မုန့်ဟင်းခါး (သို့) မုန့်ဟင်းငါး ဆိုတဲ့ နာမည် ဘယ်ကဘယ်လို ရတယ်တော့ မသိ။

အာ့ ကိုယ့် အလုပ်လည်း မဟုတ်။

အဟစ်။

အရေးကြီးတာက အင်မတန်ကြိုက်သော နေ့တိုင်းစားနိုင်သော အစားအသောက်ဖြစ်နေခြင်းးး

(မုန့်ဟင်းခါးအလှည့်ဆိုတော့ ဂလိုပဲ ပြောရမှာပေါ့။ နောက် အစားအသောက်အလှည့်ကျ တစ်မျိုး ပြန်ပြောရမှာပေါ့နော့)  :mrgreenn: 

မွင်းငါး လို့ ခေါ်ရတာ အားသန်လို့ ဂလိုပဲ ရေးမယ်နော်။

အဘိုးက ဒေးဒရဲ ကျိုက်လတ်ဆက် ဆိုတော့ မွင်းငါး ကို အင်မတန်ချေးများတယ်၊

ငါးနည်းတယ်တို့၊ ငံပြာရည်မကောင်းဘူးတို့ စသည်ဖြင့်ပေါ့။

အဲ!! မွင်းငါးချက်ရင်လည်း ငါးအသားနွှင်ပြီး စပါးလင်ငရုပ်သီးအကြမ်းဖတ်ထောင်းနဲ့ ငါးမွှေစပ်စပ်လေး ချက်ပေးရသေးတယ်။

ပြီးမှ မွင်းငါးကို ငါးမွှေပါ ထည့်စားတယ်။

ငှက်ပျောအူလည်း နုနေမှ၊ ကြက်သွန်ဥ အရွယ်တော်ပေါလောပေါ်မှာ ကြိုက်တာ ဆိုတော့ ပျော်မသွားအောင် အနေတော်မှာ ဆယ်ပြီး သူ စားမှ ဟင်းရည်ထဲ ထည့်ပေးရတာ။

ဘဲဥ အလုံးလိုက်ပြုတ် အခွံခွါပြီး အပ်လေးတွေနဲ့ ဖောက်ရသေးးး

ပြီးမှ မွင်းငါးနဲ့ ထည့်ချက်တော့ အိုးဘဲဥထဲ ဟင်းရည်ဝင်ပြီး အဲဒီ ဘဲဥ အလုံးလိုက် မြင်ရမှာ စားသဗျားးး

 

IMG_7051

 

1

2

 

ဆိုတော့ … အစားနဲ့ ပတ်သက်ရင် အဲဒီလို အဆာကျယ်တဲ့ အဖိုးရဲ့ အချစ်ဆုံး မြေးမို့ မွင်းငါးကို နည်းနည်းချေးများပါတယ်။၊.

ချက်နည်းကို ချေးများတာ မဟုတ်ဘူးးး (ကိုယ်လည်း မချက်တတ်ဘူးကိုးးး)

အရသာကောင်းမှရယ် အစာပလာရယ် စုံမှ ဆိုတာမျိုးးးးး၊

အာ့ကြောင့် အဲဒီ ရသတဏှာအတွက် ပင်ပန်းလိုက်တဲ့ အမျိုးဆိုတာတော့။ ဟိ။ :mrgreenn: 

 

မုန့်ဖတ် ဆို ၂ မျိုးပါရမှ…

ရိုးရိုးမုန့်ဟင်းခါးဖတ်ရယ်…

ညှပ်ပြားဖတ်ရယ်။ (အကြောင်းသိတွေ မွင်းငါးစားဖိတ်ရင် ကိုယ့်အတွက် ဆန်ပြားသပ်သပ်ချန်ပေးတယ်)

ငါးမွှေလေး တစ်ပန်းကန်ရယ်၊ နည်းနည်းပါ။ (ကိုယ့် တစ်ယောက်စာ ရရင် အိုကေပါတယ်)

ကြက်သွန်ဖြူဆီချက်လေး စိတ်ပါရင်ချက်ထားတယ်၊ စိတ်ပါရင် စားလို့ရအောင်။ ဟိ။

ဘာလို့ဆို ခါတလေ မုန့်ဖတ်ကို သုပ်ပြီး မုန့်ဟင်းခါး ရည်နဲ့ စားလိုစား လုပ်သေးတာကိုးးး

အကြော်ဆို ပဲကပ်ကြော်ရယ်၊ ဘူးသီးကြော်ရယ်၊ မတ်ပဲ ကြော်ရယ် ကြိုက်ပါတယ်။ တစ်ခါ စားရင် တစ်ပွဲကို တစ်မျိုးထည့်စားတာမို့ပါ။ အဟေးဟေးဟေးးး

ရရင်လည်း အီကြာကွေးလေးပါ ပါ ရင် မဆိုးပါဘူးနော်။ (ကိုကိုကျောက်နဲ့ အကြိုက်တူ)

အချဉ်အတွက်ကျ သံပရိုသီး အဝါပေးရင် အင်မတန်မုန်းပြီး သံပုရာ သီး အစစ် ဒါမှ မဟုတ် ရှောက်သီးအသေးနဲ့မှ စားပါတယ်။

အစပ်အတွက် အလှော်မှုန့်ကို အကြိုက်ဆုံးဖြစ်ပြီး မရှိမှ အကြော်မှုန့်နဲ့ စားပါတယ်။ ဟိ။ (အခြောက်တောင့်ကို အိမ်မှာ ကြော်ပြီး ထောင်းထားတာမျိုးဟာ)

ငါး ငံပြာရည် အစစ်ထည့်စားတာကိုပဲ ကြိုက်ပါတယ်။ အဟိ။ (ငန်ပြီး ရော ဆို ဆား လာမပေးနဲ့၊ အော်ငိုမှာ။)

နံနံပင် ကြက်သွန်နီမိတ် ပါလေကာနဲ့ ကြိုက်ပါတယ်။ ဟိ။

အဲ…!!!

ကိုယ်က အိုးဘဲဥထက် ကြက်ဥပြုတ်ကို ပါးပါးလှီးပြီး ထည့်စားတာပိုကြိုက်ပါတယ်။

နောက်ပြီး ငါးဖယ်ကို တစ်ခါတည်းထည့်ချက်တာထက် ကြော်ပြီးမှ ပါးပါးလှီးထည့်တာ ပိုကြိုက်တယ်။

တစ်ချို့ရှိတယ်၊ တစ်ခါတည်း အိုးထဲ ငါးဖယ်တို့ ကြက်ဥတို့ ဖောက်ထည့်ပြိ ပွါးသလိုမျိုးကို ကြိုက်ဘူးးး၊ ညာမကျွေးနဲ့လို့ ပြောတာ။ အဒေါ်တွေ ခေါင်းခေါက်တာလည်း မမှတ်ဘူးး။

 

IMG_7055

 

 

 

ကဲ။

ပန်းကန်လေးထဲကို

မုန့်ဖတ်လေးထည့်၊

ဟင်းရည်ချိုချိုကျဲကျဲလေး ဆမ်းး

ငါးမွှေလေးထည့်

ငါးဖယ်လေးညှပ်ထည့်

ကြက်ဥပါးပါးလှီးထည့်

ပဲကပ်ကြော်နဲ့ အီကြာလေး နည်းနည်းစီထည့်

ကြက်သွန်ဖြူဆီချက် မွှေးမွှေးလေးကို ဆမ်းးး

ငရုတ်သီးမှုန့်လေး ဖြူးပြီး

နံနံပင်ကြက်သွန်မိတ်ပေါ်က နေ သံပုရာအစစ်ရည်လေး ညှစ်လိုက်ရင် ထွက်လာတဲ့ မုန့်ဟင်းခါးနံ့၊

စဉ်းစားကြည့်လိုက်ပါ မိတ်ဆွေ။။.

အဲဒီ တစ်ပန်းကန်ကို စိုင်းစိုင်းနဲ့ မလဲနိုင်ပါဘူးးး

စားပြီး မှ ပဲ ပြန်ချော့တော့မယ်။  :mrgreenn: 

 

IMG_5716

 

IMG_7052

 

မန်းလေးမှာတုန်းကများဆို ဘယ် မုန့်ဟင်းခါး ဘယ်နား ကောင်းတယ်ဆို ဘယ်လောက် ဝေးဝေးသွားစားရတာ။

ဈေးချိုနားကနေ အရှေ့ပြင် ရွှေလက်ရာကို မနက်တိုင်း သွားရတာ လွယ်တယ်ထင်သလား မိတ်ဆွေ။

ထားပါ။ လွမ်းခြင်းက ရှည်နေပြီ။

အမှန်က မုန့်ဟင်းငါး ချက်နည်း စုထားချင်လို့ ရေးရတဲ့ လွမ်းခြင်းပါ။

ရန်ကုန် မုန့်ဟင်းငါး

မန်းလေး မုန့်ဟင်းငါး

ဟင်္သာတ မုန့်ဟင်းငါး

ပုသိမ် မုန့်ဟင်းငါး

မော်လမြိုင် မုန့်ဟင်းငါး

တောင်ငူ မုန့်ဟင်းငါး စသည်ဖြင့်ပေါ့။ အမျိုးမျိုးရှိလို့။

ချက်နည်း အမျိုးမျိုးရှိသလို စားနည်းလည်း အမျိုးမျိုးရှိမှာပါ။

ဆိုတော့ သိတဲ့ နည်းတွေ ဝင်ပြောလို့ရပါတယ်။
ခု ပို့(စ) မှာတော့ မမှီရယ်၊ ဝေရယ်၊ ကျောက်ရယ်၊ မွသဲ ရယ် ဝင်ချက်ပေးထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

မမှီ ပို့(စ) က နိုင်ငံရပ်ခြားမှာ နေသူတွေ မုန့်ဟင်းငါး လွမ်းရင် အလွယ်တကူချက်စားဖို့ အင်မတန်သင့်တော်ပါတယ်။

မုန်.ဟင်းခါးအလွယ်ချက်နည်း….- hmee

http://myanmargazette.net/44184

မြန်မာပြည်သူ၊ပြည်သားတိုင်း ဘယ်နေရာပဲ ရောက်ရောက် တမ်းတမ်းတတ စားချင်တာကတော့ မုန့်ဟင်းခါးပါ။ ပြည်တွင်းမှာနေတဲ့သူတွေ ပြည်ပရောက်နေသော်လည်း မြန်မာလူမျိုးခပ်များများ ရှိတဲ့နေရာမှာရောက်နေသူတွေ အတွက်တော့ စားချင်ရင် ၀ယ်စားလို့ရပေမဲ့ ကို့လူမျိုးနဲပြီး ၀ယ်စားချင်ရင်တောင် ၀ယ်စားလို့မရတဲ့သူတွေအတွက် ရည်ရွယ်ပြီး ရေးလိုက်တာပါ။ တခါတလေ စားချင်တဲ့ စိတ်ဟာခြိုးနှိမ်လို့မရအောင် အခံရခက်လှပါတယ်။ ဒီစာကိုဖတ်ပြီး တယောက်လောက်ပဲဖြစ်ဖြစ် အဆင်ပြေမယ်ဆို ၀မ်းသာမိမှာပါ။

မုန်.ဟင်းခါးမှာမပါမဖြစ်ကတော့

၁၊ ပဲစိမ်းမှုန်.(သူကတော့ဝယ်ရလွယ်ပါတယ်)

၂၊ဆန်လှော်မှုန်. (သူကတော့မလွယ်ပါဘူး။ ဒယ်အိုးထဲကို ဆန်တခွက်( ထမင်းပေါင်းအိုး ဆန်ချိန်ခွက်) ထည့်ပြီးလှော်ပါ။ နီလာပြီဆိုရင်ရပါပြီ။ လှော်ထားတဲ့ဆန်ကို  blender နဲ.ကျိတ်လိုက်ပါ။ မှုန့်ပြီဆိုရင် ဗူးတဗူးနဲ့ထည့်ထားပါ။ )

