” ဘကြီးကတော့ လုပ်ချလိုက်ပြန်ပြီနော် “

 

” မင်းတို့ရန်ကုန်ကလည်း လမ်းပေါ်မှာကားတွေမောင်းနေကြတာရောဟုတ်ရဲ့လားဟ ”

” ဟာ ဘကြီးကလည်း လမ်းပေါ်မှာ ကားတွေမမြင်ဘူးလားဗျ လမ်းပေါ်ကားတွေမမောင်းလို့ ဘာတွေမောင်း နေလို့လဲ ဘကြီးမျက်မှန် ပါဝါမကောင်းတော့ရင် ဒီနေ့မြို့ထဲရောက်တုန်း အမေရိကန်ဗွီးရှင်း မှာဝင်ပြ လိုက်မလား”

” အမလေးငါ့တူရယ် ရွှေတိဂုံဘုရားဆင်းပြီး မြို့ထဲဆူလေးဘုရား ကသိပ်မဝေးဘူးဆိုပြီး မင်းကားမောင်းလာ တာတောင် မြို့ထဲမရောက်သေးတာ အမေရိကန်ထိ မျက်မှန်သွားလုပ်ရရင်တော့ နောက်နှစ်တောင်တောပြန် ရောက်ပါ့ မလားကွယ် ငါတို့တောမှာ မျက်စိအလကားစမ်းပေးတဲ့ အဖွဲ့လာမှ ပြန်စမ်းလိုက်ရင်ရပါတယ် အခု လည်း မျက်မှန်ကကြည့်ကောင်းပါသေးတယ်ဟ ”

” အမေရိကန်ဗွီးရှင်းဆိုတာ မျက်မှန်ဆိုင်အမည်ပါ မျက်မှန်စမ်းဖို့ အမေရိကန်သွားရမှာဟုတ်ပါဘူးဗျ ဘကြီး ကသာမျက်မှန်ကောင်းပါသေးတယ်ပြောတာ လမ်းပေါ်ကားတွေမောင်းနေတာမြင်သားနဲ့ ကားမောင်းကြတာ ရောဟုတ်လားလို့ ဘာလို့ပြောလဲ ”

” ဟ ငါ့မြေးရ ငါတို့တောက နွားလှည်းစီးရတာတောင် မင်းအခု ရန်ကုန်ကမောင်းနေတဲ့ကားတွေထက်မြန်သေး တယ်နော် မင်းတို့အခုကားတွေဘဲကြည့်လေ ဖြေးဖြေးရှေ့တိုးလိုက် ဟောပြန်ရပ်လိုက် ရပ်လိုက်ရင်လည်း တရေးရလောက်တယ်လေ အဲဒါပြောတာကွ ဒို့တောကနွားလှည်းဆို မြန်လွန်းလို့ ပြုတ်ကျမှဆိုးလို့ ကိုင်တောင်ထားရသေးကွ မင်းဆီလာလည်ရတော့မယ်ဆိုတော့ နွားလှည်းတောင်ပြုတ်ကျမှာဆိုးလို့ ကိုင်စီးရ တော့ ငါကားစီးရင် ခါးပတ်ပတ်ပါပြောကြတယ် တစ်ချောင်းနဲ့တောင်လောက်ပါ့မလားတွေးပြီး ကြောက်စိတ် ဖြစ်သေးတယ် အခုကျတော့ကွာ အတွေးနဲ့ကွာလှပေါ့လေ ရန်ကုန်ကားက ဒို့တောက နွားလှည်းထက် အချိန်ပို ကြာတတ်သကိုး ”

” ဘကြီးကတော့ လုပ်ချလိုက်ပြန်ပြီနော် “

 

ဘာပြန်ပြောရမှန်းကို မသိတော့ ပြန်မငြင်းတော့ဘဲ ကားဆက်မောင်းခဲ့တယ်ပေါ့၊ ဘကြီးပြောလဲပြောစရာ ဘဲလေ ရွှေတိဂုံနဲ့ ဆူလေး ကို လမ်းမှာ ကားပိတ် မီးပွိုင့်မိနဲ့ တစ်နာရီနီးပါး မောင်းခဲ့ပြီးမှ ဆူးလေးဘုရား တက်ဖို့ မဟာဗန္ဓုလပန်းခြံရှေ့ကားလေးရပ်ခဲ့ပြီး လူကူးမျဉ်းကြားက ဖြတ်ကူးကာ ဆူလေးဘုရားမုဒ်ဦးတစ်ခုထဲဝင်ပြီး လှေကားကနေ ဘကြီးနဲ့နှစ်ယောက်သား ဘုရားပေါ်တက်မယ်လှမ်းအကြွ

