အကူညီလိုအပ်နေတဲ့ မြန်မာ ကလေးများအတွက် နယူးယောက်မှာ ပျံ့လွှင့်ခဲ့တဲ့ ဂီတသံစဉ်
တေးသီချင်းတွေ ကို ဆိုတီးပြီး မြန်မာကလေးငယ်တွေ အတွက် ၂၀၀၈ ခုနှစ် ကတည်းက ရံပုံငွေ ရှာပေးနေတဲ့ နယူးယောက်အခြေစိုက် 3hird Medium တီးဝိုင်း ရဲ့  ခြောက်ကြိမ်မြောက် ဂီတပွဲ ကို စက်တင်ဘာ ၂၇ ရက်နေ့  က၊ နယူးယောက်မြို့ ရှိ Walter Crowley Intermediate School မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ဂီတပွဲ မှာ 3hird Medium ၀ိုင်းတော်သားတွေ နဲ့ အတူ အဆိုတော် ခင်ဘုဏ်း ကလည်း ပါဝင်သီဆိုခဲ့ပြီး၊ နယူးယောက်ရှိ မြန်မာမိသားစုများက မြန်မာရိုးရာအစားအစာများ ကို ပါဝင်လှူဒါန်းခဲ့ကြတယ်။ ဂီတဖျော်ဖြေမှု အစီအစဉ်အတွင်းမှာ ထိုင်ခုံတွေ မလောက်ပဲ၊ ရုံပြည့်လျှံ တဲ့ အထိ အားပေးမှုကို ရခဲ့ပြီး၊ အလှူငွေ ဒေါ်လာ ၂သောင်းငါးထောင်ကျော် ရရှိခဲ့တယ်လို့  သိရပါတယ်။
တီးဝိုင်းစတင်ဖွဲ့ စည်းခဲ့ချိန်က စပြီး ခုချိန်အထိ မြန်မာပြည်တွင်း နဲ့  နယ်စပ်ဒေသက ဒုက္ခသည်စခန်းတွေ မှာ နေထိုင်နေတဲ့ ကလေးတွေ အတွက် အမေရိကန်ဒေါ်လာ တစ်သိန်းကျော်ခန့်  ပေးပို့  လှူဒါန်းနိုင်ခဲ့တဲ့ 3hird Medium တီးဝိုင်းရဲ့ မန်နေဂျာ ကိုရဲ နဲ့  ခနတာ စကားပြောဖြစ်ခဲ့ရာမှာ ….
- အဖွဲ့ ဖြစ်ပေါ်လာပုံ အကျဉ်းရုံးပြောပြပါလား။
၂၀၀၈ ခုနှစ်တုန်းက ဂီတကို ချစ်မြတ်နိုးတဲ့ လူငယ် ၃ဦး ကြောင့် ဒီအဖွဲ့ ကို စဖွဲ့  ဖြစ်သွားတာပါ။ ဒရမ်မာ ကိုညီ၊ လစ်(ဒ်) စိုးချမ်း (အခုမြန်မာပြည်မှာ စီးရီးထုတ်၊ ဗီဒိယိုရိုက်နေတဲ့ ဈာန်) နဲ့  ဘေ့စ်တီးတဲ့ နန္ဒ တို့ က အပျော်တမ်းတီးဝိုင်းဖွဲ့ ရာကနေ၊ မြန်မာပြည် အတွက် အကျိုးရှိတဲ့ လုပ်ငန်းတစ်ခုခု လုပ်ချင်တယ်ဆိုပြီး ကျွန်တော် တို့  စလုပ်ဖြစ်သွားတာပါ။ အဖွဲ့ ဝင်တွေ ထပ်စုပြီး၊ တီးဝိုင်းထောင်ဖို့ လိုအပ်တဲ့ ဂီတပစ္စည်းတွေကို ၀ယ်ထည့်၊ နယူးယောက်က မြန်မာမိသားစုတွေ ကလည်း အစားသောက်တွေ ၀ိုင်းလှူနဲ့  ကျွန်တော်တို့ စပြီး ဂီတပွဲတွေ စလုပ်ဖြစ်ခဲ့တာပါ။
