” သိလိုက်လို့ “

 

” ဟေ့ကောင် ငပွေး ဘေးကနေ အတူချောင်းကြည့်မယ်ဆိုလည်း တိတ်လေးနေပြီးကြည့်ကွာ “

” ဘာဖြစ်လို့လဲကွ မင်းကလည်း မင်းအပိုင်မဟုတ်ဘဲနဲ့ သ၀န်ကတိုနေသေးတယ် “

” ဘာလို့ငါအပိုင်မဟုတ်ရမှာလဲ ငါအလှည့် ငါလက်ထဲရောက်ရင် အဲဒီအချိန် ငါအပိုင်ဘဲကွ “

” အခု မင်းအလှည့်ဆိုပေမယ့် နောက်တစ်ခါကျ သူများဆီရောက်ရင်ရောက်တာလေ “

” ဘာဘဲဖြစ်ဖြစ် ကိုယ့်ရရင် ကိုယ်ပိုင်တာဘဲကွာ “

” မင်းမကျေနပ်ရင် ငါ့နားလာကပ်မချောင်းနဲ့ ဟိုကောင်တွေဘက်သွားချောင်းကြည့် “

” အဲဒီဘက်သွားလည်း အဲဒီကောင်တွေက မင်းလိုဘဲပြောရင် ဘယ်နဲ့လုပ်မလဲ “

” ပြောမှာဘဲလေ မင်းက ချောင်းလည်းကြည့်သေးတယ် ပါးစပ်ကလည်း အငြိမ်မနေတာကို “

” ဘာဖြစ်လဲကွ ကိုယ့်အချင်းချင်းတွေဘဲဉ္စာ “

” ကိုယ့်အချင်းချင်းတွေတော့ ဟုတ်တာပေါ့ ဘယ်ကောင်းမလဲကွ ချောင်းကြည့်တဲ့ဖိလင်ပျက်တာပေါ့ဟ “

” ဟုတ်ပါပြီ ကြည့်မှာတာကြည့်စမ်းပါ “

ခဏတာတိတ်ဆိတ်သွားပြီး အသီးသီးချောင်းကြည့်နေရာက ငပွေး ဆီက အာမေဋိတ်အသံတိုးတိုးထွက် လာတယ်

” ဟာ သေးသွားတယ်ကွာ ကြီးမယ်ထင်တာ !!!!!!! “

” ငပွေး မင်းလုပ်တာနဲ့ သိကုန်တော့မှာဘဲ အသေးမြင်လည်း အသေးအတိုင်းဖီလင်ခံစားနေပေါ့ အသေးပြီး အကြီးအလှည့်လာရင်လာမှာပေါ့ မင်းကလည်း “

ခဏလေးထပ်ငြိမ်သွားကြပြီး

” ဟာ ဒီတစ်ခါတော့ အားရစရာကြီးဟ “

” ငပွေးသွားတော့ကွာ မင်းက ချောင်းလဲမချောင်းတတ်ဘဲနဲ့ ချောင်းကြည့်တယ်ဆိုတာ အသံမထွက်မှ ကောင်းတာကွာ အသံထွက်ရင် သူများတွေ ရိပ်မိမှာပေါ့ ဒီကောင်နဲ့ အလိုက်ကန်းဆိုးကိုမသိဘူးကွာ “

တစ်ယောက်ကလည်း လှမ်းသတိပေးသံထွက်လာတယ်

” ငပွေး မင်းအသံသိပ်မစွာနဲ့ကွာ အိမ်ရှင်သိသွားရင် မင်းကော ငါကော အဆောင်ပြောင်းနေရအုံးမယ် မသိအောင် ခိုးလုပ်ပါတယ်ဆိုမှ မင်းကတမှောင့်”

အခန်းအပြင်မှာရောက်နေတဲ့ ကျုပ်တစ်ယောက် အခန်းထဲမှာ ဒီကောင်တွေဘာတွေလုပ်လို့ ဘာတွေချောင်း နေကြပါလိမ့် ညနေကတော့ တက္ကသိုလ်သိပ္ပံစားသောက်တန်းဖက်ဆိုင်ထိုင်ရင်းနဲ့ သူတို့ခြောက်ယောက် တီးတိုးပြောနေတဲ့နား ကျုပ်ရောက်သွားတော့

