​ရွေးချယ်​ရာလမ်​း (၄)

အပိုင်း (၁) – https://myanmargazette.net/204769

အပိုင်း (၂) – https://myanmargazette.net/204809

အပိုင်း (၃)  https://myanmargazette.net/204904

 

(၁၀)
“ငယ် ကိုခန့်နဲ့ ဖုန်းပြောဖြစ်နေတာလား…”
“ဟုတ် မကြီး.. ဒါပေမယ့် တစ်ခါတစ်လေပါ….”
“မကြီးတော့ နေ့တိုင်းနီးပါး ဖုန်းပြောနေတာ တွေ့တယ်နော်…”
“သမီးသူငယ်ချင်းဆီကပါ မကြီး… ကိုကြီးက တစ်ခါတစ်လေမှ ဆက်တာပါ…”
“မကြီး ပြောထားတယ်နော်.. ကိုခန့်ဘယ်လောက်ရှုပ်တယ်ဆိုတာတွေကို… ပတ်သက်တဲ့မိန်းကလေးတိုင်းနဲ့ ဇာတ်လမ်းဖြစ်တယ်… ဒါပေမယ့် နောက်ဆုံးမှာ သူတကယ်ချစ်တဲ့သူက ယုပဲ…”
“သမီးသိပါတယ် မကြီး.. ကိုကြီးနဲ့ကလည်း ရိုးရိုးသားသားပဲ ပြောဖြစ်တာပါ…”
“အင်းပါ.. ကိုယ့်ညီမလေးမို့ ခံစားသွားရမှာ စိုးရိမ်လို့ပါ… ငယ်က စဉ်းစားတတ်တဲ့သူပဲ…”
“ဟုတ်ကဲ့ပါ မကြီး…”

သည်ကလေးမ၏ မျက်ဝန်းများကို ဖတ်တတ်နေသော်လည်း အတင်းအကျပ်မပြောချင်သောကြောင့် မသိဟန်ဆောင်ထားလိုက်သည်။ “မကြီး မနာလိုဖြစ်နေတာလား” ဟု ပြန်မေးခံရလျှင် ကျွန်မသည်းခံနိုင်မည် မဟုတ်ပေ။ သို့သော် အချို့သောအရာများသည် ကျွန်မ၏ နားလည်နိုင်စွမ်းထက် ကျော်နေသည်ကတော့ အမှန်ပင်။ ကျွန်မရှင်းရှင်းလင်းလင်းသိရမှ ဖြစ်တော့မည်။

“ကိုခန့်.. နင်နဲ့ ငယ်နဲ့က ဘာတွေလဲ”
“မောင်နှမတွေလေ…”
“ဖြစ်ပြန်ပြီ.. လိုက်လို့ကို မမီတော့ဘူး…”
“တကယ်ပါဟာ.. တကယ်ကို ရိုးရိုးသားသားပါ… ငါချစ်တာ ယုတစ်ယောက်တည်းပါ..”
“အဲဒါဆိုလည်း ရှင်းရှင်းလင်းလင်းနေလေဟာ… နင့်အချိုးတွေကို ယုမပြောနဲ့ ငါတောင် ကြည့်မရဘူး…”
“ယုကလည်း ငါ့ကို အဖြေမပေးသေးဘူးဟာ… နင်လည်း နည်းနည်းပါးပါး ပြောပေးပါဦး…”
“နင်ကလည်း ပေးချင်စရာကိုး… နေပါဦး.. နင်က ယုသဝန်တိုအောင် လုပ်ပြနေတာလား… နင်ကိုယ်တိုင်က အဲဒီလိုရှုပ်ရတာကို ကြိုက်နေတာလား…”
“……”
“ဟဲ့.. မေးနေတယ်လေ…”
“ယုက အရမ်းတည်ငြိမ်တယ်ဟာ… ငါ့ကိုချစ်လားဆိုတာ ငါသိချင်တယ်…”
“သူနင့်ကို သံယောဇဉ်ရှိတာတော့ သေချာတယ်… ဒါပေမယ့် သူ့မာနကို နင်လည်းသိတာပဲ… နင် တစ်ခြားတစ်ယောက်နဲ့တွဲနေလို့ အမူအရာပျက်ပြမယ့်အထဲမှာ ယုမပါဘူး… နင့်ဗျူဟာကို ပြောင်းလိုက်တော့…ငါလည်း ယုကို ပြောပေးမယ်…”