” ဘကြီး ဘုရားတက်ဖူးမလို့လား ”

” အေးလေ ဘုရားလာတာ ဘုရားဖူးမလို့ပေါ့ဟ ကလေးမက ဘာလုပ်မလို့လဲ ”

” ဒါဆို သမီးတို့ရဲ့ ဒီပန်းစည်းလေးယူသွားပြီး ဘုရားပန်းအိုးမှာထိုးပေးပါလား ဘကြီး ကူညီပေးပါနော် ”

” အမလေး ကလေးမရယ် ဘုရားခြေရင်းရောက်ကာမှ ဒီလှေကားလေးအတိုင်းတက်ပြီး ဘုရားပန်အိုးမှာ ထိုး ကာ ဘုရားရှစ်ခိုးရတာ ဘာကြာတာမှတ်လို့ကွယ် လူကြုံနဲ့ပေးရတယ်လို့ ကွယ် ကိုယ်တိုင်တက်ကပ်လိုက်ပါ လားဟ ”

” မဟုတ်ဘူး ဘကြီး သမီးတို့ကဘုရားရင်ပြင်ပေါ်တက်လို့မရလို့ပါ ”

” ဟေ ဘုရားရင်ပြင်ပေါ် ဒီက ကလေးမတွေက တက်မရလို့ဆိုတော့ ယတြာများချေကျတာလား ဘုရားပန်းအိုး မှာ တစ်ပါးသူကို ပန်းထိုးခိုင်းပြီး ဘာလုပ်ညာလုပ်အဲလိုမျိုးဆိုလည်း ပွင့်ပွင့်လင်းလင်းပြောရောပေါ့ကွယ် ပေး ဘကြီးထိုးပေးခဲ့မယ် ”

” အဲလိုမဟုတ်ပါဘူး သမီးတို့က ဘောင်ဘီတွေ၊ စကတ်တွေနဲ့မို့ ဘုရားရင်ပြင်ပေါ်တက်မရလို့ပါ ”

” ဟေ အံပါရဲ့ကွယ် ဘကြီးတို့တောက ရွာဦးစေတီမှာတော့ ဘုရားဖူးတာဘဲ ဘယ်သူမဆိုဖူးလို့ရပ တစ်ခါ တစ်လေ အရူးမအ၀တ်ဖို့ရိုဖားယား မလုံမလဲတက်ဖူးနေတာတောင်ရှိသေးတယ် တကယ်တော့ ဘုရားရှင်လက် ထက်တော်က ပရာဇာရီအမျိုးသမီးက ဘုရားရှေ့ရောက်တော့ အ၀တ်ဗလာနတ္ထိနဲ့လို့ ဖတ်ဖူးတယ်ဟ ဘုရား ကတော့ ကြည်ညိုလို့ဖူးတာတွေကို ဘာမှပြောခဲ့ဟန်မတူပါဘူးကွယ် ဒါပေမယ့် မင်းတို့မြို့ဘုရားတွေရဲ့ ဂေါ်ပကတွေက ဘုရားကို ကမ္ဘာလှည့်ခရီးသည် အလှကြည့် လေ့လာစရာအဖြစ် ထားဟန်တူပါတယ်ကွယ် ”

” ဘကြီးကတော့ လုပ်ချလိုက်ပြန်ပြီနော် “

 

ဒီလိုနဲ့ မြေး၊အဖိုးနှစ်ယောက် ဆူလေးဘုရားဖူးပြီး ကမ္ဘာအေးလှိုင်ဂူဘက်သွားကြမှာမို့ ကားလေးနဲ့ ဆက်ထွက် လာခဲ့တယ်လေ။

” မင်းတို့ရန်ကုန်လည်း မိုးတော့ အတော်များသားနော် ညကရွာတဲ့မိုးများ သဲလိုက်တာမှအရမ်းပါဘဲ”

” ဒီမနက် မိုးတိတ်သွားလို့ ကံကောင်းတာ ဘကြီးရ အဲဒီမိုးကရွာနေတာ တပတ်လောက်နေ့တိုင်းချနေတာဗျ ”

” ဟေ ဟုတ်လားဟ ”

အဲလိုနဲ့ ကားမောင်းလာရင်း ကုက္ကိုင်းပွိုင့်နားမရောက်ခင်လောက်မှာ ဘကြီးက

” ဒါနဲ့နေပါအုံး မင်းတို့ရန်ကုန်လည်း အတော်တိုးတက်နေပြီဘဲနော် ငါတို့ လူပျိုအရွယ်ရောက်တုန်းကနဲ့ကို မတူတော့ဘူး တိုက်အမြင့်ကြီးတွေနဲ့ လှလို့ပလို့ဟ ”

