မုန်ညင်းများနှင့် ခရီးသွားတဲ့ တောင်ပေါ်သား – KZ’s ထမင်းဆိုင်

ဇီဇီNovember 17, 20143min41041

ဟေးဟေးဟေးးး

:mrgreen:

နောက် ဒေသ အစားအသောက်တွေကို ပေးမယ် လို့ ပြောပါတယ်။
(ဟိ၊ တရားဝင် ကြေငြာလိုက်တော့ ကိုဂျီးမျိုးသန့် ပြေးလို့ရတော့ဘူးး)

ကဲ!!! မုံညင်း ခရီးစဉ် စ ကြစို့ရဲ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျနော်က ကချင်ပြည်နယ်သားဆိုတော့ ဒေသထွက် အစားအစာတွေကို ကြိုက်သူပါ။
အထူးသဖြင့် မုန်ညင်းပါပဲ၊ မုန်ညင်းတောင်မှ အခါးဓါတ်ပါတဲ့ မုန်ညင်းစိမ်းကို (ရန်ကုန်မှာ) တွေ့တိုင်း မရိုးတန်း ဝယ်ချက်စားတဲ့သူပေါ့လေ။
ဒါကြောင့် ရွာထဲမှာ ဒီလိုမျိုး ရေးရမယ်ဆိုတော့ ဒီမုန်ညင်းကို သတိရပြီး ဒီခေါင်းစဉ်တပ်လိုက်တာပါ။
အိမ်မှာက ဟင်းကို မနက်ည အပြီး ချက်တာများလို့ တစ်ရက်တစ်မျိုး ပေးလိုက်ပါတယ်။

 

(၁) တနင်္ဂနွေ

ရုံးပိတ်ရက်ဆိုတော့ ဈေးသွားတာပေါ့။
ဈေးရောက်တော့ ဆောင်းနဲ့အတူ ပေါ်လာတဲ့ မုန်ညင်းစိမ်းတွေကို ချက်ဖို့ကော အချဉ်တည်ဖို့ပါ ဝယ်ခဲ့ပါတယ်။

မုန်ညင်းစိမ်း
မုန်ညင်းစိမ်း

 

 

 

 

 

 

 

လဆန်းရက်မို့ ၃-၄ ရက်စာ တစ်ခါတည်း ဝယ်တာပေါ့ဗျာ။

ပထမဆုံး ချက်မှာကတော့ ငါး+မုန်ညင်းစိမ်း အရည်သောက်ပါ။

ငါးကတော့ ကကတစ် ဖြစ်ဖြစ်၊ ငါးကြင်းဖြစ်ဖြစ် ရပါတယ်။
ကျနော်ကတော့ ကကတစ်နဲ့ ချက်တာပါ။
ကကတစ် အကောင်လိုက်ကို ဆူးတောင်ဖယ်၊ ကလီစာထုတ်၊
ဒါးနဲ့မွှန်း၊ ဆားဆနွင်း အချို့မုန့်တို့နဲ့နယ်၊
ကြက်သွန်ဖြူ/နီ၊ ဂျင်းထောင်းထားတာ ဆီသပ်၊
ခရမ်းချဉ်သီး ၂ လုံးလောက် ပါးပါးလှီးထားတာပါထည့်၊
ခရမ်းချဉ်သီး နည်းနည်းနွမ်းရင် ငါးထည့်၊
ဟိုဘက်ဒီဘက်လှန်၊ နည်းနည်း မွှေးလာမှ ရေထည့်ပါတယ်။
ဆူလာရင် အပေါ့အငန်မြည်း၊
မုန်ညင်းစိမ်း လက် ၄ လုံးစာလောက် ဖြတ်ထားတာလေးတွေထည့်၊
၃ မိနစ်လောက် အဖုံးအုပ်ပြီးရင် နံနံပင်ထည့်၊ မီးဖိုပေါ်က ချလို့ပါရပြီ။
ဒါကို ဘာနဲ့တွဲစားမှာလဲ ?

