… ဆရာတော် ရဝေနွယ်(အင်းမ) အရှင် ရာဇိန္ဒမှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ဟောကြားမည်ဖြစ်သောကြောင့်….
စက်တင်ဘာ ၂၁ နဲ့ စက်တင်ဘာ ၂၁ ရက်များမှာ နံနက် ၁၁ နာရီအရောက် တရားနာကြွရောက်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်သူ ဓမ္မမိတ်ဆွေများအား ဖတ်ကြားအပ်ပါတယ်။
တရားတော်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက…
ဖုန်း – 770-676-7169 ကို ဆက်သွယ် စုံစမ်းနိုုင်ပါကြောင်း သတင်းပေးတင်ပြအပ်ပါတယ်။

———————————–

US ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဥက္ကလံမြို့ ၊ ဓမ္မအေးရိပ်ကျောင်း တည်ရှိရာ…
2523 23 RD AVE OAKLAND CA 94606 မှာ ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ(တောင်စွန်း) မှ…
နိဗ္ဗာန်ရောက်ကြောင်း တရားတော်မြတ်များကို ဟောကြားပြသမှာဖြစ်ပါသောကြောင့်….
တရားတော်နာ ကြွရောက်ကြဖို့ ဖိတ်ခေါ်ပါကြောင်း သတင်းပေးအပ်ပါတယ်။

အသေးစိတ် စုံစမ်းသိရှိသူများအနေနဲ့ ဖုန်း ၄၁၅-၉၃၅-၇၁၁၄ ၊ ၅၁၀-၅၈၅-၆၇၇၃ ကို ဆက်သွယ်နိုင်ကြောင်း သိရှိရပါတယ်။
=====================================================

အလင်းခြုံတဲ့ သတင်း Zone ကို တင်ဆက်လို့ ပြီးပါပြီ ။

နောင်တစ်ပါတ်မှာ ပြန်ဆုံကြပါဦးစို့ခင်ဗျား….

မိတ်ဆွေများ..လွတ်လပ်ငြိမ်းချမ်းပါစေ…

လေးစားစွာဖြင့်…

အလင်းဆက်(Gazette)

19/9/2014/

ကျနော့်အနေနဲ့….ဒီသတင်းတွေကို
အင်တာနက် / ဖေ့ဘုတ်နဲ့…. ပြည်တွင်း ပြည်ပ သတင်းစာ၊ သတင်း Website တွေမှာ ဖေါ်ပြကြတဲ့ သတင်းတွေကိ်ု လိုက်ဖတ်ပြီး….
သူတို့ သတင်းကို တိုက်ရိုက် ကူးမယူပဲ…
ကျနော့်ရေးဟန်နဲ့ ကျနော် ပြန်ရေးပြခြင်း ဖြစ်ကြောင်း ဝန်ခံပါတယ်။

——-

11 comments

  • kai

    September 19, 2014 at 2:15 pm

    ပုံတွေမတင်တော့ဘူးပေါ့…
    ဆိုတော့…
    အောက်ကသတင်း၂ခုထပ်တိုးလိုက်ပါကြောင်း…
    ==============

