. မနက်က အဘွားတယောက်ကို သွားကန်တော့တော့ ဖယ်ရီ မစီးလိုက်ရဘူး… ဒါနဲ့ တက်စီ စီးတော့ FM က သတင်းတပုဒ်ကို ပြောနေတယ်ဗျ….

. ရှုးဒိုင်း တချောင်းက လမ်းမတော်က ပန်းကန်ဂိုဒေါင်ထဲ ၀င်ပြီး မီးလောင်သွားတဲ့ သတင်းပေါ့…

. ဒါနဲ့ ငယ်ငယ်က  အဖြစ်အပျက်တွေကို သတိရသွားတယ်… ခပ်ဆိုးဆိုးပဲ ပြောရမှာပေါ့… ဟီး… ဒီထဲမယ် တရပ်ကွက်ထဲသားချင်းတွေ မပါလောက်ဘူးထင်တယ်…

. မဟုတ်ရင် တရားခံ မမိခဲ့တာ.. အခုမှ အတုပ်ခံနေရမှာ…

 

. ငယ်ငယ်လေးကတည်းက လူများထက်ထွင်ချင်တာ ၀ါသနာ.. အဲတာကို မြေတောင်မြှောက်ပေးတာက လူကြီးတွေ…

. သီတင်းကျွတ်တာနဲ့ အဖေ အမေက သင်ပေးထားတာလဲပါတယ်… ဦးတော်လိုက်လုပ်ရမယ်ဆိုပြီး…

. လိုက်လုပ်တော့ လူကြီးတွေက မုန့်ဖိုး အရမ်းပေးတယ်ဗျ… တကယ်တော့ စပွန်ဆာပေါ့… ဆိုးဖို့ အတွက်… :P

 

. ပထမဆုံးတော့ ဗြောက်အိုးပဲ… တနှစ်လောက်ပဲ မှီပါတယ်… ဖောက်ဖို့.. နောက်နှစ်တွေကျတော့ စနက်တံပါတဲ့ ဟာဆို ဖောက်ခွင့်မရှိဖြစ်သွားတယ်…

. ဖောက်မယ်ဆိုတော့ ကောင်းကောင်း ဖောက်မယ် ထင်လား… ကျွန်တော်တို့ လမ်းက ညဈေးသွားတဲ့ လမ်းလေ… သူအသွားများတယ်… သီတင်းကျွတ်ဆို လှတ ပတ ၀တ်ပြီး လိုက်ကန်တော့ ကြတယ်လေ…

. ဟဲ… သကောင့်သားက အမြင်ကပ်တဲ့ သူတွေဆို ကြိုပြေး… ဗြောက်အိုးလေး စိုက်… အမွှေးတိုင်လေးနဲ့ တို့ပြီး ပြေးတော့တာပဲ… ပြီးရင် အယုတ္တ အနတ္တတွေ ကြားရပီ… :)

. ဖယောင်းတိုင်ဆိုတာ ပြေးရင် ငြိမ်းမယ်… အဲတုန်းက ဂက်စ်မီးခြစ် သိပ်မပေါဘူးဗျ… မီးခြစ်ဆံနဲ့ဆိုတော့ လက်ဝင်တယ်လေ… အမွှေးတိုင်က ကြာကြာခံတယ်…  :D

. အဲတုန်းက ဗြောက်အိုး ကြီးကြီး ၂ လုံးဆို ဗုံးပေါက်တာတောင် ထင်ရတယ်… အုံး ကနဲပဲ… ကိုယ့်ဘာသာတောင် လန့်သွားတယ်…

. မကျယ်ခံနိုင်ရိုးလား… ငယ်ငယ်တုန်းက လက်နဲ့ လက်သီးဆုပ်လောက်ကိုး… ဗြောက်အိုးက… ဟီး…

. နောက်နှစ်တွေတော့ လက်တလုံးခြားလေ စနက်တံမပါ… ထိပ်နီလေးတွေ ဖောက်တယ်… အရင်လောက်တော့ မကြိုက်… ဆဲသံ သိပ်မကြားရလို့…. :P

