(၁)

အရှေ့ကျွန်းမှ ကြယ်-၅ပွင့် ဟော်တယ် တခု၏ ဧည့်ခန်းတွင်ဖြစ်သည်။

ထုံးစံအတိုင်း မိတ်ဆွေတချို့နှင့် ထွေရာလေးပါး ပြောရင်း အချိန်ဖြုန်းနေ၏။

အချိန်ကား ကုန်နိုင်ပါဘိတောင်း။ တကယ်ဆို အချိန်ကား ၂ရက်ပဲ လိုတော့သည်။

ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင် ကြီးကြပ်နေရ၏။ ဟုတ်သည် မင်္ဂလာပွဲတခု ကို

ခမ်းခမ်းနားနား ကျင်းပဖို့ ရှိနေခြင်း ဖြစ်သည်။ စောစောကပင် ပန်းအပြင်အဆင် အဖွဲ့နှင့်

နောက်ဆုံးလက်ကျန်ငွေ ပေးချေ လက်မှတ် ရေးထိုးပေးလိုက်သည်။ ကြိုဆိုနေရာချထားရေးအဖွဲ့နှင့်

မှတ်တမ်းတင် အဖွဲ့သားများ ကလည်း အချိန်နှင့် တပြေးညီ သတင်းပို့ကြ လာရောက်တိုင်ပင် ဆွေးနွေးကြနှင့်

မိမိမှာ မအားလပ်နိုင်ပါ။ သို့သော် မိမိ စဉ်းစားမရသည်မှာ မိမိက ဘာကြောင့် ဒီအလုပ်တွေ လုပ်ကိုင်နေပါသနည်း။

ဦးခေါင်းတခုလုံး ရှုပ်ထွေးနောက်ကျိနေသည်။ ဘယ်လိုမှ စဉ်းစားလို့မရ…။ စဉ်းစားလို့ရတာ တခုတော့ ရှိသည်။

သည်မင်္ဂလာပွဲ တွင် သတို့သမီး ဖြစ်သူအား လုပ်ကြံသတ်ဖြတ်မည် ဟူသော သတင်းပင်။

ထိုကိစ္စသည်ပင်လျင် မိမိ စုံစမ်းဖို့ တာဝန်ရှိနေကြောင်းလည်း တဆက်တည်း သိရှိနေသည်။ သို့ရာတွင်

ဘာကြောင့် ထိုသို့ တာဝန်ရှိနေကြောင်းမသိရ။

(၂)

ခန်းမ အတွင်းသို့ သတို့သမီး ရောက်လာသည်။ မနက်ခင်းတခုလုံး ၀တ်စုံများကို စမ်းသပ် ၀တ်ဆင်ရင်းမှ နေ့လည်ခင်းခန နားရန်

အခန်းသို့ ပြန်လာစဉ် ခန်းမ ကို ဖြတ်ကျော်ချိန်တွင် မိမိအား နှုတ်ဆက်ခြင်း ဖြစ်သည်။ တရင်းတနှီး ပင်ဖြစ်သော်လည်း

ဘာတွေ ပြောသွားသလဲ ရုတ်တရက် စဉ်းစားမရ ။ ခေါင်းညှိမ့်ပြရုံလောက်သာ သတိထားမိသည်။ သတို့သမီး ဆိုလို့

သူ့အကြောင်း မိတ်ဆက်ရအုံးမည်။ သူသည် အဆိုတော် မင်းသမီးတယောက်လော၊ စီးပွားရေးလောကမှ နာမည်ကျော် တယောက်လော

သို့တည်းမဟုတ် တခြား သြဇာအာဏာ ကြီးမားသော အသိုင်းအ၀ိုင်းမှ ဆင်းသက်လာသူလော ကျနော် မသိ။ သို့သော် ကျနော်သိသည်က

