ရွေးချယ်ရာလမ်း (၂)

(၄)
တစ်ရက်တွင်တော့ ကိုခန့်က ဖုန်းဆက်လာခဲ့သည်။

“မွန်မွန်.. မနက်ဖြန် အမေလာမှာ.. နင်နဲ့မိတ်ဆက်ပေးချင်လို့..”
“အာ… နင်ကလည်း… ကိုယ့်ဘာသာပဲ တွေ့ပါ.. ငါ မလာချင်ပါဘူး..”
“မဟုတ်ပါဘူးဟာ.. ငါက နင့်အကြောင်းတွေ အမေ့ကို ပြောပြထားတယ်ဟ… အရမ်းခင်ဖို့ကောင်းတယ်လို့လည်း ပြောထားတယ်… အမေကလည်း နင်နဲ့တွေ့ချင်တယ်တဲ့..”
“ဘုရားရေ.. နင်ရိုးရိုးသားသားတော့ ဟုတ်ပါတယ်နော်.. တော်ကြာ သူ့ချွေးမလို့ ထင်နေဦးမယ်.. “
“ဟားဟား.. မထင်ပါဘူးဟာ.. ငါ့မှာ ရည်းစားရှိတာ အမေသိပါတယ်.. အဆင်ပြေရင် သူနဲ့ပါတွေ့ပေးမလို့… နင်နဲ့က ရိုးရိုးသူငယ်ချင်းပဲဆိုတာ သိပါတယ်ဟ.. စိတ်မပူနဲ့.. မနက်ဖြန် ကိုးနာရီ နင်လာခဲ့နော်..”
“ဟဲ့.. နင်ပြောတော့ ယု ဆို.. အခုတစ်ယောက်ကို နင့်အမေနဲ့တွေ့ပေးမယ်ဆိုတော့ နင်က ဘာလဲဟ..”
“ဒီလိုပါပဲဟာ.. ဟိုတစ်ယောက်က အမေလာမယ်ဆိုတာသိတော့ သူလည်း တွေ့ချင်တယ်ဆိုလို့… အမေကတော့ ငါ့အကြောင်းသိပြီးသားဆိုတော့ အေးဆေးပါ.. နင် စိတ်မပူနဲ့.. ငါ ယုကိုပဲ ရအောင်ကြိုးစားမှာ”
“လိုက်လို့ကို မမီတော့ဘူးဟာ.. အေးအေး.. မနက်ဖြန်တော့ ငါလာခဲ့မယ်”

ဤသို့ဖြင့် ကိုခန့်၏အမေ အန်တီသီတာနှင့် ကျွန်မ ခင်မင်ခဲ့သည်။ အသက် (၁၈) နှစ်တွင် အိမ်ထောင်ကျပြီး အသက် (၁၉) နှစ်တွင် ကိုခန့်ကိုမွေးခဲ့သော အန်တီသည် အလွန်ပင်ငယ်ရွယ်ပြီး လှပပါသည်။ “ကိုခန့်က အန်တီနဲ့တူလို့ ချောတာထင်တယ်နော်” ဟုဆိုမိတော့ “ခန့်က သူ့အဖေနဲ့ ချွတ်စွပ်တူတာ သမီးရဲ့… အဖေတူသားပေါ့..” တဲ့။ ကိုခန့်က အန်တီနှင့်ကျွန်မကို မိတ်ဆက်ပေးပြီးသည်နှင့် သူ့ကောင်မလေးကို သွားခေါ်ရန် ထွက်သွားတော့သည်။ ထိုအချိန်တွင်ပင် ကိုခန့်၏ ငယ်ဘဝခံစားချက်များအကြောင်းကို ကျွန်မသိခဲ့ရ၏။

