ငါး အမျိုးစုံလင် ဟင်းပွဲပြင် – KZ’s ထမင်းဆိုင်

ဇီဇီNovember 24, 201412min29848

 

ဒီ တစ်ပတ်ကတော့ မွမွအိ ရဲ့ ငါး မျိုး အစုံအလင် နဲ့ ပြင်ဆင်ချက်ပြုတ်ထားတဲ့ ဟင်းတွေဖြစ်ပါတယ်။
မွမွအိရဲ့ ထုံးစံ အတိုင်း ဓာတ်ပုံနဲ့ တကွ ရတဲ့ အချိန်မှာ ပို့တာမို့ တင်ရတဲ့ အချိန် ပြည့်ပြည့်စုံစုံ မြင်ရမှာပါ။
မြင်ပြီး ဗိုက်ဆာလာတော့ စားစရာက မရှိ။ 

:mrgreenn:

 

~~~~~~~~~~~~~~~~~~~~

ငါ …ငါ ဘယ်သူ ပဲ ဘယ်ဝါပဲ လို့ ငါ စွဲ မထား သင့်ဘူး…

ငါ့ …ပစ္စည်းတွေ ပဲရယ်လို့ လဲ အစွဲ မထား သင့်ဘူးဆိုထားတာမို့…

ငါး …တော့ ဆွဲ ကောင်းမှာပါနော်…ဒီတော့….

ငါးလေးတွေ ကောင်းကောင်းဆွဲရအောင် ..ဓာတ်ပုံရိုက်ဖြစ်ထားတဲ့ ငါးချက်လေးတွေ တင်ပေးပါရစေ…

🙂

 

၁) မာလာငါးပေါင်း

…မာလာငါး ၁ ကောင် အကြေးထွင် ဗိုက်ခွဲ သန့်စင် ရေဆေး ဘေးတစ်ဖက်စီမှာ နှစ်ချက်လောက် မွှန်းထားပါ။

…ဂျင်း လက်တဆစ်၊ကြက်သွန်ဖြူနှစ်မွှာ၊ငရုတ်စိမ်းသုံးတောင့်လောက် ညက်အောင်ရောထောင်းပြီး ဆား၊နနွင်း၊ငါးချိုမှုန့်၊ငံပြာရည် တို့နဲ့ ရောဖျော်ထားပါ။

…ကြက်သွန်နီ နှစ်ဥကို လေးစိတ်စီ စိတ်၊ ဥနီ ငရုတ်ပွ တို့ကို ပါးပါးလှီး၊ နံနံပင် အနည်းငယ် သင်ထားပါ။

…ပေါင်းအိုးနဲ့ ရေနွေးဆူအောင် တည်ထားပါ။

အဆင်သင့်ဖြစ်ရင်…

ငါးကို ခုဏ ရောဖျော်ရည်နဲ့ နှံ့အောင်နယ်၊ ဗိုက်ထဲကို ပါးပါးလှီးထားတာတွေထည့်ပြီး အပူခံ ပန်းကန်တစ်ခုထဲထည့် ပေါင်းအိုးနဲ့ နာရီဝက်ပေါင်းလိုက်ပြီး အိုးထဲကထုတ် သံပုရာရည်ညှစ်လို့ ချဉ်စပ် မာလာငါးပေါင်း လေးကို အရသာ ရှိရှိ သုံးဆောင်နိုင်ပါပြီ…

မာလာငါးပေါင်း 1 မာလာငါးပေါင်း2

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂) ကကတစ်ကြော်နှပ်

 

…ကကတစ် သုံးဆယ်သား တစ်ကောင် အကြေးထွင် ဗိုက်ခွဲ သန့်စင် ရေဆေး လက်နှစ်လုံးလောက် အကွင်းလှီး ဆား၊နနွင်း၊ငါးချိုမှုန့် တို့နဲ့ နယ်ထားပါ။

…ဂျင်း လက်တဆစ်၊ကြက်သွန်ဖြူနှစ်မွှာ ပါးပါးအမျှင်လှီး၊ ကြက်သွန်နီ သုံးဥကို အကွင်းလှီးထားပါ။

အဆင်သင့်ဖြစ်ရင်…

ဆီပူပူနဲ့ ငါးကြော်ပြီး ဟင်းပွဲပြင်မည့် ပန်းကန်ထဲ ဆယ်ထားပါ၊

ငါးကြော်ဆီ ထမင်းစားဇွန်း ၃ ဇွန်းလောက် ချန်ထားလို့ ဂျင်း ၊ကြက်သွန်ဖြူ၊ ကြက်သွန်နီ် လှီးထားတာတွေ ထည့်ကြော်ပါ၊

နွမ်းလာရင် ဆား၊ ငါးချိုမှုန့် ၊နဲနဲစီနဲ့ ပဲငံပြာရည် အနောက်ရည် လက်ဖက်ရည် ၁ ဇွန်း ထည့်မွှေပြီး ခုဏ ငါးကြော်ပန်းကန်ထဲကို လှလှပပ ထည့်လိုက်ရင်ဖြင့် မွှေးကြိုင်နေတဲ့ ရနံ့နဲ့ ကကတစ် ကြော်နှပ်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ….