မိန်းကလေးချင်းမို့ ယု၏စိတ်ကို ကျွန်မ မြင်နေရပါသည်။ ငယ်သံယောဇဉ်၏ နက်ရှိုင်းမှုကို ကျွန်မခံစားမိ၏။ တစ်ချိန်တည်းမှာပင် ယု၏မာနကိုလည်း နားလည်နိုင်ခဲ့သည်။ သည်ကိစ္စထဲမှာ ကျွန်မတစ်ယောက် ဝင်ပါသင့်ပြီထင်ပါသည်။

“ယု.. ကိုခန့်ကိစ္စကို ဘယ်လိုဆုံးဖြတ်ထားလဲ….”
“ငါ မသိသေးဘူးဟာ… ငါ ငယ်ငယ်ကတည်းက သူ့ကို သဘောကျခဲ့ဖူးပါတယ်.. ဒါပေမယ့် သူရှုပ်တာကိုလည်း ငါအသိဆုံးလေ.. နယ်မှာ ကျောင်းအတူတူတက်တုန်းကဆို သူ့ကောင်မလေးတွေကို ငါကိုယ်တိုင် စာပေးပေးခဲ့ရတာ… သူဇာတ်လမ်းစလိုက်တိုင်းလည်း ပြန်မကြိုက်တဲ့သူ မရှိဘူး… ဒါတွေကို ငါအကုန်သိနေတော့ ခက်နေတယ်ဟ…”
“သူချစ်တယ်ဆိုတာကို နင်မယုံဘူးပေါ့…”
“ငါ ယုံပါတယ်ဟာ.. ခံစားလို့ရပါတယ်.. ဒါပေမယ့်… ငါဖြစ်စေချင်တာက ငါ့ကိုချစ်တယ်ဆိုရင် ငါ့တစ်ယောက်တည်းကိုပဲ ဂရုစိုက်လေဟာ.. အခုက သူ့မှာ ဇာတ်လမ်းတွေက မပြီးနိုင်တော့ဘူး…”
“ငါထင်တာကတော့ သူ နင့်စိတ်ကိုများ စမ်းသပ်နေတာလားလို့.. အဲဒီလိုဖြစ်နေရင်ရော…”
“သူ ငါ့ကိုချစ်တယ်ဆိုရင် ငါဖြစ်စေချင်တဲ့အတိုင်း နေရမှာပေါ… ငါမကြိုက်တဲ့အရာတွေကို သူ့ကို ပြောထားပြီးသားပါ… သူမပြင်သေးသရွေ့ ငါ့ဘက်ကလည်း ပြောင်းလဲပေးစရာမရှိဘူး..”
“အေးလေ.. နင်တု့ိနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်နေကြတာကို ဘေးကနေ ငါမြင်နေရတယ်.. ဒါပေမယ့် အခုထိ ချစ်သူတွေ မဖြစ်ကြသေးဘူး… မာနတွေခံနေကြသလိုပဲ… ငါ့သူငယ်ချင်းနှစ်ယောက်ကို ချစ်သူတွေဖြစ်စေချင်တဲ့အတွက် ဒီဇာတ်လမ်းထဲမှာ ငါဝင်ပါတော့မယ်…”
“အေးပါ.. သူပြောင်းလဲလာတဲ့တစ်နေ့ ငါအဖြေပေးမယ်…”