မကျည်းသီးစိမ်းထောင်းနဲ့ပေါ့၊
မကျည်းသီးထောင်းကတော့ ခက်ပါဘူး။
ပုဇွန်းခြောက်မုန့်၊ မကျည်သီးစိမ်း၊ ငရုတ်သီး၊ နံနံပင် ဒါတွေနဲ့ ထောင်းပစ်တာပဲ။
စားမကောင်းရင် ကျနော့အပြစ်။
ကဲ……ဟင်းချက်တာပြီးတော့ မုန်ညင်းချဉ်တည်တဲ့ဆီ လှည့်ကြဦးစို့..။
မုန်ညင်းစိမ်းကို လက်တစ်ဆစ်ရဲ့ တစ်ဝက်စာလောက် ခပ်သေးသေးလေးတွေ လှီးပါ။
ကြိုက်တတ်ရင် မုန်လာဥဖြူ ပါးပါးရှည်ရှည်းလေးတွေ လှီးထည့်၊
ပန်းဂေါ်ဖီ (ပန်းပွင့် ခေါ်တာပေါ့လေ) သေးသေးလေးတွေ လှီးထည့်၊ ရေစင်အောင်ဆေးပါ။
ဂျင်းကို သေးသေးလေးတွေလှီး၊ ငရုတ်သီးခွဲကြမ်း (အရောင်တင်မှုန့်မဟုတ်၊ ငရုတ်သီးမှုန့်မဟုတ်) ရယ်၊ ဆားရယ်၊ ထမင်းကြမ်း လက်တစ်ဆုပ်လောက်ရယ် အဆင်သင့်ပြင်ထားပါ။
မုန်ညင်းချဉ်တည်တာကို ဟောလစ်ပုလင်းခွံလို ဖန်ပုလင်းသုံးရပါတယ်။ ကော်ဘူးဆို အနံ့မကောင်းတတ်လို့ပါ။
ရေဆေးထားတဲ့ မုန်ညင်း၊ မုန်လာ၊ ပန်းပွင့်တွေကို နယ်လို့ကောင်းအောင် ဒန်အိုးအလွတ်ထဲထည့်၊ ငရုတ်သီးခွဲကြမ်း လဘက်ရည်ဇွန်း ၁ ဇွန်း ခွဲစာလောက် ဂျင်းက ၅ ကျပ်သားလောက်၊ ဆားကသင့်ရုံ၊ ထမင်းကြမ်း အဲဒါတွေ အားလုံးနဲ့ လက်နဲ့ အားရပါးရနယ်ပါဗျာ…။
မုန်ညင်းက အရည်တွေထွက်တဲ့အထိ နယ်ပြီးတဲ့အခါ ဟောလစ်ပုလင်းထဲထည့်ပါ။
အပြည့်မဟုတ်ဘူးနော်။ တစ်လက်မလောက် ချန်ထားပါ။
ပြီးရင် ရေထည့်ပါ။ မုန်ညင်းတွေက ရေအောက်မှာ မြှစ်နေပါစေ။
ပြီးရင်တော့ အဖုံးလုံးအောင်ပိတ်ပြီး ထားလိုက်ပါ။ (၂ ညအိပ်ဆို စ ချဉ်ပါပြီ)။
ဒီမုန်ညင်းချဉ်က ကျနော်တို့ဘက်မှာတော့ ပကပ်တိတ်လို့ ခေါ်ပါတယ်။ ရှမ်းခေါက်ဆွဲဆိုင်တွေမှာ ချထားပေး တတ်တာက လ-ရင်းဆိုင် လို့ခေါ်ပါတယ်။

 

ပကပ်တိတ်
ပကပ်တိတ်

 

 

 

 

 

 

 

 

ပကပ်တိတ်
ပကပ်တိတ်

 

 

 

 

 

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`

 

(၂) တနင်္လာနေ့

ဒီနေ့တော့ မုန်ညင်းပေါင်း လုပ်မှာပါ.။
ဆန်လက်တစ်ဆုပ်သာသာလောက်ကို ရေစိမ်ထားပါ။
နည်းနည်းပွလာတဲ့အခါ ရေသွန်လိုက်ပြီး ထောင်းထားပါဗျာ။
မုန်ညင်းစိမ်းကို အမြစ်တွေနားကနေဖြတ်၊ ရေဆေးထားပါ။
ဘိုစားပဲ (ပဲသီးတောင့်) တွေကို အညှာနှစ်ဘက်ဖြတ်ပြီး အရှည်လိုက် ရေဆေးထားပါ။
ငါးခြောက် (ကြိုက်တတ်ရင်ပေါ့)။ ရေစိမ်ထားပါ။
ငါးခြောက်ကို ကျနော်ကတော့ အသားတုံး လေးတွေချည်းပဲပါတဲ့ ငါးခြောက် (လှည်းတန်းဈေးမှာ တစ်ဆယ်သား ရှစ်ရာပါ)၊
အဲဒါ တစ်ဆယ်သားပေါ့၊
ဆန်မှုန့်ထောင်းထားတာကို ဒန်အိုးထဲမှာ ရေးနည်းနည်းထည့်ထား (ခပ်ပြစ်ပြစ်ပေါ့) ပြီး ဆား၊ အချု့ိမှုန့် ထည့်ပါ။ မုန်ညင်း၊ ပဲသီးတို့ထည့်ပြီး နှံ့အောင် နယ်ပါတယ်။
ပြီးရင် ပေါင်းမယ့် ဇကာထဲမှာ စီထည့်၊ ငါးခြောက်သေးလေးတွေကိုလည်း စီထည့်ပေါ့လေ။
ပြီးရင် ရေထည့်ထားတဲ့ အောက်ခံအိုးပေါ်တင်၊ မုန်ညင်း အနည်းအများ၊ မီးအနည်းအများပေါ်မူတည်ပြီး နာရီဝက်သာသာဆို ကျက်ပါပြီဗျာ။
သူ့ကိုဘာနဲ့ တွဲစားမှာလဲ….
အလိုက်ဆုံးကတော့ ပန်ထွေဖျော်ပေါ့။
ခရမ်းချဉ်သီး လေး-ငါးလုံးကိုပြုတ်၊ အခွံခွာ ရေနည်းနည်းချန်ထားပြီး ငန်ပြာရည်ထည့်၊ ၅ မိနစ် လောက်ထား၊ ငရုတ်သီးစိမ်းထောင်း၊ ခရမ်းချဉ်သီးတွေကို ကျေအောင်ချေ၊ ငရုတ်သီးစိမ်း ထောင်းထားတာထည့်၊ နံနံပင်အုပ်။
အနည်းဆုံး ထမင်း ၂ ပန်းကန် ဝင်ရမယ်ဗျာ…။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