 

ကကတစ် ကြော်နှပ်1 ကကတစ်ကြော်နှပ်2

 

 

 

 

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

၃) ငါးပျက် အချဉ်ဆီပြန်

 

…ငါးပျက် နှစ်ဆယ်သားကို အညှိ အကြေးခြစ် ခေါင်းဖြတ် ဗိုက်ထဲက အူအသဲတွေ တွန်းထုတ် သန့်စင် ရေဆေး ဆား၊နနွင်း၊ငါးချိုမှုန့် တို့နဲ့ နယ်ထားပါ။

…ဂျင်း လက်တဆစ်၊ကြက်သွန်ဖြှတစ်မွှာ၊ကြက်သွန်နီ သုံးဥကို အစဉ်လိုက် ညက်အောင်ရောထောင်းထားပါ။

…မန်ကျည်းသီး နဲနဲရေစိမ် ထားပါ။

အဆင်သင့်ဖြစ်ရင်…

ဆီ ထမင်းစားဇွန်း ၃ ဇွန်းလောက် အပူပေးလို့ ဆူလာရင် ကြက်သွန်ဖြူနီဂျင်း အထောင်းတွေ ထည့်ပါ၊

အဆက်မပြတ် မွှေလို့ ညိုနွမ်းလာရင် အစိမ်းမှုန့် လက်ဖက်ရည် ၁ ဇွန်း ထည့် မဆလာ တစ်ထုတ်ပါ ထည့်မွှေပါ။

ငါးထည့်ပါ၊ ငံပြာရည် ထမင်းစား ၁ ဇွန်း ထည့်မွှေပြီး ၅ မိနစ် အဖုံးအုပ်ထားပါ။

ဇွန်းပြားနဲ့ အသာမွှေပြီး ၁ဝ မိနစ်လောက်ချက်ပါ၊

ငါးနံ့မွှေးလာရင် မန်ကျည်းရည် ထည့် ၊ဆူအောင်တည်ပါ။

ဆူလာလို့ အပေါ့ အငံ အချဉ် အနေတော်ဖြစ်ရင်ဖြင့် ငရုတ်စိမ်း၊ နံနံပင် လေးအုပ်လိုက်ပါ…

အင်မတန် စားကောင်းလှတဲ့ ငါးပျက် အချဉ်ဆီပြန် ဟင်းတစ်ခွက်ရပါပြီ…

 

ငါးပျက်အချဉ်ဆီပြန်1ငါးပျက်အချဉ်ဆီပြန်2

 

 

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၄) ငါးခူ ရဲယို

 

…ငါးခူ အသားလွှာ နှစ်ဆယ်သားကို ရေဆေး လက်မဝက်သာသာ အတုံးလေးများတုံး ဆား၊နနွင်း၊ငါးချိုမှုန့် တို့နဲ့ နယ်ထားပါ။

…ဂျင်း လက်တဆစ်၊ကြက်သွန်ဖြှတစ်မွှာ၊ကြက်သွန်နီ သုံးဥကို အစဉ်လိုက် ညက်အောင်ရောထောင်းထားပါ။

…ရဲယိုရွက် မနုမရင့် ၅ ရွက်လောက် ရေဆေး၊ တစ်လက်မ အရွယ် ပိုင်းဖြတ်ထားပါ။

အဆင်သင့်ဖြစ်ရင်…

ဆီ ထမင်းစားဇွန်း ၅ ဇွန်းလောက် အပူပေးလို့ ဆူလာရင် ကြက်သွန်ဖြူနီဂျင်း အထောင်းတွေ ထည့်ပါ၊

အဆက်မပြတ် မွှေလို့ ညိုနွမ်းလာရင် အစိမ်းမှုန့် လက်ဖက်ရည် ၁ ဇွန်း ထည့် မွှေပါ။

ငါးထည့် မွှေပြီး အုပ်ထားပါ၊

ဆီပြန် လာရင် ရေ ထမင်းစားဇွန်း ၂ ဇွန်းလောက်နဲ့ ဆား၊ငါးချိုမှုန့် ထည့်ချက်ပါ။

၁ဝ မိနစ်လောက် ကြာမှာ ရဲယိုရွက်လေးတွေ ထည့်ချက်လိုက်ပါ။

ဆီပြန်လာရင် ရဲယိုရွက် အရသာနဲ့ ငါးခူ ရဲယိုချက်လေးကို စားနိုင်ပါပြီ….