(၁၁)
သို့သော် အချစ်ဆိုသည့်အရာသည် ကျွန်မထံသို့ ဦးစွာရောက်လာခဲ့ပါသည်။ အစ်ကိုက ကျွန်မကို ရိုးရိုးလေးပင် ချစ်ခွင့်ပန်ခဲ့သည်။ မျှော်လင့်ထားပြီးသားအရာဖြစ်သော်လည်း “ညီမလေးကို အစ်ကိုချစ်တယ်” ဟူသော စကားကို ကြားလိုက်ရချိန်တွင် ကျွန်မတစ်ယောက် အငွေ့ပျံပျောက်ကွယ်သွားချင်မတတ် အရှက်သည်းခဲ့မိ၏။ နှစ်ယောက်တည်းထားသွားသည့် သူငယ်ချင်းတွေကို စိတ်ဆိုးရမည်လား၊ စားစရာလာမချပေးသေးသည့် စားပွဲထိုးကိုပဲ စိတ်တိုရမည်လား။ ငုံ့ထားသောခေါင်းကို ပြန်မမော့နိုင်သေးခင် တစ်ယောက်ယောက်ရောက်လာပါစေဟု ဆုတောင်းနေမိသည်။ ကျွန်မ၏ဆုတောင်း ပြည့်သည်ထင့်။ မုန့်သွားဝယ်သော သူငယ်ချင်းတွေပြန်လာသောကြောင့်သာ အသက်ဝဝရှူနိုင်ခဲ့သည်။ အားလုံးက ဝိုင်းစကြတော့ ကျွန်မမှာ ရန်ပြန်တွေ့ရသေးသည်။ အစ်ကို့ဘက်ကိုလှည့်ပြီး မျက်စောင်းထိုးမိတော့ အစ်ကိုက ပြုံးပြုံးနှင့် စိုက်ကြည့်နေလေသည်။

ညဘက်ရောက်တော့ အစ်ကိုက ဖုန်းလှမ်းဆက်ပြီး အဖြေတောင်းလေတော့သည်။ ကျွန်မမှာ အစ်ကို့အတွက် အဖြေမရှိသေးပါ။ ဇာတ်လမ်းထဲတွင် ကြားနေရလေ့ရှိသော “စဉ်းစားပါရစေဦးရှင်” ဟူသည့်စကားကို ကျွန်မအလွန်မုန်းကြောင်း မကြာခဏပြောခဲ့ဖူးသည်။ ယခုတော့ ကျွန်မမုန်းလွန်းလှသည့်စကားကို ကျွန်မကိုယ်တိုင်ပြန်ပြောရတော့မည် ထင်၏။ သို့သော် ကျွန်မ၏ နှုတ်ဖျားက စကားအချို့တို့ အလိုအလျောက်ထွက်လာလေသည်။

“နောက်လထဲမှာ မွေးနေ့ရှိတယ်…”
“အဲဒီနေ့ကျ အဖြေပေးမှာလား…”
“အဆိုးနဲ့အကောင်း နှစ်ခုထဲက တစ်ခုတော့ တိတိကျကျသိရမယ် ထင်ပါတယ်.. အရမ်းကြီးတော့ မမျှော်လင့်ထားနဲ့ပေါ့…”
“သတင်းကောင်းဖြစ်ပါစေလို့ပဲ ဆုတောင်းရမှာပေါ့ ညီမလေးရယ်..”

တစ်ပတ်ဟူသောအချိန်က အလွန်တိုတောင်းမည်လား မပြောတတ်ပေမယ့် ကျွန်မ၏ စဉ်းစားချိန်က တစ်ပတ်သာ ကြာမြင့်ခဲ့ပါသည်။ “ငါ ရည်းစားထားမယ်” ဟူသော ဆုံးဖြတ်ချက်တွင် အချစ်တို့ပါခဲ့သလား ကျွန်မကိုယ်တိုင်လည်း မရေရာခဲ့ပါ။ အချစ်သည် ကျွန်မနားမလည်တတ်ခဲ့သောအရာသာ ဖြစ်ခဲ့သည်။

