“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၁၉”

 

(ပြောင်းလဲသော သီချင်းရေစီး………………….)

 

 

ခေတ်ရဲ့ရေစီးကြောင်းဆိုတာအမြဲပြောင်းလဲနေပါတယ်။

ဒါပေမယ့်လဲ တစ်ချိန်ချိန်မှာတော့ အဟောင်းတွေက အသစ်ပြန်ဖြစ်တတ်တာက

မဆန်းဘူးလို့ဆိုနိုင်ပါတယ်။

မြန်မာ့ဂီတလောက အစမှာတော့ သီချင်းကြီးတွေက ပထမပေါ့။

မြ၀တီမင်းကြီးဦးစတို့လက်ထက်ကတည်းက “ကော်ပီ”ပေါ်ခဲ့တယ်

ဆိုနိုင်ပါတယ်။

ခရစ်ယာန်ဓမ္မသီချင်းအလိုက်ကို ယူပြီး သီချင်းဖွဲ့ဆိုခဲ့လို့ပါ။

ရှေးကသီချင်းကြီးအများစုကတော့ ဘုန်းတော်ဘွဲ့သီချင်းတွေနဲ့

မောင်ဘွဲ့ မယ်ဘွဲ့ တောဘွဲ့တောင်ဘွဲ့တွေပေါ့။

ရတနာပုံခေတ်ရောက်တော့

အထူးခေတ်စားတဲ့သီချင်းတွေက တော့ သီချင်းထဲမှာဇာတ်လမ်းလေးတွေ ပါတဲ့ပတ်ပျိုးနဲ့ဘောလယ်တွေပေါ့။

သီချင်းကြီးဆိုလိုက်တာနဲ့ အရင်ဆုံးပြေးမြင်မိတာကတော့

လှိုင်ထိပ်ခေါင်တင်ရဲ့ “စိန်ခြူးကြာညောင်” ပါဘဲ။

ဒီဘက်ခေတ်ပိုင်းထိ ခေတ်စားခဲ့ လူ သိများခဲ့ သီချင်းကြီးကတော့

မလှရွှေ ရဲ့  မိုးဒေ၀ါ နဲ့ စန္ဒကိန္နရီပါတ်ပျိုးပါဘဲ။

 

ဒုတိယကမ္ဘာစစ်အပြီးမှာတော့ မြန်မာတွေလဲ ခေတ်မှီလို့လာပါတယ်။

ကြေးကြိုး သားရေ လေ လက်ခုပ် ဖြစ်တဲ့

မောင်းတွေ ယကွင်းတွေ စောင်းတွေ ဗုံတွေဝါးလက်ခုပ်တွေ ကနေ ပြီးတော့

အနောက်တိုင်းတူရိယာ ဖြစ်တဲ့ စန္ဒယားတွေ ဂီတာတွေ တယောတွေ

ဒရမ် တွေ ၀င်လာပါတော့ တယ်။

အဲတော့ တီးလုံးအသွားတွေကလဲ   ရှေးကလို လေးတွဲ့  တွဲ့ မဟုတ်တော့ဘဲ

မြန်ဆန်သွက်လက်လို့ လာပါတယ်။

ခင်မောင်ရင် ပြည်လှဖေ ဦးတင်မောင်  ဦးဘညွန့် ဥသြဘသောင် ဂီတာစိမ်းမောင်

မအေးမိ စိန်ပါတီ မမြရင် မကြည်အောင် ခင်ခင်ညွန့်  တို့လို သီချင်းခပ်အေးအေး

ခပ်လေးလေးတွေကိုသီဆိုသူရှိသလို

ဘိလပ်ပြန်သန်း(ခ)ဒိုရာသန်းအေးတို့ မေရှင်တို့ လိုခပ်သွက်သွက်သံစဉ်နဲ့

သီချင်းဆိုသူတွေလဲပေါ်လာပါတယ်။

ဘိလပ်ပြန်သန်းရဲ့ သီချင်းတွေက ကော်ပီသံစဉ်လို့ ထင်ရ တဲ့ သီချင်းတွေ

ပါ ၀င်ပါတယ်။

 