 

ငါးခူရဲယို 1 ငါးခူရဲယို2

 

 

 

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

၅) ငါးကြင်းကြော် နဲ့ ငါးကြင်းချဉ်ပေါင်

 

…ငါးကြင်း အလယ်ပိုင်း ၄ဝ သားကို အနေတော်တုံး ဆား၊နနွင်း၊ငါးချိုမှုန့် တို့နဲ့ နယ်ထားပါ။

…ချဉ်ပေါင်ရွက်နု တစ်စည်း အရွက်ချွေ ရေစင်စင်ဆေး ထားပါ။

…ဂျင်း လက်တဆစ်၊ကြက်သွန်ဖြှတစ်မွှာ၊ကြက်သွန်နီ တစ်ဥကို အစဉ်လိုက် ညက်အောင်ရောထောင်းထားပါ။

…ငရုတ် အကြမ်းမှုန့် ထမင်းစားဇွန်း ၃ ဇွန်းထဲကို ၊ကြက်သွန်ဖြှ သုံးမွှာ ထည့်၍ မညက်တညက် ထောင်းထားပါ။

အဆင်သင့်ဖြစ်ရင်…

ဆီ ထမင်းစားဇွန်း ၆ ဇွန်းလောက်နဲ့ ငါးကြော်ပါ။

ငါးတုံးလေးတွေ ရွှေညိုရောင်ဖြစ်လာရင် ဆယ်ထားပါ။

အဲ့ဒီ ငါးကြော်ဆီ ထဲကို ငရုတ်ကြမ်းမှုန့် ၊ကြက်သွန်ဖြှ အထောင်းထည့်၊ ဆား၊ငါးချိုမှုန့် အနည်းငယ် ထည့်မွှေ ငရုတ်နံ့လေး မွှေးလာရင် ချက်ခြင်းဘဲ ငါးကြော် ပန်းကန်ထဲ အုပ်လိုက်ပါ…

ငါးကြင်းကြော် အစပ် ဟင်းတစ်ခွက် ရပါပြီ…

ငါးကြင်း အစပ်ကြော်

 

 

 

 

 

 

 

 

ဆီ ထမင်းစားဇွန်း ၃ ဇွန်းလောက် အပူပေးလို့ ဆူလာရင် ကြက်သွန်ဖြူနီဂျင်း အထောင်းတွေ ထည့်ပါ၊

အဆက်မပြတ် မွှေလို့ ညိုနွမ်းလာရင် အစိမ်းမှုန့် လက်ဖက်ရည် ၁ ဇွန်း ထည့် မွှေပါ။

ငါးကြင်းဗိုက်သားလေးတွေထည့် မွှေပြီး အုပ်ထားပါ၊

ဆီပြန် လာရင် ချဉ်ပေါင်ရွက်ထည့်ပြီး အုပ်ထားပါ၊

ချဉ်ပေါင်ရွက်နွမ်းသွားရင် ရေအနေတော်ထည့် အပေါ့အငံ အတွက် ငံပြာရည်၊ ငါးချိုမှုန့် ထည့်ပါ။

ချဉ်ပေါင်လေးတွေ ဥနေအောင်ချက်လိုက်ပြီး နံနံပင် ငရုတ်စိမ်းခတ်လို့ ငါးကြင်းချဉ်ပေါင်ချက်လေးကို စားနိုင်ပါပြီ….

 

ငါးကြင်းချဉ်ပေါင်1 ငါးကြင်းချဉ်ပေါင်2

 

 

 

 

 

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

၆) ငါးကွန်းရှပ် အချဉ်ဆီပြန်

 

…ငါးကွန်းရှပ် အနေတော် နှစ်ကောင်ကို အညှိ အကြေးခြစ် ခေါင်းဖြတ် ဗိုက်ထဲက အူအသဲတွေထုတ် သန့်စင် ရေဆေးတုံး ဆား၊နနွင်း၊ငါးချိုမှုန့် တို့နဲ့ နယ်ထားပါ။

…ဂျင်း လက်တဆစ်၊ကြက်သွန်ဖြှတစ်မွှာ၊ကြက်သွန်နီ သုံးဥကို အစဉ်လိုက် ညက်အောင်ရောထောင်းထားပါ။

…မန်ကျည်းသီး နဲနဲရေစိမ် ထားပါ။

အဆင်သင့်ဖြစ်ရင်…

ဆီ ထမင်းစားဇွန်း ၃ ဇွန်းလောက် အပူပေးလို့ ဆူလာရင် ကြက်သွန်ဖြူနီဂျင်း အထောင်းတွေ ထည့်ပါ၊

အဆက်မပြတ် မွှေလို့ ညိုနွမ်းလာရင် အစိမ်းမှုန့် လက်ဖက်ရည် ၁ ဇွန်း ထည့် မဆလာ တစ်ထုတ်ပါ ထည့်မွှေပါ။

ငါးထည့်ပါ၊ ငံပြာရည် ထမင်းစား ၁ ဇွန်း ထည့်မွှေပြီး ၅ မိနစ် အဖုံးအုပ်ထားပါ။

ဇွန်းပြားနဲ့ အသာမွှေပြီး ၁ဝ မိနစ်လောက်ချက်ပါ၊

ငါးနံ့မွှေးလာရင် မန်ကျည်းရည် ထည့် ၊ဆူအောင်တည်ပါ။

ဆူလာလို့ အပေါ့ အငံ အချဉ် အနေတော်ဖြစ်ရင်ဖြင့် ငရုတ်စိမ်း၊ နံနံပင် လေးအုပ်လိုက်ပါ…အ

င်မတန် စားကောင်းလှတဲ့ ငါးကွန်းရှပ် အချဉ်ဆီပြန် ဟင်းတစ်ခွက်ရပါပြီ…

 

ငါးကွန်းရှပ် အချဉ်ဆီပြန်

 

 

 

