“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၁၆” (ရွှေနားပန်ဆင်တော်မူဖို့……………….)

“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၁၆”

 

(ရွှေနားပန်ဆင်တော်မူဖို့……………….)

 

ဒီတေးသီချင်းလောက ကိုရောက်လာတဲ့အခါမှ သာ အရင်က ပြောပြော

နေကြတဲ့  မိုနို(mono) နဲ့ စတီရီယို(stereo) ဆိုတာကို ကွဲပြားအောင်သိလာပါတယ်။

ကျနော်အရင်က သိထားခဲ့ တာက ရှေးသီချင်းကြီးတွေ ၊

အဆွေးသီချင်းတွေ၊

ဓါတ်ပြားသီချင်းတွေ ရေဒီယိုသီချင်းတွေက “မို နိုလိုင်း”

ဂစ်တာတွေ အော်ဂင်တွေနဲ့ တီးထားတဲ့ လမ်းသူရဲသီချင်းလို့နာမယ်တပ်

ထားတဲ့သီချင်းက “စတီရီယိုလိုင်း”လို့ သဘောပေါက်ထားပါတယ်။

အားလုံးကလဲ ဒီလို ဘဲ သတ်မှတ်ထားပါတယ်။

အခုအချိန်မှာလဲ မြန်မာသံစဉ် သီချင်း ဆိုရင် မိုနို

ကော်ပီသီချင်း အနောက်တိုင်းသံစဉ် ဆိုရင် စတီရီယိုု လို့ သတ်မှတ်ထားတုံးဘဲဖြစ်ပါတယ်။

 