ကိုခန့်၏ အဖေနှင့်အမေသည် တရားဝင်ကွာရှင်းထားခြင်းမဟုတ်သော်လည်း ကွဲနေကြသည်မှာ ကြာပြီဖြစ်သည်။ မိဘနှစ်ပါး၏ အိမ်ထောင်ရေးအဆင်မပြေမှုများကြားတွင် ကိုခန့်တစ်ယောက် ကြီးပြင်းခဲ့သည်။ နောက်ဆုံးတွင် ကိုခန့်၏အဖေက မန္တလေးတွင် သွားနေပြီး အမေကတော့ မိဘရှိရာ ဇာတိမြို့သို့ ပြန်လာခဲ့သည်။ ကိုခန့်က အမေနှင့်အတူတူနေသည်။ ကွဲနေကြသော်လည်းမိဘနှစ်ယောက်စလုံး နောက်အိမ်ထောင်မပြုကြခြင်းက တစ်ဦးတည်းသောသား ကိုခန့်အတွက် ကံကောင်းသည်ဟု ပြောရမလားပင်။ သို့သော် ကလေးတစ်ယောက်၏ အမြုံစိတ်ကတော့ ကိုခန့်ထံတွင် ကိန်းအောင်းနေခဲ့သည်။ မည်သို့ပင် အလိုလိုက်ခြင်းခံရသော်လည်း မာကျောကျွတ်ဆတ်သောစိတ်တို့က တစ်ခါတစ်ရံ ထဖောက်တတ်၏။

“သားက ဆိုးချင်တယ် သမီးရဲ့… သမီး သူငယ်ချင်းကို ဂရုစိုက်ပေးနော်… ပွင့်ပွင့်လင်းလင်း..သွက်သွက်လက်လက်ရှိတဲ့ သမီးကိုလည်း အန်တီချစ်တယ်… သားသူငယ်ချင်းတွေထဲမှာ သမီးကိုပဲ ပထမဆုံးမိတ်ဆက်ပေးတာ.. နောက် အန်တီလာတဲ့အခါလည်း လာလည်ဦးနော်…”

အန်တီ၏ မေတ္တာစကားတို့က ကျွန်မ၏ သံယောဇဉ်တို့ကို ပိုမိုချည်နှောင်လိုက်သကဲ့သို့ပင်။ အချိန်တိုအတွင်း ရင်းနှီးသွားသော ကျွန်မတို့ကိုကြည့်ပြီး ကိုခန့်ကလည်း ဝမ်းသာနေပုံပေါက်၏။ ကိုခန့်၏ ကောင်မလေးက ယောက္ခမရှေ့မှာမို့ ရှိန်နေသလောက် စိတ်ရှင်းသော ကျွန်မကတော့ စကားတွေဖောင်သာဝေနေသည်။ အပြန်လမ်းတွင်တော့ ကျွန်မ၏ ပတ်သက်မှုတို့အနည်းငယ်နက်ရှိုင်းနေပြီလားဟူသော သံသယစိတ်ကလေးကတော့ ကပ်ပါလာခဲ့လေသည်။

(၅)
ကျွန်မ၏ ကိုယ်ရေးကိုယ်တာတို့အတွက် ငယ်သည် တိုးတိုးဖော်ဖြစ်ခဲ့သည်။ ကိုခန့် နှင့် ယု ဟူသည့် နာမည်တို့သည် ကျွန်မ၏ စကားတိုင်းတွင် စိုးမိုးနေသည်။ တစ်ပတ်တစ်ခါ တွေ့ဆုံပွဲများအကြောင်း၊ ကျွန်မတို့သူငယ်ချင်းများ၏ ပျော်စရာအချိန်များအကြောင်းကို ပြောပြတိုင်း ငယ်က အားကျသောမျက်ဝန်းများဖြင့် နားထောင်နေတတ်သည်။ ကိုခန့် နှင့် ယု အကြောင်း ပြောပြလျှင်တော့ ငယ်ဆီက မေးခွန်းလေးများကို ကြားရသည်။