(၃) အင်္ဂါ

  ဒီနေ့တော့ မုန်ညင်းချဉ်ကလည်း အနံ့မွှေးလာပြီ၊ ဒီတော့ မုန်ညင်း ၂ မျိုး ချမယ်နော်။
အရိုးဖြူဖြူလေးတွေနဲ့ တစ်စည်းတစ်ရာပဲပေးရတဲ့ မုန်ညင်းဖြူကို ဝက်ဆီဖတ် တစ်ဆယ်သားလောက်နဲ့ ကြော်ပါတယ်။

ကြော်တာက အတော်ခက်သဗျ၊ ကြက်သွန်နီဆီသတ်၊

ဝက်ဆီဖတ်ပါးပါးလှီးထားတာထည့်၊ အတော်ကြာတော့ မုန်ညင်းဖြူ လှီးထားတာထည့်၊ ခဏနေကျ ရရော။
ချဉ်စပြုလာတဲ့ မုန်ညင်းချဉ်ကိုတော့ ဇွန်းနဲ့ ပန်းကန်ထဲခပ်ထည့်၊

ငရုတ်သီးစိမ်း လှီးထည့်၊ နံနံပင် လှီးထည့်၊ ကြိုက်တတ်ရင် အချိုမှုန့်/ကြက်သားမှုန့် နည်းနည်းထည့်ပေါ့နော်..။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

(၄) ဗုဒ္ဓဟူး

ကဲ…ဒီနေ့တော့ ရုံးပိတ်ရက်ပြန်ကျသမို့ နည်းနည်းထူးသွားအောင် ဝက်သားပေါင်းနဲ့ တုံယမ်းကွန်း ချက်မဗျာ..။
ဝက်သားပေါင်းကတော့ ဝက်သား နှစ်ဆယ်သားလောက်၊ ကြိတ်စက်နဲ့ကြိတ်၊
ကြက်ဥ ၂ လုံးလောက်ဖောက်ပြီးခေါက်၊ ငရုတ်ကောင်းနည်းနည်း၊ ဆီနည်းနည်းနဲ့ အကုန်ထည့်နယ်၊
ကျနော်ကတော့ စတီးချိုင့် ထဲထည့်၊ အဖုံးဖုံးပြီး ဒန်အိုးထဲ ရေထည့်ထားတာနဲ့ချတာပဲ။
စတီးချိုင့်ထဲ ရေတော့ မဝင်စေနဲ့ပေါ့နော်…။

အဲဒီကောင် ရေဆူဆူနဲ့ ပေါင်းထားတုန်း တုံယမ်းကွန်း ဘက်လှည့်မယ်နော်၊
(ဝက်သားပေါင်းက ၄၅ မိနစ် ဆိုရပါပြီ)
ပုဇွန်လက်သန်းလောက် ခပ်လတ်လတ် နှစ်ဆယ်သားဝယ်၊ ပုဇွန်အခွံခွာ၊ အခွွံကို ရေစင်စင်ဆေးထားပါဦး (မပစ်လိုက်နဲ့ဗျ)၊
ပြီးတော့ ပဲပြား ၂ တုံး၊ ခရမ်းချဉ်သီး ၃-၄ လုံး၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ဒီလောက်ဆိုရပြီ၊ တစ်ချို့က ပဲပင်ပေါက်ထည့်တယ်၊
ကျနော်က မကြိုက်လို့ မထည့်၊ နောက် သံပုရာသီး ၂ လုံး။
ကဲ…..စမယ်နော်။
ဒယ်အိုး ပူပူထဲကို ရေဆေးထားတဲ့ ပုဇွန် အခွံတွေရယ်၊
ငရုတ်သီးစိမ်း ဒါးပြားရိုက်ထားတာတွေရယ် ပစ်ထည့်ဗျာ။
တစ်ဘက်မှာ ရေနွေးတည်ထားပါ။
ပုဇွန်ခွံနဲ့ ငရုတ်သီးနံ့တွေ ထောင်းကနဲတက်လာလိမ့်မယ်၊ တက် တက်ဗျာ၊ ယောင်းမနဲ့ ဆက်မွှေနေပါ။
၁၅ မိနစ်လောက်မှာ ပုဇွန်ခွံတွေလည်း အတော်ခြောက် ငရုတ်သီးစိမ်းလည်း ကျွမ်းခါနီးလာပြီ ၊
ဒီအချိန်မှာ ဆူပြီးသား ရေနွေးကိုထည့်လိုက်ပါ။
၁ဝ မိနစ်လောက်နေရင် ပုဇွန်ခွံတွေနဲ့ ငရုတ်သီးစိမ်း အဖတ်တွေကို ဇကာနဲ့ ဖယ်ထုတ်လိုက်ပါ။
ငန်ပြာရည် သင့်ရုံထည့်၊ ဟင်းခတ်အချိုမှုန့်ထည့်၊ ခပ်သေးသေးတုံးထားတဲ့ ပဲပြားလေးတွေထည့်၊
ပဲပြားကျက်ခါနီးရင် ဆားနယ်ထားတဲ့ ပုဇွန်လေးတွေရယ်၊ ခရမ်းချဉ်သီး ခပ်သေးသေးလှီးထားတာ (အထဲက အစေ့တွေ ဖယ်လိုက်ပါနော်) ထည့်ပါ။
၅ မိနစ်ဆို ရပါပြီ။
စားခါနီးမှ ဟင်းပန်ကန်လုံးထဲကို အဲဒီ ဟင်းရည်ထည့်၊ သံပုရာသီး ၂ စိတ်လောက် အရည်ညှစ်ထည့် နံနံပင်လေး ခပ်နည်းနည်းထည့်။
ပုဇွန်နံ့ သင်းနေသလို ချဉ်ချဉ်စပ်စပ် အရသာရှိတဲ့ တုံယမ်းဟင်းရည်ရပါပြီ။
ဈေးတွေမှာ တုံယမ်းပေ့စ် အထုတ် ကလေးတွေရှိပါတယ်။
ကြိုက်ရင် ပဲပြားမထည့်ခင် အဲဒါလေး တစ်တုံးလောက်ထည့်လို့ ရပါတယ်။ ကျနော်ကတော့ ဒီအတိုင်း ချက်ပါတယ်။
အဲဒီနည်း ဘယ်ကရသလဲ-ဆိုတော့ ၁၉၉၆ ဆီဒိုးနားဟိုတယ် မိန်းကစ်ချင်းမှာ အလုပ်ဝင်တုန်းက ရခဲ့တာပါဗျာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

