ရွေးချယ်​ရာလမ်​း (၆)

အပိုင်း (၁) – https://myanmargazette.net/204769

အပိုင်း (၂) – https://myanmargazette.net/204809

အပိုင်း (၃)  https://myanmargazette.net/204904

အပိုင်း (၄)  https://myanmargazette.net/204994

အပိုင်း (၅) – https://myanmargazette.net/205096

 

(၁၆)
အဒေါ်အိမ်တွင်နေထိုင်ရင်း အလုပ်လုပ်နေရသော အချိန်ကာလများသည် ကျွန်မ၏ နှလုံးသားကို လျင်မြန်စွာ ကုစားနိုင်ခဲ့သည်။ နောင်တတို့ဖြင့် ကျွန်မကို လွမ်းဆွတ်နေသည့် သူ့အကြောင်းများကို ကြားသိရသော်လည်း ကျွန်မ မတုန်လှုပ်တော့ပါ။ တစ်ခါတစ်ရံတွင် ဖြစ်ပေါ်လာတတ်သော အလွမ်းများကို နာကျည်းမှု၏အောက်တွင် ဖြေဖျောက်နိုင်ခဲ့သည်။ မဖြစ်နိုင်သောလမ်းကို ဆက်မလျှောက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းအတွက် ကိုယ့်ကိုကိုယ်ကျေနပ်မိ၏။ အချစ်သည် အလွန်ပင် အပြောင်းအလဲမြန်မှန်း ကျွန်မသဘောပေါက်ခဲ့သည်။

(၆) လဟူသော အချိန်အတွင်းတွင် ကျွန်မသည် သူငယ်ချင်းအားလုံးနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့သည်။ ချစ်ရသောယုနှင့် တစ်လတစ်ခါတွေ့ဖြစ်ရန်ပင် မလွယ်ကူတော့ချေ။ လူချင်းမတွေ့ဖြစ်သော်လည်း ယုကတော့ မကြာခဏဖုန်းဆက်တတ်၏။

“ငါ ကိုခန့်နဲ့ အဆင်မပြေဘူး မွန်”
“ဟယ်.. ဘာဖြစ်ကြတာလဲ…”
“သူက ငါ့ကို အရုပ်လို သဘောထားတာဟ…အရမ်းသဝန်တိုပြီး ချုပ်ချယ်တယ်..”
“အင်း…”
“ငါတို့သူငယ်ချင်းတွေက အရင်ကတည်းက ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြတာလေ… အခုသူက သူငယ်ချင်းတွေနဲ့ တွေ့တာ မကြိုက်ဘူး.. သူနဲ့နှစ်ယောက်တည်းတွေ့ရမယ်တဲ့… ငါက အားလုံးနဲ့ အတူတူဆုံချင်တာလေ… “”ဘယ်သူနဲ့မှ စကားပြောတာလည်း မကြိုက်ဘူး… နင်နဲ့သွားတာတောင် မကြိုက်ဘူးဟ..”
“ဘုရားရေ.. အဲ့ကောင်က အဲဒီလိုပဲပြောလား..”
“အေး… ဟိုတစ်ပတ်က နင်နဲ့ငါနဲ့တွေ့ဖြစ်တယ်လေ.. ငါ့ကိုပြောတယ်…မွန်မွန်က နင့်ရည်းစားမို့ သူနဲ့တွေ့တာလားတဲ့..”
“အောင်မာ… ဒါတော့ ဒီကောင်လွန်ပြီ… “
“ငါလည်း သူနဲ့တွေ့ရတာ အရမ်းမွန်းကျပ်လာပြီ… ငါမကြိုက်တာတွေလည်း ပြန်လုပ်တယ်ဟာ… ငါနဲ့စိတ်ဆိုးပြီဆို ကောင်မလေးတွေကလည်း ပေါ်လာတယ်.. ငါ လမ်းခွဲလိုက်တော့မယ် မွန်…”
“အေး.. နင့်သဘောပဲလေ.. ငါ စိတ်မကောင်းပါဘူးဟာ.. ငါအောင်သွယ်ပေးမိတာလေ… “
“မဟုတ်ပါဘူးဟာ.. ငါကိုယ်တိုင်ကလည်း သူ့ကို ချစ်ပါတယ်.. အခုတော့ ငါသည်းမခံနိုင်တော့ဘူး… သူနဲ့တွေ့တိုင်း စိတ်ညစ်နေရတာလေ… ငါ နောက်ဆုတ်လိုက်တော့မယ်…”
“အေးပါဟာ.. တစ်ရက်တွေ့ကြမယ်လေ..နော်..”