တကယ်တော့စတီရီယို မို နို ဆို တာ အသံဖမ်းစံနစ်ကိုမူတစ်ပြီးကွဲပြားသွားတာပါ။

Track ဆိုတဲ့ အသံလိုင်း တွေကို မူ တည်ပြီး သတ်မှတ်ထားတာဖြစ်ပါတယ်။

တနည်းပြောရင် အသံ တွေကို တစ်ခု ခြင်း ခွဲ ထားတာကို ဆိုလိုပါတယ်။

ဆိုင်းသံကသတ်သတ်၊

ဗုံသံယကွင်းသံကသတ်သတ်

ဂစ်တာသံ က သတ်သတ်

ဒရမ်သံ ကသတ်သတ်

အော်ဂင်သံက သတ်သတ်

လူဆိုတဲ့ အသံ  သတ်သတ်

အဲလို ခွဲ ထားတာကို ဆိုလိုတာပါ။

ရှေးခေတ် ကတော့ တစ်လိုင်း (one track) ပါ။

အဲတော့ မိုနိုပေါ့ ။

တစ်သံထဲထွက်တာကိုး။

ကက်ဆက်တွေ ပေါ်စ ကလဲ မို နို ကက်ဆက်တွေပါ။

နောက်ပိုင်းမှာ နှစ်လိုင်း ( two track)ဖြစ်လာပါတယ်။

အဲတော့ စတီရီယိုပေါ့။

ဆောင်းဘောက်နဲ့ တွဲဖွင့် မှ စတီရီယိုဆိုတဲ့ အသံစုံထွက်လာပါမယ်။

နောက်ပိုင်းမှ ဆောင်းဘောက်နှစ်လုံး နဲ့ စတီရီယို ကက်ဆက်တွေပေါ်လာပါတယ်။

အသံသွင်းစဉ်က ဘယ်လောက်ဘဲ လိုင်းခွဲ ထားထား ပြန်ဖွင့်တဲ့

စက်အပေါ်မှာမူတည်ပြီး အသံထွက်ကွာသွားပါတယ်။

ပြန်ဖွင့်တဲ့ စက်က မို နို ကက်ဆက်ဆိုရင်တစ်သံထဲဘဲထွက်ပါမယ်။

စတီရီယို ကက်ဆက် (ဆောင်းဘောက်နှစ်လုံး)ပါမှ အသံ ခွဲ ပြီးထွက်ပါတယ်။

နောက်ထူးထူးဆန်းဆန်းအနေနဲ့နှစ်ဖက်သံကြားဆိုပြီးပေါ်လာပါတယ်။

တီးလုံးသံတစ်ဖက် လူသီချင်းဆိုတဲ့အသံက တစ်ဖက်ထွက်တာကို ပြောတာပါ။

မှတ်မှတ်ရရ ဝင်းဦးနဲ့တင်တင်မြရဲ့  ကဆုန်လပြည်တို့ တာနောယက္ခ တို့ဆိုရင်

ယောကျာ်းသံတစ်ဖက် မိန်းမသံတစ်ဖက်ထွက် တော့ နားထောင်ရသူမှာ

နားအရသာအတော်လေးဆန်းသွားခဲ့ပါတယ်။

အဲတော့မှ စတီရီယိုဆိုတာဆောင်းဘောက်တစ်ခု ကို အသံ တစ်ခု ထွက်တာ

ကိုဆိုလိုပါလားလို့ လဲသိသွားကြပါတယ်။

တဖြည်းဖြည်းတိုးတက်လာတော့  ၄လိုင်း ၈လိုင်း ခွဲထုတ်နိုင်လာပါတယ်။

အခုခေတ်မှာတော့ လိုင်းပေါင်းများစွာ ခွဲထုတ်နိုင်လောက်အောင်တိုးတက်လာပါတယ်။

ဘယ်လောက်တိုးတက်သလဲဆိုရင် အသံလေးတစ်သံကိုတစ်လိုင်းထွက်လာတဲ့အထိပါဘဲ။

 

 

မိုနိုလို့ခေါ်တဲ့ သီချင်းတွေကတော့ ရှည်ပါတယ်။

ပုံမှန်သီချင်းတစ်ပုဒ် ကို ငါးမိနစ်ကျော်ကျော်လောက်ရှိပါတယ်။

ရေဒီယိုသီချင်းတွေက တော့ တစ်ပုဒ်လုံးဆက်တိုက် လာပါတယ်။

ဓါတ်ပြားသီချင်းတွေကတော့ ပထမပိုင်းဒုတိယပိုင်းဆိုပြီး

နှစ်ပိုင်းခွဲလာပါတယ်။

 

သီချင်းကူး ရ တဲ့ လူ အဖို့ဓါတ်ပြားသီချင်းတို့ ရေဒီယိုသီချင်းတို့ကိုလက်ရွေးစင်

ကူးပေးရတာ သက်သာပါတယ်။

တစ်ပုဒ်ဆိုရင် ၅မိနစ်ကျော်ကျော်လောက်ကြာတာကိုး။

စတီရီယိုသီချင်းကတော့ အများ အား ဖြင့် တိုတိုလေးပါ။

စတီရီယိုသီချင်းဆိုရင် တပုဒ် တစ်ပုဒ်ကို  ၂မိနစ် ၃မိနစ် လောက်ဘဲကြာတော့

စီခြောက်ဆယ် တစ် ခွေ ဆိုရင် သီချင်းအများကြီးဆန့်ပါတယ်။

ဒီတော့ ကျနော်တို့ လို ကျောင်းသားအသစ်ကလေးတွေဆိုရင်

မိုနိုသီချင်းတွေကို စကူးခိုင်းပါတယ်။

 

သီချင်းရှည်တော့ လူ သက်သာတာရယ်

ဓါတ်ပြားသီချင်းတွေ ရေဒီယိုသီချင်းတွေက အသံ သိပ်

ညှိဘို့ မလို တာလဲ တစ်ကြောင်းပေါ့။

 

