ကျုပ်ငယ်ငယ်ကတည်းက အဖေစစ်သားကြီးပြောင်းရွေ့ရာလိုက်ပါကြီးပြင်းခဲ့ရတာပေါ့ဗျာ

ကျုပ်ကိုမွေးတာက ပဲခူးတိုင်း ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာနားမှာအခြေစိုက်တဲ့…

ခြေလျှင်တပ်ရင်းတစ်ခုထဲက တပ်တွင်းသားဖွားခန်းမှာပါ…

ကျုပ်လူမှန်းသိတတ်စအရွယ်မှာ အဖေက တပ်ကြပ်ကြီး

လစာဘယ်လောက်ရတယ်တော့မသိပေမဲ့..အဖေ့လစာရယ် တပ်ကထောက်ပံ့တဲ့ရိက္ခာ

ရယ်ပေါင်းလိုက်တော့…ကျုပ်တို့အိမ်မှာတော့ သိပ်မချို့တဲ့လှပါဘူး..

ထမင်းအနပ်တိုင်း အသားဟင်းတစ်ခွက်ပါတာကျုပ်မှတ်မိနေသေးတယ်…

အိမ်နောက်၊ အိမ်ဘေးက ကွက်လပ်တိုင်းမှာ သီးပင်စားပင်လည်းအဖေကစိုက်တော့…သိပ်ဝယ်မစားရဘူးဗျ..

အိမ်မှာ ကြက်သားဟင်းကတော့ တစ်လ တစ်ခါလောက်စားရပါတယ်

အဲ့ဒါလည်းအိမ်မှာမွေးထားတာတွေပဲ….ကြက်တွေရော..ဘဲငန်းတွေရော..၀ယ်စရာမလို…

ကျုပ်လေ..ခုထိမှတ်မိသေးတယ်..အိမ်မှာများ ကြက်သားဟင်းချက်တဲ့နေ့ဆို

ဟင်းအိုးဆူပြီး အနံ့သင်းသင်းလေးစထွက်လာကတဲက

ကျုပ်အိမ်အောက်မှာကစားနေရာက ချက်ချင်းပြေးတက်လာပြီး

ဟင်းချက်နေတဲ့အမေ့နားကမခွာတော့ဘူး…

ပြီးတော့ အမေ့ကို ဟင်းဘယ်အချိန်ကျက်မှာလဲလို့တတွတ်တွတ်မေးနေတော့တာပဲ..

အမေကလည်း ကျုပ်ခေါင်းကိုပွတ်ပြီး…သားရယ် အသားဆိုတာနူးမှစားကောင်းတာခဏစောင့်နော်

ဆိုပြီးနှစ်သိမ့်လေ့ရှိပါတယ်…ကျုပ်ကလည်း အမေ..နူးမနူးမြည်းရအောင်လေဆိုလိုက်ရင်

အမေက အိုးထဲက အရိုးတစ်ဖတ် အသာခပ်ပြီး ဇလုံလေးတစ်ခုမှာထည့်ပေး…ပြီးတော့

သား အဲ့အရိုးလေးကိုက်ကြည့်..နူးရင်အမေတို့ထမင်းစားလို့ရပြီသား..တဲ့

ကျုပ်ဆိုတဲ့အငတ်ကောင်ကလည်း အမေထည့်ပေးတဲ့အရိုးကို အငမ်းမရကိုက်

ပူကလဲပူ..ကိုက်လို့လည်းမရ…ဆိုတော့မှ

အမေက ရယ်ပြီး..သားရယ်..သွားဆော့နေပါ..တော်နေကြာရတော့..အမေလှမ်းခေါ်လိုက်ပါ့မယ်တဲ့

……..ဒါကတော့ ကျုပ်နဲ့အမေနဲ့ အမြဲတွေ့ကြုံခဲ့ရတဲ့ဇတ်လမ်း………..