. ဒါက ဗြောက်အိုး…

. ဟဲ.. ဖေ့ဘွတ်မှာ တင်ထားတာလေး ကျန်ခဲ့လို့… ဗြောက်အိုးကို အတွဲလိုက် ဖောက်တာ ကျန်ခဲ့တာ.. ဗြောက်အိုးဆိုတာထက် ရှူးးဒိုင်းဗျ…

. သူလဲ စနက်တံပါတယ်..  ဒါပေသိ သူက အပေါ်တက်တဲ့ အမျိုး… တချောင်းထဲက ကောင်းရဲ့… လွှတ်တဲ့ နေရာသွား တန်းနေတာပဲ…

. အဲတခေါက်ကဆို မုန့်ဖိုးလေးလဲ ပို … ဆိုင်ကလဲ ကျပ်.. လွှတ်မိုက်တယ်ပေါ့… နဂိုကတည်းက စဉ်းစားပါတယ်… တည့်တကယ်ထွက်လားဆိုပြီး မေးတယ်…

. ဆိုင်က အာမဘန္တေခံတယ်… ဒါနဲ့ ကြွားချင်တော့ ၆ ထပ် တိုက် နှစ်ခုကြား မျက်နှာချင်းဆိုင်မှာ ထား… စနက်တံ မီးရှို့လိုက်တာ…

. အလယ်က ၂ ချောင်း ၃ ချောင်းပဲ တည့်တယ်… ကျန်တာတွေက အိမ်တွေထဲ ၀င်သွားတာဗျာ… ယမ်းငွေ့တွေ လမ်းမှာ အုံ့ဆိုင်းသွားလို့… မဟုတ်ရင် ဂုတ်ဆွဲပြီး အတီးခံရမှာ…

. ဆဲသံတွေလဲ ယမ်းငွေ့နီးပါး… မွှန် ထွန် နေတာ… ဟီး ဟီး… ပြန်တွေး ရေးရင် ပျော်လာတယ်ဗျ…. ဒါက တတိယမျိုးဆက် ဗြောက်အိုး( ရှူး ဒိုင်းပါ )

 

. ဒုတိယ မာကျူရီ ထုတာ… ဒါက … နဲနဲ လက်ဝင်တယ်… လူလိုတယ်… တယောက်က မီးရှို့… တယောက်က တူနဲ့ စောင့်… တယောက်က ရေဖြန်းပေး…တခုပဲ အကုန်လုံး ပုဆိုးကို ခေါင်းမြီးခြုံရတယ်…

. မဟုတ်ရင်တော့ အကျီင်္တွေ တာ့တာပဲ.. အကုန် စားကုန်တာ… ခြုံတဲ့ ပုဆိုးကတော့ ပြီးရင် ခြေသုတ်သာ လုပ်လိုက်တော့… :)

. အသံအောင်ချက်ကတော့ ခြောက်ဘီးကား ဘီးပေါက်သလောက်ပဲ… ဒါက ဈေးလဲ ပေါတယ်… တတွဲဆို ၁၀ ခု ၁၅ ခုပါတယ်… လုပ်ပါလေ့ပဲ…

. မခံနိုင်တာက ရပ်ကွက်… ပထမ တတွဲလောက်ထိက… အော်… ကလေးတွေ ဆော့ပါစေပေါ့… မညှော်ဘူးလေ… ဗြောက်အိုးက ညှော်တယ်ဗျ… ယမ်းနံ့ထွက်တာကို ပြောတာပါ…

. နောက်တတွဲကျတော့ ရေလာယူရင် ပေးမယူတော့ဘူး.. နင်တို့ ဆူတယ်ပေါ့… ဘာညာနဲ့ ရတယ်လေ… ကိစ္စ မရှိဘူး.. မပေးရင် နောက် တအိမ်သွား မ တယ်… :)

. နောက်ဆုံး ဘယ်သူမှ မပေးတော့… ဟီး… ဘာလုပ်မယ် ထင်လဲ…. ရေ ဖြစ်ရင် ပြီးရောမလား.. :) သူက ရေမပါရင် အသံမထွက်ဘူးလေ…