၁၉၆၀ပါတ်ဝန်းကျင်မှာတော့ ရေဒီယိုသီချင်းတွေခေတ်စားလာပါတယ်။

အဲဒီအချိန်က တက္ကသိုလ်ပညာတတ်တွေ က ဂီတနယ်ကိုခြေချလာသူတွေ

ရှိလာတော့ တက္ကသိုလ်နံ့သင်းနေတဲ့ ရေဒီယိုသီချင်းတွေခေတ်စားခဲ့ပါတယ်။

ဦးအံ့ကြီး ကိုမြကြီး ကိုမင်းနောင် မောင်မောင်ကြီး  ကိုသန်းလှိုင် ကိုတင်လှိုင်

စန္ဒယားချစ်ဆွေတို့သီချင်းတွေခေတ်စားသလို

တွံတေးသိန်းတန် မာမာအေး ဟင်္သာတထွန်းရင် တင်တင်မြ တို့လို့

မြန်မာသံအဆိုရှင်တွေအများကြိးပေါ်ထွန်းခဲ့ပါတယ်။

အဲဒီကာလမှာဘဲ ရုပ်ရှင်မင်းသားအဆိုတော်ဝင်းဦးရဲ့

အနောက်တိုင်းကော်ပီတေးတွေကိုလဲ လူတွေလက်ခံစပြုလာပါတယ်။

၁၉၇၀ ကာလများမှာတော့ မြန်မာဂီတသမိုင်းမှာ ထူးခြားစွာ

လမ်းသူရဲ့သီချင်းဆိုတာပေါ်လာပါတယ်။

ဒရမ်နဲ့ ဂစ်တာ သုံးလက် (ဘေ့စ် ရစ်သမ် နဲ့ လိဒ်)ကို တွဲ ဖက်ပြီးတီးခတ်ခဲ့ကြတာပါ။

နောက်ပိုင်းမှာတော့အော်ဂင် တို့ ဆင်သီဆိုက်ဇာ တို့ တိုးလာသပေါ့။

နိုင်ငံခြားသီချင်းများကို ကော်ပီဆိုခဲ့ကြတာပါ။

အဲဒီကာလရဲ့ဖောက်ထွက်သူများကတော့ မင်းမင်းလတ် လို့ ဆိုနိုင်ပါတယ်။

နောက်တက္ကသိုလ်ထွန်းနောင် နဲ့ ပလေးဘွိုင်အုပ်စုဖြစ်တဲ့

စိန်လွင် သန်းနိုင် တင်အောင်မိုး အေးမောင် ဖရင်ကီမိုးမြင့်

ပုလဲ ခင်နုရီ တို့ဖြစ်ပါတယ်။

နောက်ပိုင်းမှတော့ စိုးပိုင် ဘိုဘိုဟန် စိန်သစ် ဗစ်တာခင်ညို

မြန်မာပြည်သိန်းတန် ကျော်သူရ စိန်ဝင်းထွန်း မဂျစ် တို့ဖြစ်ကြပါတယ်။

မင်းမင်းလတ်ရဲ့ သီချင်းများက လူငယ်များကြားမှာရေပန်းစားပေမယ့်

လူကြီးများကတော့ ၀ုန်းဒိုင်းကြဲ တဲ့သီချင်းတွေကိုလက်မခံခဲ့။

သရုပ်ပျက်သီချင်း လမ်းသူရဲသီချင်း ဆိုပြီး ၀ိုင်းပယ်ခဲ့ ရူတ်ချခဲ့ကြပါတယ်။

 

စတီရီယို ခေတ်ဦး အစ သီချင်းကို သူတို့စခဲ့တယ်လို့

အကော်ဒီယံအုန်းကျော်က ဆို ပါတယ်။

သူ စတင်ခဲ့တယ်ဆိုတဲ့ အထဲ က ထူး ခြားတယ်လို ဆိုနိုင်တာကတော့

မာမာအေးရဲ့ ဘူးသီးခရမ်းသီးသီချင်းဖြစ်ပါတယ်။

သူဆိုလိုတာက စတီရီယို အသံထွက်စနစ်ကို စတင်တယ်လို့ ပြောတာဖြစ်ပါတယ်။

သီချင်းပုံစံကတော့ သိပ်ကွဲလွဲစွာပြောင်းလဲခြင်းမရှိလို့ဆိုနိုင်ပါတယ်။။

 

တကယ်ပြောင်းလဲခဲ့တဲ့သီချင်းများကတော့ မင်းမင်းလတ်တို့ တက္ကသိုလ်ထွန်းနောင်

တို့ရဲ့သီချင်းတွေဘဲဖြစ်ပါတယ်။

ဟိုအရင်က ည ကိုးနာရီကျော်ရင် မြန်မာ့အသံက အင်္ဂလိပ်ပိုင်းအစီအစဉ်က သီချင်းတွေလာပါတယ်။

ခေတ်မှီသူများနဲ့ ပညာတတ်အသိုင်းအ၀ိုင်းတွေက ဒီအစီအစဉ်ကို စောင့်ပြီးနားထောင်ကြပါတယ်။

ဒီအစီအစဉ် မှာ မြန်မာပြည်က လူငယ်တွေက အင်္ဂလိပ်လိုဝင်ပြီး ဆိုကြပါတယ်။

နောက်ပိုင်းတော့ သူတို့ တစ်တွေက ဘဲ အင်္ဂလိပ်သီချင်းကို တိုက်ရိုက်ဘာသာပြန်ပြီးတော့ရော