“မွန် နင်အစ်ကို့ကို အဖြေပေးမှာလား…”
ယုက မေးလာခဲ့သည်။

“အေး.. ဒီတစ်ပတ်တွေ့ကြရင် ပေးဖြစ်မယ်ထင်တယ်…”
“နင် အစ်ကို့ကို ချစ်တယ်ပေါ့…”
“ထင်တာပဲ…”
“ထင်လို့ရမလားဟ…”
“ငါ သူနဲ့တွေ့ရင် ပျော်တယ်… သူငါ့ကို ဂရုစိုက်ရင် ကျေနပ်တယ်… သူ့ကို ငါ့အနားမှာ ရှိစေချင်တယ်… သူချောတာရယ်.. လူကြီးဆန်တာရယ်ကို သဘောကျတယ်.. အဲဒါတွေကို အချစ်လို့ခေါ်ရင်တော့ ငါ အစ်ကို့ကို ချစ်တယ်ပေါ့…”
“နောက်ကျမှ နင်ရောအစ်ကိုရော ခံစားနေရမှာ စိုးလို့ပါ.. နင်သေချာတယ်ဆိုရင်တော့ ပြီးတာပါပဲ…”
“ငါက ယောက်ျားတစ်ယောက်ကို မချစ်ဘဲနဲ့တော့ တွဲဖို့မဆုံးဖြတ်ပါဘူး သူငယ်ချင်းရယ်…”

(၁၂)
“I LOVE YOU” ဟု ရေးထားသော စာလေးကို အစ်ကို့ရှေ့ကို ချပေးမိတော့ အစ်ကိုက မယုံကြည်နိုင်စွာ အံဩနေသည်။ မွေးနေ့ရောက်ဖို့က တစ်လတောင် လိုနေသေး၏။ ခေါင်းငုံ့ထားသော ကျွန်မနားသို့ကပ်ပြီး “တကယ်လား ညီမလေး” ဟု မေးတော့ ကျွန်မမှာ ခေါင်းသာငြိမ့်ပြမိပြီး မော့မကြည့်ရဲ။ ကျွန်မကို စိုက်ကြည့်နေမည့် အစ်ကို့မျက်လုံးတွေကို ရင်မဆိုင်ရဲပါ။ ကျွန်မရှက်သည်။ ဘာမှထပ်မပြောဘဲ ငြိမ်ပေးနေသော အစ်ကို့ကိုပင် စိတ်ထဲက ကျေးဇူးတင်မိနေသေး၏။ သူငယ်ချင်းတွေရောက်လာမှသာ ကျွန်မမှာ စကားပြောရဲတော့သည်။

နောက်တော့ သူငယ်ချင်းတွေ ပြန်သွားပြီးသည့်အထိ အစ်ကိုနှင့်စကားပြောဖြစ်ကြသည်။ ကျွန်မတို့ပြောသမျှအကြောင်းအရာများသည် သူများအကြောင်းတွေသာဖြစ်သည်ဆိုလျှင် အံဩကြပေလိမ့်မည်။ ရှိသမျှသူငယ်ချင်းတစ်ယောက်ချင်းစီနှင့် ပတ်သက်သမျှအကြောင်းပေါင်းစုံကို ရောက်တတ်ရာရာပြောပြီးချိန်မှသာ အစ်ကိုနှင့် အနည်းငယ်ရင်းနှီးလာသလို ခံစားမိခဲ့၏။ ကျွန်မတို့နှစ်ယောက်၏ စကားဝိုင်း၏ နောက်ဆုံးအကြောင်းအရာကား အစ်ကိုချစ်ရသော ကိုခန့် နှင့် ကျွန်မ ချစ်ရသော ယုတို့၏ အကြောင်းပင်။ ကျွန်မတို့နှစ်ယောက် မြားနတ်မောင်အဖြစ် ပါဝင်ကြဖို့ ဆုံးဖြတ်ခဲ့သည်။

ထိုနေ့က ည (၇) နာရီကျော်မှ ပြန်သွားသောအစ်ကိုသည် ကျောင်းရောက်သောအခါ အပြစ်ပေးခံရပြီး အချုပ်တစ်ညကျခဲ့ကြောင်းကို နောက်တစ်နေ့မှ ကျွန်မသိခဲ့ရပါတော့သည်။

Posted from WordPress for Android

19 comments

  • မြစပဲရိုး

    September 29, 2014 at 4:29 am

    ကိုယ် စိတ်ကစား တတ်တာ ကို ဝန်မခံ ဘဲ ယု ကို ကာဗာ လုပ်ပြီး ဟန်လုပ် စွဲလန်းပြ နေတဲ့ ကိုခန့် လို လူတွေ အများကြီး ရှိနေတာ။
    မိန်းကလေး တွေ အန္တရာယ်ဘဲ။
    တကယ်တော့ ယု အတွက်လဲ အန္တရာယ် ဘဲ။
    မယုံစေချင်ပါ။
    အဲဒါ တကယ်ချစ်တာ မဟုတ်။