. အဲတော့… အဲတော့… ပထမက ဟီး…. တံတွေး ၀ိုင်းထွေးတယ်… မာကျူရီချပြီး ထုမယ့်နေရာကို.. နောက် အာခြောက်လာတော့… ရှူးရှူး တယောက်တလဲ ပန်းပြီး ရေသုံးရတယ်…

. ပြီးလဲ ပြီးရော နောက်နေ့ ပုဆိုးကို ယောင်လို့ မနမ်းမိစေနဲ့… အော့ ကလီဆန်နေပြီ… ဒါမျိုးတော့ တတ်တယ်… ဘယ်ရမလဲ… ရေချိုးခန်းထဲ ပစ်ထားလိုက်တယ်…

. နောက်နေ့လဲ ကျရော… အမေက လှော်တော့တာပဲ… စောက် ကမြင်းကြောထတာကိုးလို့… ဒါက ပုဆိုး အခြေအနေမမြင်သေးဘူး… ပြဲပြီး ရိတာလဲ မြင်… အဖြူကွက်တွေလဲ မြင်ရော ကျွေးတော့တာပဲ….

. ကျွေးလဲ ဘာဖြစ်လဲနော… စားတာပေါ့… မှတ်လားဆို… နောက်နှစ် မရောက်မချင်း မှတ်တယ်…. :)

 

. တတိယကတော့ မီးပုံးပျံလွှတ်တာ… ဒါကတော့ သိပ်စိတ်မ၀င်စားဘူး… တစ် အသံမထွက်ဘူး.. နှစ် ဆဲသံမကြားရဘူး… ၃ ဈေးကြီးတယ်… ၄ ပျော်စရာ မကောင်းဘူး… ၅ လွှတ်ပြီးရင် ပြီးသွားပြီ…

. ထိုင်ကြည့်နေရတာ ဖီးလ်ကို မရှိတာ… ဒီတော့ သိပ်မရွေးဖြစ်ဘူး… ဒါပေမဲ့ … မီးပုံးပျံတော့ လိုက်တယ်… ဖရီးရတာကိုး… လွှတ်တာကလဲ တသောသော ဆိုတော့ မိတတ်တယ်ဗျ…

. ပြန်သွင်းပြီး ဗြောက်အိုးပြန်ယူ… ဒါမှ မဟုတ်ရင်… ပိုက်ဆံရတယ်ဗျ… 

. တခေါက်ပေါ့… တခေါက်ဆိုမှ တခေါက်ပဲ.. ကျန်တာက မအောင်မြင်ဘူး… ပြန်မရောင်းဖြစ်ဘဲ လွှတ်တာ ရှိတယ်ဗျ… ဒါပေမဲ့ အောက်က မီးစာမှ မရှိတာ…

. စွတ်ကျယ်သားကို လုံး… ဓာတ်ဆီ ဆွတ်ပြီး… လွှတ်တာ… လေးပြီး မတက်ဘဲ… မီးလောင်သွားတယ်…. ဟဲ…

. အဲတခေါက်ကတော့ အောင်မြင်တယ်… တက်တယ်… လွှတ်တာက ကမ်းနားက.. လေက လမ်းဘက် ပြန်တိုက်တာ… တအိအိ နဲ့ တက်ပြီး…

. လေငြိမ်တော့ ရပ်ကွက်ထဲက ထိပ်အိမ်လေးရဲ့ ခေါင်မိုးကို တပ်ကပ်တာ… အော် ဘာပြောကောင်းမလဲ… ခေါင်မိုးပေါ်တက် မီးတက်ငြိမ်းရတယ်…

. ရပ်ကွက်လဲ… ဆဲလိုက်တာ မိုးကို မွှန်နေတာပဲ… ကံကောင်းတာက အဲဒါ နောက်ဆုံး ညဆိုတော့ မဆော့နဲ့ ပြောလဲ ဟုတ်ကဲ့ပေါ့… ပြီးတော့ အဲတာ ည မိုးတော်တော်ချုပ်မှ လုပ်တာလေ… လုပ်စရာမရှိတော့လို့….