အဲ…ကျုပ်နဲ့ကျုပ်အဖေ ဇတ်လမ်းကတော့ နဲနဲ အက်ရှင်ဆန်သဗျ…

အဖေက စစ်သားဆိုတော့ ခပ်ပြတ်ပြတ်ပြောဆိုဆက်ဆံလေ့ရှိတယ်

စည်းကမ်းကလည်း တိတိကျကျ..တစ်စက်လေးမှခြွင်းချက်မပေး..

မနက် ၅နာရီဒေါင်ဆိုတာနဲ့ `မကြီး၊ မောင်ကြီး၊ ပေါက်စ၊ ငသောင်း´

ဆိုတဲ့အသံကြီးထွက်လာတော့တာပဲ..ကျုပ်တို့မောင်နှမတွေ အိပ်ရာကထ

စာဖတ်ဖို့ပေါ့…ကျုပ်တို့ကလည်းတစ်ခါခေါ်သံကြားရုံနဲ့တော့ဘယ်ထဖြစ်မလဲ

နှစ်ကြိမ်မြောက်ခေါ်သံကြားရင်တော့..တစ်ယောက်နှစ်ယောက်ထပြီ…

သုံးကြိမ်မြောက်ခေါ်သံနဲ့အတူ အဖေ ကျုပ်တို့အိပ်တဲ့နေရာရောက်လာတဲ့အထိမထသေးရင်တော့

မာဒေးကားဘော်လုံးပွဲမှာ နာမည်ကြီးလာခဲ့တဲ့ `ဗဟာဒူး´ ကစ်နဲ့ကစ်တော့တာပဲဗျို့..

အဲ့ကျမှ အသဲအသန်ထ ..တွေ့တဲ့စာအုပ်ကောက်ဆွဲပြီး အော်ကြတော့တာပဲ

ကျုပ်တို့လေးယောက်စာအော်သံစုံပြီဆိုမှ အဖေက သူ့အလုပ်သူဆက်လုပ်လေရဲ့..

 

သူ့ရဲ့ မနက်စောစောအလုပ်ကတော့..ကျုပ်တို့ကိုစာဖတ်ဖို့နှိုးမယ်

ပြီးရင်မီးမွှေးပြီး တစ်အိမ်လုံးဘရိတ်ဖတ်စ် အတွက် ဆန်ပြုတ်အိုးတည်မယ်

ပြီးရင်ခြံထဲဆင်းသွားပြီး…မြေလွတ်မှန်သမျှ သူစိုက်ထားတဲ့ သီးပင်စားပင်တွေ

ရေလောင်းတော့တာပဲ…၆နာရီခွဲလောက်ဆို သူရေမိုးချိုးပြီး ကျုပ်တို့ကိုစာကျက်ရပ်

မျက်နှာသစ်ခိုင်းပြီး..ကျုပ်တို့မောင်နှမတစ်စုနဲ့အတူ ဘရိတ်ဖတ်ဆန်ပြုတ်သောက်ကြတာပေါ့…

 

အော်…အမေ့အကြောင်းပြောရအုံးမယ်..ကျုပ်တို့မှာအဲ့အချိန်က ညီကိုမောင်နှမ

ခုနှစ်ယောက်ရှိနေပြီဗျ…အငယ်ဆုံးလေးက နို့စို့…နောက်နှစ်ယောက်ကလည်း

ကျောင်းမနေသေး..ဆိုတော့ အဲ့သုံးယောက်နဲ့အမေ့ခမြာ လိပ်ပါတ်မလည်…

ဆိုတော့..ကျောင်းနေပြီဖြစ်တဲ့ကျုပ်တို့အကြီးလေးယောက်ကို…

အဖေက သူအလုပ်မသွားခင်အကုန်အဆင်ပြေအောင်လုပ်ပေးခဲ့ရတာကိုးဗျ

 

၇နာရီဆိုရင်တော့အဖေကလည်း အလုပ်သွား ကျုပ်တို့ကလည်းကျောင်းသွားကြပေါ့ဗျာ…

ကျုပ်တို့ကျောင်းမသွားခင်အမေကတော့နိုးနေပါပြီ…..