ကိုယ့်ရန်ကုန်အကြောင်းချီးမွှမ်းခန်းထုတ်တော့ ကျုပ်လည်းပြုံးလို့ပေါ့

” ဟုတ်တာပေါ့ဘကြီးရ ”

” အခုဘဲကြည့်လေ ရန်ကုန်မြစ်တောင် ဟိုဘက်ဒီဘက် တံတားသစ်ကြီးထိုးထားတော့ ကားသွားရတာလဲ အဆင်ပြေတာပေါ့ဟ ”

” ဒါနဲ့နေပါအုံး ဘကြီးကမနေ့ကမှ ရန်ကုန်ရောက်တာလေ ကျွန်တော်တောင်အဝေးပြေးဂိတ်လာကြိုတဲ့ဉ္စာ ”

” အေးလေ မင်းလာကြိုတာလေ ဘာဖြစ်လို့လေ ”

” မသိပါဘူး ခုနမြစ်ကူးတံတားပြောတော့ လှိုင်သာယာဘုရင်နောင်တံတား ဘက်ဘယ်တုန်းက ဘကြီးရောက် ခဲ့တာလဲ စဉ်းစားမရလို့ ဒါနဲ့ အရင်ကောကျွန်တော်တို့မသိဘဲ ရန်ကုန်လာဖူးသေးလား ”

” ဟာ ငါ့မြေးရယ် ဘကြီးရန်ကုန်မရောက်တာ ဆယ်စုနှစ်မကရှိရောပေါ့ မနေ့ကမှ ပြန်ရောက်တာကွ မင်း ဘာတွေကြောင်နေတာလဲ ”

” ဒါဆို ခုနပြောတဲ့ မြစ်ကူးတံတားက ဘယ်တုန်းက ရောက်တာလဲဗျ ”

” ဟကောင်ရ မင်းဘဲခုနက ဖြတ်မောင်းလာတာလေ ”

” အဲ ဘကြီး စိတ်တော့မှန်ပါတယ်နော် ”

” ငါစိတ်မှန်လို့ မင်းတို့ရန်ကုန်ကို စိုက်စိုက်မြိုက်မြိုက်ရောက်တာပေါ့ မင်းခုန တံတားတစ်ခုဖြတ်မောင်းခဲ့တယ် မလား အဲဒါဘာတံတားလဲ ”

” အဲဒါ ရွေဂုံတိုင်တံတားလေ ဘာဖြစ်လို့လဲ ”

” အေးလေ အဲဒီတံတားက ရန်ကုန်မြစ်ကိုဖြတ်ဆောက်ထားတာ မဟုတ်ဘူးလား ”

” ဟာ ဘကြီးကလည်း ကြံကြီးစည်ရာ အဲဒါ မြို့ပေါ်ကတံတားပါဗျ ”

” ဟေကောင် မင်းငါ့ကို မအူမလည်ဆိုပြီး ဘတ်တော့မဘတ်နဲ့နော် အဲဒီတံတားက မြစ်ကိုဖြတ်ဆောက်ထားတာ မဟုတ်ဘူး မြို့ပေါ်တံတားဆို တံတားဖြတ်တုန်းက ငါတံတားအောက်ကိုလှမ်းကြည့်လိုက်တော့ ဘာလို့ရေတွေ ဖွေးနေအောင်တွေ့တာလဲ ကဲ မင်းဘာပြောမလဲ ”

” ဘကြီးရယ် ကျွန်တော်သေတာသေလိုက်ချင်တော့တာဘဲ အဲဒါမြစ်မဟုတ်ဘူးဘကြီးရ တစ်ပတ်လုံးမိုးရွာ ထားလို့ လမ်းမပေါ်ရေတွေတင်ပြီး ချောင်းလိုမြစ်လိုဖြစ်နေတာဗျ မိုးရေတွေလမ်းပေါ်လွှမ်းနေတာပါဗျ ”

” ဟေ အဲ ဒါ မိုး ရေ တွေ ဘု ရား ရေ ၊ မသိပါဘူးကွာ တံတားပေါ်ကဖြတ်ရတော့ မြစ်ကမ်းတစ်ဖက်နဲ့ တစ်ဖက် ကိုတံတားများထိုးထားတာလားလို့ ထင်တာပေါ့ဟကောင်ရ”

” ဘကြီးကတော့ လုပ်ချလိုက်ပြန်ပြီနော် “

 

 

 

အပျင်းပြေ အပျော် သဘောမျိုးပေါ့ဗျာ။

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..