(၅) ကြာသပတေး

ဒီနေ့တော့  မုန်ညင်းချဉ်ဘက် ပြန်လှည့်ရအောင်နော့၊

ပကပ်တိတ်က လ-ရင်းဆိုင်လို ကြာကြာထားလို့မရပါဘူး။

၄ ရက်လောက်ဆို အတော်ချဉ်လာပါပြီ။

 

ဒါကြောင့် သူ့ကို ဒီနေ့ ငါးနဲ့ချဉ်ရည်ဟင်း ချက်မှာပါ။
ငါးက ငါးဘဲဖြူလေးတွေဝယ်ပါတယ်။

ငဘဲဖြူ
ငဘဲဖြူ

 

 

 

 

 

 

 

 

ကျနော်တို့ အိမ်ကတော့ ၃ဝ သားဆို ရပါပြီ။
ထုံးစံအတိုင်း ငါးဟင်းချက်သလို ချက်တာပေါ့ဗျာ။

ဒါပေမယ့် အိုးကပ်ကြိုက်ရင်တော့ သိပ်မကပ်ခင် ချဉ်ရည်ဟင်းအတွက် နည်းနည်းဖယ်ထားပါ ၊ ကျက်ရင် နံနံပင်လေးအုပ်၊
အဲဒီဖယ်ထားတဲ့ငါးဟင်းထဲကို အတော်လေး ချဉ်နေပြီဖြစ်တဲ့ မုန်ညင်းချဉ်ထည့်၊

ရေထည့်၊ ဆူလာရင် အပေါ့ အငန် မြည်းပါ။

ကောင်းလှတဲ့ မုန်ညင်းချဉ်ရည် တစ်ခွက်ရပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`

 

(၆) သောကြာ

ကဲ…တည်ထားတဲ့ ပကပ်တိတ် (မုန်ညင်းချဉ်) ကုန်ပြီဆိုတော့ နောက် မုန်ညင်းချဉ်တစ်မျိုးဖြစ်တဲ့ လ-ရင်းဆိုင်ဘက် ဒိုးတာပေါ့ဗျာ။
ဒီ လ-ရင်းဆိုင်က ဝယ်ရလွယ်ပါတယ်။
ရှမ်းဆိုင်တိုင်းမှာ ရှိပါတယ်။
တစ်ခုပဲ၊ မဝယ်ခင် နည်းနည်းမြည်းပါ။
တချို့က ငန်၊ တချို့က စပ်သမို့ အနေတော်လောက်မှ စားကောင်းမှာမို့ပါ။
လှည်းတန်း ကုန်းဆင်းနားက ရှမ်းဆိုင်မှာတော့ တစ်ထုပ် ငါးရာပါပဲ၊ အရသာမဆိုးပါဘူး…။

 

လ-ရင်းဆိုင်
ကြက်သွန်ချဉ်

 

 

 

 

 

 

 

လ-ရင်းဆိုင်
လ-ရင်းဆိုင်

 

 

 

 

 

 

 