အသာလေးထွက်လာပြီး..အမကြီးကိုဆယ်ပြား

အစ်ကိုကြီးကိုဆယ်ပြား၊ ကျုပ်တို့အငယ်နှစ်ယောက်တော့

ငါးပြားစီမုန့်ဖိုးထွက်ပေးလေ့ရှိပါတယ်…

အဲ့ဒီတုန်းက ကျောင်းဈေးတန်းမှာရောင်းတာတွေကလည်း ခုခေတ်လိုရယ်ဒီမိတ်

ပလတ်စတစ်ထုတ်တွေမရှိ…အိမ်မှာတင်တစ်နေ့စာတစ်နေ့လုပ်ရောင်းတဲ့

မြန်မာ့ရိုးရာစားစရာတွေပဲ…လာဝယ်၇င်လည်းဖက်ကလေးနဲ့ထုတ်ပေးကြတာပဲ

သာကူတို့လို မုန့်ဟင်းခါးတို့လို အသုပ်တို့လိုတွေကတော့ ဆိုင်မှာထိုင်စားပေါ့

ပေးလိုက်တဲ့မုန့်ဖိုးနဲ့ အဆာပြေတော့ ကောင်းကောင်းစားနိုင်ပါတယ်…

ဒါကနိစ္စဓူဝကျုပ်တို့ငယ်ဘ၀ပေါ့

 

မမေ့နိုင်တဲ့အဖြစ်အပျက်တစ်ခုရှိသေးတယ်…ကျုပ်နှစ်တန်းလောက်ကပေါ့…

ကျုပ်ကငယ်ငယ်ကတည်းကအဆော့သိပ်မက်တော့

ကျောင်းဆင်းလို့အိမ်ပြန်ရောက် ပြီဆိုတာနဲ့ ဆော့တော့တာပဲ

အထူးသဖြင့်တော့ ကျုပ်နဲ့အတန်းဖေါ် မျက်နှာချင်းဆိုင်အိမ်က

အာအက်စ်အမ်(တပ်ရင်းအရာခံဗိုလ်) သား ဒယ်နီ ဆိုတဲ့ကောင်နဲ့ ကမြင်းနေကျပေါ့…

တစ်နေ့တော့သူက သံလိုက်တုံးလေးတစ်ခုနဲ့ဆော့နေတယ်

သံလိုက်တုံးကိုကြိုးလေးနဲ့ချည်ပြီး သဲထဲမှာလျှောက် ဆွဲတော့ သံတိုသံစလေးတွေ

အများကြီးကပ်ပါလာတာပေါ့..ကျုပ်လည်းတစ်ခါမှမတွေ့ဖူးတော့တော်တော်အံ့သြပြီး

သဘောကျတာပေါ့..ကျုပ်တစ်ခေါက်လောက်လုပ်ကြည့်မယ်လို့ ဒယ်နီကိုပြောတော့

ကျုပ်ကိုပေးမဆော့ဘူးဗျ…မင်းအိမ်မှာမင်းသွားရှာဆော့ပေါ့တဲ့…ကျုပ်က..

ငါ့အိမ်မှာသံလိုက်မှမရှိတာကွ ဆိုတော့…ဒီကောင်က…ရှိတာပေါ့ကွ..မင်းတို့အိမ်က

စက်ဘီးရဲ့ နောက်ဘီးနားတတ်ထားတဲ့ ဘီးနဲ့အတူလိုက်လည်တဲ့ဟာရှိတယ်…

အဲ့ဒါကိုဖွင့်လိုက်ရင်အထဲမှာသံလိုက်ရှိတယ်ကွ..လို့ဆိုပါတယ်…

ကျုပ်လည်းသူဆော့နေတာကြည့်ပြီး အရမ်းဆော့ချင်လာတာနဲ့ အိမ်ဖက်ပြန်ခဲ့တယ်

အိမ်ရောက်တော့ အိမ်အောက်မှာထားတဲ့စက်ဘီးမှာ ဒယ်နီပြောတဲ့ ပစ္စည်းကိုတွေ့တယ်…

ဖြုတ်တော့ မဖြုတ်ရဲဘူး…အဖေသိရင်အရိုက်ခံရမှာတွေးမိတယ်လေ….