၃၊ငါးခပ်များများကို အိုးထဲမှာ ပုစွန်ငါးပိနဲနဲ၊ နနွင်းမှုန်.နဲနဲ၊ စပါးလင်(အရှေ့တိုင်းအစားအစာဆိုင်မှာ ၀ယ်လို့ရပါတယ်။)၊ ငံပြာရည်များများ ထည့်ပြီးပြုတ်ပါ။ ငါးပြုတ်အိုးရပြီဆိုရင် အသားနွှင်ပါ။ ကြက်သွန်ဖြူများများ ဒါမှငါးညှီနံပျောက်မှာပါ။ ဂျင်း၊ ငါးပြုတ်ထဲကစပါးလင်ကို ပါးပါးလှီးပြီးမှ ထောင်းပါ။ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင် ထောင်းထားတာကိုဆီသတ်ပါ။ ရွှေရောင်သန်းလာပြီး မွှေးလာရင် အသားနွှင်ထားတဲ့ငါးတွေထည့်ပြီး ဆီသတ်ပါ။ ငါးလည်းဆီသတ်ပြီးပြီဆိုရင် မုန်.ဟင်းခါး စချက်ပါမယ်။

ချက်မည်.အိုးထဲကို ပဲစိမ်းမှုန်. စားပွဲတင်ဇွန်း တဇွန်းခွဲ၊ ဆန်လှော်မှုန်.သုံးဇွန်း ထည့်ပြီးရေနဲနဲထည့် ပြီး ပဲစိမ်းမှုန်ပျော်အောင်ဖျော်ပေးပါ။ ရေအေးနဲ.ဖျော်ပါ။ အခဲလေးတွေပျော်သွားရင်  ငါးဆီသတ် ငါးဇွန်းထည့်ပါ ရေများများထည့် ငံပြာရည် ထပ်ထည့်ပြီး မီးဖိုပေါ်တင်ပြီး စချက်ပါ။ ဟင်းရည်ပွက်လာတဲ့အခါ ကြက်သွန်နီ ကိုလေးစိပ်စိပ်ပြီးထည့်ပါ။ များများကြိုက်ရင် များများထည့်ပါ။ ကြက်ဥကို အလုံးလိုက်ရေဆေးပြီး ဟင်းရည်အိုးထဲ ထည့်ပြုတ်ပါ။  ကျွန်တော်ကတော့ သုံးလုံးလောက်ထည်.ပါတယ်။ မိနစ် ၂၀လောက်ကြာရင် ပြန်ဆယ်ပြီး အခွံသင် ပါးပါးလှီးပြီးအိုးထဲပြန်ထည်.ပါ။ ဟင်းအိုးကို မီးအေးအေးနဲ့ ကြာကြာလေး တည်ပါ။ ဟင်းရည်လည်း အရည်ကအနေတော်ဖြစ်ရင် မြည်းကြည့်ပါ အပေါ့အငံမြည်း လိုရင်ထပ်ထည့်ပြီးရင် မုန်.ဟင်းခါးဟင်းရည်ရပါပြီ။

အာရှဆိုင်က၀ယ်ထားတဲ့ Tomoshiraga somen က မုန့်ဟင်းခါးဖတ်နဲ့ တူပါတယ်။ သူ.ကိုပြုတ်ပြီး ရေအေးထဲထည့်ပြီး ရေစစ်ထားပါ။ နံနံပင်ရျိ၇င် ပါးပါးလှီးထားပါ။

ပန်းကန်ထဲ မုန်.ဖတ်ထည်. နံနံပင်၊ ငရုပ်သီးမှုန်.၊ သံပုရာရည်ထည်.ပြီး ဟင်းရည်ထည်.ပြီး စားလို့ရပါပြီ။ အရသာရှိတဲ့ မြန်မာမုန့်ဟင်းခါးတခွက် ကိုလွယ်လွယ်စားလို့ရပါပြီ။

ငါးဆီသတ်ထားတာတွေကို ဗူးလွတ်တဗူးထဲထည့်ပြီး ရေခဲသေတာထဲမှာ ခဲထားပါ။ နောက်တခါချက်စားတဲ့အခါ အလွယ်တကူချက်စားလို့ရပါတယ်။ ဆန်လှော်မှုန်.ကိုလည်းဗူးထဲထည့်ပြီး သိမ်းထားပါ။ ပဲစိမ်းမှုန်.လည်းသိမ်းထားပါ။ နောက်နေ့တွေစားချင်တဲ့အခါ အားလုံးအသင့်ရှိနေတဲ.အတွက် အပေါ်ကချက်နည်းအတိုင်း လွယ်လွယ်ချက်စားလို့ ရပါပြီ။ ငှက်ပျောအူကတော့ ရဖို.မလွယ်လို့ထည့်မရေးတာပါ။

ငှက်ပျောအူရရင်တော့ အခွံခွာ ပါးပါးလှီးပြီး နနွင်းထည့်ထားတဲ့ရေထဲ ထည်.ပြီးခဏစိမ်ထားပါ။ ဟင်းရည်ပွက်ပွက်ဆူရင် ထည့်လို့ရပါပြီ။ တချို.ငှက်ပျောအူက ခါးတတ်လို့ ပြုတ်ပြီးမှ ပြန်ထည့် တာလည်းတွေ့ဖူးပါတယ်။

မြန်မာမုန်.ဟင်းခါးစစ်စစ် နဲ.ကွဲလွဲတယ် ဆိုရင်လည်း အလွမ်းပြေ စားနိုင်စေဖို့ ရည်ရွယ်တာပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဝေ့ နည်းက မုန့်ဟင်းခါး တောချက်တဲ့။ ကြားတာနဲ့ စားချင်လာလို့။ဟိ။