အဲဒါကိုတော့ ဝက်သား၊ အာလူးတို့နဲ့ ကြော်မှာပါ။
ဝက်သုံးထပ်သား (အဆီပါပါစေ) ကို ခပ်သေးသေး တုံးထားပါ။
အာလူးကို အဝိုင်းပြားပုံလေးတွေပဲ လှီးထားပါဗျာ။
ဆားနယ်ထားတဲ့ ဝက်သားတုံးလေးတွေကို ဆီပူထဲထည့်…၊ မွှေပါ။
မုန်ညင်းချဉ် ၂ ဇွန်းစာလောက် ကို ကပ်ကျေးနဲ့ သေးသေးညှပ်ထည့်ပါ။
ဝက်သား ကျက်ခါနီးရင် အာလူးထည့်ပါ။
အပေါ့အငန် မြည်းပါ။ အာလူးကို အရမ်းနူးအိသွားအောင် မကြော်ပါဘူး။
ခပ်ဆတ်ဆတ်လေးပေါ့လေ။
ဝက်ဆီနဲ့ မုန်ညင်းချဉ် တွေ့သွားတဲ့အခါ ထွက်လာတဲ့ အနံ့က သွားရည်ကျချင်စရာနော့…။
ကျနော်ကတော့ အဲဒီဟင်းနဲ့ဆို အရည်သောက်မလိုပဲ ရေနွေကြမ်းခါးခါးနဲ့ တီးတာပါပဲ၊
ဟဲ……ဟဲ မြည်းလို့လည်း ကောင်းတယ်နော်….။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

(၇) စနေ

မနေ့က ဝက်သားသုံးထပ်သားက ကျန်နေသေးသဗျို့-

ဒီတော့ အဲဒီ မချက်ရသေးတဲ့ သုံးထပ်သားကို မုန်ညင်းစိမ်းနဲ့ ကြော်ပါတယ်ခင်ဗျ။
ကြက်သွန်နီ ဆီသတ်၊

ဝက်သားတုံးလေးတွေထည့်၊

ဝက်သား ကျက်ခါနီးတော့ မုန်ညင်းစိမ်း ၂ စည်းလောက် လှီးထားတာကို ထည့်ကြော်၊ အပေါ့အငန် မြည်း၊
ဒါက နည်းနည်း အီသဗျ၊
ဒီတော့ အရည်သောက်က ဆွန်ထန်ပေါ့၊
သူလည်း မုန်ညင်းချဉ်ပါပဲဗျာ၊ အစိုနဲ့ အခြောက်ပဲကွာတာ…။
ရေနွေးဆူဆူထဲ ဆွန်ထန်ထည့်၊

ကြက်သွန်ဖြူ ဒါးပြားရိုက်ထည့်၊

ငရုတ်သီးခြောက် မီးကင်ပြီးထည့်၊

ဆား အချိုမှုန့် ထည့်၊
ပြီးပြီးပေါ့ဗျာ….တစ်ပတ်စာ။
မုန်ညင်းစိမ်းဆိုတာ လူနဲ့ တကယ်တည့်ပါသဗျို့- တက်စာမဟုတ်၊

ဘာနဲ့မတည့်ဘူးဆိုတာမရှိ၊

ဒီတော့ ရွာသူရွာသားများ မုန်ညင်းစိမ်းများများ စားကြပါလားကွယ်…။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကဲ!! တောင်ပေါ်သားကြီး ဘယ်လောက် တော်တုန်း သိကြပြီဟုတ်။
အနုပညာရသတင်မဟုတ်၊ တကယ် အရသာရှိတဲ့ အစားအစာ ရသ မှာပါ ခေသူမဟုတ်။

ဒေသ စာ တွေ မျှော်နေမယ် နော်။
နော်။

 

:mrgreenn:

41 comments

  • MAUNG

    November 17, 2014 at 10:49 am

    မုန့်ညင်းပေါင်း စားချင်တယ် ဗျို့ 🙂

  • weiwei

    November 17, 2014 at 11:01 am

    တော်လိုက်တဲ့ တောင်ပေါ်သား …
    မုန်ညင်းဆိုရင် အစိမ်းပဲဖြစ်ဖြစ် အဖြူပဲဖြစ်ဖြစ် အချဉ်ပဲဖြစ်ဖြစ် အချိုပဲဖြစ်ဖြစ် အကုန်ကြိုက်သမို့ နည်းယူသွားပါတယ် ..

  • Crystalline

    November 17, 2014 at 11:26 am

    မိုက်တယ်… ကျမလည်း မုန်ညှင်းကြိုက်တယ်.. ရှမ်းပြည်ခနသွားနေတုန်းစားခဲ့ရတဲ့ မုန်ညှင်းဆောဆို ခုထိသတိယ.. ရှမ်းတရုတ်တွေချက်ကျွေးတဲ့။ဝက်နံရိုးမုန်ညှင်းဆောကို ကြိုက်သလို.. တိုင်းရင်းသားတွေချက်ကျွေးတဲ့ အရွက်သက်သက်မုန်ညှင်းဆောလည်းကြိုက်.. :))
    ရှမ်းချဉ်နဲ့ သုံးထပ်သားကတော့ မကြာခနကြော်စားဖြစ်တယ်.. ဒီတခါ..အာလူးထည့်ကြော်မယ်..