သီချင်းအလိုက်ကို ယူပြီး မြန်မာစာသားထည့်ပြီး ဆိုကြရင်းနဲ့ စတီရီယို သီချင်းဆိုတာဖြစ်လာပါတယ်။

တက္ကသိုလ်ထွန်းနောင်ရဲ့ လှည်းဘီးမျက်မှန်၊ ထမီစိမ်းစိမ်းလေး ၊ရီးစားစာတွေပြန်ပေးပါ

မင်းမင်းလတ်ရဲ့ ဆေးဆိုးပန်းရိုက်မျက်နှာ အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း

မယ်သီတာခိုးတာဘယ်သူလဲ  ယုဇနပင်နဲ့ဖဲကြိုးဝါ သီချင်းတွေက စတီရီယိုခေတ်ဦး

မှာလူကြိုက်များခဲ့ တဲ့ အဖွင့် သီချင်းတွေလို့ ဆိုနိုင်ပါတယ်။

စတီရီယိုသီချင်းကိုအများလက်ခံလာအောင် စတင်ခဲ့သူတွေကတော့

လားရှိုးသိန်းအောင်နဲ့ နွဲ့ယဉ်ဝင်း ဖြစ်ပါတယ်။

သူ တို့ နှစ်ယောက်သီဆိုထားတဲ့ အရှိကိုအရှိအတိုင်းဆီးရီ်းစ်

ထဲက  အမေတစ်ခု သားတစ်ခုတခု၊ အပြိုင်အဆိုင်ဖူးစာ၊စက်ခေါင်းအမှတ်009

ငှက်ငယ်အလားကိုယ့် အမှားသီချင်းအေးအေးလေးတွေက လူကြီးတွေနား

ယဉ်အောင် လက်ခံအောင်ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။

သူ့နောက်မှာတော့ စိုးပိုင်ရဲ့ ကုလားသီချင်းအလိုက်များက ဂီတလောက ကို

ဖမ်းစားနိုင်ခဲ့ပါတယ်။

 

အဲဒီကာလ က စပြီး မိုနို လိုင်းနဲ့ စတီရီယိုလိုင်းဆိုပြီးကွဲပြားလာပါတယ်။

မိုနိုလိုင်းမှာတောင်မှ တောသီချင်းနဲ့ရေဒီယို ကာလပေါ်သီချင်းဆိုပြီးကွဲပြားပါတယ်၊

တွံတေးသိန်းတန် ဟင်္သတထွန်းရင် မောင်မောင်ညွန့် အောင်တင်ဝင်း အညာသားအေးလွင်

မာမာအေး တင်တင်မြရီရီသန့်တို့လို ဓါတ်ပြားသီချင်းရှင်တွေက တစ်လိုင်း

 

မန္တလေးမြို့မသီချင်းတွေနဲ့ခေတ်ပေါ်သီချင်းတွေ သီဆိုလေ့ ရှိတဲ့ ၀င်းဦး တို့

သန်းမြတ်စိုး တို့ ကတစ်လိုင်း၊

 

ကိုမြကြီး ကိုမင်းနောင် မောင်မောင်ကြီး စန္ဒယားချစ်ဆွေ စန္ဒယားလှထွဋ်

ကိုတင်လှိုင် ကိုသန်းလှိုင် သန်းဖေလေး စန္ဒယားထွန်းညွန့် တို့လို

အဆွေးသီချင်းတွေသီဆိုတဲ့ ရေဒီယိုသီချင်းကလတစ်လိုင်း ၊

 

အကော်ဒီယံအုန်းကျော် မောင်သိန်းဝင်း မျိုးမြင့်လေး၊

တက္ကသိုလ်လဲ့လဲ့ ၊အေးအေးအောင် တင်ဦးလေး ခင်ယုဆွေ

ခင်ယုမေ တို့  ခပ်သွက်သွက် သီချင်းလေးတွေကိုဆိုတတ်တဲ့

ကာလပေါါ်ရေဒီယိုသီချင်းတွေ က တစ်လိုင်း ကွဲပြားသလို

 