- မြန်မာပြည်တွင်း က လိုအပ်နေတဲ့ နေရာတွေ အများကြီးထဲမှာ ဘာဖြစ်လို့ မိဘမဲ့ ကလေးတွေ ကို ကူညီဖို့ ရွေးချယ်ဖြစ်ခဲ့ပါသလဲ။
ဟုတ်ကဲ့။ ၂၀၀၈-၂၀၀၉ ၀န်းကျင်တုန်းက အခုလို မပွင့်လင်းသေးတော့ ပြည်တွင်း ကို အလှူငွေပို့ ဖို့ နဲနဲ အခက်ခဲရှိပါတယ်။ လှူရမယ့်နေရာတွေ အများကြီးထဲမှာ မိဘမဲ့ ကလေးတွေကြတော့ မိဘမေတ္တာကို မရကြဘူး၊ တချို့ ကလဲ ပြည်တွင်းစစ်ဒဏ်ကြောင့် မိဘမဲ့ဖြစ်သွားတာတွေ ရှိတယ်၊ စားဝတ်နေရေး အခက်အခဲ အပြင်၊ ပညာလဲ မသင်နိုင်ကြဘူး။ အစိုးရဘက်က ထောက်ပံ့နိုင်တာလဲ နည်းတယ်။ ဒါကြောင့် မိဘမဲ့  ကလေးတွေ ကိုပဲ အဓိက လှူဖို့ ကျွန်တော်တို့ ရွေးချယ်ခဲ့တာပါ။ နောက်တော့ မိဘမဲ့မှ မဟုတ်ပဲ တခြား အကူအညီလိုအပ်နေတဲ့ ကလေးတွေကို ပါ ကူညီဖြစ်သွားတယ်။ -
• ဒီခြောက်နှစ်တာ ကာလအတွင်း လှုပ်ရှားဖြစ်ခဲ့တာတွေ ပြောပြပါလား။
နယူးယောက်မှာ ရှိတဲ့ အဖွဲ့ ဝင်တွေက အလှူငွေရှာပေးပြီး၊ ရန်ကုန်မှာ ရှိတဲ့ ကျွန်တော်တို့  မိသားစုဝင်တွေနဲ့  လုပ်အားပေးသူတွေ က အလှူပစ္စည်းတွေ ကို လိုအပ်တဲ့ နေရာ တွေကို သွားရောက်လှူဒါန်းပေးပါတယ်။ ရန်ကုန်မြို့ ပေါ်နဲ့ အနီးတ၀ိုက် ဖြစ်တဲ့ မှော်ဘီ၊ ပေါင်းတည်၊ ဧရာဝတီတိုင်းက နာဂစ်မုန်တိုင်းသင့် ဒေသတွေ၊ ကချင်ပြည်နယ် က IDP camp သုံးခု၊ နယ်စပ်ဒေသ မဲဆောက် က ဒုက္ခသည် စခန်းတွေ အထိ ကျွန်တော်တို့ ရောက်ဖြစ်ခဲ့ပါတယ်။
Transparency က အရေးကြီးတဲ့ အတွက် အလှူ လက်ခံရရှိကြောင်း ဓာတ်ပုံ အထောက်အထားနဲ့  လက်မှတ်ထိုးပေးတဲ့ စာရွှက်တွေ ကို ယူပြီး ဒီဘက်က အလှူရှင်တွေ ကို ပြန်ပြီး ရှင်းတမ်းထုတ်ပါတယ်။
လှူတဲ့နေရာမှာ ငွေသားကို တိုက်ရိုက်ပေးလှူတာမျိုးထက်၊ တကယ်လိုအပ်နေတဲ့ ပစ္စည်းတွေ ပိုလှူဖြစ်တယ်။ စာသင်ကျောင်း ဆောက်ပေးတာမျိုး၊ ကျောင်းအတွက် လိုအပ်တဲ့ မီးစက်၊ ကွန်ပျူတာ၊ ပရိဘောဂ နဲ့ ကျောင်းသုံး ပစ္စည်းတွေ၊ အစားအစာ နဲ့  ဆေးဝါးတွေ ပါသလို၊ ရေရှည်မှာ ကလေးတွေ သူတို့  ခြေထောက်ပေါ်သူတို့  ရပ်တည်နိုင်အောင် တနိုင်လုပ်ငန်းတွေ ဖြစ်တဲ့ မှိုစိုက်ပျိုးရေး၊ကြက်မွေး မြူရေး လုပ်ငန်းတွေ၊ ဆိုက်ကားတွေ နဲ့  အမျိုးသမီးကျောင်း မှာ ဆို စက်ချုပ်လုပ်ငန်း၊ စသဖြင့် ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်နိုင်အောင် မ တည် ပေးပါတယ်။ နောက်ပြီး ခွဲစိပ်ကုသမှု အရေးတကြီးလိုအပ်နေတဲ့ ကလေးတွေ အတွက် ကုန်ကျစားရိတ်လှူပေးပါတယ်။
- • ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရသလဲ။
ကျွန်တော်တို့ အလှူပေးပို့ တဲ့ နေရာက ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဘုရားရှိခိုးကျောင်း၊ မသန်မစွမ်းကျောင်းတွေ ကအစ ဟိုး ဒုက္ခသည်စခန်းအထိ ဆိုတော့ လူပေါင်းစုံနဲ့ ဆက်ဆံရပါတယ်။ ကျွန်တော်တို့ အဖွဲ့ က နေရာတစ်ခုတည်းကို လစဉ် ငွေတွေ ပို့  နိုင်လောက်အောင် အင်အားမတောင့်သေးဘူး။ နောက်ပြီး ကျွန်တော်တို့ ပို့ မယ့် အလှူငွေတွေ ကို စောင့်နေတာထက် ၊ သူတို့ ဘာသာ သူတို့  ရပ်တည်ပြီး ပုံမှန်ဝင်ငွေရှာနိုင်တဲ့ အနေထားမျိုးကို ကျွန်တော်တို့ ကလိုလားတယ်။ တနိုင်လုပ်ငန်းတွေ ကို လုပ်ဖို့ တိုက်တွန်းတော့ နောက်ကလိုက်လာပြီး အောင်မြင်သွားတဲ့ နေရာတွေ ရှိသလို၊ လိုက်မလုပ်ပဲ အလှူငွေပဲ စောင့်နေတဲ့ နေရာတွေလဲ ရှိပါတယ်။ ကလေးတွေ အတွက် မဟုတ်ပဲ တခြား (ဥပမာ၊ ဘုန်းကြီးတရားဟောရင် သုံးဖို့ စပီကာတွေ၊ စက်တွေ စသဖြင့်) အလှူခံတဲ့ အခါ ကျွန်တော်တို့ ဘက်က မလှူရင် စိတ်ဆိုး သွားတာမျိုးတွေလဲ ကြုံရပါတယ်။
- • ရှေ့ ဆက်လုပ်ငန်းစဉ်တွေ အနေနဲ့ ဘာတွေ ဆက်လုပ်ဖို့ ရည်မှန်းထားသလဲ။
ကျွန်တော်တို့ အဖွဲ့ က နှစ်စဉ် ရံပုံငွေ ဂီတပွဲ တစ်ခုတည်းကို သာမက၊ မင်္ဂလာဆောင်တွေ ကျောင်းကပွဲတွေ က ငှားရင် လိုက်တီးပေးပြီး ရသမျှ ငွေ အားလုံးကို ပြန်လှူပါတယ်။ နောက်ပြီး ဒီလုပ်ငန်းမှာ ကျွန်တော်တို့ အဖွဲ့ ရဲ့ လုပ်ငန်းအဖြစ်နဲ့ မဟုတ်ပဲ နယူးယောက် မြန်မာမိသားစုတွေ ရဲ့ လှုပ်ရှားမှု အနေနဲ့ ဆက်ပြီးလုပ်သွားချင်တယ်။ မြန်မာပွဲတွေမှာ ၀င်ကြေးတွေက ဒေါ်လာ ၂၅ ကနေ အထက် ကောက်ခံတာ ရှိပေမယ့်၊ အခုပွဲမှာ ကျွန်တော်တို့ ဝင်ကြေးဒေါ်လာ ၁၅ ပဲ ကောက်ပြီး၊ အစားအစာ တွေကို မရောင်းပဲ အခမဲ့ကျွေးပါတယ်။ အဲဒီလို လုပ်တော့ လူကြီး၊ လူငယ်မရွေး အားလုံးပါလာတာကို တွေ့  ၇တယ်။ ဒါကြောင့် ရှေ့ ဆက်ပြီး မြန်မာ ကွန်မြူနတီနဲ့ အတူတကွ ပေါင်းပြီး လုပ်သွားဖို့  ရည်မှန်းထားပါတယ်။
တဆက်တည်းမှာပင် ပွဲကြည့်ပ၇ိသတ်တစ်ဦးကို မေးမြန်းတဲ့ အခါ
“ ဒီအဖွဲ့ ကလုပ်တဲ့ ပွဲအတွက် နှစ်တိုင်း စားစရာတွေ လှူဖြစ်တယ်။ သူတို့ ရဲ့ ဖေ့ဘွတ်မှာ ငွေစာရင်းရှင်းတမ်း၊ သွားလှူဖြစ်တဲ့ နေရာတွေ ကို ဓာတ်ပုံမှတ်တမ်းတွေ နဲ့  တကွ ဖော်ပြထားပြီး၊ အလွယ်တကူကြည့်နိုင်တော့ စိတ်ကြည်နှူးရတယ်၊ နောက်နှစ်တွေမှာလဲ ဆက်ပြီး ပါဝင်လှူသွားဦးမှာပါ” လို့ ပြောပြသွားပါတယ်။
မြန်မာပြည်နဲ့ ဝေးတဲ့ နေရာကို ရောက်နေပေမယ့် ကိုယ်ဝါသနာပါတဲ့ အဆို၊အတီး ပညာ နဲ့  ပြည်တွင်း က ကလေးငယ်တွေ ကို တလှည့်ပြန်ပြီး ကူညီနေတဲ့ လူငယ်တစ်စု ရဲ့  မွန်မြတ်တဲ့ စိတ်ထားနဲ့ ၊ ချိုမြိန်တဲ့ တေးဂီတသံစဉ်တွေ ဆက်လက်ပြီး ပျ့ံ့လွှင့် နိုင်ပါစေလို့ ။
ပါဝင်လှူဒါန်းလိုသူများအနေနဲ့  http://www.3hirdmedium.net/ ကနေတဆင့် credit cards/ paypal နဲ့ လှူလို့ ရပါတယ်။
3hirdmedium ရဲ့ အကြောင်း ပိုမိုသိလိုရင် https://www.facebook.com/3hirdMedium
မစုဥာဏ်(နယူးယောက်)
သာဓု
သာဓု
သာဓု
Was this answer helpful?
LikeDislikeမွန်မြတ်တဲ့ စိတ်ထားနဲ့ ၊
စုစည်းထားတဲ့ အဖွဲ့လေးရဲ့
ချိုမြိန်တဲ့ တေးဂီတသံစဉ်တွေ
ဆက်လက်ပြီး ပျ့ံလွင့် နိုင်ပါစေ။
လိုအပ်သောနေရာများကို ဖြည့်ပေးနိုင်ပါစေ….
Was this answer helpful?
LikeDislike.လေးစားချီးကျူးမိပါတယ်ဗျာ…သာဓုသာဓုသာဓု ပါ
Was this answer helpful?
LikeDislike၀နေလိုက်ကြတာ.. ၀နေလိုက်ကြတာ..
Was this answer helpful?
LikeDislikeအခု ဒီဘက်နှစ်ပိုင်းတွေမှာ လူ ငယ်တွေ ဦးဆောင်တဲ့ ပရဟိတ လုပ်ငန်းလေးတွေ အများကြီးပေါ်ထွက်လို့လာပါတယ်။
ကောင်းသော အလား အလာ လို့ မြင်မိပါတယ်
Was this answer helpful?