“ကိုခန့် နဲ့ မမယုက မကြိုက်သေးဘူးလား”
“ယုကတော့ စဉ်းစားတုန်းဖြစ်မယ်ထင်တယ်… ကိုခန့်က ရှုပ်တာကိုး ငယ်ရဲ့… ယုလည်း သေချာစဉ်းစားမှာပေါ့..”
“တော်တော်လေး ရှုပ်လို့လား မကြီး”
(အစ်မ ဟူသောခေါ်သံကိုသာ ကြားရသော ရန်ကုန်မြို့တွင် ငယ့်ဆီက မကြီးဟူသော ခေါ်သံသည် ကျွန်မအတွက် အလွန်ပင် နွေးထွေးစေသည်။)
“အင်း.. တော်တော်ရှုပ်တယ်လို့တော့ ပြောရမယ်.. မကြီးသိသမျှကို ကောင်မလေးတွေက မနည်းဘူး..”
“မမယုကိုပဲ ချစ်တာဆို..”
“ပြောတာပဲ ငယ်ရယ်.. သူ့ပုံစံကြည့်ရတာ ယုကိုတော့ တကယ်ချစ်တဲ့ပုံပဲ… ဒါပေမယ့် ဘာလို့များ ကောင်မလေးတွေနဲ့ ဆက်ပတ်သက်နေလဲတော့ မသိဘူး.. မကြီးလည်း ပြောတာပဲ..”
“မကြီးကရော.. ကိုခန့်ကို စိတ်မဝင်စားဘူးလား. မကြီးပြောတော့ ချောတယ်ဆို..”
“အောင်မယ်လေး.. စိတ်မဝင်စားပါဘူးဟယ်… သူငယ်ချင်းလိုပဲ ခင်တာပါ..”
“သူ့ဘက်ကရော..”
“ရော..ခက်ပြီ.. သူက ယုကို ကြိုက်တာပါဆို…”
“အဲဒါဆို မကြီးတို့ ညတိုင်း ဖုန်းပြောနေကြတာကရော..”

ကျွန်မ၏နှုတ်ဖျားတို့ ဆွံ့အသွားခဲ့သည်။ ည (၁၀) နာရီတိုင်း လာတတ်သော ကိုခန့်၏ဖုန်းကို တစ်ဆောင်လုံးပင် သိနေပြီ။ “ရည်းစားများလား” ဟူသော အကြည့်တို့က ဖောင်သာဝေအောင်ပြောနေသော အကြောင်းအရာပေါင်းစုံ စကားသံတို့ကိုကြားသောအခါ “ဘာပါလိမ့်” ဟု ပြောင်းလဲသွားကြသည်။ ကိုခန့်ကိုယ်တိုင်ကလည်း ည (၁၀) နာရီတွင် ကျွန်မထံသို့ မရရအောင် ဖုန်းဆက်တတ်သလို ကျွန်မကလည်း (၁၀) နာရီကိုမျှော်ရင်း စာကျက်တတ်နေပြီ။ ည (၁၀) နာရီအတိတွင် မြည်သော ဖုန်းမြည်သံနောက်တွင် “မွန်မွန်ရေ..ဖုန်းလာတယ်” ဟူသောအသံက ကပ်ပါလာတတ်နေပြီ။ တစ်ခါတစ်ရံ တစ်ယောက်နှင့်တစ်ယောက် တစ်နေ့တာအဖြစ်အပျက်များကို အပြန်အလှန်ပြောပြရင်း စကားသံများကြား နစ်မျောသွားမိလျှင် ယု အကြောင်းကို မရမကထည့်ပြောရင်း လမ်းကြောင်းလွှဲတတ်သော ကျွန်မကိုယ်ကျွန်မလည်း နားမလည်ဖြစ်ရသည်။ ကျွန်မ၏မာနတို့နှင့် ကျွန်မ၏သံယောဇဉ်တို့က အပြန်အလှန် လွန်ဆွဲနေကြကြောင်း ဝန်ခံရပေမည်။

“ယုအကြောင်းတွေ ပြောကြတာပါ ငယ်ရယ်..သူ ယုဆီ ဖုန်းဆက်လို့မရတိုင်း မကြီးဆီကိုလှမ်းဆက်ပြီး နားပူခိုင်းတာလေ..”