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

၇) ငါးခေါင်းနဲ့ ချဉ်စော်ကားသီးခြောက် ဟင်းရည်

 

..ငါးဒန် ခေါင်း တစ်ခြမ်း ခုတ်ထစ် သန့်စင် ဆား၊နနွင်း၊ငါးချိုမှုန့် တို့နဲ့ နယ်ထားပါ။

..ချဉ်စော်ကားသီးခြောက် လေးငါးကွင်း ရေစိမ်၊ ပဲပြား တစ်တုံးကို အတုံးလေးတွေတုံး၊ မျှစ်ဝါ နှစ်တောင့် ပိုင်းထားပါ၊

..ဂျင်း၊ကြက်သွန်ဖြူ၊ စပါးလင် ညက်အောင် ထောင်းထားပါ။

အဆင်သင့်ဖြစ်ရင်…

ဆီ ထမင်းစားဇွန်း ၁ ဇွန်းလောက် အပူပေးလို့ ဆူလာရင် ပဲပြားထည့် ကြော်ပါ၊

ကြက်သွန်ဖြူ၊စပါးလင်၊ဂျင်း အထောင်းတွေ ရယ် အစိမ်းမှုန့် လက်ဖက်ရည် ၁ ဇွန်း ထည့်မွှေပါ။

ငါးထည့်ပါ၊ ငံပြာရည် ထမင်းစား ၁ ဇွန်း ထည့်မွှေပြီး ၅ မိနစ် အဖုံးအုပ်ထားပါ။

ငါးနံ့ ပျောက်သွားရင် ကျန်အမယ်စုံ နဲ့ ငရုတ်စိမ်း သုးံတောင့်လောက် ထည့်အုပ်ထားပါ၊

အချဉ်နံ့လေး မွှေးလာပါလိမ့်မယ်။

ဒါဆိုရင် ရေထည့်လို့ ရပါပြီ..ထုံးစံ အတိုင်း အနေတော်ထည့်ပါပေါ့နော်။

အပေါ့အငံ အတွက် ငံပြာရည်၊ ငါးချိုမှုန့် ခတ်ပါ၊

ဆူလာရင် နံနံပင် ငရုတ်ကောင်းခတ်လို့ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ….

 

ငါး ခုနှစ် မျိုးချက်လေးတင်ပြပေးထားတာ ရွာသူားများလည်း နှစ်သက်ကြမယ်လို့ မျှော်လင့်မိပါတယ်။

စားကောင်းတဲ့ ငါးချက်နည်းလေးတွေ ရှိရင်ဖြင့် မျှဝေပါဦးလို့နော်…

Credit to Ma Ei

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဟိ။
ခွိ။
ကြိုက်တဲ့နေ့သာ မှာစားကြတော့နော်။

 

:mrgreen:

 

 

 

 

48 comments

  • ဒီ မြန်မာပြည်နဲ့တော့ ဒီဟင်းတွေက ကိုက်ညီတယ်။
    ဒီမှာ အစား အများဆုံး အသားက ငါးပဲ ဖြစ်မယ်ထင်တယ်လေ။
    ကြက် ဝက် ဆိတ် အမဲတွေက ဈေးခေါင်မိုးတက်နေလို့။

    အံမယ် ဒီတခါတော့ ဖွေးဖွေး ဆ်ိုတာ မထည့်ပဲ မန့်သွားပါတယ်နော

    :k:

    • Ma Ei

      November 24, 2014 at 12:33 pm

      .ကြက် ဝက်ထက် ဈေးကြီးတဲ့ ငါးတွေ ရှိပါ့ မောင်သူရရေ..
      .ဖွေးဖွေးမေးကြည့် လို့ပြောမလို့ ..
      .ဖွေးဖွေး ဆ်ိုတာ မထည့်ပဲ မန့်သွားပါတယ် ဆိုလို့
      .ဖွေးဖွေး လို့ ထည့်မရေးလိုက်ဘူးနော်…

    • Ma Ei

      November 24, 2014 at 12:36 pm

      .ကြက်ဝက်တွေထက် ဈေးကြီးတဲ့ငါးရှိပါ့ မောင်သူရရေ…
      .ဖွေးဖွေး မေးကြည့် လို့ ပြောမလို့ …
      . ဖွေးဖွေး ဆ်ိုတာ မထည့်ပဲ မန့်သွားပါတယ် ဆိုတာနဲ့
      .ဖွေးဖွေး အကြောင်း မရေးလိုက်တော့ဘူးနော်..

  • ဦးကျောက်ခဲ

    November 24, 2014 at 10:35 am

    ငါးဟင်းဆို အကုန်ကြိုက်… အခု အစားချင်ဆုံးက …
    ငါးပျက် အချဉ်ဆီပြန်နဲ့ ငါးခူ ရဲယိုရွက်ပဲ…
    ရှားပါးအရပ်ကိုရောက်ပြီဆို အဲဒါလေးတွေကို အားဂျီးခံတွင်းတောင်းတယ်…
    :k:

    • Ma Ei

      November 24, 2014 at 12:39 pm

      .ငါးပျက်ကို တစ်ချို့ မစားကြဘူးနော်..