LikeDislikeအရမ်းကောင်းတဲ့ ပရဟိတလေးပါပဲ။
နတ်လူသာဓုခေါ်ပါတယ်…
မနောလည်း ဘယ်နေရာရောက်ရောက် ဒီလို ကူညီပေးချင်နေမိပါတယ်။
Was this answer helpful?
LikeDislike၀င်ငွေရှာပြီး လိုအပ်သူတွေကို လှူ ဒါန်းနိုင်တာ အားကျစရာပါပဲ။
ရေရှည်မှာ ကလေးတွေ သူတို့  ခြေထောက်ပေါ်သူတို့  ရပ်တည်နိုင်အောင် တနိုင်လုပ်ငန်းတွေ ထူထောင်ပေးတဲ့လုပ်ငန်းက အရမ်းကောင်းပါတယ်။
ဒါပေမယ့် အလွယ်ရရင် အလွယ်လိုက်တတ်တဲ့ မြန်မာ့ဓလေ့အတိုင်း ခွံ့ပေးမယ့် ထမင်းလုပ်ကိုချည်း မျှော်ကိုးတတ်တဲ့ စိတ်ကလေးတွေ ပြင်လာအောင် အသိပညာပေးမှုတွေ အများကြီး လုပ်ပေးသင့်တယ်လို့ ထင်မိတယ်။
Was this answer helpful?
LikeDislikeစိတ်ဓာတ်ပြု ပြင်ရေး အသိပညာပေးမှုတွေ လုပ်ပေးဖို့လိုတယ်လို့ ပြောတာက……
လိုအပ်ရင် အလှူခံလိုက်မယ်ဆိုတဲ့စိတ်နဲ့ လိုသမျှအလွယ်တကူ လာအလှူခံပြီး မလှူရင် စိတ်ဆိုးတတ်တဲ့သူတွေကိုပြောတာပါ။
တနိုင်လုပ်ငန်းလုပ်ဖို့ ကူညီတာမျိုးကို ထောက်ခံအားပေးပါတယ်။
Was this answer helpful?
LikeDislikeပရိဟိတ စိတ်ဓာတ်နဲ့ ဖွဲ့ထားတဲ့အဖွဲ့လေးရဲ့ ရည်ရွယ်ချက်လေး ကောင်းမွန်တယ်ဗျာ။
Was this answer helpful?
LikeDislikeဒီအဖွဲ့လေးရဲ့ ဒီတခေါက်အလှူသတင်းလေးတောင်
ဒီတပတ် သတင်း zone ထဲ ထည့်ရေးခဲ့ပါသေးရဲ့။
သာဓုအကြိမ်ကြိမ် ခေါ်နေမိပါကြောင်းးး
Was this answer helpful?
LikeDislikeသာဓုသာဓုသာဓုပါ ခင်ဗျာ
Was this answer helpful?
LikeDislikeမြန်မာစကားမယ်… “ဟင်းစား” နဲ့ “ကွန်ချက်ပြ” ဆိုတာရှိတယ်…
ဟင်းစားက.. ငါးကိုဖမ်းပြီးပေးလိုက်တာ…
စားပြီးရင်ကုန်ရောပဲ..။ ခဏကျေးဇူးတင်တာပေါ့…။
ပြီးတော့… ဒုံရင်းပေါ့…။
ကွန်ချက်ပြတာကျတော့.. ငါးဖမ်းပုံဖမ်းနည်း.. နေရာအနေအထားတွေသင်ပေးလိုက်တာ….
အခုအဖွဲ့မှာ….အဲဒီဖက်ရည်ရွယ်ရင်းမြင်ရလို့.. သာဓုခေါ်၍ကျေးဇူးတင်…
.. မြန်မာပြည်တွင်းကအလှူတွေအတုယူကြစေချင်…
Was this answer helpful?
LikeDislikeမစုဉာဏ် – လွမ်းနေကြပါတယ် ဆိုတာလေး တံခါးလာခေါက်တာပါ။
:-)))
Was this answer helpful?
LikeDislike