ဒါပေမဲ့ ကြည့်နေရင်း ဆော့ချင်စိတ်ကများနေတော့…အဖေ့ တူးဘောက်ထဲက

စကူဒရိုင်ဘာနဲ့ ပလိုင်ယာယူပြီးမရရအောင်ဖြုတ်တော့တာပေါ့…သွယ်ထားတဲ့

ဝါယာသေးသေးလေးကိုလည်း ပလိုင်ယာနဲ့ကိုက်ဖြတ်ပစ်လိုက်တယ်…

ပြုတ်သွားတော့ အဲ့ဒီပစ္စည်းလေးယူပြီး သူငယ်ချင်းဆီပြေးတာပေါ့..

ကျုပ်မဖွင့်တတ်ဘူးလေ…ဒယ်နီက အဲ့ပစ္စည်းလေးကို အုတ်ခုံပေါ်တင်ပြီး

ကျောက်ခဲတစ်တုံးနဲ့ ထုတော့တာပဲ…ခဏကြာတော့ ဖင်ပိုင်းကပွင့်ထွက်သွားပြီး

ကြေးနန်းမျှင်လေးတွေရှုပ်ပွနေတဲ့ စင်္ကြာပုံသံတုံးလေးထွက်လာတယ်…

အဲ့ဒီ ကြေးနန်းကြိုးတွေ ကုန်အောင်ဖြုတ်လို့်ပြီးသွားတော့… စင်္ကြာပုံသံတုံးလေးရရောဗျ

အဲ့အတုံးလေးကို ဒယ်နီ့လိုပဲ ကြိုးလေးနဲ့ချည်ပြီး သဲထဲဆွဲကြည့်တော့….

ဟုတ်တယ်ဗျို့…တကယ့်သံလိုက်ပဲဗျ..ကျုပ်လည်းပျော်ပျော်ကြီး

သူငယ်ချင်းနဲ့အတူ…ဆော့နေတော့တာပေါ့…ညနေတော်တော်စောင်းတော့

အိမ်ဖက်က အမေ့ခေါ်သံကြားမှ လက်ထဲက သံလိုက်တုံးကို ဒယ်နီ့ကိုသိမ်းခိုင်းထားပြီး

ပြန်ခဲ့တယ်…အိမ်မှာ ကိုကြီးရယ် ကိုလတ်ရယ် လက်ပိုက်ပြီး အဖေ့ရှေ့မှာရပ်နေကြတယ်..

ပြသနာတော့စနေပြီ လို့သိလိုက်တယ်…ကျုပ်လည်းသူတို့ဘေးလက်ပိုက်ပြီးဝင်ရပ်ရတာပေါ့

ကျုပ်မျက်နှာတွေဘယ်လောက်ပျက်နေတယ်မသိ…အဖေက…ငသောင်း မှန်မှန်ပြောစမ်း

စက်ဘီးက ဒိုင်နမို မင်းဖြုတ်ဆော့သလားတဲ့..ကျုပ်လည်းငြင်းတာပေါ့…ငြင်းရင်းနဲ့

မျက်ရည်ကကျနေပြီ…အဖေသဘောပေါက်ပုံရတယ်…ငသောင်း မင်းဒိုင်နမိုဘယ်မှာထားလဲတဲ့

ခက်ပြီပေါ့…မပြောလို့လည်းမရတော့…ကျုပ်ယူဆော့မိတဲ့အကြောင်း..ထုခွဲပြီး အထဲကသံလိုက်ကိုထုတ်ဆော့တဲ့အကြောင်း..၀န်ခံလိုက်ရတယ်…ကျုပ်စကားလည်းဆုံးရော