      . အချဉ်ဆီပြန် မဆလာလေးအုပ်..
      .အရမ်းကိုစားကောင်းတာနော်

      • ဦးကျောက်ခဲ

        November 24, 2014 at 1:43 pm

        အဟိ… ကျောက်စ်က ငါးဆိုရင် အဲသည့်လို ငါးတွေကို ပိုကြိုက်တယ်…
        အဖေက မြောင်းမြသား ၊ အမေက ပုသိမ်သူ…
        ကျောက်စ် ငါးကြိုက်တာ ထူးတော့ မထူးဆန်းပါဘူး… အားဟိ
        :k:

  • surmi

    November 24, 2014 at 11:14 am

    ငါးကြိုက်သူဖြစ်လို့ ဒီနေ့ငါးဟင်းပွဲတွေကတော့တကယ့်ကို နတ်သုဒ္ဓါပါဘဲဗျို့ ။
    ပုံလေးတွေပါ ပါဝင်နေတော့ ဖတ်မိတဲ့အခုလိုနေ့လည်မှာ ဗိုက်ဆာလာတာပါဘဲ ။
    ငါးဆိုရင်ဘယ်လိုဖြစ်ဖြစ်ကြိုက်တတ်တဲ့အတွက်
    ဒီလိုချက်ပြုတ်နည်းလေးတွေကို အထူးမှတ်သားလိုက်ပါတယ်ဗျို့ ….
    .
    .
    .
    .တတ်နိုင်သူများသဂျီထံအကြောင်းကြားစေလို

    သဂျီးရဲ့စက်ရုပ်လားလူလား မေးခွန်ဟာ လိုအပ်လို့လုပ်ထားတာက်ိုသိပေမယ့်
    မြန်မာပြည်ကွန်နက်ရှင်နဲ့ဆိုရင်
    အဲဒီ စာတန်းက ပေါ်လိုက်မပေါ်လိုက်ပါခင်ဗျ
    ကွန်နက်ရှင်သိပ်မကောင်းရင် ပို့စ်တစ်ပုဒ်လုံအပြည့်အစုံ မပေါ်နိုင်တာကြောင့် မန့်ဖို့သိပ်အဆင်မပြေပါဘူး ။
    မနေ့ညက ကွန်မန့်တွေ ပျောက်သွားရပါကြောင်းးး
    တစ်ခုခု စဉ်းစားစေလိုပါကြောင်းးး
    ဤစံနစ်ကိုဆက်လက်ကျင့်သုံးပါလျှင် ကွန်မန့်ရေးသူများအတွက် အခက်အခဲအထူးရှိပါကြောင်းးး

    • Ma Ei

      November 24, 2014 at 12:51 pm

      ့စက်ရုပ်မဟုတ်ပါဘူး ဆိုတာကို နှိပ်ရမှန်းမသိတာနဲ့ မောင်သူရကိုဖြေတာပျောက်သွားရော..
      .အဝိုင်းလည်နေတာ စောင့်ကြည့် ပြီးမှဘဲ ကွန်မန့်ပေးလို့ရတော့တယ်…
      .သူကြီးကလဲ တီထွင်ပါ့

  • Wow

    November 24, 2014 at 11:43 am

    ငါးပျက်ဆီပြန်ကတော့ အဒေါ်ချက်ကျွေးတာ တော်တော်စားကောင်းဒယ်

  • Wow

    November 24, 2014 at 11:47 am

    ကတောက်စ် ရေးလိုက်ပျောက်လိုက် ကလော်ဆဲချင်လာဘီ

    • Ma Ei

      November 24, 2014 at 12:55 pm

      .ငါးပျက်ကတော့ မသိသူကျော်စား သိသူချက်စား လို့ စကားထွင်ရအောင်ပါဘဲ…ကြိုက်တယ်..
      .ကွန်မန့် တွေ ရေးလိုက် ပျောက်လိုက်..
      .မပေါ်ဘူးထင်လို့ ထပ်ရေးတော့ နှစ်ခါပေါ်..
      .ဘိုလုပ်ကြမဲ…
      🙂

  • Kaung Kin Pyar

    November 24, 2014 at 12:03 pm

    ငါးပျက်တော့ မစားဖူးဘူး…
    ခြင်စော်ကားသီးလဲ အစားဘူး….။ နာမည်ကြီး ကြည့်ကြည့်ပြီး စားလိုက်ရမှာတောင် သနားသွားလို့…. အဟွင်း…။
    သဘောကျတဲ့ မာလာငါးပေါင်းလေး ကော်ပီသွားပါတယ်….။ ပိတ်ရက်တွေ အလုပ်ရနေလို့ ကျေးဇူးပါ မဇီ…

    • ခင်ဇော်

      November 25, 2014 at 3:08 pm

      ငါးပျက်ကို ဟိုနေ့ကမှ သူများထမင်းဘူးထဲက နှိုက်စားဖူးတယ်။
      ဟီးဟီးးးး
      ခြင်စော်ကားသီးက နာမည်သာဆိုးတာ စားကောင်းတယ် ရင်ချောင်တယ်။

      :mrgreen:

  • ဂျက်စပဲရိုး

    November 24, 2014 at 1:54 pm

    စားချင်ဒယ်ကွယ်…..