” မင်းတို့ ဘယ်သွားပြီး ဘာလုပ်မလို့ ချိန်းနေကြတာလဲ ” မေးမိတုန်းက

” မင်းက ဒါမျိုးတွေဝါသနာမပါ ပါဘူးကွာ၊ အေးဆေးနေခဲ့စမ်းပါ “

” အဲလိုတော့မဟုတ်ဘူးလေ မင်းတို့က ဘာလုပ်မှာမို့လဲကွ “

” ငါတို့က ဟိုဟာသွားလုပ်ကြမလို့ မင်းမလုပ်တတ်ဘဲနဲ့များ လိုက်မနေနဲ့ “

” ဘယ်ဟာလဲကွ “

” မင်းကလည်းအသာနေစမ်းမှာ ဘေးမှာအခြားသူတွေနဲ့ကွ ပြောလို့ဘယ်ကောင်းပါမလဲ ” ဆိုပြီး ထိုသူငယ်ချင်း တစ်သိုက်ထလစ်သွားကြတော့ ဒီလောက်တောင်ဖြစ်တယ် လိုက်ကိုလိုက်အုံးမယ် ထမင်းကြော်မှာထားတာ မရရင်လဲ မကြော်နဲ့လှမ်းအပြော

” ညီလေးမှာထားတဲ့ ထမင်းကျော်ရပြီ အခု ပုဂံထဲ ထဲ့နေတယ် လာပို့မယ် ငါညီ ” ဆိုတာနဲ့ စားနေကျဆိုင်ကို အားနာတာနဲ့ဘဲ ထမင်းကြော်စားပြီး နေခဲ့ရတာလေ ဖြစ်ချင်တော့ ထမင်းကြော်ကကြောာ်ခါစ ပူပူနွေးနွေးမို့ အမြန်လည်းစား မရတာနဲ့ ခဏကြာသွား ပြီးမှ ငပွေး အဆောင်ရှိရာ စွတ်ကျယ်စက်လမ်းဘက်ကိုထွက်လာခဲ့ပြီး အခု ငပွေးအဆောင် အခန်းဝနား အရောက်မှာ အထဲက အသံတွေရယ် ကျုပ်ကိုခေါ်မသွားတာရယ် ချောင်း ကြည့်ရင်း ဟာ ဟင် သေးသေးလေး ဆိုတာတွေကော အားရစရာဆိုတဲ့ ငပွေး အသံကြောင့် ကျုပ်တစ်ယောက် အခန်းထဲဝင်လိုက်ရင်ကောင်းမလား လာလမ်းကိုဘဲပြန်လှည့်ရင်ကောင်းမလား ၀င်လိုက်လို့ သူတို့မလိုက် စေချင်တာ မသိစေချင်တာကို လိုက်စပ်စုတယ်ဆိုပြီး ကျုပ်ကိုပြောလေမလား လက်မြန်ခြေမြန်တတ်တဲ့ ရှုးရှုး သမား မောင်ကြည် က ထများထိုးလိုက်ရင် ရန်ဖြစ်ကြရင် မကောင်းဘူးဖြစ်မယ်လေ ဆိုပြီး ပြန်တာဘဲကောင်း ပါတယ်ဆိုကာ ကျုပ်တစ်ယောက်လာ လမ်း အတိုင်းပြန်ဖို့ ခြေဦးအလှည့် ……………….

” ဟေ့ မောင်စိုး မင်းအလှည့်လေ ဆွဲမှာလား မင်းမဆွဲရင် ငါဝင်ဆွဲလိုက်မယ် “

” ဟာ ဆွဲမှာပေါ့ ဆွဲဖို့စောင့်နေတဲ့ဟာကို အလှည့်မကျော်ကြေးလေကွာ “

လို့ ကြားလိုက်ပြန်တော့ ကျုပ်ပြန်မယ့်ခြေလှမ်းတွေ ခဏဆိုင်းတွန့်သွားပြီးမှ စိတ်ဆုံးဖြတ်လိုက်ပြီး စီးကရက် ဗူးထဲစီးကရက်တစ်လိပ်ထုတ်လိုက်ကာ မီးညှိကာ ဖွာလိုက်ရင်း ငါစိတ်ဝင်စားတဲ့အရာ မဟုတ်ဘူးဆိုတာ သိလိုက်လို့ လာလမ်းအတိုင်း အဲဒီနေ့က ကျုပ်တစ်ယောက်ပြန်လာဖြစ်ခဲ့တယ်လေ။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..