သူသည် ထင်ပေါ်ကျော်ကြားသူတယောက် ဖြစ်သည်။ ယခု သူ့မင်္ဂလာပွဲတွင် သူ့ကို လုပ်ကြံမည့် အစီအစဉ် ကို ကြားသိထားသည်။

သို့သော် ကာယကံရှင်ကိုယ်တိုင်က ဒါကို သိမထား။ သူမ မသိအောင် တမင် အုပ်ထားကြောင်းလည်း ကျနော် သိနေပြန်သည်။

ဘယ်သူတွေ ပါဝင်ပတ်သတ် နေသနည်း …. စဉ်းစားမရတော့…နောက်ထပ်တကြိမ် ဦးခေါင်းတွေ ချာချာ လည်သွားသည်။

(၃)

ဟော်တယ် ခေါင်မိုးထပ်ရှိ ဘားအတွင်းသို့ ကျနော် ၀င်လာသည်။ တစားပွဲထဲတွင် ရုပ်ရည်သန့်ပြန့်သော

လူလတ်ပိုင်း အမျိုးသား နှင့် အမျိုးသမီး တဦးထိုင်နေသည်။ မကြာမီ အသက်၅၀ကျော် အမျိုးသမီးတဦး ၀င်ထိုင်လာသည်။

ကျနော်တို့ ၄ဦးသား ရောက်တတ်ရာရာ စကားကောင်းနေသည်။ အမျိုးသမီးကြီး မှ သူမ၏ ကော့တေးလ် ခွက်ကိုတိုက်မိသလိုလိုနှင့်

အမျိုးသမီးငယ်က ၀င်ကူပေးဟန်ဆောင်ကာ အမျိုးသားလူငယ်၏ နက်တိုင် မှ ကလစ်ကို ပြုတ်အောင်ဖြုတ်ချလိုက်သည်။ ကံဆိုးချင်တော့

ကလစ်က လက်ထဲပါမလာဘဲ တနေရာရာ ကို လွင့်စဉ်သွားသည်။ ဟန်မပျက်ဆက်ထိုင်ရင်း စကားဝိုင်းကို အမြန်ဆုံး သိမ်းနိုင်အောင်

အမျိုးသမီး ၂ဦး ကြိုးပမ်းလာကြသည်။ ကျနော် သိလိုက်ပြီ သည်၂ယောက် တဖွဲ့တည်း ဆိုတာ။ မကြာခင် စကားဝိုင်း သိမ်းသည်။

လူငယ် ပြန်သွားသည်။ အမျိုးသမီး ၂ဦး ရေအိမ်သွားဟန်ဆောင်ပြီး ခပ်မဆိတ် ပြန်လာကာ လွင့်စဉ်သွားသော နက်တိုင် ကလစ် ကို ရှာသည်။

မတွေ့ပါ။ ကျနော်ကတော့ အခန်းကို မပြန်သေးဘဲ ဘား၏ ထောင့်တနေရာမှ နေ၀င်ချိန်ရှုခင်းကို မတ်တပ်ရပ်ကြည့်နေသည်မို့

ဖြစ်စဉ်ကို အစအဆုံး မြင်နေရသည်။ ကျနော် သိနေသည် အမျိုးသားငယ်၏ နက်တိုင်ကလစ်မှာ အသံဖမ်းကိရိယာ ဟုယူဆကာ

ထိုအမျိုးသမီးများ ရှာနေခြင်းဖြစ်သည်။ တကယ်ဆို အမျိုးသားငယ် နည်းတူ သူတို့ ၂ယောက်ကလည်း ကာကွယ်ရေး တာဝန်ယူထားသော အေးဂျင့်များ

ဖြစ်ဟန်ရှိသည် (ဒါကို ၂ဖက်စလုံးကလည်း ရိပ်မိသိရှိထားဟန် ရှိ၏) ။ အဖွဲ့တော့ မတူကြ ပါ။ ကျနော် စဉ်းစားမိသလောက် ချောင်းမြောင်းလုပ်ကြံမည့်ကိစ္စ