ဖျောင်းကနဲအသံနဲ့အတူ ကျုပ်ပါးပြင်ပူကနဲဖြစ်သွားပြီး ထိုင်ရက်လဲကျသွားတယ်…

အဲ့အချိန်အမေက အတင်းဝင်လာပြီး ကျုပ်ကိုပွေ့ထားပြီး အဖေ့ကို တော်ပါတော့လို့ဖျောင်းဖျ

တားနေတာပေါ့….အဖေကတော့ ဒေါသတော်တော်ထွက်ပြီး သတ်မယ်တကြိမ်းကြိမ်းနဲ့ပေါ့

ကျုပ်ကတော့ရှိုက်ကြီးတငင်ငိုလို့အမေ့ရင်ခွင်မှာ….အဖေက မကျေနိုင်သေးဘူး

အမေ့ကိုပြောတယ်…ဒီကောင့်ကိုဒီနေ့ညစာအငတ်ထား..ကျွှေးတဲ့သူ ငါနဲ့တွေ့မယ်..ဆိုပြီး

အောက်ဆင်းသွားလေရဲ့…အမေကလည်းကျုပ်ကို တပြစ်တောက်တောက် ဆူပူပြီး

ကျုပ်ကို အခန်းထောင့်မှာထိုင်ခိုင်းထားတယ်…ကျုပ်လည်းပါးကနာတာရယ်

အဖေပြောတဲ့ ဒိုင်နမိုဆိုတာလေးကို ပြန်နှမြောစွာ စဉ်းစားရင်း ငိုလို့ရှိုက်လို့မဆုံး…

ဇတ်လမ်းချုပ်ရရင်…အဲ့ည ညစာကို ၁၁ နာရီထိုးအဖေအိပ်မှ အမေလာကျွေးလို့စားရတယ်

ကျုပ်ပါးယောင်ကိုင်းနေပြီး ဖျားပါဖျားနေပြီ…နောက်တစ်ရက်ကျောင်မတက်နိုင်ဘူး…

ကျုပ်ကလည်းကျုပ်ပဲ…အိမ်ကပစ္စည်းတွေ ကျုပ်ကြောင့်ပျက်စီးတာမနဲတော့ဘူး

အိမ်မှာတစ်ခုခု အထူးအဆန်းဖြစ်ပျက်ပဟေ့ဆို ..အားလုံးမျက်လုံးတွေက ကျုပ်ဆီမှာ….

ခုမှပြန်စဉ်းစားမိတာက ကျုပ်တို့ငယ်ငယ်က ရယ်ဒီမိတ်ကစားစရာဆိုတာသိပ်မရှိဘူး

ကျုပ်တို့ကလေးတွေမှာ အိမ်နဲ့ အနီးဝန်းကျင်က တွေ့တာလေးတွေနဲ့ဆော့ကြရတာပဲဗျ

ဥပမာ..သေနတ်ပစ်တမ်းကစားဖို့ဆို ပျဉ်ပြားအဟောင်းရှာပြီး ဓါးနဲ့ ကိုယ်ဘာသာကိုယ်

ခုတ်ယူရတယ်…တစ်ခါတစ်ခါတော့ အဖေက လုပ်ပေးတတ်ပါတယ်…သူလုပ်ပေးတာက

သေနတ် နဲ့ပိုတူတော့..ကျုပ်တို့မှာသူငယ်ချင်းတွေကိုကြွားလို့မဆုံး….

သင်္ကြန်နီးလာပြန်တော့ အဖေက ၀ါးနဲ့ ရေပြွတ်တစ်ခုစီလုပ်ပေးတတ်သေးတယ်…

ခွက်နဲ့ပက်ရင်ပက် ဒါမှမဟုတ် ၀ါးရေပြွတ်နဲ့ပက်ချင်ပက်ပေါ့…..