ကျနော်ပထမဆုံး စကူးတဲ့ သီချင်းခွေက မောင်မောင်ညွန့်သီချင်းတွေရယ်

ကိုတင်လှိုင် ကိုသန်းလှိုင်သီချင်းကို ကူးပေးရတာပါ။

စစခြင်း ကိုတင်လှိုင်သီချင်း နဲ့ ကိုသန်းလှိုင်သီချင်းအရင်ကူးလိုက်ပါတယ်။

ကိုယ်သိနေတဲ့သီချင်းတွေဆိုတော့ အေးအေးဆေးဆေးပါဘဲ။

နောက်ထပ်ကူးရမယ် သီချင်းက မောင်မောင်ညွှန့်ဆိုထားတဲ့”ညိုနွဲ့”သီချင်းတွေပါ။

မငိုနဲ့ညိုနွဲ့ ရယ် တစ်ချိန်က ညို နွဲ့ သီချင်းနှစ်ပုဒ်။

သီချင်းနှစ်ပုဒ်လုံးကလဲ ညိုနွဲ့ ဆို တဲ့ စာသား ပါ ပါတယ်။

ကျနော်လဲ နားတော့ နားထောင်နေတာပါဘဲ။

ဒါပေမယ့် ကျနော်က ဓါတ်ပြား သီချင်းတွေကို

ဓါတ်ပြား တစ်ဖက်စီ ဘဲ ကူး ပေးလိုက်မိပါတယ်။

ဒီတော့ သီချင်းက တစ်ဝက်တစ်ပျက်ဘဲပါသွားတာပေါ့။

တိတ်သားတွေ ပို နေသေးတယ်ဆိုပြီး နောက်ထပ် သီချင်းတစ်ပုဒ် တောင်

ထပ်ထည့်ပေးလိုက်ပါသေးတယ်။

နောက်ရက် ကျတော့ အဲဒီခွေလေး က ပြန်ရောက်လာပါတော့တယ်။

သီချင်းကို အပြည့်ကူးမပေးဘူး ဘာညာ ကွိကွ နဲ့ ကွိုင်တွေပူတော့တာပေါ့။

ကာဗာကဒ်ပေါ်ကလက်ရေးကြည့်လိုက်တော့

ကျနော့် လက်ရေးဖြစ်နေတော့ ကျနော်ဆီ ရောက်လာပါတယ်။

အခုမှရောက်တဲ့ လူသစ်မို့ မှားတာပါ လို့ တောင်းပန်ပြီး ပြန်ပြင်ပေးရတာပေါ့။

အဲဒီမှာ တစ်ခု မူ သေမှတ်ထားလိုက်ပါတော့ တယ်။

ကက်ဆက်ခွေ ဆို တာ အေဆိုက် ဘီ ဆိုက် နှစ်ဘက်ရှိတာကိုး။

မိုနိုသီချင်းဆိုတာ တစ်ဖက် ငါးပုဒ်

နှစ်ဖက် ဆို ရင်  စုစုပေါင်း ဆယ်ပုဒ်ဆန့်တယ်။

ဆယ်ပုဒ်ထက်ပိုဆန့် နေရင် မှားနေပြီ ပြန်စစ် ဆိုတာပါဘဲ။

 

သီချင်း တစ်ပုဒ်ကူးတယ် ဆို တာ ပညာ မပါဘူးဆိုပေမယ့်

အလွယ်တကူတော့ မဟုတ်ပြန်ပါဘူး။

ကာယ နဲ့ ဉာဏ  နှစ်ခု စလုံးအသုံးချမှ သီချင်းတစ်ပုဒ်ဖြစ်လာနိုင်တာပါ။

ပထမ အဆင့် အနေနဲ့ ကာယပိုင်း ပြောရင်

စက်ကိုင်တတ်ရပါမယ်။

အင်ပလီဖိုင်ယာကိုအ သုံးပြုတတ်ရပါမယ်။

သီချင်းတိတ်ခွေထဲမှာ ရှိနေတဲ့ ကိုယ်လိုချင်တဲ့သီချင်းနေရာ

ရောက်အောင်ခွေ ကို ကြိုတင်ပြီး ရစ်ထားတတ်ရပါမယ်။

 

ဉာဏပိုင်းအနေနဲ့ပြောရင် ပထမဆုံးအနေနဲ့ ကိုယ်လိုချင်တဲ့

သီချင်း ဘယ်ခွေ ဘယ်ဆီးရီစ်ထဲမှာပါတယ်ဆိုတာသိရပါမယ်။

ပြီးရင် ဘယ်သီချင်းလဲ ဆိုတာကို သိနေရပါမယ်။

နောက်ဒီသီချင်းခွေ ဘယ်နားမှာရှိတယ်ဆိုတာကို လဲ သိနေရပါမယ်။

သီချင်းအသံ အတိုးအကျယ် က ဘယ်လောက်မှ နားထောင်ကောင်းမယ်

လို့သိနေရမှာတွေက ဦးနှောက်ပိုင်းဆိုင်ရာတွေပေါ့။

 