ယုပြောသည့်စကား မှန်ပါသည်။ မအားသည့်ကြားကပင် အားလုံးနှင့်တွေ့ရန် ချိန်းဖြစ်သည်။ ထိုတွေ့ဆုံပွဲတွင် ကိုခန့်က ယုကို ခေါ်ထုတ်သွားရန် ကြိုးစား၏။ သူငယ်ချင်းများ (အထူးသဖြင့် ကျွန်မ) နှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်သော ယုက အားလုံးနှင့်အတူတူ စကားပြောချင်သည်။ ရယ်ရယ်မောမောနှင့် စကားပြောနေသော ကျွန်မတို့ကိုကြည့်နေသော ကိုခန့်၏ မျက်နှာက တင်းမာလွန်းလှသည်။

“နင် ဘယ်လိုဖြစ်နေတာလဲ ကိုခန့်.. ရှားရှားပါးပါးလေးတွေ့ရတာ စိတ်မညစ်ချင်ဘူးဟာ..”
“ယုက ငါ့ကို သူငယ်ချင်းတွေလောက်တောင် အလေးမထားဘူးဟာ… ငါ့ထက် သူငယ်ချင်းတွေကို ပိုချစ်နေတယ်..”
“ဘယ်ဟုတ်မလဲဟာ.. အစကတည်းက ဒီလိုအတူတူနေလာခဲ့တာပဲလေ… နင်တောင် ငယ်နဲ့ တစ်တွဲတွဲလုပ်နေခဲ့သေးတာပဲ…”
“အဲဒါ သူကမှ ငါ့ကို ဂရုမစိုက်တာ…”
“သွားစမ်းပါ ကိုခန့်ရာ.. ငါ အကုန်ပြန်ကြားတယ်… နင် ရှုပ်ချင်တိုင်း သူများကို အပြစ်ပုံမချနဲ့… အခု ငါတို့ မတွေ့ရတာကြာလို့ ပြန်တွေ့တယ်… ငါဆို အကြာကြီးနေမှ နင်တို့နဲ့တွေ့ဖြစ်တာ… နင် ပြဿနာရှာဖို့ မကြိုးစားနဲ့…ယုကို တကယ်ချစ်တယ်ဆိုရင် သူမကြိုက်တာတွေ မလုပ်ဖို့ပဲ ကြိုးစား..”
“သူက ငါမကြိုက်တာတွေ လုပ်တယ်လေ…”
“သူငယ်ချင်းတွေနဲ့ အခုလို နေနေတာကိုလား..”
“အေးလေ… ငါ့ထက်ပိုပြီး တစ်ခြားသူတွေကို အရောဝင်နေတာလေ…”
“ဟဲ့.. အဲဒါ အရင်ကတည်းက ဒီလိုပဲလေ.. နင်နဲ့ကြိုက်ပြီးမှ ပိုလုပ်ပြနေတာ မဟုတ်ဘူးလေ… နင့်စိတ်တွေလျှော့သင့်ပြီ ကိုခန့်.. ယုက အရုပ်မဟုတ်ဘူး… “

ကျွန်မ၏ စကားများက အရာမထင်ခဲ့ပါ။ စားပွဲကို လက်နှင့်ရိုက်လိုက်သော ဝုန်းကနဲအသံနှင့်အတူ ကျွန်မတို့အားလုံး တိတ်ဆိတ်သွား၏။ ဒေါသတကြီးနှင့် ထွက်သွားသော ကိုခန့်က အပြင်သို့ ရောက်သွားပေပြီ။ နာကြည်းစိတ် နှင့် ဝမ်းနည်းစိတ်တို့က ယုမျက်နှာတွင် ရောယှက်နေသည်။

“နင် ဆုံးဖြတ်လိုက်ပါတော့ ယုရယ်..”

(၁၇)
ယုကလည်း ကိုခန့်ကို လမ်းခွဲခဲ့သည်။ ပြတ်သားလှသော ယု၏အကြောင်း၊ ဝမ်းနည်းမှုတို့ဖြင့် ပေါက်ကွဲနေသော ကိုခန့်၏အကြောင်းတု့ိကို အပြင်လူတစ်ယောက်အနေနှင့်သာ ကျွန်မ နားထောင်ပေးခဲ့သည်။ မည်သည့်မှတ်ချက်မျိုးကိုမှ ကျွန်မမပေးလိုတော့ပါ။ ကျွန်မနှင့်ယုတို့ ဖုန်းပြောကြသည့်အခါတိုင်း၊ မေးလ်ပို့ကြသည့်အခါတိုင်း၊ တစ်ခါတစ်ရံ တွေ့ဖြစ်ကြသည့်အခါတိုင်း ထိုအကြောင်းများကို မေ့ထားနိုင်အောင် ကြိုးစားခဲ့ကြသည်။ အတိတ်ကို အတိတ်မှာပင် ထားခဲ့ချင်ပါသည်။