မုန့်ဟင်းခါးတောချက် Easy cook- weiwei

http://myanmargazette.net/53216

မုန့်ဟင်းခါးကို ကျွန်မတို့ မြန်မာလူမျိုးတွေ နှစ်သက်စွာစားသုံးကြပါတယ်။ တစ်နိုင်ငံလုံးနေ့စဉ်စားသုံးနေကျ အစားအစာတစ်ခုဖြစ်ပါတယ်။ နေရာဒေသအလိုက် ချက်ပြုတ်ပုံချင်း မတူကြပေမယ့် နှစ်သက်စွာစားသုံးတာကတော့ အတူတူပါပဲ။ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ငါးပေါလို့ မုန့်ဟင်းခါးကို ငါးများများနဲ့ချက်ကြပါတယ်။ အညာဘက်မှာတော့ ပဲတွေ မြေပဲတွေကို များများထည့်ပြီး အစိမ့်အရသာပိုထွက်အောင်ချက်ကြပါတယ်။ နေပြည်တော်ဘက်မှာ မုန့်ဟင်းခါးထဲ ကြက်သားကိုတောင် ထည့်ချက်ကြတယ်။ ရန်ကုန်မှာကတော့ နံမည်စုံနဲ့ လက်ရာစုံ ချက်ရောင်းကြပါတယ်။ ရန်ကုန်မှာ အချိန်မရွေးဝယ်စားလို့ရလို့ သိပ်မသာပေမယ့် နိုင်ငံခြားမှာ ကြာကြာနေလိုက်ရင်တော့ မုန့်ဟင်းခါးကို သတိရတောင့်တကြတယ်။ ရယ်ဒီမိတ်တွေကို ချက်စားကြပေမယ့် လတ်ဆတ်တဲ့မုန့်ဟင်းခါးလောက်တော့ စားလို့မကောင်းပါဘူး။

ကျွန်မကတော့ အစားအစာကို ကိုယ်တိုင်ပဲ ရိုးရိုးရှင်းရှင်းချက်ရတာကို ၀ါသနာပါတယ်။ ရှုပ်ရှုပ်ယှက်ယှက် အရသာတွေ အနံ့တွေစုံနေအောင်ထည့်ချက်တာကို မကြိုက်တာနဲ့ စားချင်စိတ်ပေါက်လာရင် ကိုယ့်ဟာကိုယ်ပဲ ချက်စားလေ့ရှိပါတယ်။ ကျွန်မချက်လေ့ရှိတဲ့ အလွယ်နည်းလမ်းကတော့ မုန့်ဟင်းခါးတစ်ပိသာအတွက် ….

ပါဝင်သောပစ္စည်းများ

ငါးခူ ………. ၂၅ ကျပ်သား

ဆန်မှုန့်အကျက်မှုန့် ….. ၇ ကျပ်ခွဲသား

ဂျင်း၊ စပါးလင်၊ ကြက်သွန်ဖြူ …. ပုံတွင်ပြထားသည့်ပမာဏခန့်

ကြက်သွန်နီ၊ ကြက်ဥ ….. ပုံတွင်ပြထားသည့်အတိုင်း

ဗမာငံပြာရည် ….. ၅ ကျပ်သားခန့်

ငရုတ်ကောင်းမှုန့် …. လိုအပ်သလောက်

 

ချက်ပြုတ်ပုံအဆင့်ဆင့်

ငါးခူကို ဆား ဆနွင်းနယ်ပြီးနောက် စပါးလင် အကြမ်း၊ ဂျင်း၊ ဗမာငံပြာရည်တို့ဖြင့် ၁၅ မိနစ်ခန့် ပြုတ်ပါတယ်။

ငါးပြုတ်နေစဉ်အတွင်း တခြားအိုးတစ်လုံးဖြင့် ရေပွက်ပွက်ဆူအောင်တည်ထားပါတယ်။

ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်ကို ထောင်းထားလိုက်ပါတယ်။

ငါးပြုတ်ကျက်တာနဲ့ ငါးအသားနွှင်ပြီးနောက် ဆီသတ်ပါတယ်။ ဆီသတ်သည့်အခါ ဆီလိုသလောက်ထည့်ပြီး ဆီပူတဲ့အခါ ထောင်းထားတဲ့ ဂျင်း၊ စပါးလင်နဲ့ ကြက်သွန်ဖြူကို ထည့်ပြီး စိတ်ရှည်ရှည်နဲ့ ဆီသတ်ပါတယ်။ ဆနွင်းမှုန့်အနဲငယ်ထည့်ပါသေးတယ်။ အဲဒီနောက် ငါးအသားနွှင်ထားတာထည့်ပြီး ငံပြာရည်အနဲငယ်ထပ်ထည့်ပြီး မီးအေးအေးနဲ့ ခပ်ခြောက်ခြောက်ဖြစ်လာသည်အထိ စိတ်ရှည်ရှည်ဆီသတ်လိုက်ပါတယ်။

တစ်ချိန်ထဲမှာပဲ ဆူနေတဲ့ရေနွေးအိုးထဲကို ဆန်မှုန့်အကျက်မှုန့်ထည့်ပြီး ပွက်ပွက်ဆူနေအောင် တည်ထားပါတယ်။ ဆီသတ်ပြီးတဲ့နောက် ဆန်မှုန့်တည်ထားတဲ့အိုးထဲကိုထည့်လိုက်ပါတယ်။ ငါးပြုတ်ထားတဲ့အရည်ကျန်နေတာတွေကိုလဲ လောင်းထည့်လိုက်တယ်။ ခဏကြာတော့ ကြက်သွန်နီနဲ့ ကြက်ဥပြုတ်လှီးထားတာတွေကို ထည့်တယ်။ ငရုတ်ကောင်းမှုန့်ထည့်ပါတယ်။ အပေါ့အငံအတွက် မြည်းပြီးရင် စားလို့ရပါပြီ။

ငှက်ပျောအူ အဆင်ပြေရင် ထည့်လို့ရပါတယ် … ကျွန်မက အလွယ်ပဲချက်စားတာဆိုတော့ စားလို့ဖြစ်ရုံပဲလုပ်လေ့ရှိပါတယ် … ငရုတ်သီးမကြိုက်လို့ ငရုတ်ကောင်းသုံးချက်တဲ့ ကျွန်မချက်တဲ့နည်းလမ်းမျိုးကို ရန်ကုန်မှာတော့ တောချက်မုန့်ဟင်းခါးလို့ ခေါ်ကြပါတယ်။ စုစုပေါင်း အချိန် တစ်နာရီလောက်ကုန်ပြီး မိသားစု ၅ ယောက်စာအတွက် မိုးအေးအေးမှာ စားမြိန်ဖွယ်ရာ ညနေစာလေးတစ်ခု ဖြစ်သွားပါတော့တယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တောင်ငူ မုန့်ဟင်းခါးကတော့ ဆာကူရာ ဘလော့ကနေယူလိုက်ပါတယ်။ အပြင်မှာ တစ်ခါပဲ စားဖူးတယ်။ ကောင်းတာပဲရယ်။