  • Ma Ei

    November 17, 2014 at 12:10 pm

    ..မုန်ညင်း အဖြူ ထက် အစိမ်းပိုကြိုက်တယ်
    ..ငါးကြင်းခေါင်းနဲ့ ချဉ်ရည်လေးချက် ငပိချက်လေး၊ သီးနှံလေးတွေပြုတ်တို့ …
    ..ဆောင်းစ ကနေ နွေဦးထိ မုန်ညင်းလှိုင်လှှိုင် ပေါ်ချိန်အတွက် အကြိုက်ချက်စားရတော့မှာ…

  • တောင်ပေါ်သား

    November 17, 2014 at 1:04 pm

    MAUNG ရေ
    မုန်ညင်းပေါင်း လုပ်တဲ့နေ့ ခေါ်လိုက်မယ်ဗျာ

    အမဝေရေ
    မုန်ညင်းဟင်းပေါင်းစုံနဲ့ မြိန်ပါစေဗျား

    အမ Crystalline ရေ
    အာလူးခပ်ဆတ်ဆတ်အရသာလေး ရပါစေဗျာ

    အမအိရေ
    မုန်ညင်းဖူး မပေါ်သေးလို့ဗျ ၊
    ကချင် / ရှမ်းဘက်မတော့ ပေါ်ပြီထင်တယ် ၊
    မုန်ညင်းဖူးချဉ်ရည် ချက်ကျွေးချင်ပါတယ်ဗျာ ၊ 🙂

    • MAUNG

      November 17, 2014 at 2:20 pm

      ခေါ်လိုက် ဗျာ..ဂျပန် ဝီစကီ လေး ပါ အဆစ်နော် 😀

      • တောင်ပေါ်သား

        November 17, 2014 at 2:25 pm

        ယာမာဇာကီလေးနဲ့ပေါ့လေ ၊ 🙂

  • အလင်းဆက်

    November 17, 2014 at 1:25 pm

    မုန်ညင်းဆို.. ဘိုလုပ်လုပ် ကြိုက်တယ်။
    ဒီအတိုုင်း ပြုတ်သောက်ရတာတောင် ကြိုက်တယ်။
    ကုန်ကုန်ပြောရရင်.. မုန်ညင်း စားမလား…ဒေါ်ဖွားမေကိ်ု စားမလားဆိုရင်..
    မုန်ညင်းနဲ့ ဖွေးဖွေးကို စားမယ်။

    :k:

    • MAUNG

      November 17, 2014 at 2:18 pm

      ဟမ်…ဘာမှလဲမဆိုင်ဘူး 🙂

      • အလင်းဆက်

        November 22, 2014 at 11:17 am

        ဆိုင်သည်မသိ မဆိုင်သည်မသိ
        ဖွေးဖွေးကိုသာ သိသည်။
        ဟီဟီ

        :k:

  • kyeemite

    November 17, 2014 at 1:27 pm

    .မုန်ညင်းဆိုရင် အစိမ်းပဲဖြစ်ဖြစ် အဖြူပဲဖြစ်ဖြစ် ကြိုက်တယ်ဗျို့
    .တစ်ခါက ထီးလင်း၊ ဂန့်ဂေါ(ယောနယ်ပေါ့) ဖက်သွားဖူးတယ်..အဲ့ဖက်ရွာတွေက .ဧည့်သည်လာရင်ထူးထူးဆန်းဆန်း မုန်ညင်းချဉ်နဲ့ဧည့်ခံလေ့ရှိသဗျ
    .အိမ်တိုင်းမှာလည်းမုန်ညင်းချည်အိုးတွေရှိသဗျ ..ထမင်းစေပတွေနဲ့ခပ်ချွဲချွဲလေး..စားလို့ကောင်းသဗျ
    .ခုချက်ပေးတဲ့ဟင်းစပ်တွေလည်းကြိုက်ပါတယ်တောင်ပေါ်သားရေ :))

  • Kaung Kin Pyar

    November 17, 2014 at 1:50 pm

    ငယ်ငယ်က ရှမ်းပြည်နေခဲ့ရလို့ထင့်….
    ရှမ်းစာ မှန်သမျှ အကုန်ကြိုက်တယ်…။ လားရှိုးမှာများ…တို့ဖူးနွှေးဆို…မအီအောင်လုပ်တတ်ကြတာ…။ ရှမ်းခေါက်ဆွဲဆို…တစ်ပန်းကန်အပြည့်ရယ်…။ ဟင်းထုတ်လဲ ခုမှ လိုက်ရှာစားလိုစားရ…
    ရှမ်းမအသက် မုန်ညင်းရွက်တဲ့….။
    မုန်းညှင်းထဲမှာ…မုန့်ညှင်းထုတ်ကို အကြိုက်ဆုံး…
    အသီးအရွက်တွေက ကျန်းမာရေးနဲ့ အသင့်တော်ဆုံးဆိုသော်လဲ…ပိုးသတ်ဆေးရန်ကြောက်လို့ …ရေနိုင်နိုင်ဆေးနိုင်မှရယ်…

  • တောင်ပေါ်သား

    November 17, 2014 at 2:36 pm

    နောက်တစ်ခါကြရင် ဟင်းပေါင်းလုပ်နည်း တင်ပေးဦးမယ် ၊ 🙂

  • ခင် ခ

    November 17, 2014 at 2:43 pm

    မုန်ညှင်းတော့ ကြိုက်လှတယ်ဟုတ်ဘူး တစ်ခါတလေ မုန့်ညှင်းဖြူဟင်းရည်တော့ သောက်ပါတယ်။
    မန်းမှာ ရှမ်းဆိုင်တော်တော်များများ မုန့်ညှင်းချဉ်ချပေးတတ်ပေမယ့် မစားဖြစ်ဖူးလေ၊ ကြိုက်တဲ့သူကတော့ ဟန်ကျတာပေါ့ဗျာ။