ထိုအဖြေစကားအတွက် ကျွန်မမလုံမလဲဖြစ်နေကြောင်း ငယ်မရိပ်မိနိုင်ကောင်းပါရဲ့။

(၆)
ကျောင်းကပြန်ရောက်ကာစ တစ်ညနေတွင် ကျွန်မထံသို့ ဖုန်းခေါ်လာသည်။

မွန်မွန်..အဆောင်ပြန်ရောက်ပြီလား..”
“အေး.. ကိုခန့်…ဘာလို့လဲ..”
“ငါ လှည်းတန်းရောက်နေတယ်.. ဓာတ်ပုံလာကူးတာ.. နင်ထွက်လာခဲ့မလား…”

ကမန်းကတန်းအဝတ်အစားလဲပြီး ပြန်ထွက်ခဲ့သည်။ လမ်းထိပ်မှာစောင့်နေသော ကိုခန့်နှင့်အတူတူ ဓာတ်ပုံကူးတာစောင့်ရင်း မုန့်ဆိုင်ထိုင်ဖြစ်ခဲ့၏။

“မွန်မွန်.. ငါနင့်ကို ပြောစရာရှိလု့ိ…”
“အေး…ပြောလေ…”
“နင်စိတ်မဆိုးနဲ့နော်…”
“………………….”
“ငါ နင့်ကို သူငယ်ချင်းထက် ပိုနေပြီထင်တယ်… ငါ့ကိုငါလည်း မသိတော့ဘူး… တစ်ခါတစ်ခါ နင်က ငါ့ညီမလေးလိုပဲ… ဒါပေမယ့် တစ်ခါတစ်ခါကျတော့ နင့်ကို သူငယ်ချင်းထက် ပိုမိတယ်..”
“ငါက အရမ်းခင်စရာကောင်းလို့ ဖြစ်မှာပါ..”
“မဟုတ်ဘူးထင်တယ်…”
“ဟုတ်တယ်.. ငါပြောတာ နားထောင်.. နင့်မှာ ငါ့လို ပွင့်ပွင့်လင်းလင်းပြောရမယ့် သူငယ်ချင်းမရှိဘူး.. ငါနဲ့ကျတော့ နင်ပြောချင်တာတွေ ပြောလို့ရတယ်.. နင့်ဘေးမှာ အမြဲရှိနေတယ်.. ပြောရရင် နင်ချစ်ပါတယ်ဆိုတဲ့ ယုထက်တောင် နင်နဲ့ငါက ပိုတွေ့ဖြစ်တယ်.. အဲဒါတွေကြောင့် နင့်ဘက်က ဇဝေဇဝါဖြစ်သွားတာပါ…”
“အဲဒါဆို နင့်ဘက်ကရော..”
“အေးလေ.. နင့်လိုပဲ ဖြစ်မှာပေါ့.. အန်တီပြောပြထားလို့ နင့်အကြောင်းတွေ သိထားတယ်.. နင်ကသာ ငါ့ကို ညီမလေးလို့ သဘောထားပေမယ့်.. တစ်ခါတစ်ခါ ငါကလည်း ငါ့ထက်လပိုင်းငယ်တဲ့နင့်ကို ငါ့မောင်လေးလို့ သဘောထားမိတာပဲ… ဒါပေမယ့် ငါပြောမယ် ကိုခန့်..အဲဒါ ချစ်တာ မဟုတ်ဘူး.. နင်တကယ်ချစ်တာ ယုပဲ… နင်နဲ့ပတ်သက်သမျှ ကောင်မလေးတွေ နင့်ကို ကြိုက်သွားကြပေမယ့် အဲဒီစာရင်းထဲမှာ ငါမပါနိုင်ဘူး..ငါနင့်အပေါ်ထားတဲ့ ငါ့သံယောဇဉ်က သာမန်ထက်ပိုရင်ပိုမယ်.. ဒါပေမယ့် အဲဒါတွေက နင့်အမေပြောထားတဲ့ နင့်အကြောင်းတွေကြောင့်ဆိုရင် ပိုမှန်လိမ့်မယ်… နင်မတွေဝေနဲ့.. ငါလည်း နင့်ကို မချစ်ဘူး.. ငါ့မှာလည်း ချစ်ရမယ့်သူရှိတယ်..”
“နင်ပြောဖူးတဲ့ နင့်သူငယ်ချင်းလား..”
“အေး.. ဟုတ်တယ်.. အဲဒီတော့.. ဒီစကားတွေကို ဒီမှာပဲရပ်လိုက်တော့ ကိုခန့်… နင်နဲ့ငါ အရင်လိုပဲ ဆက်ခင်ကြတာပေါ့…”