 

တောင်ငူမုန့်​ဟင်းခါးရော စားဖူးလား – ဆာကူရာ

http://sakura-myanmar.blogspot.sg/2008/08/taungoo-mote-hin-khar.html

တောင်ငူမုန့်ဟင်းခါး ချက်ဖို့ ပါဝင်တဲ့ပစ္စည်းတွေကတော့ ဆန်လှော်မှုန့်၊ ပဲသီး၊ နံနံပင်၊ ခရမ်းချဉ်သီး၊ ငါးခူ၊ စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူနီ၊ မုန့်ဟင်းခါးဖတ်၊ ပြီးတော့ မုန့်ဟင်းခါးနဲ့တွဲစားဖို့ အကြော်ပါရင် ပိုစားကောင်းပါတယ်။

ဒီမှာတော့ ပဲကြော်က ၀ယ်မရပါဘူး။ ဒါကြောင့် မုန့်ဟင်းခါးချက်စားဖြစ်ရင် ပဲကြော်နဲ့ မစားရတာ များပါတယ်။

မုန့်ဟင်းခါး ဟင်းရည်ချက်ဖို့အတွက် ပထမဆုံး ငါးခူကို ငံပြာရည် နည်းနည်းထည့်ပြီး ပြုတ်ပါတယ်။ ငါးခူမရလည်း ငါးကျီးပေါ့။

ငါးက လတ်ဆတ်ရင် ဟင်းရည် ပိုချိုပါတယ်။ ငါးပြုတ်ထားတုန်း ကြက်သွန်ဖြူကို ဆီချက် ချက်ထားပါတယ်။

ငါးနူးပြီဆို အသားနွှင်ထားပါတယ်။ တလက်စတည်း ငါးအရိုးတွေကိုပါ ထောင်း၊ ထွက်လာတဲ့အရည်ကို ငါးပြုတ်ရည်ထဲကို အရိုးမပါအောင် ဇကာနဲ့စစ်ပြီး ရောထည့်လိုက်တယ်။

ပြီးမှ အနံ့မွှေးအောင် စပါးလင်အရိုးထောင်းထားတာ ထည့်ပြီး ဆူအောင် တည်ထားလိုက်ပါတယ်။ ငါးဆီသတ်ဖို့အတွက်ကတော့ ဆီဆူရင် ဆနွင်းနည်းနည်းထည့်ပြီးမှ ကြက်သွန်အဖြူ၊ဂျင်း၊ စပါးလင်ထောင်းထားတာနဲ့ ရိုးရိုးမုန့်ဟင်းခါး ချက်သလိုပဲ ဆီသတ်ပါတယ်။ ငရုတ်သီး အရောင်တင်မှုန့် မသုံးပါဘူး။ ဟင်းရည်ဆူပြီဆို ငါးဆီသတ်ထားတာရယ် ကြက်သွန်နီ များများကို ပါးပါးလှီးထည့်ပြီး မီးအေးအေးနဲ့ ဆူအောင် တည်ထားလိုက်တာပေါ့။ ငှက်ပျောအူရှိရင်လည်း ထည့်လို့ရပါတယ်။ ဟင်းရည်ဆူပြီး အပေါ့အငန်လိုသလောက်မြည်းပြီးရင် မုန့်ဟင်းခါး ဟင်းရည်ကျဲ ရပါပြီ။

ဟင်းရည်ပြီးတာနဲ့ ခရမ်းချဉ်သီး၊ ပဲသီး၊ နံနံပင်၊ သံပုရာသီးကို လှီးပြီး ပြင်ထားပါတယ်။

ဆန်လှော်မှုန့်၊ ပဲကြော်၊ ငံပြာရည် စတာတွေကိုလည်း အရံသင့်ပြင် ထားပါတယ်။

အသုပ် ကြိုက်တတ်တဲ့ သူအတွက် မုန့်ဖတ်ရယ်၊ ဆီချက်ချက်ထားတာရယ်၊ ဆန်လှော်မှုန့်ရယ်၊ ငရုတ်သီးအကျက်မှုန့်၊ နံနံပင်၊ ပဲသီး၊ ခရမ်းချဉ်သီး နဲ့ နောက်ဆုံး နယ်လို့ ကောင်းယုံ မုန့်ဟင်းရည် ထည့်ပြီး နယ်ပေးပါတယ်။

အချဉ်ကြိုက်ရင် သံပုရာရည်ညစ်ထည့်ပေါ့။ အပေါ့အငန် စိတ်ကြိုက်ဖြစ်ပြီ ဆိုရင် ပဲကြော်ထည့်ပြီး စားလို့ရပါပြီ။ အသုပ်မကြိုက်တဲ့ သူတွေကတော့ မုန့်ဟင်းခါးဖတ်၊ ဟင်းရည်ကျဲ များများဆမ်းပြီး ဆန်လှော်မှုန့်၊ နံနံပင်၊ ပဲသီး၊ ခရမ်းချဉ်သီးနဲ့ အချဉ်ညစ်ပြီး စားလို့ရပါတယ်။ ဒါကတော့ တောင်ငူမုန့်ဟင်းခါး ချက်နည်းပါ။ အိမ်မှာ ချက်စားဖြစ်ရင်တော့ ကျမက ၂ မျိုးလုံး ကြိုက်တယ်။ သူကတော့ အသုပ်ကို မုန့်ဟင်းရည်သောက်ပြီး စားတာကို ပိုသဘောကျပါတယ်။

တကယ်လို့သာ တောင်ငူကို ရောက်ဖြစ်ခဲ့မယ်ဆိုရင် တောင်ငူမုန့်ဟင်းခါးကို စားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

“တောင်ငူမုန့်ဟင်းခါး ဘယ်လိုချက်? ” လို့ မေးထားတဲ့ ညီမလေး ခိုင်ဇာနဲ့ ပြီးခဲ့တဲ့ “မျှော်သာ မျှော်သည်” ပို့စ်မှာ comment ရေးသွားတဲ့ စာဖတ်သူတို့ ဒီပို့စ်လေး ဖတ်ပြီး ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ခု လက်စွမ်းပြမှာကတော့ မွန်နုထွားကို ဟောင်ကောင်ကျွန်းသို့အပါ ခေါ်ဆောင်နိုင်သော ကိုကိုကျောက်ရဲ့ မော်လမြိုင်မုန့်ဟင်းငါး လက်ရာပါ။