    မြန်မာအစားအသောက် ကို အိမ်မှာလို ဇလုံ နဲ့ တဝတပြဲ မစားဖြစ်တာ ကြာပြီ။
    ကျန်းမာရေးနဲ့ ညီညွတ်တယ် ဆိုဆို ဝိတ်မတက်ဘူးဆိုဆို အာဟာရဖြစ်တယ် ဆိုဆို
    အိမ်က ချက်တဲ့ ထမင်းဟင်း ငန်ငန် စပ်စပ် လေး ကို ငပိရည် နဲ့ နယ်ပြီး လွေးချင်ထှာ…. း)

    • sorrow

      November 25, 2014 at 2:08 pm

      -တိုက်ဆိုင်လို်က်ပုံများကတော့…ကျော်လဲ ..အဲ့လိုပဲဗျ..ဇလုံထဲထည့်
      ..ငပိရည်.ခရမ်းကြွပ်သီးနဲ့ .. ကြက်သွန်ဥကို . ဂျွတ်ကနဲ.. ဂျွတ်ကနဲ သမချင်တာဗျာ…အမေ့အိမ်ကထွက်လာတာ ရှစ်နှစ်ဆိုတော့..ခုများ ဆိုင်ထမင်း ဆိုင်ဟင်းချည်းပဲ ကိုဂျက်ရေ..

  • aye.kk

    November 24, 2014 at 1:58 pm

    ငါးအမယ်စုံလင်စွာနဲ ့ချက်ပြုတ်တတ်တဲ့လက်ရာလေး
    မြင်တာနဲ ့တင်ဆွေမျိုးမေ့လောက်ပါပေတယ်။

    • ခင်ဇော်

      November 25, 2014 at 3:06 pm

      ဆွေမျိုးတွေကလည်း ကိုယ့်ကို မေ့နေတော့
      မြင်ရပြီး မစားနိုင်ဝူး အန်တီအေး ရဲ့။
      ဟီးဟီး

      :k:

  • ခင် ခ

    November 24, 2014 at 2:06 pm

    နေ့လည် ထမင်းစားချိန် ၁၂ နာရီ မတိုင်ခင်ကထဲက ဒီထမင်းဆိုင် ဟင်းလျာတွေဖတ်ပြီး ဝင်ဖို့ကြိုးစားနေတာ အခုမှဘဲ အထဲရောက်လေတော့ အချိန်တွေကြာ စာတာတောင်လွန်သွားပြီ ရေသန့်အေးအေးလေး တစ်ဗူး လောက်ရောင်းလိုက်ပလားဗျာ ရေသောက်ပြီးဘဲ ပြန်တော့မယ်နော်။

    • ခင်ဇော်

      November 25, 2014 at 3:01 pm

      နာ့ အကိုကြီး ခ သနားပါတယ်။
      ငါးကြော်လေးနဲ့ ဘီယာလေးနဲ့ မြည်းသွားပါ။

      :k:

  • kyeemite

    November 24, 2014 at 3:27 pm

    .ကျုပ်လည်းငါးဟင်းတွေကြိုက်ပါတယ်…
    .ခက်နေတာက အိမ်ကကလေးနှစ်ကောင်ငါးမကြိုက်ဘူးဖြစ်နေလို့
    .မနဲချော့ကြွေးနေရတယ်….ချက်ရင်သာမကြိုက်တာ..ငါးကြော်နဲ့ ငါးကင်ဆိုရင်တော့စားကြသဗျ
    .မအိလက်ရာဟင်းပုံလေးတေါကသွားရည်ကျချင်စရာ :))

    • ခင်ဇော်

      November 25, 2014 at 3:02 pm

      ကျနော်တို့ ငယ်တုန်းကလည်း ငါး ချက်ရင် စားဘူးရယ်။
      ခု ငတ်တော့လည်း ဘာ ငါး လာ လာ ဘယ်လိုချက်ချက် ဖြစ်နေတာ။

      :mrgreen:

  • Mr. MarGa

    November 24, 2014 at 3:35 pm

    ငါးးးး
    ခြောက်
    ခွန်
    ရှစ်
    :mrgreenn:

    • ခင်ဇော်

      November 25, 2014 at 2:59 pm

      ဟင်းတွေ ရေတွက်နေတာမှ ဟုတ်ရဲ့လားးး
      ထားရစ်ခဲ့တဲ့ သူတွေ ဘယ်လောက်ရှိပြီတုန်း ရေနေတာလား

      :mrgreenn:

      • Mr. MarGa

        November 25, 2014 at 6:08 pm

        တစ်ရက်ထက် တစ်ရက် အသက်တွေ ကြီးလာပြီကွယ်………….