သို့သော် အတိတ်ဟူသည် အကြောင်းအရာကိုသာ မေ့စကောင်းသော်လည်း သက်ရှိလူသားများကတော့ ပစ္စုပ္ပာန်တွင် ရှိနေဆဲပင် ဖြစ်သည်။ ကျွန်မနှင့်မရှေးမနှောင်းပင် အဆောင်ကပြောင်းပြီး အဒေါ်အိမ်တွင် သွားနေသော ငယ်သည် ယုနှင့်တော့ အဆက်အသွယ်ရှိနေခဲ့သည်။ အသုံးအစွဲများသော ငယ်သည် ယုဆီသို့ မကြာခဏ ဖုန်းဆက်တတ်သည်။ ငယ်လိုအပ်သမျှကိုလည်း ယုက ချက်ချင်းကူညီပေးသည်။ နောက်ဆုံး ယုလက်ထဲတွင် ငွေပိုမရှိလျှင်တောင် ဝတ်ထားသော လက်စွပ်ကိုချွတ်ပြီး အဆင်ပြေအောင် ကူညီပေးခဲ့သည်။

“ကလေးလည်း သနားပါတယ်ဟယ်… သူ တော်တော်အဆင်မပြေလို့သာ ငါ့ဆီရောက်လာတာ… ငါမကူညီရင် သူဒုက္ခရောက်သွားလိမ့်မယ်..”

ငယ့်အပေါ်ထားသည့် ယု၏မေတ္တာကိုမြင်ရတော့ ကျွန်မမှာ အံ့ဩရသည်။ ထို့ထက်ပို၍ အံ့ဩရသည်ကား ယု ၏ နောက်ဆက်တွဲစကားပင်။

‘နင် သိပြီးပြီလား.. ကလေးနဲ့ ကိုခန့်နဲ့ ကြိုက်နေကြတယ်..”
“ဟမ်.. ဟုတ်လား.. မသိဘူး… ဘယ်လိုကြိုက်သွားတာလဲ..”
“အေး.. ကလေးပြောတာ.. သူ ကိုကြီးနဲ့ ရည်းစားဖြစ်နေတယ်တဲ့.. မမယုကို အားနာတယ်တဲ့.. ဒါပေမယ့် ကိုကြီးကို သူချစ်လို့ပါတဲ့…”
“အဲဒီကောင် လွန်လွန်းတယ်လို့ နင်မထင်ဘူးလား…”
“အေးလေ… ငါက ဘာမှမဖြစ်ပါဘူး.. ကိုခန့်အကြောင်းသိတော့ ကလေးကိုပဲ.. စိုးရိမ်မိတာပါ…”
“ငါကတော့ ဘယ်သူနဲ့မှ အဆက်အသွယ်မရှိတော့ ဘာမှမသိဘူး ဖြစ်နေတာ.. “
“အေး… ကိုခန့်က အခုထက်ထိ ငါ့ကို ဆက်သွယ်နေတယ်.. ငါ့ကို မေ့လို့မရဘူးတဲ့.. ချစ်နေတုန်းပါပဲတဲ့… ကလေးနဲ့ ကြိုက်နေလျက်နဲ့ဟယ်.. ငါလည်း ပြောလိုက်တယ်.. နင့်ကို ငါက သူငယ်ချင်းစာရင်းထဲမှာတောင် မရှိတော့ဘူးလို့…”
“ငယ်ကရော..အဲဒီအကြောင်းကို သိလား…”
“သိပုံရတယ်… ငါ့ကို စကားတွေအစ်တယ်ဟ.. မမယု ကိုကြီးကို မချစ်တော့ဘူးလားတဲ့… “
“နင်က ဘာပြန်ဖြေလိုက်လဲ..”
“သူ့ကို လက်မခံလို့ မမကို သတ်မယ်ဆိုရင်တောင် အသေခံလိုက်မယ်.. လို့…”