နောက်..၀ါးနဲ့ပဲလုပ်တဲ့ ဘောင်ဘောင်ဆိုတာရှိသေးတယ်…မြရာသီးထည့်ပြီး

တစ်ယောက်နဲ့တစ်ယောက်ပစ်ဆော့ကြတာပေါ့……

ဝါးနဲ့လုပ်တဲ့ ဘောင်ဘောင်နဲ့ မြရာသီး

ဝါးနဲ့လုပ်တဲ့ ဘောင်ဘောင်နဲ့ မြရာသီး

 

 

 

 

 

 

 

 

 

 

 

 

ရှိပါသေးတယ်…ဂျင်ပေါက်ကြတာ..ဂျင်ကလည်း လက်လုပ်ဂျင်တွေပါပဲ…အဲ..အရေးကြီးတာ

ဂျင်ပေါက်ဖို့ကြိုး…ကြိုးကောင်းမှပေါက်လို့ကောင်းတာကလား…ကြိုးမကောင်းလို့

ပေါက်တဲ့အချိန်ကြိုးညိရင် မျက်နှာတွေဘာတွေမှန်တတ်တယ်….

ကျုပ်တို့အားလုံးအကြိုက်တူကြတာတော့…အဖေတို့စစ်သားတွေစီးတဲ့

တောစီးဘိနပ်ကကြိုးပဲ..ဂျင်ပေါက်လို့ကောင်းမှကောင်း….ဆိုတော့ထုံးစံအတိုင်း

ကိုယ့်အိမ်ကကိုယ် တောစီးဘိနပ်ဟောင်းကကြိုးတွေရှာဖွေသုံးကြတာပေါ့..

တစ်ခါတလေလည်း အဖေစီးလက်စ ဘိနပ်ကခဏဖြုတ်ပြီးယူသုံးတတ်တယ်

ပြီးရင်ပြန်တတ်ထားမယ်ပေါ့…အဲ..ဒါပေမဲ့…ကစားတဲ့ထဲအာရုံရောက်နေတော့

အချိန်မီမထားဖြစ်…ထုံးစံအတိုင်း အဖေ့လက်ရာမြည်းရပြန်တာပေါ့…

နောက် ထူးထူးခြားခြား ဘာအထောက်အကူပစ္စည်းမှမလိုတဲ့

တူတူပုန်း၊ ထုတ်စည်တိုး၊ ကုလားမ စည်းနင်း၊ဖန်ခုန်၊ ဂုံညင်းဒိုးထိုး၊ ပေသီးကျင်းစိမ်

၊ သူခိုးပုလိပ် ၊ သားရည်ကွင်းပစ်၊စစ်တိုက်တမ်းကစား၊ ကျည်းသားရိုက်၊ ညောင်ပင်တစ္ဆေ၊

ရွှေစွန်ညို၊ သြဇာစေ့နဲ့ဇယ်တောက်..အိုစုံလို့ပါပဲ

ဖန်ခုံတမ်းကစားတာတော့ မိန်ကလေးတွေပေါ့

ဖန်ခုံတမ်းကစားတာတော့ မိန်ကလေးတွေပေါ့

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

…နွေဖက်ဆို

စွန်လေးတွေကိုယ်တိုင်လုပ်ပြီး စွန်လွှတ်တမ်းလည်းကစားကြသေးတယ်…

KiteKite-2

 

 

 

 

 

 

 

 

ဒါတွေ ရိုးလာရင်တခါ လေးခွကိုယ်စီနဲ့ ငှက်ပစ်ထွက်ကြသေးတယ်..

ငှက်ပစ်တာကိုတော့ အဖေကတားလေ့မရှိဘူးဗျ…သူကိုယ်တိုင်လည်း

စနေတနင်္ဂနွေအားတိုင်း သူ့နှစ်လုံးပြူးသေနတ်ထမ်းပြီးတောပစ်ထွက်လေ့ရှိတယ်…

အဲ့အချိန်လောက်က ကျုပ်တို့တပ်ကလည်းရိုးမအစပ်မှာ…တပ်စည်းရိုးနောက်

ထွက်တာနဲ့ တောကြီးမျက်မဲပဲ…အဲပြောရအုံးမဗျ…ကျုပ်တို့တပ်ကအိမ်တိုင်း

အိမ်အောက်မှာ ကတုတ်ကျင်းတူးထားရသဗျ…အရေးပေါ်ဥသြသံကြားတာနဲ့

နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် တစ်အိမ်သားလုံး အပြေးအလွှားကတုတ်ကျင်းထဲဆင်း