. ဓာတ်ဆီ ဘယ်ကရလဲ မမေးနဲ့… အဲတုန်းက လမ်းထဲမယ် ပစ္စည်းတင်တဲ့ကား ဒေါ့ဂျစ်တွေ ရှိတယ်… ကားရှိတဲ့ကောင်က အိမ်က ဆီပိုက်ကို ခိုးလာ…

. ကျွန်တော်တို့က အဲကားကနေ ဆီကို ခိုးစုပ်ပြီး… ဆော့ရတာ… တခါ အဲကား ဓာတ်ဆီ ထည့်တဲ့အထဲ ရှူးရှူး ပေါက်ထည့်တာ…

. နောက်နေ့ တရားခံလိုက်ရှာတယ်… မိလားဆိုတော့… ဇာတ်လိုက်ပဲ… ဘယ်မိမလဲ…. အဲကြောင့် ကြို စကားကန်ထားတာ… အစကတည်းက တရပ်ကွက်တည်းသား သားချင်းရှိရင် သေပြီလို့… :)

 

. နောက်ဆုံးတခုကတော့ ငရဲမီး… ကောင်းသလားဆို ကိုယ့်အိမ်ကိုယ် မီးရှို့သလား အောက်မေ့ရတာ…. ဆော့ပုံဆော့နည်း ပြောပြမယ်…

. ဖန်လီခွက်…. အအေး အဖုံး သံဖုံးလေးကို အထဲက ရာဘာ ထုတ်ရတယ်… မဟုတ်ရင် ညှော်လို့… ဟီး.. သိတတ်တာ မဟုတ်ဘူး… မီးတောက် သိပ်မကြီးလို့ ဖြုတ်တာ… :)

. ကျွင်းလေးတူး… ဖယောင်းတိုင် အတို မြုပ်စာပေါ့… အပေါ်မှာ ခြောက်လက်မ သံကြီး ၂ ချောင်းကို ထား… အပေါ်မှာ ခုနက ဖန်လီခွက်ကိုတင်… အောက်က ဖယောင်းတိုင်ထား မီးညှိ…

. အပေါ်က ဖန်လီခွက်မှာ ဖယောင်းစာ ထည့်ပြီး.. ပြီးရင် မီးစာချောင်းလေးကို ခွက်ထဲ မြုပ်အောင်ထည့်… ဖယောင်းဆူလာရင်… ရေခွက်လေးကိုင်ပြီး… ရေတောက်ပေတော့…

. ၀ုန်း ကနဲ ၀ုန်းကနဲ နဲ့ မီးတောက်တက်လာရော… ဒါက ငရဲမီး… ဆော့ပုံ…

. မောင်တီထွင် ဆော့ပုံပြောပြမယ်… ဖန်လီခွက်က သေးတယ်… ဖယောင်းမဆန့်ဘူး.. ဒါကြောင့် မီးတောက်သေးတာ… ဒါက ၁ အချက်… ဒါကြောင့် ရွှေကြိုတဲ့ လုံကို ရွေးလိုက်တယ်…

. ၂ အချက်က အိမ်က အရင် ပန်းထိမ်ဌားတယ်ဗျ… ၂ ထပ်တိုက်ဆိုတော့ သူတို့က မီးခြစ်မသုံးဘဲ… ဖယောင်းတိုင်သုံးပြီး လုပ်တော့ ဒါက ကုန်ကြမ်း… သို့ပေမဲ့ မီးစာက မရှိဘူးလေ…

. အိမ်က ဟာ ဖယောင်းတိုင် အကောင်းသုံးရင် တုပ်မှာလေ… အဲတော့ … ဟဲ… ဥာဏ်ကောင်းချက်ပြောတာနော်… ပန်းတိမ်အိမ်ဆိုတော့ ဓာတ်ဆီရတယ်လေ…

. ခုနက မီးပုံးအတွက်တော့ ဘယ်လောက်မလဲ အဲတာကတော့ ခိုးရတာပေါ့… အခုက တို တာ… :)