ဟိဟိ။ ကိုယ်ကတော့ ဘာလိုလို ကိုကိုကျောက်ဆီက နှိုက်တယ်။ ဟင်းချက်နည်းပြောတာ။ ဟိ။

 

မော်လမြိုင် မုန့်ဟင်းခါး… – ဦးကျောက်ခဲ

ငါးရွှေ ဒါမှမဟုတ် ငါးခူ (ဘာမှမရှိရင် NTUC က Sea Bass နဲ့ သမ ) ကို အချွဲ စင်အောင် သေချာဆေးပြီး ခေါင်းဖြတ် ၊ ဗိုက်ခွဲ ကလီစာတွေထုတ် ၊ ရေထပ်ဆေးပြီး စစ်ထားပါ ။

ရေစစ်သွားရင် ငါးကို ဆား ၊ နနွင်း ၊ ငါးပိစိမ်းစားအနည်းငယ်တို့နဲ့ နယ်ပြီး နာရီဝက်လောက် နှပ်ထားပါ ။

စပါးလင် ၄- ပင်ကို ရေဆေး ၊ အဖျားပိုင်းကိုဖြတ် ၊ ငရုပ်ကျည်ပွေ့နဲ့ ကြေမထွက်အောင် ခပ်ဖွဖွထုပြီး ထုံးထားပါ ။

မီးဖိုပေါ်မှာ မီးပုံမှန်နဲ့ပဲ ငါးမြုပ်ရုံလောက် ရေကို မှန်းထည့်ပြီး ရေနွေး ဆူအောင် တည်ပါ။

ရေဆူလျင် နှပ်ထားတဲ့ငါး ၊ စပါးလင်၊ ငံပြာရည်အနည်းငယ် ထည့်ပြီး ကျက်အောင်ပြုတ်ပါ ။

ငါးကျက်ပြီဆိုလျင် ပြုတ်ရည်ထဲကနေ ငါးဖတ်ကိုဆယ်ပြီး အအေးခံထားပါ ။

အေးသွားလျင် အသားနွင်ထားပါ ။

ငှက်ပျောအူကို အပြင်ခွံတွေ အမျှင်တွေ သင်ပြီး ခပ်ပါးပါးလှီးပေးပါ ။

ပြီးရင် အိုးတစ်လုံးထဲ ရေထည့်၊ နနွင်းမှုန့်ထည့် ၊ ဆားထည့် ၊ ပြီးရင် လှီးထားတဲ့ ငှက်ပျောအူတွေကို ထည့်ပြီး ၁၀-မိနစ်လောက် စိမ်ထားပါ ။

ပြီးရင် အဲသည့်အိုးကို ပွက်ပွက်ဆူအောင်တည် ၊ ဆူလာရင် အဲသည့် နနွင်းရေတွေကို သွန်ပစ် ၊ နောက်ထပ် ရေအသစ်ထပ်ထည့်ပြီး ငှက်ပျောအူတွေ နူးအိသွားအောင်တည်ပါ ။

ငှက်ပျောအူတွေ နူးအိသွားပြီဆိုရင် အရည်တွေ သွန်ပစ် ၊ ရေအေးအေးနဲ့ ဆေးပြီး ရေစစ်ပေးထားပါ ။

ချင်း စပါးလင်နဲ့ ကြက်သွန်ဖြူနီကို ညက်နေအောင်ထောင်းပြီး ၊ စတီးဇွန်း ၁-ဇွန်းစာလောက်ဖယ်ထား ၊ ကျန်တာကို နနွင်းမှုန့်နဲ့ ဆီသတ်ပါ ။

အနံ့မွှေးလာလျင် အသားနွင်ထားတဲ့ငါး ၃ ပုံ ၂ ပုံခန့်ထည့်ပါ ၊ ၂-မိနစ်လောက် ငါးဆီသတ်ပြီးရင် မီးချလိုက်ပါ ။

မုန့်ဟင်းချက်မည့် အိုးထဲကို ငါးပြုတ်ရည်ထည့်ပြီး လိုသလောက် ရေထပ်ဖြည့် ၊ ဆူအောင်တည်ပါ ။

ရေဆူလာလျင် ဆီမသတ်ဘဲ ဖယ်ထားသော ငါး ၊ စပါးလင် ဂျင်း ကြက်သွန်ဖြူနီထောင်း ၁-ဇွန်းစာ တို့ကိုထည့်ပါ ။

အရည်ပွက်ပွက်ဆူလာလျင် ဆီသတ်ထားတဲ့ ငါးဖတ် ၊ နူးအောင်ပြုတ်ထားတဲ့ ငှက်ပျောအူ ၊ ကြက်သွန်နီဥအသေးတွေကို ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ ။

 ပြီးရင် ဆား၊ ငံပြာရည် ၊ ဟင်းချိုမှုန့် ၊ ငရုတ်ကောင်းမှုန့် သင့်ရုံထည့်ပြီး အရသာပြင်ပါ ။

 ပြီးရင် မုန့်ဖတ်ထည့် ၊ ကြက်သွန်နီ ဆီချက်ထည့် ၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ပဲသီး ၊ ကြက်ဥပြုတ် ၊ ပဲကြော်ထည့်ပြီး ဆွဲနိုင်ပါဘီ…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆက်လက်ပြီး ကိုကိုကျောက်မှ ပဲ ငရုတ်ကောင်းမုန့်ဟင်းခါးကို ဆက်လက်ချက်မှာဖြစ်ပါတယ်။

ဟမ်မလေးနော်။

ဒီလူဂျီး နာ့ နယ်မြေ စလုံးကျွန်းထဲ ရောက်ပြီးမှ အရှင်လတ်လတ် လက်လွတ်လိုက်ရတယ်။ ဟင်းးး

မွင်းငါးချက်ပြမှပဲ နောင်တရတော့တယ်။

ခွီးးးးးး  :oops: 

 