    NetMAAရဲ့ ရကြိမ်မြောက် မြန်မာ့ရုပ်ရှင်ပွဲတော်ကို၂၀၀ရကတည်းက တောက်လျှောက်ပြသခဲ့တဲ့ လော့စ်အိန်ဂျလိစ်မြို့ Little Tokyo နားက ( Downtown Independent Theater)မှာကျင်းပခဲ့ပါတယ်။ စက်တင်ဘာ ၁၃၊၁၄ရက် ပွဲကို ၂ရက်ကျင်းပတာမှာ ပထမရက်က ပရီမီယန်ရှိုးဖြစ်ပြီး ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြလို့ ဒါရိုက်တာများကလည်း မိမိတို့ရဲ့ Documentary အကြောင်းရှင်းပြပြောဆိုကြတာဖြစ်ပါတယ်။ ဒုတိယရက်ကတော့ မည်သူမဆိုအခမဲ့ဝင်ကြည့်နိုင်အောင်ဖွင့်ပေးထားတာဖြစ်ပါတယ်။
    ဒီနှစ်ပွဲကို အရင်နှစ်တွေကလို မြန်မာပြည်က မင်းသား၊မင်းသမီလာရောက်ခြင်းမရှိပဲ The Glassman ကားကိုရိုက်ကူးသူဒါရိုက်တာ ဝီရအောင် တယောက်ပဲ မြန်မာပြည်ကနေလာဖြစ်ပါတယ်။ ဒါပေမယ့် အီတာလီယန်-အမေရိကန်တဦးဖြစ်တဲ့ Vincent Giordano က သူရိုက်ကူးတဲ့ကား Born Warriors အတွက်
    ရှင်းပြပြောဆိုဖို့နယူးယောက်ကနေ ရောက်လာပါတယ်။ အယ်လ်အေကိုရောက်နေတဲ့ Miss Universe Myanmar (2013) မယ်တဦးဖြစ်တဲ့ မိုးစက်ဝိုင်လည်းပွဲကိုလာပါတယ်။ သူနဲ့အတူ အရင်ကအာစီယံမယ် မြန်မာကိုယ်စားပြုတဦးဖြစ်တဲ့ အိရူပါဝင်းလည်းလာပါတယ်။
    စနေနေ့ မှာကျင်းပတဲ့ ပရီမီယန်ပွဲကို မြန်မာနဲ့အမေရိကန် စုစုပေါင်း ၁၀ဝကျော်တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
    =
    ဆရာကြီးဂိုအင်ကာကွယ်လွန်ခြင်း တနှစ်ပြည့်အခမ်းအနားကို ၂၀၁၄၊ စက်တင်ဘာ၁၄ရက် တနင်္ဂနွေနေ့က လော့စ်အိန်ဂျလိစ်မြို့၊ အဇူဇာရှိ ဓမ္မဂါယတရားရိပ်သာတွင် ကျင်းပခဲ့ရာ
    ဧည့်ပရိသတ်ပေါင်းတစ်ထောင်ကျော်တက်ရောက်ခဲ့ကြပါတယ်။ မြန်မာသံဃာတော်၃ပါးအပါအဝင် ပင့်သံဃာအပါးတစ်ရာကိုနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး မြန်မာအဖွဲ့မှ သံဃာတပါးလျှင် $40၊ Book Mark, မျက်နှာသုတ်ပုဝါ အသေးတထည်စီ၊ ရှမ်းလွယ်အိတ်နှင့်ဆရာကြိီးဂိုအင်ဂါရဲ့ဟောပြောချက်
    များကိုကောက်နုတ်တင်ပြထားသည့် စာအုပ်များဆက်ကပ်ခဲ့တယ်လို့သိရပါတယ်။
    ယခုအခမ်းအနား ဖြစ်မြောက်ရေး အတွက် ( Big Eight Group) ဟုအမည်ရသော မြန်မာ၊ ယိုးဒယား၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ အိနိ္ဒယ ၊ (ကိုရီးယန်း၊လက်တီနို၊ အမေရိကန်
    အစရှိသည့်လူမျိုးပေါင်းစုံပါဝင်သောအဖွဲ့) ကြီးကဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကြွရောက်လာသူများကို သက်သတ်လွတ်ထမင်းဟင်းများကျွေးမွေးခဲ့၍ မြန်မာဒကာများမှ ပဲပြုတ်ထမင်းကြော်၊ သရက်သီးသနပ်၊ ရွှေရင်အေးတို့လှူဒါန်းခဲ့ကြပါတယ်။

    • alinsett

      September 19, 2014 at 5:18 pm

      ဒီတစ်ပါတ်တော့…ပုံတွေ မထည့်တော့ပါဘူး..သူကြီးရေ…
      စာချည်းပဲတောင် မနည်း တင်လိုက်ရတယ်လေ..။
      အင်တာနက်လိုင်းတွေ ကျနေလို့…
      စာတောင်…. ဖွတ်ချက်ဖွတ်ချက်နဲ့… ပိုစ့်က…ခဏခဏ ပျက်သွားလို့….
      ပြန် ပြန် တင်နေရတာ…

      😆

      ——

  • ခင် ခ

    September 19, 2014 at 11:13 pm

    တကယ့်သတင်စုံပါဘဲဗျ
    အပတ်တိုင်းလဲမျှော်မိပါရဲ့ဗျာ

    • alinsett

      September 20, 2014 at 5:24 am

      စောင့်မျှော်ဖတ်ရှုပေးနေတဲ့အတွက် ဇူးဇူးပါ လေးခ ရေ

  • မြစပဲရိုး

    September 20, 2014 at 1:41 am

    မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက်
    သူများဆီကနေ လက်ဖြန့်တောင်းဖို့ မလိုပါဘူး လေ။
    နိုင်ငံက ဆင်းရဲ နေတာမှ မဟုတ်ဘဲ။
    ပြည်သူတွေ ရဲ့ ဘဏ္ဍာ ပြည်သူတွေဆီ ရောက်ဖို့ ကိုဘဲ ကြိုးပမ်းဖို့လိုတာ။

    ဒါပေမဲ့
    လက်ဖြန့်တောင်း နေတာက လွယ်မလား။
    အလွဲသုံး တွေ ကို ဖြုတ်ဖို့ လွယ်မလား။

    အလွယ်ကြိုက် လဲ အလွယ်နည်း လိုက်ပေါ့လေ။
    +++++++++++++++++++++

    ဆုရ ကလေး ၃ ယောက် အတွက်လဲ အများကြီး ကို ဂုဏ်ယူပါတယ်။
    တကယ်တော့ မြန်မာ တွေ က မညံ့ပါဘူး။
    အခွင့်အလမ်း တွေ ပိတ်နေတာမို့ပါ။