စတီရီယိုသီချင်းလိုင်းမှာလဲ ကုလားသီချင်း တရုပ်သီချင်း ကိုဘာသာပြန်ပြီး

ဆိုတဲု့လိုင်းနဲ့ အင်္ဂလိပ်သီချင်းကို ဘာသာပြန်ပြီးဆိုတဲ့လိုင်းက

တစ်လိုင်းဆိုပြီး ကွဲပြားလာပါတယ်။

အဲနောက်မှာတော့ စတီရီယိုသီချင်းထဲမှာ

ခင်မောင်တိုး စိုင်းထီးဆိုင် သွအောင် ဂျွန်သင်ဇမ်း ခင်ဝမ်း တို့လို

ကိုယ်ပိုင်သံစဉ်သမားတွေပေါ်ပေါက်လာခဲ့ပါတယ.်။

၁၉၇၀ နှစ်နောက်ပိုင်းကာလ တွေက မြန်မာသီချင်းလောကရဲ့

အပြောင်းအလဲတိုးတက်မူ့ အမြန်ဆုံးနဲ့အများဆုံးကာလ လို့ ဆိုနိုင်ပါတယ်။

၁၉၈၀ခုနှစ်ကာလများကတော့ သန်းနိုင်စိန်လွင် ဘိုဘိုဟန် စိုးပိုင်

ဗစ်တာခင်ညို သိန်းတန် ကံ့ကော်တော်မျိုးအောင် အောင်ကိုလတ်

စိုင်းထီးဆိုင် စိုင်းဆိုင်မောဝ်လွှမ်းမိုး နွဲ့ယဉ်ဝင်း ပုလဲ နော်လီဇာ

တင်မိုးခိုင် ချိုပြုံး တို့ရဲ့သီချင်းများ က တေးသံသွင်းလောကကို

လွှမ်းမိုးနိုင်ခဲ့ကြပါတယ်။

အဲဒီအချိန်များမှာမြန်မာသံစဉ်တွေက တိမ်မြုတ်ခဲ့ပေမယ့်လုံးဝပျောက်

ကွယ်သွားခြင်းတော့မရှ။ိ

လူငယ်အတော်များများရဲ့ စိတ်ထဲမှာ မြန်မာသံစဉ်နားထောင်ရင်

တောကျတယ်လို့ ယုံကြည်ယူဆနေခဲ့ကြပါတယ်။

သူတို့တွေဘယ်လိုဘဲယုံကြည်ယုံကြည် တွံတေးသိန်းတန်တို့

ထွန်းရင်တို့ မာမာအေးတို့ရဲ့ဓါတ်ပြားသီချင်းတွေကို တရိုက်မက်မက်

နှစ်သက်သူတွေကလဲ  အင်တိုက်အားတိုက်ရှိနေတုန်းပါဘဲ။

 

မြန်မာနိုင်ငံရဲ့ အသံနဲ့ပါတ်သက်တဲ့ အဖြစ်အပျက်တွေထဲမှာ

ဇာတ်ထုတ်တွေ ဇာတ်လမ်းတွေ ကလဲ ဖယ်ထားချန်ထားလို့ မရနိုင်သလို

တရားခွေလောက မှာ လဲ ကြာနီကန်ဆရာတော်ရဲ့ တရားခွေများက

ခေတ်ရဲ့အပြောင်းအလဲထဲမှာ အရှိန်ပြင်းပြင်းနဲ့ စီးမျောလို့ နေပါတယ်။

တရားခွေ နဲ့ တေးသံသွင်းဆိုင်ဆိုတာ ကင်းကွာလို့မရပါဘူး။

မိုးကုတ်ဆရာတော်ဘုရားရဲ့ ၀ိပဿနာတရားတော်များကို ကူးသူများပြားပါတယ်။

မင်းကွန်းဆရာတော့ ဦးဝိစိတ္တသာရာဘိဝံသရဲ့ ပရိတ်ကြီး ၁၁သုတ်နဲ့

ကြာနီကန်ဆရာတော် ဦးဇဋိလရဲ့ ဓါရဏပရိတ်တို့က ကူးယူသူအများဆုံးဖြစ်ပါတယ်။

အဆိုတွေ ရီစရာ အပြောတွေနဲ့ ဇာတ်ထုတ်ခင်းသလို တရားဟောတတ်တဲ့

ကြာနီကန်ဆရာတော်ရဲ့ တရားခွေများကတော့ပြည်သူအများကြားမှာပျံ့နှံ့ခဲ့တာ

အမှန်ပါဘဲ။

 

မြန်မာပြည်က လူအများစုက ရှေးဇာတ်ထုတ်များကိုနားထောင်ရတာနှစ်သက်ကြပါတယ်။

ဇာတ်ပွဲ ကို သွားမကြည့် နိုင်ပေမယ့် တိတ်ခွေထဲကတဆင့် ကြားနေရတဲ့မင်းသားတွေ

ရဲ့ အဆိုအငိုအပြောတွေကို နားထောင်ရင်း အပန်းဖြေတတ်ကြပါတယ်။

ဇာတ်ထုတ်တွေထဲမှာဆိုရင် ရွှေမန်းတင်မောင်ရဲ့ ဗုဒ္ဒ၀င်(ဖွားတော်မူ၊တောထွက်)