အတွက် လုံခြုံရေးတာဝန်ချင်းတူသော်လည်း အဖွဲ့မတူသည့် အချင်းချင်းလည်း သံသယ ရှိနေကြသည် ကိုပင်။ ထိုထက်ပို၍ စဉ်းစားမတတ်တော့ ။

ပထမဆုံးအကြိမ် သတို့သမီး ဖခင်၏ ပုံရိပ် ခေါင်းထဲ ၀င်လာသည်။ မျက်လုံး မျက်ဖန် ကောင်းကောင်း နှင့် ပိရိသေသပ်သော နှုတ်ခမ်းတို့ ရှိသည်။

ယခု ကိုယ်ပိုင်ငှားရမ်းထားသော လူများသည် သူ့လူများလော…။ ကျနော် စဉ်းစားလို့မရ။ သည်လို နှင့် အခန်းကိုပြန်ခဲ့သည်။

(၄)

အခန်းထဲရောက်မှ အရှေ့ကျွန်း အာမခံ ကုန်ပနီမှ လာထားသွားသော လက်မှတ်ထိုးရန် စာရွက် အထပ်လိုက်တွေ့ရသည်။

သက်မကို ရှိုက်ထုတ်မိသည်။ ဒါဆို ဒီဟိုတယ်ထဲ သူတို့၏ အေးဂျင့်များလည်း ခြေရှုပ်နေမှာအမှန်ပင်။ ပြန်စဉ်းစားကြည့်မိတော့

ညနေက ဘားတင်ဒါ ကောင်မလေး ၏ မျက်စိ က ကျီးကန်းတောင်းမှောက်နိုင်လွန်းတာ တို့ .. သန့်ရှင်းရေးဝန်ထမ်းကောင်လေး က

ကျနော်တို့ ၀ိုင်းနားမှ စတီးလ်ကဲ့သို့ပြောင်လက်နေပြီးသော ကြမ်းပြင်ကို အကြောင်းမဲ့ သုတ်ရင်း နားစွင့်နေဟန်တို့ကို သွား သတိရမိသည်။

မလွယ်ပါလား…။ ဘာတွေလဲ … ဘာတွေလဲ ထက် ငါဘယ်သူလဲ က ပိုအရေးကြီးလာသည်။ သည်လိုနှင့် လက်ဆွဲသေတ္တာကို ဖွင့်သည်။

ကျနော့်ကိုယ်ရေးအချက်အလက်ပါ စာရွက်စာတမ်းများ ဘာတွေ မြင်ရမလဲ ဆိုပြီး တော့ …။ အော်… ကိုယ်ဘယ်သူလဲ မသိသောသူက

လက်ဆွဲသေတ္တာမှ လျို့ဝှက် ဂဏန်းစာလုံးများကို မှတ်မိနေပြန်တော့ ..ကိုယ့်ဟာကိုယ် ရယ်ချင်သွားသည်။ မဲ့ပြီးတော့ဖြစ်ဖြစ် ပြုံးလိုက်မိမှာ အသေအချာ။

အထဲမတော့ အ၀တ်အစားအချို့ ၊ ဆေးလိပ် မီးခြစ် နှင့် မုတ်ဆိတ်ရိတ်ဓါးကဲ့သို့ အသုံးအဆောင်တချို့နှင့် ငွေစအနည်းငယ်အပြင်

အခြားဘာ စာရွက်စာတမ်းမှ မတွေ့ပါ ။ ကျနော် ခံတွင်းချဉ်လာသည်။ ဆေးလိပ်နှင့် မီးခြင်ယူကာ ဆေးလိပ်သောက်ခန်း ဘက်သို့ ဆင်းလာခဲ့သည်။

(၅)

ဆေးလိပ်သောက်ခန်းအတွင်း ဖြူသွယ်သွယ် ပိန်ပါးပါး လူငယ်တယောက် နှင့် ဆံပင်တိုတို အသားညိုညို လူထွား တယောက် အခြေအတင် စကားပြောနေ၏။