    • alinsett

      September 20, 2014 at 5:18 am

      အင်းးးးးး
      အခုလည်း . . . သတင်းကြားတယ်
      ကျန်းမာရေးဝန်ကြီးဌာနအတွက်တဲ့
      ကမ႓ာ့ ဘဏ်ကနေ တဲ့
      ဒေါ်လှ တဲ့
      သန်း ၁၀ဝ တဲ့
      ချေးမယ်တဲ့
      အဲ့ဒါတဲ့ . .
      လွှတ်တော်ကတဲ့
      အတည်ပြုလိုက်ပြီတဲ့. . .
      32 နှစ် စီမံကိန်းနဲ့ ပြန်ဆပ်ရမယ်တဲ့။
      😆

      မြန်မာနိုင်ငံရဲ့ ပြင်ပ ကြွေးမြီကတဲ့
      စုစုပေါင်းတဲ့
      US ဒေါ်လာ ငါးဘီလျံလောက် ရှိနေပြီတဲ့. . .
      ဘယ်လိုတွေ ဘယ်လိုတွေ ပြန်ဆပ်ကြမလဲ ဆိုတာကို သေချာတွေးဖို့လိုနေပြီ ထင်တယ်။
      လွယ်လွယ်ယူပြီး လွယ်လွယ် ထိုးဆပ်တာကလည်း ဖြေရှင်းနည်းမဟုတ်ဘူး။
      ဒီငွေတွေ ချေးယူရကျိုးနပ်လောက်အောင်
      ဘာတွေ အသုံးချလိုက်နိုင်သလဲ
      ဘာတွေ အသုံး ကျလိုက်သလဲ
      ဒီငွေတွေရဲ့ အသုံးကို သွားရာလမ်းတလျှောက် ရိုးရိုးသားသား လိုက်ကြည့်ဖို့လည်း လိုနေပြီလို့ ကျနော်ထင်တယ်။
      အခု ကမ႓့ဘဏ်ကနေ ကျန်းမာရေးအတွက် ချေးယူတယ်။
      တကယ့်လက်တွေ ့မှာ ပြဘ်သူတွေရဲ့ ကျန်းမာရေး
      နိုင်ငံရဲ့ ကျန်းမာရေးက
      ချူချာနေဆဲပဲဆိုရင်
      အသုံး မကျတဲ့ အတွက်
      ဘယ်လောက်ချေးချေး တန်ဖိုးမဲ့မယ်

      ရင်တော့လေးပါတယ် အရီးရယ်

      🙁

      • ဝင့်ပြုံးမြင့်

        September 21, 2014 at 2:14 am

        .အကြွေးကတော့ မပူနဲ့။ ဘယ်တော့မှ ဆပ်မှာ မဟုတ်ဘူး။ တော်တော်ကြာတော့ ဟိုက ပျင်းသွားပြီး အကြွေးတွေ လျော်ပစ်လိုက်လိမ့်မယ်။

  • ဝင့်ပြုံးမြင့်

    September 20, 2014 at 2:11 am

    လိုင်းမကောင်းတော့ အခုလို ညဘက်မှာ တစ်ထိုင်တည်းဖတ်လိုက်ရတာ ကျေးဇူးပါ ကိုသူရရေ။ IS ကိုခြေမှုန်းမယ့်သတင်းကြားရတာ အားရဝမ်းသာလိုက်တာ။

    • alinsett

      September 20, 2014 at 5:22 am

      ဟုတ်။
      ရည်ရွယ်ချက်က အဲ့ဒါပါအစ်မရေ။
      မြန်မာပြည်အင်တာနက်နဲ့ သတင်းတွေ တစ်မျက်နှာပြီး တစ်မျက်နှာ လိုက်ဖတ်ရမှာ မလွယ်တဲ့အခါ
      ကျနော် ဖတ်ပြီး ပြန်ပြောပြသမျှ
      သတင်းစုစည်းမှုလေးတွေကို တထိုင်တည်း ဖတ်ဖို့
      အဆင်ပြေစေဖို့ပါ။

      😆
      IS ကို ကျနော် မုန်းတယ်

  • pooch

    September 21, 2014 at 3:32 am

    ပျောက်နေတဲ့သူတွေ ရှာမတွေ့သေးဘူး အချိန်က မျက်နှာသာမပေးရတဲ့ အထဲ 😥

    ပုဂံက ‘ဒဏ္ဍာရီ’ အနုပညာ ပွဲကို သွားကြည့်ချင်တယ်

    • alinsett

      September 21, 2014 at 6:11 am

      မနေ့ကတော့
      တောင်တက်အဖွဲ့ဝင်တွေ ရန်ကုန်မြို့ကို ပြန်ရောက်ကြပြီ။
      ကြိုသူတွေနဲ့ ပြန်လာသူတွေ ပွေ ့ဖက် နှုတ်ဆက်နေကြတာ
      တွေ ့တော့
      ပျောက်ဆုံးနေတဲ့ နှစ်ယောက်ကို ပို တွေ ့ချင်မိပါတယ်။
      ကျနော့်ထက် ပိုတွေ ့ချင်မှာက သူတို့ မိသားစုဝင်တွေပေါ့

      မြန်မြန် တွေ ့ပါစေဗျားးးး

Leave a Reply