ဇာတ်လမ်းများ၊မောင်မှူး၊တံခါးမှူးဒတ္ထ

ရဲစိန်ညီဝင်းစိန်တို့ရဲ့ပါတော်မူခန်း

အောင်မောင်းရဲ့ မဟာပဒုမ(ပဒုမပေါင်တို)ဇာတ်လမ်းတွေအပြင်

ရွှေကျီးညို ပဲခူး မြ၊ ရွှေမန်းကျော်အောင်

ပန်တျာကြည်လင်ဇာတ်ထုတ်တွေကိုလည်း အကူးများကြပါတယ်။

ဆိုင်းတီးလုံးများကို နှစ်သက်သူတွေရှိတဲ့အတွက် လာကူးသူတွေရှိပါတယ်။

ဆိုင်းဆရာထဲမှာတော့ စိန်ဗိုလ်တင့် ဆိုင်းတွေက လူကြိုက်များလှပါတယ်။

 

တစ်ခါက နိုင်ငံခြားက စုံတွဲ တစ်တွဲ ဆိုင်းတီးလုံးလာရှာပါတယ်။

တစ်ခွေပြီးတစ်ခွေဖွင့်ပြတယ် မကြိုက်။

ဟင်္သာတေးသံသွင်းကထုတ်တဲ့ နတ်ချင်းတွေလဲ

ဖွင့်ပြရော လုံးဝကြိုက်တယ်ဖြစ်သွားပါတယ်။

နားထောင်ရင်း စိတ်ကို အလိုလို မြူးကြွလာစေတယ်လို့ပြောပြီးတော့

နတ်ချင်းခွေ ရှိသလောက်ကိုဝယ်သွားပါတယ်။

မေးကြည့်တော့ ရုပ်ရှင်ဒါရိုက်တာ ပြင်သစ်ကလို့ ဆိုပါတယ်။

ဒါမှ မြန်မာတီးလုံးစစ်စစ်လို့ ပြောသွားပါတယ်။

ဟင်္သာတေးသံသွင်းက ထုတ်လုပ်တဲ့ ရှေးသီချင်းကြီး

တွေကို ပြန်လည်ဖော်ထုတ်တာကြောင့် သီချင်းကြီးတွေ

ကို ပြန်လည် ကူးယူခွင့် ရခဲ့တာလဲဖြစ်ပါတယ်။

 

နောက်ပိုင်းပြောင်းလဲလာတာကတော့ ခေတ်ဇာတ်လမ်းတွေပါဘဲ။

မြန်မာကက်ဆက်လောကရဲ့ဇာတ်လမ်းအေကြောင်းတွေပြောမယ်ဆိုရင်

ကောလိပ်ဂျင်နေ၀င်းနဲ့မောင်ကြေးမုံတို့က ထိပ်ဆုံးကထားရမယ့်သူတွေပါဘဲ။

ကောလိပ်ဂျင်နေ၀င်းရဲ့ ထူးခြားတဲ့အသံကြောင့် ကက်ဆက်ဇာတ်လမ်းမင်းသားကြီး

အဖြစ်ရပ်တည်နိုင်ခဲ့ပြီး မရေ မတွက်နိုင်သောဇာတ်လမ်းတွေကိုအသံသွင်းခဲ့ပါတယ

သူနဲ့အတွဲအများဆုံးအသံဇာတ်လမ်းမင်းသမီးကတော့  ဓနုဖြူကြည်ကြည်သိန်းဖြစ်ပါတယ်။

မောင်ကြေးမုံကတော့ သူများကိုလည်း ဇာတ်လမ်းရေးပေးသလို ကိုယ်တိုင်လဲ

သရုပ်ဆောင်သူဖြစ်ခဲ့ပါတယ်။

မောင်ကြေးမုံကလည်း ကက်ဆက်ဇာတ်လမ်းလောကမှာဘုရင်တစ်ဆူလိုလွှမ်းမိုးခဲ့ပါတယ်။

ဇာတ်လမ်းအများကြီး ကိုရေးခဲ့ မင်းသားလုပ်ခဲ့သူလဲဖြစ်ပါတယ်။

ခပ်မိုက်မိုက် ဘုဂလန့် စကားပြောတွေနဲ့ အောင်မြင်သူကတော့

ဘီအီးဒီအောင်သိုက်ဖြစ်ပါတယ်.။

အဆွေးဇာတ်လမ်းများထဲမှာ သနားစရာကောင်းတဲ့သီချင်းတွေနဲ့အောင်မြင်သူက

ဟင်္သာတထွန်းရင်ဖြစ်ပါတယ်။

လှကျော်နေ ပန်းချီလေးဝင်း နိုင်လင်း မန်းတက္ကသိုလ်စိုးဟိန်းအစရှိတဲ့ သူတို့ရဲ့အသံသွင်းဇာတ်လမ်းတွေကလဲ အများကြီးရှိခဲ့ပါတယ်။