ကျနော်တို့ဆိုင်မှာက သီချင်းခွေတွေကို နံပါတ်စဉ်ထိုးပြိး

နံရံကပ်ဘီရိုတွေထဲမှာ ထည့်ထားပါတယ်။

သီချင်းခွေရဲ့ဘူးခွံပေါ်မှာ ခွေနံပါတ်နဲ့ ဆီးရီးအမည်ထိုးထားပါတယ်။

ဘူးခွံရဲ့ အတွင်းထဲမှာတော့ အဲဒီခွေမှာပါတဲ့ သီချင်းနာမယ် နဲ့

အဆိုတော်နာမယ်တွေကိုရေးထားပါတယ်။

သီချင်းတစ်ပုဒ်ကူးတော့မယ်ဆိုရင် ကိုယ်လိုချင်တဲ့သီချင်း

ရောက်အောင်ခွေကိုရစ်။

ပြီးရင်သီချင်းတွေ့အောင်ရှာ။

ကိုယ်သိတဲ့သီချင်းဆိုရင် တော့တန်းတွေ့ပြီး မသိ သေးတဲ့

သီချင်းဆိုရင် တော့ ပြန်နားထောင် ပြီးမှန်အောင်ရှာရပါတယ်။

ကျနော်တို့သီချင်းကူးတဲ့အချိန်မှာ နားကြပ်ကိုအမြဲ တပ်ထားရပါတယ်။

လူဟောင်း အတော်များများကတော့ သီချင်းသိနေပြီးသားဆိုတော့

သီချင်းစလွှတ်ပြီးရင် နားကြပ်ကိုဖြုတ်ထား။

သီချင်းပြီး ခါနီးမှ  ပြန်တပ်။

နောက်တစ်ပုဒ်ထပ်ကူးပေါ့။

ကျနော်က တော့ သီချင်းနားထောင်ရတာဝါသနာပါတာရယ်

ကိုယ်မသိသေးတာတွေ အများကြီးဆိုတော့ နားကြပ်မချွတ်ဘဲ

အပုဒ်တိုင်းနားထောင်ပါတယ်။

ကျနော်တို့သုံးတဲ့နားကြပ်တွေက နားအပြည့် ဖုံးထားတော့ အပြင်က အသံ

လုံးဝ မဝင်နိုင်ပါဘူး။

သီချင်းစကူးပြီဆိုကတည်းက နားကြပ်တပ်ထားရတော့ စလုပ်စမှာ

အလေ့အကျင့် မရှိတော့ နားတွေ အတော်ကို အူပြီး နားရွက်အဖျားတွေ နာနေပါတယ်။

နောက်ေ နသား ကျ သွားတော့ လဲ မနာတော့ ပါဘူး။

 