မှောင်ရိပ်ကျနေသောကြောင့်ထင့် ..။သူတို့က မိမိကို သာမန် ခရီးသွားဧည့်သည်ဟုသာ ထင်ပြီး သူတို့ ပြောလက်စ စကားများကို ဆက်လက်ပြောဆိုနေသည်။

မြန်မာလိုပြောနေကြခြင်း ဖြစ်သောကြောင့် … အသာ နားထောင်နေမိသည်။ အကြောင်းအရာ အကျဉ်းချုပ်ကတော့ဌာနချုပ်မှ အဆက်သွယ် မရသေးခြင်း။

သွားလာရန် ကားစီစဉ်ပေးမှု နှောင့်နှေးနေခြင်း နှင့် သည်ဘက်ခြမ်းမှ ချိတ်ဆက်ထားသူများ ခုချိန်ထိ ရောက်မလာသေးခြင်းအတွက် လူညိုထွားမှ

ငတိ ကို ကြိမ်းမောင်းနေခြင်းဖြစ်သည်။ မိမိ သတိပြုလိုက်မိသည်ကတော့ လူညိုထွားသည် ကာယပိုင်းစိုက်ထုတ်မည့်သူ ဖြစ်ပြီး ချာတိတ်မှာ

စကားပြန် ကိုယ်စားလှယ် ဆန်ဆန် (ကိုယ် နှင့် ခေါင်း) ပူးတွဲစေလွှတ်ခြင်းခံရသည့် သဘောဖြစ်သည်။ ဒါဆို သူတို့သည်လည်း နောက်တဖွဲ့ပေါ့…။

သူတို့ပြောသည့် ဌာနချုပ် ဆိုတာ ဘာမှန်း ကျနော် မသိပါ။ သိရန်လည်းမဖြစ်နိုင်တော့ပါ။ ချာတိတ်က မနက်ဖြန်မနက် အကုန်လုပ်ပေးမယ် ဆိုပြီး

စကားစဖြတ်ကာ အခန်းမှ ပြန်လည် ထွက်ခွာသွားသောကြောင့်ပင် ဖြစ်သည်။ ကျနော်လည်း မတွေးချင်တော့သည်နှင့် အခန်းပြန်ပြီး အိပ်ယာဝင်ခဲ့လေသည်။

(၆)

နောက်တနေ့မနက်ကျတော့ ကျနော် ထုံးစံအတိုင်း ပြင်ဆင်စရာရှိသည်များကို ကွပ်ကဲ ကြီးကြပ်ပေးရင်း လာသမျှသော ဘောင်ချာများ ဒိုင်ခံ

လက်မှတ်ထိုးပေးနေမိသည်။ မမျှော်လင့်ထားတာ တခုဖြစ်လာသည်။ကျနော်တို့တည်းသည့် ဟော်တယ် အရှေ့ဘက်ရှိ ဟော်တယ်တွင် ဧရာမ

ဗီနိုင်းကြီး ချိတ်ဆွဲလာကြခြင်းဖြစ်သည်။ ဗီနိုင်းပါ အကြောင်းအရာကတော့ ယခင်နေ့တွေက ကျနော် သတင်းမှာ ကြည့်ဖူးပြီးသား အကြောင်းအရာများဖြစ်သည်။

အချုပ်ပြောရလျင် လွန်ခဲ့သောလ ဆီက မြန်မာ့ တိုက်ကွမ်ဒိုအသင်းသည် အာရှ အားကစားပွဲတော်တွင် အောင်ပွဲရခဲ့သည်။ အပြည့်အ၀တော့မဟုတ်ပါ။

အမျိုးသား အားကစားသမား ၂ဦး သက်ဆိုင်ရာ ကီလိုတန်း တွင် ရွှေ ရခဲ့သည်။ သို့သော် ၂ယောက်တွဲ အတိုက် ပြိုင်ပွဲတွင် ဖိုင်နယ် ရောက်ကာမှ