တေးသံသွင်းလောက မှာ အသံသွင်းဇာတ်လမ်း ခေတ်တစ်ခေတ်အောင်မြင်ကြီးထွားခဲ့

တာတော့အမှန်ပါဘဲ။

ဆိုရှယ်လစ်ခေတ်ဆိုတော့ လဲ ကန့်သတ်ချုပ်ချယ်မူ့တွေအမြဲရှိပါတယ်။

အစိုးရမူဝါဒနဲ့ညိစွန်းတယ်လို့ထင်ရတဲ့ တရားခွေ တွေ ဆိုရင် မကူးရဘူးလို့ အမိန့်ထုတ်ထားပါတယ်။

မကြာခဏလဲ ၀င်စစ်ဆေးတာကို ခံရတတ်ပါတယ်။

ဥပမာသံဂွင်းစွတ်တရားခွေလိုမျိုးပေါ့။

တစ်ခုတော့ရှိပါတယ် သူတို့ လာစစ်ပြီးရင် မကူးစေချင်တဲ့တရားခွေကို

သိမ်းဆည်းသွားပေမယ့် လူကိုဖမ်းတာပြုတာတော့မရှိခဲ့ပါဘူး၊

အထူးခြားဆုံးလို့ပြောရမယ့် ဇာတ်လမ်းတစ်ခုတော့ရှိခဲ့ပါတယ်။

အဲဒီအချိန်ကာလ က လူကြီးတွေကို သရော်လှောင်ပြောင်ထားတဲ့

ခေတ်ကို ထိမိစွာသရော်ထားတဲ့ “ပေါက်စီနဲ့ပေါင်မုန့်”ဆိုတဲ့ဇာတ်လမ်း

ပါဘဲ။

အဲဒီဇာတ်ထုတ်ရဲ့မင်းသားကတော့ “ကလပ်ကြေးမုံ”ဖြစ်ပြီး

မောင်ကြေးမုံနဲ့အမြဲ မှားကြပါတယ်။

 

 

၁၉၈၀ခုနှစ်အလွန်မှာတော့ မြန်မာ့ဂီတလောကမှာ မြန်မာသံစဉ်ကို

တစ်ခေတ်ဆန်းစေသူ တစ်ဦးထွက်ပေါ်လာပါတယ်။

“ရဝေ ရဝေ ……………….” အစချီတဲ့ နှစ်ပါးသွားလေး ကချင်ပြီတို့

“မင်းသားလေးလိုလွမ်းပြမယ်” ဆိုတဲ့ မြန်မာသံစဉ် သီချင်း စစ် စစ်တွေနဲ့

ထိုးဖောက်လာခဲ့ ဧရာဝတီကမ်းနံဘေးကအလွမ်းသမားလေး မင်းအောင်ပါဘဲ။

မင်းအောင် မြန်မာသံစဉ်တွေနဲ့ အောင်မြင်လာတဲ့အချိန်မှာ

ဒင်္ဂါးတို့ ဇော်ကြီး တို့ ဆို တဲ့ မြန်မာသံ စဉ် အဆိုရှင်တွေထွက်ပေါါ်လာခဲ့ပါတယ်။

စတီရီယိုသီချင်းတွေနဲ့အောင်မြင်နေတဲ့ မေဆွိရယ် တကျော့ပြန်ဇော်ဝမ်းရယ်တွဲဖက်

ပြီး မောင်ကြေးမူံ ရေး သား စီစဉ်တဲ့ “ မိစိမ်းကားရဲ့မာယာတော” ဆီးရီးစ်က

ပေါက်ထွက်သွားပြန်ပါတယ်။

အဲဒီအထဲက မိစိမ်းကားရဲ့မာယာတော့ နဲ့ ဒဿလိုမိန်းမ သီချင်းတွေက

ဟစ်ဖြစ်သွားတဲ့သီချင်းတွေပါဘဲ။

အဲဒီအချိန်ကစပြီးမေဆွိကလဲ မောင်ကြေးမူံစီစဉ်တဲ့မြန်မာသံစဉ်ပြန်ဆိုတေး

တွေ နဲ့ ထပ်ဆင့်အောင်မြင်လာပါတယ်။

မြန်မာသံစဉ်အောင်မြင်တာနဲ့အမျှ ငါးပွက်ရာ ငါး စာ ချ တတ် တဲ့ စီးပွားရေးသမားတွေ

ကြောင့် ရော ခေတ်ရေစီးအရပါ မြန်မာသံစဉ် အဆိုရှင်တွေ ထွက်ပေါါ်လို့လာပါတယ်။

မင်းယျာ သု ခ   အနိုင် အောင်သူ နိုင်ဦး ဖြူသီ မိုင်  စိုင်းခမ်းခုံး ရာဇာဝင်းတင့် တို့ကတော့ အောင်မြင်တဲ့ မြန်မာသံစဉ်သမားတွေပါဘဲ။

မြန်မာသံစဉ် စစ်စစ်နဲ့ နာမယ် ကြီး ခဲ့ သူကတော့ အဆိုတော် စာရေး ဆရာ

ရုပ်ရှင်မင်းသား သုမောင် က တော့ ထူးထူး ခြားခြား လို့ ဆိုချင်ပါတယ်။

 