        အင်း……. ဟေးလားဝါးလား နေလို့ မသင့်တော့ဘူး
        :mrgreenn:

  • ကန္နားစီး မိဂီ

    November 24, 2014 at 5:54 pm

    စာရင်းက မစုံသေးဘူးဗျ
    ဥကျောက်စ့် ဆို ငါးဟင်းစပါယ်ရှယ်လစ်
    မမနင်း သာ တောင့်တမယ် ဆိုရင် သိန်း၂ဝတန် အရွယ်တော်
    လပ်ကီးဖစ်ရှ်ကြီးတောင် ဝယ် သတ်လို့ ကျွေးမယ် ဆိုပဲ

    ချက်နည်းကို မပြောပြသေးဝူးရယ်
    ရအောင် အစ်ကြဗျာ …

    ခုခိခုခိ

    • ဦးကျောက်ခဲ

      November 25, 2014 at 12:52 pm

      အဟီး… နာနတ်တော ကားပွဲစားတန်းကို ဖြတ်သွားတိုင်း…
      မူးမူးနဲ့ သိန်းကျော်တန် လပ်ကီးဖစ်ရှ်ကို အမြည်းလုပ်ပစ်တဲ့…
      အဲသည့် ကားပွဲစားငတိတွေကို ပြန်မြင်ယောင်ပြီး… ရယ်မိတာ အခါခါ
      :k:

  • weiwei

    November 24, 2014 at 8:58 pm

    အလယ်တန်းလောက်အထိ ငါးကို လုံးဝမစားခဲ့ဘူး .. နောက်ပိုင်း ငါးကြော်ဆိုရင် ကကတစ်ကြော်တစ်ခုပဲစားခဲ့တာ … တက္ကသိုလ်ရောက်ပြီး အပေါင်းအသင်းတွေစုံတော့မှ တခြားငါးကြော် နဲနဲချင်းစမ်းစားဖြစ်တယ် ..
    တရုတ်ပြည်မှာ သွားနေလိုက်တော့မှပဲ ငါးဆိုတာ အရသာရှိပါလားဆိုတာ စသိခဲ့တာ .. အသိနောက်ကျလေခြင်းလို့တောင် တွေးမိတယ် ..
    တကယ်တော့ ငါးရဲ့ အရသာက အသားထက် ပိုကောင်းပြီး ကျန်းမာရေးနဲ့ ပိုညီညွတ်တယ် ..
    အခုဆိုရင် ငါးကို ကြော်တာထက် ပေါင်းတာနဲ့ ကင်တာကို ပိုကြိုက်တတ်နေပြီ … ဒါပေမယ့် ငါးအချဉ်ဆီပြန်ဟင်းကိုတော့ အခုထိ စားလို့မရသေးဘူး …

    • Ma Ei

      November 25, 2014 at 11:54 am

      ငါးချက်ရင် သမီးလေးနဲ့ အမျိုးသားက အကြော်
      တို့က ချက်တာကြိုက်တယ်..
      ခရမ်းချဉ်သီးလေးနဲ့ ရေချိုချက်..
      မန်ကျည်းမှည့်လေးနဲ့ အချဉ်ဆီပြန်ချက် …
      စားကောင်းတယ်..ချက်စားကြည့်ပါလား..

  • Crystalline

    November 25, 2014 at 1:41 pm

    မာလာငါးပေါင်းနည်းနဲ့ ငါးကွမ်းရှပ်နည်းယူသွားတယ်မွအိ.. ငါးပြက်တော့မစား..:mrgreenn: .. ငါးကွမ်းရှပ်အစိုကိုမစားဖူးဘူး.. ဈေးမှာလည်းရောင်းတာမတွေ့မိဘူး.. :))

    • Ma Ei

      November 25, 2014 at 2:13 pm

      အရင်ကတော့ ငါးကွန်းရှပ် အစိုကို ငါးဖယ်လိုမျိုးဘဲ ခြစ်ကြော်ချက်စားတတ်တာ…
      ကျောက်စ်တို့ ချက်တာလို စမ်းချက်ကြည့်ရင်း ခုတော့ ဒီတိုင်းချက်ဘဲ စားဖြစ်တော့တယ်…
      ငါးကွန်းရှပ်ခြောက်ဆိုရင်တော့ ခရမ်းချဉ်သီးနဲ့ ချက် ငရုတ်စိမ်း နံနံပင်လေးအုပ် ချက်တာ…

  • La Yeik

    November 25, 2014 at 2:57 pm

    1,4,5 တော့ ကြိုက်တယ်ရှန်…ခဏ ခဏ စားဖြစ်တယ်…:)

    • ခင်ဇော်

      November 25, 2014 at 2:58 pm

      ကိုယ်တိုင်ချက်စားတာလားးး
      မေမေ့ကို ချက်ကျွေးခိုင်းသလား??

      :kwi:

      • La Yeik

        November 25, 2014 at 3:08 pm

        ကိုယ်တိုင်ပေါ့ မမရဲ့…မီး က ဖွဘုတ်နဲ့ ဂူးဂဲလ် ကနေပီး မွှေနှောက်ရှာဖွေပီးကို ချက်တာ ဝါသနာပါတာ….