. ဒါဆို ပစ္စည်းစုံပြီဆိုတော့ … စဆော့ပြီလေ… သူငယ်ချင်းတွေ မခေါ်သေးဘူး… ဒါက စမ်းသပ်ဆဲကိုး… ခုနကအတိုင်း တွင်းတူး… သံချောင်းထား… လုံတင်…

. စ ပါပြီ… ဆူလာတယ်… မီးစာမရှိတော့ ဓာတ်ဆီလေးနဲ့ အပေါ်ခွက် မီးလောင်အောင် လုပ်တယ်.. ခုနက ကျန်သွားတယ်.. မီးစာ သုံးရခြင်းက အပေါ်ခွက်ပါ မီးစွဲနေအောင်ပါ…

. ဒါမှ အပေါ်မီး အောက်မီးနဲ့ ရေနဲ့ တွေ့ ၀ုန်း တော့မှာပေါ့…. ခုလဲ ဆူတယ်… ဆီထည့်တယ်… ရေတောက်လိုက်တယ်…

. ၀ုန်း   ဆိုတာမှ ဟက်ပဲ့ကြီးဗျာ… လူပါနောက်လန်လဲသွားပါတယ်… အော်… မိုက်တယ်ပေါ့… နောက် ရေပိုပြီး များများလေး တောက်တယ်… ၀ုန်း… ဆို ပိုကြီးတယ်…

. ညှော်လာပြီလေ.. အပေါ်ထပ်အိမ်က ပြောတယ်.. ဟဲ့… နေ့ခင်းကြီး မဆော့နဲ့လေတဲ့… ညဆို တော်ရောပေါ့ ဆိုတော့… ဟုတ်… ဟုတ် ဆိုပြီး…

. အရင်လို ရေ များများ လောင်းလိုက်တယ်…. စောက်ကျိုးပါ နဲရော ဗျာ… မီးတောက်က ကျွန်တော့် တရပ်ကျော်သွားတယ်… အာ… ပြသနာပဲ…

. အပေါ်ကလဲ ဆဲတော့မယ်… ဒါနဲ့ ပိုပြီး ရေထပ်လောင်းတယ်… မငြိမ်းဘူးဗျာ…. ချွေးတွေ ထွက်လာတယ်… ဘာလုပ်ရမှန်းလဲ မသိတော့ဘူး…

. တခုပဲ ကြားဖူးတာ… ရေမနိုင် သဲပက်ဆိုတော့… အဲတာ.. အပင်စိုက်ထားတာ နှုတ်… သဲတွေနဲ့ လောင်းထည့်လိုက်တော့မှ ငြိမ်းတယ်… ကံကောင်းလို့ အိမ်မီးမလောင်တာ…

. တော်တော်ကို ဇောချွေးပြန်သွားတယ်… ဖူး… တော်ပြီ တော်ပြီဆိုပြီး… အဲနေ့က ကစားပါ မကစားနိုင်ဘူး… ရင်တွေ တုန်နေတာ…

. အဟီး ဒါက လုံးဝ ဘ၀ မှာ အမှတ်တရပဲ… သီတင်းကျွတ် အမှတ်တရပေါ့….

 

. အခုပြောသွားတဲ့… ဟာတွေက… လုံးဝ … လုပ်ကြံဇာတ်လမ်း မဟုတ်ပါ… အလွန်အကျူးလဲ ပြောထားခြင်း မရှိပါ… မယုံရင် ရပ်ကွက်ထဲ လာခဲ့ပါ…

. မုန့်ကျွေးပြီး…  ရဲဘော်များနဲ့ မိတ်ဆက်ပေးပါ့မယ်…. ဟီး… တော်သေးတယ် ပြောရမယ်… အိုးမဲ့ အိမ်မဲ့ မဖြစ်ခဲ့တာပဲ….

. ကဲ… ဒီလောက်ပဲနော်… ဖတ်ရှူ သူများကို ကျေးဇူးပါ…. …. :) :) :)

 

 

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...