  • Mr. MarGa

    November 17, 2014 at 2:58 pm

    မုန်ညှင်းး
    တချို့ စားတယ် တချို့ မစား
    အတော်များများတော့ စားဖြစ်တာမို့
    ဒီတစ်ပတ်လဲ လာထားးးးး 🙂

  • တောင်ပေါ်သား

    November 17, 2014 at 3:22 pm

    မုန်ညင်းက မန်းမှာ ပိုပေါ ပိုလတ်ဆတ်မယ်ဗျ ၊
    ရှမ်းပြည်က ဆင်းလာတာကိုး ၊
    မုန်ညင်းဖူးပေါချိန် ဒီဇင်ဘာလောက် မန်းမြေကို သွားဦးမှပါ ၊ 🙂

  • မြစပဲရိုး

    November 17, 2014 at 5:12 pm

    အစိမ်းရောင် အရွက် ဆို အားလုံး ကြိုက်သူမို့ မုန်ညင်း လဲ ကြိုက်ပါ့။
    ငယ်တုန်းကတော့ အခုလို ဆောင်းဝင် ချိန် မုန်ညင်း တွေ လှိုင်လှိုင် ပေါ တော့ နေ့တိုင်း ကို စားရသလားပါဘဲ။
    “ပကပ်တိတ်” ဆိုတဲ့အခေါ် ကို အခုမှ ကြားဖူးတယ်။
    ငါးဘဲဖြူ လေး တွေ ကိုလဲ လွမ်းပါတယ်။
    ရေချိုငါး မစားရတာ နှစ်ချီ နေပါပေါ့။
    မုန်ညင်း ကလဲ အဖြူထုတ် တော့ ရှိတယ်။ မြန်မာပြည်ကလို အရွက်စိမ်းဖားဖား မရှိဘူး။
    တောင်ကြီး မှာတုန်း က မုန်ညင်းဖူး တွေ လတ်လတ်ဆတ်ဆတ် စားရတာ။ အတော်လေး အရသာရှိတယ်။

    ဝက်သားပေါင်း ကိုလဲ မနို ရဲ့ ဆိုင် မှာထဲ က ပေါင်းဖို့ပြင်တာ။
    လက်ကမရောက်သေး။
    အခု ကိုမျိုးဆိုင်မှာ တွေ့တော့ ထပ်ပြီး မောင်းတင်လိုက်ဦးမယ်။
    ကိုမျိုး ကြည့်ရတာ ဟင်းချက် ကောင်းဘဲ။

    ဒီတစ်ပါတ် ဆိုင်ရှင် ကိုမျိုး နဲ့ စီစဉ် သူ ရာကူဇာ ဇီ ကို အထူးဘဲ ကျေးဇူးပါ။ :))

    • တောင်ပေါ်သား

      November 18, 2014 at 9:35 am

      အရီးရေ
      မုန်ညင်းချဉ် ၂ မျိုးက ပကပ်တိတ် ရယ် လ-ရင်းဆိုင်ရယ်
      ပကပ်တိတ်က ကြာကြာထားလို့မရဘူး ၊ ချဉ်ပြီးရင် နောက် ၂ရက် ၃ရက်အထိပဲ ၊
      လ-ရင်းဆိုင်က လ နဲ့ချီပြီးထားလို့ရတယ် ၊ ရှမ်းခေါက်ဆွဲဆိုင်တွေမှာ ချပေးတာ လ-ရင်းဆိုင်ပေါ့ ၊
      ကျနော့်ဝက်သားပေါင်းက ထွေလီကာလီသိပ်မပါတဲ့ အလွယ်ပေါင်းပါ ၊
      ဟင်းချက်တာကတော့ ငယ်ငယ်ကတည်းက အမေတစ်ခု သားတစ်ခုနေခဲ့တော့
      အမေက မြန်မာ့အသံဂျူတီ မနက်အစောကြီးသွားရတာမျိုးဆိုရင် ကျနော်က ကိုယ့်ဟာကိုယ်ချက်ပြီး ကျောင်းထမင်းချိုင့်ထည့်ရတာကိုး ၊
      ၁၉၉၆ ဆီဒိုးနားမှာ အလုပ်ဝင်တော့လည်း မိန်းကစ်ချင်းမှာ ၊
      အဲ အခုကြတော့လည်း ကလေးတွေအဖေ လူပြိုကြီးဆိုတော့ ချက်နေရဆဲ ၊ 🙂

      ဝါသနာလည်းပါတာပေါ့လေ ၊
      အခုကျနော့်ဟင်းတွေက ဘယ်အိမ်မှာမဆို လွယ်လွယ်ချက်နိူူင်ပါတယ် ၊၊

  • မဟာရာဇာ အံစာတုံး

    November 18, 2014 at 2:19 pm

    မုန်ညင်းကို ကျော်စားတာ ကြိုက်သဗျ ….
    ခွစားတာတော့ ကြိုက်ဘူးရယ် ….
    လဂါးနောက်တာ …
    ပို့စ်လေးဖတ်ပီး မုန်ညင်းကြော်တောင် စားဂျင်တွားဘီ …

    • တောင်ပေါ်သား

      November 18, 2014 at 2:21 pm

      ဟိုတစ်ယောက်ကို ကြော်ခိုင်းလေ 🙂

  • မွသဲ ( 17082011 )