ဒီအလုပ်စလုပ်တော့ ကျနော့် အခက်အခဲဖြစ်ရတာက သီချင်းပါဘဲ။

ကျနော်အရင်က သီချင်းနားထောင်ခဲ့တယ်ဆိုတာက ကိုယ်ကြိုက်တာလေး

ကိုယ်ရွေးနားထောင်ခဲ့တာပါ။

အခုအလုပ်လုပ်တဲ့အခါ သူများလိုချင်တဲ့ သီချင်းကို ကိုယ်က ရှာကူးပေးရတာ။

အဲဒီမှာ ကိုယ်မသိ တဲ့ သီချင်းတွေအများကြီးဆိုတာ

ကိုယ်နားမထောင်ဘူးသေးတဲ့သီချင်းတွေအများကြီးဆိုတာကိုသိလာရပါတယ်။

သီချင်းခွေတွေက အများအားဖြင့် မာစတာတိတ်ခွေကြီးတစ်ခွေမှာ

ဆီးရီးတစ်ခွေစာ တစ်နာရီစာ ထည့် ထားတတ်ပါတယ်။

ဒါပေမယ့် ဟိုးအရင် ခေတ်တွေက သီချင်းဆီးရီးစ်ဆိုတာမရှိပါဘူး။

ဓါတ်ပြားတွေကနေ တိတ်ခွေ ထဲ ပြောင်းထားတာကိုး။

နာမယ်ကျော်အဆိုတော်တွေဖြစ်တဲ့ မာမာအေး တို့

ဝင်းဦး တို့ တွံတေးသိန်းတန် တို့ ထွန်းရင် တို့ မောင်မောင်ညွန့်တို့

ကိုတင်လှုိုင် ကိုသန်းလှိုင်တို့ သီချင်းတွေကတော့ သီချင်းလဲ

အများကြီးရှိတယ်ဆိုတော့ လူကြိုက်များတဲ့သီချင်းတွေကို

ကက်ဆက်တစ်ခွေစာ ဆီးရီးစ်အဖြစ် စီထားတော့

ရှာရတာလွယ်သလို ပြောပေးရတဲ့သူကလဲလွယ်ပါတယ်။

တစ်ပုဒ်စ နှစ်ပုဒ်စ ဆိုထားတဲ့ အဆိုတော်တွေရဲ့သီချင်းတွေ

မှာတော့ရှာရတာ ဒုက္ခရောက်ပါတယ်။

အဲလိုသီချင်းတွေက ဆီးရီးစ်ရယ်လို့ မဟုတ်ဘဲ စုပေါင်းစပ်ပေါင်းခွေတွေထဲမှာ

ထည့် ထားတတ်တာကိုး။

အဲလိုသီချင်းတွေက တစ်ခါ တစ်လေမှ လာကူး တော့

ကျနော်တို့လိုသီချင်းကူးသူတွေ  က ဘယ်ခွေထဲမှာရှိတယ်ဆိုတာ

မသိတော့ အတော်ရှာယူရပါတယ်။

ကိုယ်ကလဲ ရောက်စ ဆို တော့ ကိုယ်ကူးရမယ့် သီချင်းက

ဘယ်ခွေထဲမှာရှိတယ် ဘယ်နားမှာရှိတယ်ဆိုတာမသိ။

ဒီတော့သီချင်းတစ်ခွေ ကူးမယ်ဆိုရင် သူများကိုလိုက် လိုက်ပြီးမေးနေရပါတယ်။

ကျနော်အလုပ် လုပ် စ အချိန်မှာ ကျနော်တို့ လို သီချင်းကူး တဲ့ သူ

ခြောက်ယောက်ရှိပါတယ်။

သီချင်းကူးတဲ့ ဝန်ထမ်း  ကို နှစ်ပိုင်းခွဲထားပါတယ်။

သီချင်းလက်ရွေးစင် ကူးတဲ့သူရယ်

ဇာတ်ထုတ်တို့ တရားခွေတို့ သီချင်းဆီးရီးစ်လိုက်ကူးတဲ့သူရယ်ပေါ့။

ကျနော်အရင်ရောက်တဲ့သူတွေက ကျနော့်ရဲ့ဆရာလို့သတ်မှတ်ပြီး

သူတို့ကိုမေးရတော့ တာပေါ့။

 

အဲလိုလိုက် လိုက်မေးရတာရေရှည်ကြတော့ အဆင်မပြေတော့ပါဘူး။

အတူအလုပ်လုပ် တဲ့ လူ ဆို တာက လည်း

ကူညီပြီး ပြောပြချင်သူရှိမယ်။

ကူညီသူတောင်မှ စိတ်ပါလက်ပါ စေတနာပါပါနဲ့ကူညီသူရှိမယ်။

ပြီးစလွယ် အဖြစ်သဘောနဲ့ကူညီသူရှိမယ်။

လခစားခြင်း အတူတူ မင်းအလုပ် မင်းလုပ်ဆို တဲ့ စိတ်ထားသူရှိမယ်။

ဆရာကြီးလုပ်ချင်သူရှိမယ်။

ပညာပြချင်သူရှိမယ်။

လူအမျုးိမျိုးစိတ်အထွေထွေလေ။

 