အရင်က စတီယိုသီချင်းသီးသန့်ကို ဆို ခဲ့ ကြ တဲ့ သန်းနိုင်စိန်လွင် ပုလဲ ဘိုဘိုဟန်

တို့တောင်မှ မြန်မာသံစဉ်သီချင်းတွေကိုဆိုခဲ့ ကြရပြန်ပါတယ်။

အဲဒီအထဲကမှ ထူးထူး ခြားခြား မြန်မာပြည်သိန်းတန်က

စုံတောမြိုင်လို့ သီချင်းကြီးတွေကို ဂစ်တာနဲ့တီးပြီိး အောင်မြင်သွားခဲ့ပါတယ်။

မြန်မာသံစဉ် နဲ့ တစ်ခေတ်ဆန်းကြတဲ့သူတွေထဲမှာ မေဆွိ ရဲ့ ပုစွန်ဆိတ်ကလေး(နော်ကိုကိုနော်)

မြန်မာပြည်သိန်းတန် (ရွှေသုန္ဒရီ) လွှမ်းမိုး ရဲ့ပွဲကြိုက်ခင် မင်းအောင်ရဲ့ ပန်းတံတား

မေရွက်ဝါရဲ့ ပွဲကြိုက်မောင် နီနီဝင်းရွှေရဲ့ ပန်းရည်ဘဏ်တိုက် သုမောင်ရဲ့ ဘဲရီးဆောရီးတောကြီးမြိုင်လယ်

ခင်ညွန့်ရည်ရဲ့ပန်းဆယ်ပွင့်နှလုံးသား ဆီးရီးစ်တွေက

အတော်လေးကိုအောင်မြင်မူ့ ကြီးမားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ရှမ်းတိုင်းရင်းသားတွေထဲမှာတော့ ရိုး ရာ သံစဉ်တွေ ကို ဘဲ

သီဆိုတာ များတဲ့ စိုင်းဆိုင်မောဝ် စိုင်းနေ၀န်း ခွန်သန်းထွန်း တို့ကလဲ

အောင်မြင်ပါသေးတယ်။

ဇာတ်သီချင်းတွေနဲ့ အောင်မြင်သူကတော့ မန်းေးလသိန်းဇော်ပါဘဲ။

မြန်မာသံစဉ်အောင်မြင်သလိုဘဲ ကိုယ်ပိုင်သံစဉ်သီချင်းများကခေတ်စားခဲ့ပြန်ပါတယ်။

ခင်ဝမ်း စိုင်းထီးဆိုင် ခင်မောင်တိုး ခိုင်ထူး အောင်နိုင် ဖိုးချို  ဂျေမောင်မောင် ဂျေညီညီ

သားထွေး သျိုင်းအောင် မွန်းအောင်  ကိုင်ဇာ အက်စ်ကဲနက် ထူးအိမ်သင် ဒိုးလုံး နေမျိုးဆေး

ကိုမိုး   အစရှိတဲ့ သူတွေက ကိုယ်ပိုင်သံစဉ်သီချင်းတွေအောင်မြင်သလို

တူးတူး စိုး သူ ခင်မောင်ထူး  ကျော် ဟိန်း ဇော်ဝင်းရှိန်  နော်လီဇာ အယ်လ်ခွန်းရီ မေခလာ မေရွက်ဝါ

ဟေမာနေ၀င်း ကော်နီ မီမီဝင်းဖေ တို့ကအောင်မြင်ခဲ့ တဲ့ ကော်ပီသီချင်းသမားတွေဖြစ်ကြပါတယ်။

တကျော့ပြန်အောင်မြင်သူတွေကတော့  စိုင်းထီးဆိုင် စိုးပိုင်နဲ့ဗစ်တာခင်ညိုတို့ဘဲဖြစ်ပါတယ်။