“မိန်းကလေးတစ်ယောက်ရဲ့ အဓိကအားနည်းချက်က သနားတတ်ခြင်းနဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးခြင်းပဲ” ဟူသော အစ်မတစ်ယောက်၏ ပြောစကားကို အမှတ်ရနေမိသည်။ ကျွန်မလည်း အရှုံးကြီးရှုံးနေမိပြီ ထင်ပါရဲ့။

17 comments

  • Myo Thant

    September 24, 2014 at 11:45 am

    ( ည (၁၀) နာရီတွင် ကျွန်မထံသို့ မရရအောင် ဖုန်းဆက်တတ်သလို ကျွန်မကလည်း (၁၀) နာရီကိုမျှော်ရင်း )

    ထင်နေတယ်လေ ထင်နေတယ်

    အင်းးးးး ဖြစ်တတ်ပါတယ် ၊

    ဪ ယုစ် ယုစ် ယုစ်ခမျာ သနားစရာ

  • ဇီဇီ

    September 24, 2014 at 11:49 am

    စပြီ။
    စပြီ။
    ဇာတ်လမ်းက ခုမှ စတာ။
    ဟိ။
    :k:

  • ခင် ခ

    September 24, 2014 at 11:57 am

    “မိန်းကလေးတစ်ယောက်ရဲ့ အဓိကအားနည်းချက်က သနားတတ်ခြင်းနဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးခြင်းပဲ”
    မိန်းခလေးတိုင်းအတွက်တော့ ဟုတ်လောက်ဖူးထင်တယ်နော်။
    တစ်ချို့မိန်းကလေးတွေ သိပ်ငယ်နေတာမျိုးတွေ့ဖူးတယ်ဗျ။

    • လုံမလေးမွန်မွန်

      September 24, 2014 at 12:54 pm

      တစ်​ချို့​တော့ ဟုတ်​မယ်​ထင်​တယ်​ ​လေးခ.. များ​သောအားဖြင်​့​တော့ ကိုယ်​့ကိုယ်​ကိုအထင်​ကြီးလွန်​းရင်​ ရှုံးတတ်​သလို သနားမိသွားရင်​လည်​း ကျဆုံးသွားတတ်​တယ်​.. 🙂

  • Ma Ei

    September 24, 2014 at 12:15 pm

    မွန်မွန်လေး…
    ဒီဇာတ်လမ်းရေးဖို့ ပါမစ်ရပြီးသားလား…
    တော်ကြာ ပြန်ချော့နေရဦးမယ်နော်…
    🙂

  • Mr. MarGa

    September 24, 2014 at 12:16 pm

    ဒန်… တန့်တန်….
    ဆက်လက် စောင့်ကြည့်မည် ငိငိ

  • မွသဲ ( 17082011 )

    September 24, 2014 at 4:29 pm

    နှစ်ဖတ်ပီး သုံးလာအုံးမလား

  • မ " တတ် ပါ့ "

    September 24, 2014 at 4:31 pm

    ကိုခန့်ဆိုတဲ့ တစ်ယောက်က အတော်မြာပွေမယ့်ပုံ…မယုံရ။

  • manawphyulay

    September 26, 2014 at 10:10 am

    ဇာတ်လမ်းက ခုမှ စတာ ထင်ပါရဲ့…
    ဇာတ်ရှိန်တောင် နည်းနည်းမြှင့်လာပြီ….
    မနောတို့များ ငယ်ဘဝကတည်းက ဒီလိုဇာတ်လမ်းမရှိခဲ့ဖူးဘူး။
    ကိုယ့်ကိုယ်ကိုယ် သနားတောင်လာပြီး 😥

Leave a Reply