တစ်ခါမှာတော့ ကျနော် သူများ ပညာ ပြ တာခံ လိုက်ရပါတယ်။

အဲဒါကလည်း နောက်ရက် ကြာမှ သိလာတာပါ။

ဆိုင်မှာက သီချင်းတစ်ပုဒ်ထဲကို နှစ်နေရာသုံးနေရာပါတတ်ပါတယ်။

နောက် အဆိုတော် တစ်ယောက်ထဲကလဲ သူ့ သီချင်းကိုသူ ပြန်ပြန်ဆိုတာလဲရှိတယ်။

ဥပမာ မာမာအေးရဲ့ မေ့ကွက်ကိုရှာ သူကိုယ်တိုင်ပြန်ဆိုတာက ို သုံးလေးကြီမ်ရှိတာကိုး။

နောက်မာစတာခွေကလဲ အသံမကြည်တဲ့ခွေရှိမယ်။

စပိမမှန်တာရှိမယ်။

တိပ်သားညှပ်ထားလို့ သီချင်းတွေက ထစ်နေတာရှိမယ်။

အမျုုးိမျုးိရှိတတ်ပါတယ်။

တစ်ရက်တော့ ကျနော်ကူးရမယ့်အထဲမှာပါတဲ့ သီချင်းတစ်ပုဒ်

ဘယ်နားမှာရှိတယ်ဆိုတာမသိတော့ သူများကိုမေးရပါတယ်။

သူက အဲဒီသီချင်းပါတဲ့ ခွေကို ကျနော့် ကိုထုတ်ပေးတာနဲ့

ကူးပေးလိုက်ပါတယ်။

နောက်ရက်အဲဒီခွေက ပြန်လာပါတယ် သီချင်းတွေက ထစ်နေတယ်ပေါ့။

ပထမ တစ်ခါ တုံးက ဒီသီချင်းဒီဆိုင်ကဘဲ ကူး ခဲ့ တာ မထစ်ဘူေးပါ့။

အဲဒါနဲ့ဘဲ ပြန်ပြင်ပေးပါမယ်ဆိုပြီးတောင်းပန်ရတာပေါ့။

အဲခွေဘို ့ပြန်ကူးဘို့ မာစတာခွေတွေကိုနောက်တစ်ယောက်ကပြန်ရှာပေးပါတယ်။

ဒီသီချင်းကိုနောက်တစ်ကြိမ်ပြန်ကူးတဲ့အခါမှာတော့ သီချင်းက မထစ်တော့ပါဘူး။

အဲဒီတော့မှာ ပထမလူက အသံမကောင်းတဲ့ခွေကို တမင်ပေးလိုက်တယ်ဆိုတာ

ကိုသိရပါတယ်။

 