ဝတ်နေကြရသဗျ…အဖေတို့ကတော့ ယူနီဖေါင်း ကတိုက်ကရိုက်ကောက်ဝတ်

အခန်းထဲကသေနတ်ဆွဲပြီး ပြေးတော့တာပဲ…တစ်ခါတလေတော့သေနတ်သံတွေကြားရတတ်တယ်

ကျုပ်တို့ကတော့ ရိုးနေကြပါပြီ..ထူးပြီးမကြောက်တော့ပါဘူး…

အဲ့အချိန်က ရိုးမမှာ သူပုန်တွေ(ဗကပ လားဘာလားသေချာမသိ)ကြီးစိုးနေချိန်ပေါ့…

ဒါကြောင့်တပ်ကစစ်သည်အားလုံးကို ၂၄နာရီ လက်နက်ထုတ်ပေးထားတယ်….

ကျုပ်မှတ်မိသလောက်ကတော့ အဖေ့ကိုပေးထားတာ စတင်းဂန်းဗျ…

တောလည်ထွက်တဲ့ နှစ်လုံးပြူးက အဖေ့ကိုယ်ပိုင်…

Sten Gun ဆိုတာ ဒါမျိုးပေါ့

Sten Gun ဆိုတာ ဒါမျိုးပေါ့

နှစ်လုံပြူးသေနပ်

နှစ်လုံပြူးသေနပ်

 

 

 

 

 

 

 

 

အဲ…ကျုပ်ကိုတော့ ကမြင်းတတ်လွန်းလို့ သေနတ်ထားတဲ့နား ၅ပေအကွာတောင်မသွားဖို့

အဖေကသေချာမှာထားသဗျ…ဒါတော့ကျုပ်တို့အားလုံးတိတိကျကျလိုက်နာပါသဗျာ..

သေနိုင်တာကိုး…နောက်တစ်ခုခုမှားရင်အဖေပါအလုပ်ပြုတ်..

ထောင်ထဲရောက်သွားနိုင်တာကလား…….

အဖေတောပစ်ထွက်ရင်လည်း အဖေါ်နဲ့မှသွားလေ့ရှိပြီး အရပ်ဝတ်နဲ့ပဲသွားတတ်တယ်..

သူပုန်ကိုလည်း ကြောက်ရသေးသကိုး…သူတောပစ်ထွက်တဲ့အပါတ်ဆို ကျုပ်တို့တတွေ

သိပ်ပျော်တာပေါ့..ပြန်လာရင်တောကောင်သားစားရတော့မှာကိုး…အဖေ့ကျေးဇူးကြောင့်

ခြေ ငယ်စိုင်ဆတ် ယုန်ပါမကျန် အကုန်စားဖူးခဲ့တယ်…

အဲ့တုန်းက တောကောင်ကလည်းပေါမှပေါဗျ ..ဘယ်လောက်တောင်ပေါလည်းဆို…

တစ်ညနေ ကျုပ်တို့ဆော့နေတုန်း

ဆတ်ကြီးတစ်ကောင် မျက်စေ့လည်လာတယ်ထင်ရဲ့…တပ်လိုင်းခန်းတွေကြားဖြတ်ပြေးလာတယ်

ကျုပ်တို့ကလေးတွေလည်း အော်လိုက်ကြတာဆူညံနေတာပဲ…

အဖေလည်း သူ့လက်စွဲတော်နှစ်လုံးပြူးဆွဲပြီး ထလိုက်သွားရောဗျို့….

တစ်နာရီလောက်ကြာတော့ အဖေနဲ့သူ့ရဲဘော်နှစ်ယောက် ဆတ်သေကြီးထမ်းပြီး

ပြန်ရောက်လာတာပဲ…အိမ်မှာပဲ ၀ိုင်းဖျက်ကြပြီး တပ်မှုးနဲ့တကွ အရာရှိတွေအိမ်လိုက်ဝေ..