အဆိုပါ ကစားသမား၂ဦး စကားများကာ အပြန်အလှန်တွန်းထိုးကြသောကြောင့် ပြိုင်ပွဲမှ ထုတ်ပယ်ခံရသည်။ ယခုကား အဆိုပါ ကစားသမား၂ဦး၏

ရင်ဆိုင်ယှဉ်ပြိုင်ပွဲ ပိုစတာ ဖြစ်သည်။ ရက်စွဲကြည့်လိုက်တော့လည်း မင်္ဂလာပွဲ ရက်နှင့် တထပ်တည်း ။ ဒါက တိုက်ဆိုင်မှုတခုလား ကြိုတင်ကြံစည်မှု ပေလား။

ကျနော်မသိပါ.. စဉ်းစားလို့လည်း မရပါ။ သာမန် ဘာမဟုတ်သော အားကစား သတင်းလေးကို သိနေပြီး ကိုယ့်ဟာကိုယ် ဘယ်သူမှန်းမသိသော ဘ၀သည်

အတော်ဆိုးသည်ဟု ကျနော်ထင်သည်။ သည်တနေကုန်တော့ သတို့သမီး ကို မမြင်ခဲ့ရပါ..။ ရှော့ပင် ထွက်နေသည် ထင်ပါသည်။ ထားပါ..။ ကျနော် မစဉ်းစားချင်တော့။

(၇)

မင်္ဂလာဆောင် မနက် ။ အခန်းထဲ တွင် အရောင်တဖိတ်ဖိတ်တောက်နေသော ဆင်စွယ်ရောက် တက်ဆူဒို တစုံ ရောက်နေသည်။ ဘိုးတိုင်မှ အစ ဖိနပ်အဆုံးပင်။

အလို .. ဖိနပ် ဗူး ၂ဗူး ဖြစ်နေပါလား..။ ဘယ်လိုပါလိမ့်။

ပထမ ဖိနပ်ဗူးတွင်တော့ ဆင်စွယ်ေ၇ာင် ဖိနပ် တရံ ထွက်လာသည်။

နောက် တဗူးတွင်မတော့ …..။

.

.

.

.

.

မဟော်ဂနီရောင် ၂လုံးပြူး ဒီရင်ဂျာ သေနတ်တလက် နှင့် ကျည်ကတ်ထရိတ် တခု ဆွစ်ဇ် အာမီ ဓါးတချောင်းနဲ့ ၁၃း ၃၅ ဟူသော အချိန် ဖော်ပြချက်တခု

..

ဘုရားဘုရား ..

ဘာတွေ ဖြစ်ကုန်ပြီနည်း … ကျနော်ဟာ သတို့သား လော .. လုပ်ကြံသတ်ဖြတ်ရေးသမား လော..

သတိုးသားနေရာမှနေပြီး အက်စစီနိတ် လုပ်၇မည် လော.. သို့တည်းမဟုတ်

အနီးဆုံး ကိုယ်ရံတော် အဖြစ်နှင့် ခုခံကာကွယ်ရမည်လော…

လုံးဝ နားမလည်တော့ပါ…

ကျနော့်ကိုယ်ကျနော် ဘယ်သူမှန်းမသိသည့်အတွက် ဘယ် နေရာမှ ကပြအသုံးတော်ခံရမည်ကို မသိသော အဖြစ်တည်း…။

ခေါင်းထဲတွင် အဖြစ်အပျက်တွေက ချာချာလည်နေသည်။

မည်သည် သည်ခေါင်းကို ဆေးကျော ခဲ့ပါသနည်းးးးးးးး….။

.

.

.

.

.

.

.

.

 

(ဆက်ရန်)

 

.

.

.

.

.

.

.

.

 

 

P.S အဲ့အိပ်မက် ဆက်မက်တဲ့ ည ကျရင်

:P

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011