    November 18, 2014 at 6:25 pm

    မုန်ညှင်းကတအားကြိုက်။ အကုန်လုံးကို ချက်စားပလိုက်အုံးမှာ။ မုန်ညှင်းပေါင်းကတော့ ဒေါ်ရှန်မှာသွားစားဖြစ်တယ်။ ကျေးကျေးပါ

  • Iris

    November 18, 2014 at 7:39 pm

    မုန်​့ညှင်​းစိမ်​းကိုပိုကြိုက်​တယ်​။ ငယ်​ငယ်​ကမုန်​ညှင်​းစိမ်​း​တွေနဲ့ကြံမဆိုင်​လုပ်​ပြီးပုလင်​းနဲ့သိမ်​းထားတာ။

  • လုံမလေးမွန်မွန်

    November 19, 2014 at 7:35 am

    အသားနဲ့အရွက်​ကိုလည်​း တွဲစားရတယ်​
    တက်​စာလည်​းမဟုတ်​ဘူး
    ထူးထူးဆန်​းဆန်​းဟင်​း​လေး​တွေလည်​းဖြစ်​တယ်​ ဆို​တော့
    ဒီတစ်​ပတ်​ထမင်​းဆိုင်​က မီးမီးအကြိုက်​ဆုံးပါပဲရှင်​ 🙂

    • တောင်ပေါ်သား

      November 19, 2014 at 9:42 am

      ကြိုက်ရင် ချက်စားစေဗျား

  • kai

    November 19, 2014 at 9:56 am

    ဒီလတော့.. ကြက်နဲ့ချက်စရာတွေ… ထည့်လိုက်တယ်..ဇီဇီရေ..

    • ကေဇီ

      November 19, 2014 at 1:53 pm

      ဟုတ်ကဲ့။
      ရတယ် တဂျီးးး
      ခုက ရသလောက် ဆိုင်ကိုဖွင့်ထားတာ။
      ဟိ။
      နောက် မအားမှာစိုးလို့။

      :mrgreen:

  • Novy

    November 19, 2014 at 1:00 pm

    မနိုကလည်း ကချင်ပြည်နယ်မှာ 15နှစ်လောက် နေလာခဲ့တော့ မုန့်ညှင်းတွေကို ကြိုက်ပါအိ မုန့်ညှင်းစော်လေးလည်းချက်ပြပါအုံးနော်

    • တောင်ပေါ်သား

      November 19, 2014 at 1:07 pm

      ချက်ဦးမှာ 😛

      ဒါနဲ့ ထမင်းဆိုင် ဆိုင်ရှင်ဘယ်ပျောက်နေတယ်မသိ ၊

      • ကေဇီ

        November 19, 2014 at 1:51 pm

        ချိပါဒယ်။
        အဲလေ ရှိပါတယ် ကိုဂျီးမျိုးသန့်ရယ်။။
        မအားလွန်းလို့ ထုံးတို့ထားရတဲ့ ဘွရောက်နေလို့ပါ။
        နေ့တိုင်းလာလာကြည့်ပါတယ်။
        စားဖိုမှူးက မပစ်ထားမှန်းသိလို့ စိတ်ချလက်ချလွှတ်ထားတာပါ။

        :k:

        • တောင်ပေါ်သား

          November 19, 2014 at 2:04 pm

          သိပါဘူးဗျာ
          မင်းသားကြီးနဲ့ ကမ႓ာပတ်နေသလားလို့ 🙂

        • ကေဇီ

          November 19, 2014 at 2:07 pm

          ကဘာ မပတ်နိုင်တာ ပတနာမရှိဘူးးးး
          ရွာမပတ်နိုင်တာ ပတနာဖြစ်နေတယ်။

          :k:

  • တောင်ပေါ်သား

    November 19, 2014 at 2:16 pm

    မုန်ညင်းစိမ်း ပို့စ်ကလည်း နီရဲလှချည်လားကွယ် 🙂

    • ကေဇီ

      November 19, 2014 at 2:27 pm

      သများကို လွမ်းလို့ နီ ကြတာနေမှာ။
      ဟိ။
      ထားလိုက်ပါ ကိုဂျီးမျိုးသန့်။

      :mrgreen:

  • Iris

    November 19, 2014 at 5:58 pm

    မုန်​ညင်​းချဉ်​လုပ်​တာ ငရုပ်​သီးများသွားလို့ထင်​တယ်​။​;-)

    • တောင်ပေါ်သား

      November 20, 2014 at 9:35 am

      ဟုတ်ပဗျာ

    • တောင်ပေါ်သား

      November 20, 2014 at 9:57 am

      ဖြစ်နိူင်တယ် 🙂

    • တောင်ပေါ်သား

      November 20, 2014 at 12:23 pm

      ဟုတ်မယ်ထင်တယ်

  • padonmar

    November 19, 2014 at 8:45 pm

    ရှမ်းပြည်နဲ့ မနီးစပ်လို့ သိပ်မစားဖူးပေမယ့် စားကောင်းမယ်မှန်းလို့ရပါတယ်။ စမ်းချက်ကြည့်မယ်။

    • တောင်ပေါ်သား

      November 20, 2014 at 12:24 pm

      လျှာလည်သွားမယ်နော် အာတီဒုုံ 🙂

Leave a Reply