စိန်ဥ ငရုပ်ကောင်း မုန့်ဟင်းခါး…- ဦးကျောက်ခဲ

ငါးရွှေ ၊ ငါးခူ ၊ ငါးကျည်း ၊ ငါးကြင်း (ဘာမှမရှိရင် NTUC က Sea Bass နဲ့ သမ ) ကို အချွဲ စင်အောင် သေချာဆေးပြီး ခေါင်းဖြတ် ၊ ဗိုက်ခွဲ ကလီစာတွေထုတ် ၊ ရေထပ်ဆေးပြီး စစ်ထားပါ ။

ရေစစ်သွားရင် ငါးကို ဆား ၊ နနွင်း ၊ ငံပြာရည်တို့နဲ့ နယ်ပြီး နာရီဝက်လောက် နှပ်ထားပါ ။

စပါးလင် ၃- ပင်ကို ရေဆေး ၊ အဖျားပိုင်းကိုဖြတ် ၊ အရင်းပိုင်းကို ငရုပ်ကျည်ပွေ့နဲ့ ကြေမထွက်အောင် ခပ်ဖွဖွထုပြီး ထုံးထားပါ ။

မီးဖိုပေါ်မှာ မီးပုံမှန်နဲ့ပဲ ငါးမြုပ်ရုံလောက် ရေကို မှန်းထည့်ပြီး ရေနွေး ဆူအောင် တည်ပါ ။

ရေဆူလျင် နှပ်ထားတဲ့ငါး ၊ စပါးလင်၊ ငံပြာရည်အနည်းငယ် ထည့်ပြီး ကျက်အောင်ပြုတ်ပါ ။

ငါးကျက်ပြီဆိုလျင် ပြုတ်ရည်ထဲကနေ ငါးဖတ်ကိုဆယ်ပြီး အအေးခံထားပါ ။

အေးသွားလျင် အသားနွင်ထားပါ ။

ချင်း ၊ စပါးလင်နဲ့ ကြက်သွန်ဖြူနီကို ညက်နေအောင်ထောင်းပြီး နနွင်းမှုန့်နဲ့ ဆီသတ်ပါ ။

အနံ့မွှေးလာလျင် အသားနွင်ထားတဲ့ငါးကိုထည့် ၊ ၂-မိနစ်လောက် ငါးဆီသတ်ပြီးရင် မီးချလိုက်ပါ ။

ငရုပ်ကောင်းစေ့ ၁၅-စေ့လောက်ကို ကြက်သွန်ဖြူ ၆-မွှာလောက်နဲ့ ညက်နေအောင် ရောထောင်းထားပါ ။

မုန့်ဟင်းချက်မည့် အိုးထဲကို ငါးပြုတ်ရည်ထည့်ပြီး လိုသလောက် ရေထပ်ဖြည့် ၊ ဆူအောင်တည်ပါ။

ရေဆူလာလျင် ဆန်လှော်မှုန့် စားပွဲတင် ၂-ဇွန်းစာကို ရေကျက်အေးနဲ့ ဖျော်ပြီးထည့်ပါ ။

အရည်ပွက်ပွက်ဆူလာလျင် ဆီသတ်ထားတဲ့ ငါးဖတ် ၊ ငရုပ်ကောင်း ကြက်သွန်ဖြူထောင်း ၊ ကြက်သွန်နီဥအသေးတွေကို ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ ။

ပြီးရင် ဆား၊ ငံပြာရည် ၊ ဟင်းချိုမှုန့် ၊ သင့်ရုံထည့်ပြီး အရသာပြင်ပါ ။

ပြီးရင် မုန့်ဖတ်ထည့် ၊ ကြက်သွန်နီ ဆီချက်ထည့် ၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ပဲသီး ၊ ကြက်ဥပြုတ် ၊ ပဲကြော်ထည့်ပြီး ပူပူစပ်စပ်လေးဆွဲနိုင်ပါဘီ…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်နည်းကတော့ ငှက်ပျောအူမစားတဲ့ ငံပြာရည် စားသုံးမှု နည်းတဲ့ ကိုယ့် ယောက်ခမွ မွသဲ ရဲ့ နည်းးး

လွယ်ချက်၊ အကြိုက်ဆုံးပဲ။

ဘာလို့ဆို ခါတလေ ငှက်ပျောအူ သွားဝယ်ရမှာ ပျင်းတယ်။

အိမ်အောက်က မလေးအိမ်က ခိုးခုတ်ဖို့လည်း တစ်ခါ အပြင် ၂ ခါ မရလို့။

အဟီးဟီးးး (အာ့ကြောင့် သူငယ်ချင်းတွေက ကိုယ် ချက်ကျွေးမှာ သိပ်ကြောက်တာ မျိုမကျ ကြဝူးးး ခိခိ)   :mrgreenn: 

 

မွသဲ ကိုယ်ပိုင် မုန့်ဟင်းခါး

ငါးကြင်းသုံးဆယ်သား အမကတော့ ငါးဆယ်သားထည့်ဒယ် ငံပြာရည်လျော့ချင်လို့။

အတုံးကိုငံပြာရည် ဂျင်းရည် ကြက်သွန်ဖြူရည်နဲ့နယ် နှပ်ထား။

နှစ်နာရီလောက်မှ အာဗင်ထဲထည့်ရဲလာအောက်ကင်။

ကြက်သွန်နီ နှစ်ဆယ်သား ကြက်သွန်ဖြူကြည့်ထည့်

ဟိဟိ စပါးလင် အနုလေးတွေနစ်ချောင်းသုံးချောင်း ဂျင်း နှစ်ကျပ်ခွဲသားလောက်ကို ညက်နေအောင်တခုစီလုပ်။

 ပြီးရင်ဆီသပ်။ ငါးမပါဘူးနော်။

ကုလာ:ပဲ ငါးဆယ်သားကိုနူးအောင်ပြုတ် ။

နူးရင်.. ဘလန်ဒါနဲ့မွှေ

အစောကကင်ထားဒဲ့ငါးကို အတုံးလေးတွေဖြစ်အောက်နွှင်။

ပြီးရင်အိုးတလုံးထဲအကုန်ပေါင်း ဆူအောင်တည် အရသာမြည်း။

အမက ငှက်ပျောအူမကြိုက်လို့တခါမှထည့်မစားဘူး။    

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဒါကတော့ ရှာဖွေလေ တွေ့ရှိလေ။ ကိုယ့် မွမွနိုရဲ့ ကရင် မွင်းငါးပါဗျာ။