        • ခင်ဇော်

          November 25, 2014 at 3:10 pm

          အဟတ်။ မိပြီ။
          အာ့ဆို ထမင်းဆိုင်မှာ တတ်သလောက် မှတ်သလောက် လာချက်ပေးးး

          :mrgreenn:

        • La Yeik

          November 25, 2014 at 3:20 pm

          အဲ..ဖြစ်ပါ့မလား မမရဲ့…ချက်တော့ချက်တက်ပေမဲ့ အလုပ်တဖက်နဲ့ဆိုတော့ မေမေချက်တာပဲ ထမင်းချိုင့်ဆွဲပီး ဒိုးတာ…
          ဆန်းဒေးတရက်လောက်ပဲ ချက်ဖြစ်တာ..

        • ခင်ဇော်

          November 25, 2014 at 3:23 pm

          စာနဲ့ချက်ရတာပဲဟာ။
          တစ်ပတ် (ရရက်) စာပဲ စာနဲ့ချက်ရမှာ။
          ဟင်းစပ်ကောင်းရင် ရတယ်။

          :mrgreenn:

        • La Yeik

          November 25, 2014 at 3:47 pm

          အာ့ဆိုလဲ ကြိုးစားပေးမယ်နော် မမခင်ဇော်…

  • Novy

    November 25, 2014 at 3:54 pm

    ငါးပျက် အချဉ်ဆီပြန် & ငါးကြင်းကြော် နဲ့ ငါးကြင်းချဉ်ပေါင်
    ကြိုက်ကြိုက်

    • ခင်ဇော်

      November 27, 2014 at 8:18 am

      ငါးပျက်ကို အင်္ဂလိပ်လို့ ဘယ်လို ခေါ်မှန်းမသိဘူးးး
      ဟီးးး
      ဘယ်လိုမေးဝယ်ရပါ့

      :k:

      • Novy

        November 27, 2014 at 11:52 am

        ငါးပြက် = cylindrical fish အဲ့လိုခေါ်တယ်တဲ့တော်ရေ့။။။။။။။။။။

        • ခင်ဇော်

          November 27, 2014 at 11:55 am

          အဲ့ နာမည်နဲ့ ရှာလို့ ရဝူး တော့။
          :k:

  • မြစပဲရိုး

    November 26, 2014 at 7:13 pm

    အဟား။
    အခု မှ အကြိုက်ဆုံး Post of the day တွေ့ တော့တယ်။
    ငါး လပ်လပ်ဆတ်ဆတ် ကတော့ ဝေးနေတာ ကြာပေါ့။
    အရင်က ငါး ကို သိပ်ပြီး တန်ဖိုး မထားခဲ့တာ။
    အခု တော့ ရေချိုငါး မစားရတာ နှစ်ချီပေါ့။
    ငါးပျက် မြင်တော့ ငါးမြွေတိုး၊ ငါးပုဏ္ဍား၊ ငါးဘဲဖြူ၊ ခေါင်းတစ်ရာငါးလေး တွေ အားလုံး ကို လွမ်းပါ့။
    ပုံလေး တွေ ကြည့်ပြီး တစ်ဝ စားသွားပါ တယ် မွအိ နဲ့ ဇီကလေး ရေ။
    ကျေးဇူးပါ။ :))

    • ခင်ဇော်

      November 27, 2014 at 8:19 am

      တူတူပါ့။
      ခု ရေချိုငါး ဆို ဘာလာလာ။
      ငါးသလဲထိုးကြော်လေးတွေ ဒီတိုင်းထိုင်စားချင်!!

      :mrgreenn:

  • မဟာရာဇာ အံစာတုံး

    November 27, 2014 at 10:17 am

    စုံလှဘာဘေ့ ငါးဟင်းတွေ
    ကျော်ကဒေါ့ ငါးဆိုရင် ငါးကြော်ကို ပိုကျိုက်ဒယ် ..
    ဒါကြောင့် ငါးကြော်တဲ့နေ့မှ လာစားမယ်နော် ..

    • ခင်ဇော်

      November 27, 2014 at 10:19 am

      ဟုတ်ပါပြီ။
      ဟိ။
      ငါးကြော် ကြိုက်တဲ့ ကြောင် မမိုက်
      :k:

  • CharTooLan

    November 27, 2014 at 3:14 pm

    မာလာငါးဆိုတာ ဇလားဘီးယားဆိုတဲ့ငါးပဲလား
    အခုချက်တဲ့ထဲမှာ မာလာငါးချဉ်စပ်နဲ့ ငဗျက်ဟင်းကိုအကြိုက်ဆုံးပဲ
    ကျန်တဲ့ငါးတွေက မရင်းနှီးဘူးရယ် 😀

    • ခင်ဇော်

      November 27, 2014 at 4:13 pm

      သလားဘီးယား ငါး လို့ ခေါ်တဲ့ ငါး ထွန်းပါရဲ့ ချာချာရေ။
      ကင်ရင်လည်း အသုံးများတဲ့ ငါးပါလေ။

      :k:

Leave a Reply