စတီရီယိုခေတ်ထဲမှာ မြန်မာသံစဉ်တွေ နဲ့ တစ်ကျော့ပြန်အောင်မြင်သူများလဲရှိခဲ့ပါတယ်။

မာမာအေး ဟင်္သတထွန်းရင် နဲ့ တွံတေးသိန်းတန် တို့ သုံးဦးပါဘဲ။

စတီရီယိုသီချင်းကို ကြည့် ရင် ချာ ချာ ချာ တွေ ရောခ်အင်ရိုးတွေ ကန်းထရီးတွေကနေ

ဖောစ်ထရော့ တို့ ဒစ္စကို တို့ ခေတ်ကို ရောက်လာပါတယ်။

အဲဒီကနေ တစ်ခါ ရောခ် တွေ ဟဲဗီးရောခ် ခေတ်ကို ရောက်လာပါတယ်။

မြန်မာပြည်မှာရောခ်ဂီတ ကို စတင် အသက်သွင်းပေးသူက

ဇော်ဝင်းထွဋ် လို့ပြောရင်မမှားနိုင်ပါဘူး။

“မာကျူရီ ည” ဆိုတဲ့ ခွေလေး ထဲက “ဆံပင်တိုတို အချစ်တိုတို “သီချင်းလေးက

ရောခ်ဂီ တကို မြန်မာလူ ငယ်တွေ နဲ့ မိတ်ဆက်ပေးခဲ့တာပါ။

ဒီရောခ်ဂီ တ ရေစီးကြောင်းထဲမှာ ပြေး ၀င်လာ သူတွေကတော့

ချစ်ကောင်း ရဲသွင် ဟယ်ရီလင်း မင်းခေါင် ပရင်စ်ဘသော် ဂျက်မြသောင်း

တို့ဖြစ်ကြပါတယ်။

၁၉၈၀ ကနေ ၁၉၈၀ကနေ၁၉၉၀ ဆယ်စုနှစ်

အတွင်းက ဂီတရေစီးကြောင်းကြီးထဲမှာ ကူးခတ်ခဲ့ကြတဲ့သူတွေအများကြီးပါဘဲ။

 

ခေတ်ရေစီးဆိုတာအမြဲပြောင်းလဲနေပါတယ်။

အဲလိုပြောင်းလဲရင်းက ခေတ်တစ်ပါတ်လည်ပြီး

ဟိုးအရင်က အဟောင်းတွေကို ပြန်လည်ပြီး

ဖော်ထုတ်ကြတာတွေရှိလာပါတယ်။

အဲလိုဖော်ထုတ်ရင်းကနေ” ပြန်ဆိုတေး”

တို့ နယူး ဗားရှင်းတို့နာမယ် တတ်ပြီး အောင်မြင်ခဲ့ တဲ့ သီချင်းတွေကို

အဆိုတော်တွေက ပြန်လည် သီဆို ခဲ့ ကြတာတွေလည်းရှိပါတယ်။

အဲလို သီဆို ခဲ့ရာမှာ ယောက်ျားလေး သီချင်းကို မိန်းမက ပြန်ဆို

မိန်းကလေးသီချင်းကို ယောကျာ်းကပြန်ဆို လုပ်တော့

အများဝေဖန်တာ ကို ခံ ခဲ့ကြရပါတယ်။

စီးပွားရေး သမားများက စီးပွားရေးဈေးတွက် တွက်ပြီးလုပ်ခဲ့

ကြတာတွေလဲအများကြီးပါဘဲ။

 

နောက်တစ်ချက် က ဆိုရှယ်လစ်ခေတ်ဖြစ်တဲ့ အတွက် သီချင်းဆီးရီစ်ခွေ

တစ်ခွေမှာအ ကျိုး ပြု သီချင်း ၂ပုဒ်ပါရမယ်လို့ သတ်မှတ်ထားပါတယ်။

အဲဒီအခါမှာ အကျိုး ပြု သီချင်း ဖြစ်ရင်ပြီးရောဆို ပြီး ဖြစ်သလိုရေး

ပြီး ဖြစ် သလို ဆို လိုက်ကြတာများပါတယ်။

အဲလို ထဲမှာ မှ အကျိုးပြု သီချင်းကို စေတနာ အပြည့် နဲ့ရေးဆိုသွားခဲ့သူကတော့

ထူးအိမ်သင် ဘဲ ဖြစ်ပါတယ်။

လူ နဲ့ အကျီ ၊ ညီလေးရေ၊ သူငယ်ချင်း အတွက် သီချင်းများ ကတော့

အင်မတန်လေးစား စွာကောင်းတဲ့သီချင်း ဖြစ်ပါတယ်။

လောကကြီးရဲ့အမြဲပြောင်းလဲနေတဲ့သဘာဝအရ

ကျနော်လဲ အဲဒီမှာအလုပ်လုပ်နေရင်းကခေတ်ရဲ့ အပြောင်းအလဲတွေကိုကြုံတွေ့ခဲ့ရသလို

ကျနော်ကိုယ်တိုင်လဲ အပြောင်းအလဲ တွေ ထဲမှ စီးမျောခဲ့ရပါတယ်။

ဘာဘဲပြောပြော ကျနော် ၀ါ သနာ ပါတဲ့ သီချင်းတွေကြားမှာ

နေရတဲ့ အတွက်ရော

နေ့စဉ်နဲ့အမျှ သီချင်းအသစ်တွေ ကို မြင်တွေ့ နေရတဲ့အတွက်ရော

ကျနော် အလုပ်တွေ ကိုပျော်ရွှင်စွာနဲ့လုပ်ကိုင်နေခဲ့တာအမှန်ပါဘဲ။

 

 

ဆက်လက်ဖော်ပြပါမည်

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

28-9-2014

 

 

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1610 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။