ရွှေကျင်မွင်းငါးကို ရှာရင်းတွေ့တာမို့ ထပ်ဖြည့်လိုက်ပါတယ်။

 

 

လွယ်ကူချက်စား ကရင်မုန့်ဟင်းခါး- Novy

http://myanmargazette.net/153337

 

အိမ်မှာရောက်နေတဲ့ကရင်မလေးက နိုဗွီကို ကရင်မုန့်ဟင်းခါးစားဘူးသလားတဲ့

မစားဘူးရင် သူချက်ကြွေးမယ်တဲ့

ကိုယ်တိုင်လည်း အစားအစာ အထူးအဆန်းလေးတွေကို စိတ်ဝင်စားတော့

ချက်ကြွေးစားမယ်ပေါ့

သူချက်တာလေးတွေကို ဘေးကနေ ဓာတ်ပုံလေးရိုက်ပြီး

မှတ်တမ်းတင်လိုက်ပါတယ်

မုန့်ဖတ်                      – ၅၀ကျပ်သား

ငါး                             – ၂၅ကျပ်သား

စပါးလင်                   – ၂ပင်

ဂျင်း                          – ၂ကျပ်ခွဲသား

ပတဲကောဥ              – ၂ကျပ်ခွဲသား

ငရုပ်ကောင်း           – အနည်းငယ်

ဆီ                            – ၂ကျပ်ခွဲသား

ငရုပ်သီးစိမ်း            – ၂ကျပ်ခွဲသား

မကျီးသီး                 -၅ကျပ်သား

ပူစီနန်                      – ၁၀ကျပ်သား

ပဲပင်ပေါက်              -၂၀ကျပ်သား

ငပိစိမ်းစား              – ၂ကျပ်ခွဲသား

ကြက်သွန်ဖြူ         – ၂ကျပ်ခွဲသား

ငှက်ပျောအူ

ငါးဖယ်ကြော် / ပဲကပ်ကြော် ပါဝင်ပစ္စည်းတွေကတော့ စုံပါပြီး

 

ငါးတွေကို စပါးလင် အရွက်ကြမ်းတွေနဲ့ပြုတ်ပါ  ပြီးသွားရင် အရိုးထွင်ပါ

ဂျင်း နဲ့ စပါးလင်ကိုပါးပါးလှီးပြီး ညှက်အောင်ထောင်းထားပါ

ကြက်သွန်ဖြူကိုလည်းထောင်းထားပါ

ငါပိစိမ်းစားတွေကိုတော့ ရေနွေးနဲ့ ဖျော်ထားပါ

ပတဲကောဥတွေကို ပါးပါးလှီးထားပါ

ငှက်ပျောအူး လှီးပြီးပြုတ်ထားပါ

စချက်ပါမယ်

ထောင်းထားတဲ့ ဂျင်း/စပါလင် /ကြက်သွန်ဖြူ

တွေကို ဆီသတ်ပါ့မယ်မွှေးလာရင် နွှင်ထားတဲ့ငါးထည့်လိုက်ပါ့ ဆီသက်တဲ့ အလုပ်ပြီးပါပြီး

ဟင်းရည်ချက်ဖို့ပြင်မယ်

အိုးထဲကို ရေ ၄လီတာလောက်ထဲ့ပါ

အိုးထဲကိုဖျော်ထားတဲ့ ငပိရေ နဲ့ ပါးပါးလှီးထားတဲ့ ပတဲကောဥတွေကို ပွက်ပွက်ဆူလာအောင်တည်ပါ

အမြုပ်တွေတက်လာရင်ခတ်ထုတ်လိုက်ပါ

ပြီးရင်တော့ ဆီသက်ထားတဲ့ ငါးတွေကို ထည့်လိုက်ပါ

ဟင်းခက်မှုန့်နဲ့ ဆားကို သင့်တော်သလိုထဲ့ပါ

ပြုတ်ထားတဲ့ ငှက်ပျောအုနဲ့ ငရုပ်ကောင်းလေးလည်းထဲ့လိုက်ပါအုံး

ဟင်းအိုဆူအောင်ထားတည်ထားတဲ့ အချိန် ဒီဘက်မှာလဲ

ငရုပ်သီးစိမ်းကို ပြုတ်ပြီးထောင်းတားပါ

ပဲပင်ပေါက်ရေဆေးထားပါ

ပူစီနန် အရွက်တွေသင်ထားပါ

မကျီးသီးကို ရေနွေးလေးနဲ့ဖျော်ထားပါ

ငါးဖယ်ကြော် / ပဲကပ်ကြော်ကိုလဲပြင်ထားပါ

အားလုံးပြီးရင်တော့ ဟင်းအိုးလည်းဆူးပြီးမွှေးနေပြီဆိုတော့ စားလို့ရပါပြီ

ပုဂံထဲ့ကို မုန်ဖက်နဲနဲ  / ပူစီနန် /ပဲပင်ပေါက် /ငရုပ်သီးပြုတ်ထောင်း / ငါးဖယ်ကြော် / ပဲကပ်ကြော်

မကျီးသီးရည် အားလုံးထဲ့ပြီးရင် ဟင်းရည်ပူပူလေးထဲ့ပြီးပူပူစပ်စပ်ချဉ်ချဉ်မွှေးမွှေးလေးစားပေတော့…

~~~~~~~~~~~~~~~~~~

ခိ။
ဒီလောက် ဆို မွင်းငါးလွမ်းခြင်း ပြည့်စုံလောက်ပြီထင်ပါရဲ့။
ဒီနေ့ မိုးတွေ အရမ်းရွာနေတာ။
ပြီးပြည့်စုံတဲ့ မုန့်ဟင်းခါး ၃ ပွဲနဲ့ ကော်ဖီ ၂ ခွက်လောက်ဆို ဒီနေ့က ပိုပြီးပြည့်စုံးသွားမယ်ထင်ရဲ့။

ခုခိ
ခိခု

:sar:

 

 

 

 

 

 

 

 

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120

   Send article as PDF