(၁၈)
ပွဲကြည့်ပရိသတ်အဖြစ် ဇာတ်လမ်းအပြင်တွင်ရောက်နေသော ကျွန်မကို ဇာတ်ကောင်တစ်ယောက်အဖြစ် တွန်းပို့လိုက်သည့်အရာမှာ ကျွန်မ၏ သင်တန်းချိန်များပင် ဖြစ်သည်။ ရုံးချိန်ပြင်ပတွင် သင်တန်းတက်ရန် ဆုံးဖြတ်ပြီးသည့်နောက် ရုံးနှင့်နီးသော လှည်းတန်းတွင် ပြန်ပြောင်းနေရန် စီစဉ်ရတော့သည်။ ကံကောင်းစွာပင် ကျွန်မနေခဲ့သည့်အဆောင်တွင် နေရာလွတ်ရှိနေ၏။ ထို့ထက်ပို၍ ကံကောင်းသည်ကား ကျွန်မချစ်ရသော အစ်မများလည်း ရှိနေခြင်းပင်။ ထို့ထက်ထို့ထက် ဝမ်းသာစရာကား ငယ်သည်လည်း အဆောင်တွင် ပြန်လာနေမည်ဟူသော သတင်းပင်။ ကျွန်မ ပျော်မိသည်။ ယခင်က ကျွန်မတို့၏ ပျော်စရာအချိန်များကို ပြန်လည်သတိရရင်း အဆောင်ပြောင်းရမည့်နေ့ကို မျှော်နေမိသည်။ ယုဆီက အီးမေးလ်ကို မရခင်အထိပင်။

အဆောင်ပြောင်းရန် တစ်ပတ်ခန့်အလိုတွင် ယုဆီက စာတစ်စောင်ရောက်နေသည်။

မွန်.. အရေးတကြီးပြောစရာရှိလို့ အပြင်မှာတွေ့ချင်တယ်.. နင်အားမယ့်အချိန် ငါ့ကို ဖုန်းဆက်ပါ…

ရုံးတွင်ရှိနေသော ကျွန်မသည် ယုဆီသို့ ချက်ချင်းဖုန်းဆက်ခွင့် မရှိခဲ့ပါ။ ကျွန်မ၏ တစ်နေ့တာလုံးတွင် ထိုအကြောင်းအရာကသာ ကြီးစိုးနေသည်။ ကျွန်မစိတ်တွင်ထင်နေသောအရာတို့ မဖြစ်လာစေရန် ဆုတောင်းနေမိသည်။ ညနေရုံးဆင်းသည်နှင့် ယုဆီသို့ ဖုန်းခေါ်လိုက်သည်။

“ယု.. ပြောစရာရှိတယ်ဆို..”
“ငါဖုန်းထဲမှာ မပြောချင်ဘူး..မွန်.. နင်မအားဘူးလား..”
“ငါ အဆောင်ပြောင်းမှာတွေနဲ့ အလုပ်ရှုပ်နေတယ်… ဒီတစ်ပတ်ပြီးတဲ့အထိ တွေ့နိုင်မှာ မဟုတ်ဘူး… “
“ငါ ပြောမထွက်ဘူး ဖြစ်နေတယ်…”
“ငယ့်အကြောင်းလားဟင်.. ငယ်နဲ့ကိုခန့် ဘာဖြစ်လို့လဲ…”
“ကလေး ငါ့ဆီလာတွေ့တယ်.. သူနဲ့ကိုကြီးနဲ့ အဆင့်ကျော်သွားပြီတဲ့…”
“ဘာ…. တကယ်ကြီးလား… ဘယ်လိုလုပ်ကြမလဲ…”
“ငါလည်း စိတ်ပူလို့ သေတော့မယ်.. ငါ့ကို လာတွေ့ပါ မွန်ရယ်… နင်နဲ့ငါ တိုင်ပင်ရအောင် နော်..”

ကျွန်မ တုန်လှုပ်မိသည်။ ညီမလေးအရင်းကဲ့သို့ ချစ်ရသူလေးအတွက် ကျွန်မမည်သို့ လုပ်ရမည်နည်း။ ကျွန်မ ယုနှင့်တွေ့မှ ဖြစ်တော့ပေမည်။

6 comments

  • တောင်ပေါ်သား

    October 3, 2014 at 2:42 pm

    အင်းးးးးးးးးး

    နောက်မှပဲ …………………………………

  • manawphyulay

    October 3, 2014 at 4:58 pm

    ဒါဆိုလည်း အမြန်တွေ့လိုက်တော့လေ… နောက်ရက်စောင့်မနေနဲ့ မွန်
    ဒီမှာ ဖတ်ချင်လှပြီ… 😆

  • မြစပဲရိုး

    October 8, 2014 at 10:54 pm

    Well … Well … Well…. 🙄

  • မ " တတ် ပါ့ "

    October 9, 2014 at 4:51 pm

    ချစ်မှုရေးရာတွေများ ရှုပ်ထွေးလှတယ်…ဟိဟိ 😀
    စောင့်မျှော်အားပေးလျှက်ပါကွယ်….
    စာရေးဖို့ အားတွေတက်အောင်နော်…
    စာရေးရတာ မလွယ်ဘူး…နားလည်တယ်လို့ ….။

Leave a Reply