    ညီမလေး ရဲ့ အစ်ကို ကိုတော့ ပြောချင်ပါတယ်။
    ချစ်တာ အကြောင်းပြပြီး နောက်တစ်ခါ အပြစ်ပေး မခံရပါစေနဲ့ လို့။
    ကံကောင်းပါစေ မကြီး။
    :))

  • ကေဇီ

    September 29, 2014 at 6:10 am

    ကိုခန့် က လူ့ သဘော ကျမ်းးကြေ ပုံပေါ်တယ်
    ငိငိငိ
    ပေါ်တင် ပွေတာ ကို ရှောင် နိုင်တဲ့ (မိန်းခေးး) သူမျိုးးက
    အစ်ကိုကြီးး လိုလို
    သူငယ်ချင်းးလိုလို
    တိုင်ပင်ဖော် လိုလို
    စကားးပြောဖော် လိုလို မှာ
    ဘာလိုလို တွေ ဖြစ်သွားးကြတာပဲ!!!
    :k:

  • Mr. MarGa

    September 29, 2014 at 9:46 am

    လိုက်မမီဘူး လည်ထွက်သွားပီ
    နားလည်ဖို့ ရှေ့ကိုပြန်ဖတ်ရမလား နောက်ကိုစောင့်ဖတ်ရမလားမသိ

      • Mr. MarGa

        September 29, 2014 at 12:03 pm

        ဟိုလဲ အစ်ကို ဒီလဲ အစ်ကို ဆိုတော့
        နာ မျက်စိလည်တာ မဆန်းပါဘု… 🙄

        • လုံမလေးမွန်မွန်

          September 29, 2014 at 12:09 pm

          ကျွန်မရဲ့အစ်ကိုနဲ့ ကျွန်မက ​​​​​​​​​ကြိုက်​စရာလား.. ဒါ ဟိုအစ်​ကို​ပေါ့ဟဲ့…

  • kyeemite

    September 29, 2014 at 10:15 am

    .ချစ်နဲ့ပါတ်သက်ပြီးတော့ ဘာမှမဝေဖန်ချင်ဘူး…
    .ဒါပေမဲ့ တစ်သက်မှာ တစ်ခါပဲချစ်တယ်ဆိုတာတော့ မယုံပါဘူး :k:

  • Myo Thant

    September 29, 2014 at 10:56 am

    ကျနော် မျက်စိလည်လာပြီဗျာ ၊

  • sorrow

    September 29, 2014 at 11:28 am

    ….ကိုခန့်ဆိုပဲ …အသံထွက်က ကျော်နဲ့ခပ်ဆင်ဆင်ရယ်…အဟိဟိ ..ကျော်များလားမသိ…

  • ဦးကြောင်ကြီး

    September 29, 2014 at 12:27 pm

    လုံမလေးမွန်မွန်
    ဆုံရသေးယုန်ဖွန်
    ကုန်မှအေးခြုံနွံ
    ခုန်ချပြေးဘုံစွန်..။

  • မောင်ဘလိူင်

    September 29, 2014 at 2:32 pm

    ရွေးချယ်ရာလမ်း၊
    ဘေးဖယ်ကွာလှန်း၊
    ဈေးဝယ်လာမှန်း၊
    အေးမယ်ဟာချမ်း၊
    ဒွေးမယ်နာဂွမ်း..။

    အလကားနောက်တာနော်..စောင့်ဖတ်နေပါတယ် လုံမလေး။
    :k:

  • manawphyulay

    September 29, 2014 at 2:46 pm

    သူက ဘာလိုအပြစ်ပေး ခံရတာလဲ အချုပ်ကရော ဘာကြောင့် ကျရတာလဲ…
    ဖတ်ရင်းနဲ့ ဇာတ်ကို ရပ်လိုက်တာ ဆန့်တငင်ငင်ဖြစ်သွားတယ်။

Leave a Reply