ကျန်တာတော့ ကျုပ်တို့နဲ့ အိမ်နီပါးချင်းတွေဝေမျှ စားကြတာပေါ့….

 

အဲ့အချိန်တုန်းက ဘာလို့လည်းတော့မသိ…ကျုပ်တို့ မြို့ပေါ်သိပ်မသွားဖြစ်ခဲ့ဘူး..

တစ်ခါတလေ တပ်ကစီစဉ်ပေးတဲ့ဈေးကားနဲ့ အမေခေါ်သွားလို့ ဖြူးမြို့ကိုတော့

လေးငါးခါရောက်ဖူးခဲ့တယ်…ဈေးကားမှာလည်း လက်နက်အပြည့်အစုံနဲ့

စစ်သားသုံးယောက်လောက်အမြဲပါတာ မှတ်မိနေသေးတယ်..လုံခြုံရေးပေါ့…

ဈေးလိုက်တယ်ဆိုလို့မှတ်မိသေးတယ်…ကျုပ်တို့က ကုန်အခြောက်ကို

တစ်လစာမှန်းပြီးဝယ်လေ့ရှိတယ်…အဲ့တော့ ဈေးတောင်းထမ်းဖို့ ကျုပ်တို့

ညီအကိုတွေ ဈေးကိုခေါ်သွားလေ့ရှိတယ်…ကျုပ်တို့လည်းပျော်တာပေါ့

ဈေးရောက်ရင် မုန့်စားရတာကိုး…အဖေနဲ့သွားရင်လဘက်ရည်ပါသောက်ရသေးတယ်..

ကျန်တဲ့တစ်ချိန်လုံးက တပ်ထဲမှာပဲ…အလယ်တန်းကျောင်းလေးတစ်ကျောင်းကလည်း

တပ်ဝန်းထဲပဲ ဆိုတော့ အပြင်ထွက်စရာမှမလိုတာကိုး…တပ်ပြင်ပထွက်စရာရှိရင်လည်း

စစ်သားဖြစ်ဖြစ် မိသားစုဝင်ဖြစ်ဖြစ် တပ်ရင်းအရာခံဗိုလ်ဆီက ဂိတ်ပါတ်စ်မပါရင်

ဂိတ်ကပေးမထွက်ဘူးဗျ…ဆိုတော့ ကိုယ့်လောက လေးနဲ့ကိုယ်နေခဲ့ကြရတာကိုး…

ပြန်တွေးကြည့်တော့ လည်းပျော်စရာကြီးပါပဲလေ…

ခုခေတ်မှာတော့…တောတွေ နယ်တွေမှာတော့မသိ…ရန်ကုန်လိုမြို့ကြီးတွေမှာတော့

ကလေးတွေဆော့ကစားနေတာ သိပ်မတွေ့ရတော့ဘူး…..

မတွေ့ဆို…ဆော့ဖို့နေရာလည်းမရှိပါဘူးလေ…အိမ်က ကလေးတွေကိုလည်း

ကြည့်ပြီးကျုပ်သနားမိတယ်…ပြောရရင်ဒီကောင်တွေ မြေကြီးတောင် နင်းဖူး ဖို့မလွယ်

ကျုပ်ကတော့ မွေးကတည်းက ၁၀တန်းအောင်တဲ့အထိ နယ်မြို့လေးတွေမှာပဲ

လှည့်ပါတ်နေခဲ့ရတာဆိုတော့ ကလေးဘ၀ အရသာအပြည့်အ၀ခံစားခဲ့ရလို့

ကံကောင်းတယ်လို့ပဲထင်မိပါကြောင်းဗျာ…..

 

ဘာရယ်မဟုတ် ငယ်ဘ၀သတိရမိတာလေးချရေးထားတာပါ…

အားလုံးကိုလေးစားခင်မင်လျှက်….

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၎၊ ၁၀၊ ၂၀၁၄

PS- ဓါတ်ပုံများကို Google မှယူပါသည်။

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)