စစခြင်းတော့ စိတ်တိုသွားပါတယ်။

မသိလို့မေးတာကို ဒီလို ပ ညာပြရမလားပေါ့၊

ဒါပေမယ့် ပြန်တွေးကြည့် တော့  ကျနော်မသိတာကို ပြောပြပေးဘို့

သူ့မှာ တာဝန်မရှိပါ။

သူက ကျနော်ကို ကူညီတာဘဲဖြစ်ပါတယ်။

ကောင်းကောင်းမွန်မွန်မကူညီတာကတော့ သူ့ ကဏ္ဍဖြစ်သွားပါတယ်။

ကျနော်စိတ်ထဲမှာဖြစ်လာတာ တစ်ခုကတော့ သူများကိုအကူအညီ

မတောင်းဘဲ ကိုယ့် အလုပ်ကိုယ်လုပ် နိုင်အောင် ကိုယ့်ဘာသာကိုယ်

နည်းလမ်းရှာရမယ်ဆိုတာကို ပါ ဘဲ။

ကျနော်ဒီဆိုင်ကိုရောက်တဲ့အချိန်မှာ မာစတာခွေ ပေါင်းထောင်ချီပြီးရှိနေပါပြီ။

မှတ်ရလွယ်တာတစ်ခုကတော့ သီချင်းခွေတွေက သူ ထွက်တဲ့ နှစ်အတိုင်း

ကြီးစဉ်ငယ်လိုက်ရှိနေတာပါဘဲ။

ဓါတ်ပြားသီချင်းတွေ ရေဒီယိုသီချင်းတွေက အစဦးပိုင်းသီချင်းတွေ။

အဲဒီခွေ တွေ နဲ့ အတူ စတီရီယိုခေတ်ဦးပိုင်းကသီချင်းတွေရှိမယ်။

နောက်၁၉၈ဝပါတ်ဝင်းကျင်မှာထွက်တဲ့ခွေတွေက တစ်နေရာ။

သင်္ကြန်သီချင်းတွေက တစ်နေရာ။

အဲလိုထားတာကို ကျနော်တွက်လို့ရသွားပါတယ်။

ကျနော်က နောက်ဆုံးရောက်တဲ့လူဆိုတော့ သူများထက်ပိုပြီး

လေ့လာမှ အဆင်ပြေမယ်ဆိုတာကိုတွေးမိပါတယ်။

နောက်စိတ်ထဲမှာမခံချင်စိတ်တစ်ခုပေါ်လာပါတယ်။

ဒီဆိုင်က ကျနော်တို့လိုသီချင်းကူးသူတွေထဲမှာဘွဲ့ရပြီးသူက

ကျနော်တစ်ယောက်ဘဲရှိပါသေးတယ်။

ဒီတော့ပညာတတ်မာန လေးက ရုန်းကြွလို့ လာပါတယ်။

ဘွဲ့ ရအောင် မသင် ဘူးသေးတဲ့ သူတောင် မှ ဒါတွေသိနေသေးရင်

ငါ က ဘာလို့ သိအောင်မလုပ်နိုင်ရမှာလဲ ဆို တဲ ့ မာ နပါ။

နောက်ဆရာတစ်ယောက်ပြောဘူးတာကလဲခေါင်းထဲရောက်လာပါတယ်။

“တစ်နေ့ ကို ထမင်း နည်းနည်း ခြင်း စားလိုက်တာ ကြာတော့

ဆန်အိတ်လိုက်ကြီး စား ဘူး သွားတာပါဘဲ”

ဆိုတဲ့ စကားလေးပါ။

ဒီတော့ ကျနော်က လဲ ဒီသီချင်းတွေ ကျနော်ခေါင်းထဲရောက်လာအောင်

လုပ်ဘို့ နည်း လမ်း ကို စဉ်းစားပါတယ် ။

ဘယ်လို့ လုပ် ရင် ရ မယ်ဆို တာကိုပေါ့။

တစ်ရက်တော့ စဉ်းစားလို့ ရသွားပါတယ်။

အဲဒီလိုစဉ်းစားလို့ ရ  တဲ့ နေ့ က စပြီးတော့

………………………………………………………………..

……………………………………………………………………..

 

 

ဆက်လက်ဖော်ပြပါမည်

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

19-9-2014

 

 

 

 

 

 

6 comments

  • ခင် ခ

    September 22, 2014 at 11:18 am

    တစ်ခါတုန်းက ကိုပေါက်က သီးချင်းတွေကြားထဲပျော်ခဲ့သူကိုး။
    အတော်ဘဲ နန်းတော်ရှေ့ဆရာတင်ရဲ့ သီချင်းတွေ လိုချင်နေတာ ကိုပေါက်ကို အကူအညီတောင်းရတော့မယ်ဗျ။

    • ကိုခရေ နန်းတော်ရှေ့ ဆရာတ င် သီချင်း ကို သုမောင် နဲ့ တမာချို ဆိုတားတာတွေကျနော်ဆီမှာရှိပါတယ်။

      ကူးပေးပါမယ့်

      ကျနော်ကိုခ ကို ပေး မယ် လို့ ကတိပေးထားတာ 2 ခု ရှိသွားပြီ။

      ဓါတ်ပုံရယ် သီချင်းခွေ ရယ်

      မကြာခင် ပေးပါမယ်

  • kyeemite

    September 22, 2014 at 11:55 am

    .ကိုပေါက် သီချင်းတောထဲစီးမျောခဲ့စဉ်ကပေါ့
    .ဝါသနာပါတဲ့အလုပ်ဆိုတော့ပင်ပန်းပေမဲ့ ပျော်ခဲ့တယ်မဟုတ်လားဗျ 😯

  • ဇီဇီ

    September 22, 2014 at 12:06 pm

    လေးပေါက် သီချင်းဆိုတတ်မှာပေါ့။

    သများ လာရင် ကာရာအိုကီ သွားဆိုရအောင်။

    :mrgreen:

  • ဆိုတတ်ပါတယ် အရပ်ထဲပွဲရှိလို့ လူထိန်းမ နိုင်အောင်များရင် ကျနော်ဘဲ ဆိုပေးရ တယ်

    ကျနော်သီချင်းမဆုံးသေးဘူး ပွဲခင်းထဲ လူတစ်ယောက်မှ မရှိတော့ ဘူး

    လာခဲ့လေ ကာရာအို ကီ ပေါချောင်ကောင်း သန့် ဆိုင်လေးေ တွအ ကုန် သိတယ်

Leave a Reply