အလင်းခြုံတဲ့ သတင်း Zone – 6

alinsettOctober 9, 20141min1697

မင်္ဂလာပါ ။ အပတ်စဉ်တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ရဲ့ တပါတ်အတွင်းသတင်းတွေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်။

ဒီတပါတ်တင်ပြပေးမယ့် သတင်းတွေကတော့ …

  • နိုင်ငံပေါင်း ၃၃ နိုင်ငံအတွင်းရှိ IS အကြမ်းဖက်သမား ၇၈၁ ဦးရဲ့ စာရင်းကိုမြန်မာနိုင်ငံက ရရှိထားပြီဆိုတဲ့သတင်း ၊
  • ပျောက်ဆုံးနေတဲ့ တောင်တက်သမား နှစ်ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ် နေစဉ် ထပ်မံ ပျောက်ဆုံးသွားတဲ့ ထိုင်းနိုင်ငံမှ B4 ရဟတ်ယာဉ်နဲ့ လိုက်ပါသွားသူသုံးဦးကို ပြန်လည် ရှာတွေ့တဲ့ သတင်း ၊
  • မြန်မာ့နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့အရေး အမေရိက အစိုးရ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေက တောင်းဆိုလိုက်တဲ့ သတင်း၊
  • မြန်မာသမ္မတက အကျဉ်းထောင်အသီးသီးအတွင်း ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၃၀၇၃ ဦးကို လွတ်ငြိမ်းခွင့် ပေးလိုက်တဲ့ သတင်း ၊
  • မြန်မာ့ပင်လယ်ပြင်ကို မုန်တိုင်းငယ် တခု ဖြတ်သန်းတိုက်ခတ်ဖို့ ရှိတဲ့ သတင်းနဲ့…
  • ဗြိတိန်စုံတွဲကို သတ်ဖြတ်တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်ကို ခြိမ်းခြောက်အကြပ်ကိုင်ပြီး အဓမ္မ ဝန်ခံခိုင်းခဲ့တာတွေ မရှိခဲ့ကြောင်း ထိုင်းရဲချုပ်က တုံ့ပြန်ပြောဆိုလိုက်တဲ့ သတင်း ၊
  • ” ဝ ”လက်နက်ကိုင်တပ်ဖွဲ့နဲ့ ရှမ်းပြည် ၊ အရှေ့ပိုင်းအထူးဒေသ (၄) တို့က လတ်တလောအခြေအနေတွေနဲ့ ပတ်သက်ပြီး အချက် လေးချက်ပါဝင်တဲ့ အထူးကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တဲ့သတင်း ၊
  • ကာတွန်း ဆရာကြီး ဦးဘဂျမ်း အမှတ်တရ ကာတွန်းပြိုင်ပွဲကျင်းပမယ့် သတင်းနဲ့…
  • ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွါးခဲ့တဲ့သတင်း ၊
  • အမေရိက ပြည်ထောင်စုမှာ အမြဲတမ်း နေထိုင်နိုင်ခွင့် ဗီဇာ ရရှိမယ့် ၂၀၁၆ ခုနှစ်အတွက် DV ကံစမ်းမဲဆိုင်ရာ
  • သတင်းအချက်အလက်များ …အပါအဝင်…. အခြား သိမှတ်ဖွယ်ရာ သတင်းအဖြာဖြာကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

 

=====================================================

=====================================================

အောက်တိုဘာလ ၈ ရက် ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ထုုတ်ပြန်ခဲ့တဲ့ နိုင်ငံပေါင်း ၃၃ နိုင်ငံရဲ့အကြမ်းဖက်သမား ၇၈၁ ဦးစာရင်းကိုု မြန်မာနိုင်ငံကလည်း လက်ခံ ရရှိထားပြီး ဖြစ်တယ်လိုု့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ် ။

အမေရိက သမ္မတ အိုဘားမားက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို နိုင်ငံပေါင်း ၅ဝ ကျော်ပါဝင်ပြီး အဲဒီအစည်းအဝေးအတွင်းမှာ နိုင်ငံပေါင်း ၃၃ နိုင်ငံအတွင်းရှိ အကြမ်းဖက်သမား ၇၈၁ ဦးရဲ့ စာရင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အခု ရရှိထားတဲ့ စာရင်းဟာ US အခြေစိုက် CIA က ဦးဆောင်ပြီး ရရှိထားတဲ့ စာရင်းကို နိုင်ငံတကာ ရဲတပ်ဖွဲ့ (Interpol) ကနေ တဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆီ ပေးပို့လာတာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

Al-Qaida ခေါင်းဆောင် Ayman al-Zawahiri က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့မှာ မူဆလင်တွေအတွက် Al-Qaida အိန္ဒိယအဖွဲ့ခွဲ ဖွဲ့စည်းပြီးစီးကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ကြေညာခဲ့အပြီး မြန်မာနိုင်ငံကိုု ဂျီဟတ်စစ်ပွဲ ဆင်နွှဲမှာ ဖြစ်ကြောင်း ကြေညာချက် ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီလို ခြိမ်းခြောက်ခံရပြီးနောက်မှာပဲ ရန်ကုန်၊ မန္တလေး အပါအဝင် နေပြည်တော်မှာပါ လုံခြုံရေးတိုုးမြှင့်မှုတွေ တောက်လျှောက် လုပ်ဆောင်ထားကြောင်း သတင်းရရှိပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန်ကတော့ အခုလို အကြမ်းဖက် ခြိမ်းခြောက်မှု ခံထားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မရှိကြောင်း အောက်တိုဘာလ ၁ ရက်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါသေးတယ်။

 

 

 

 

=====================================================

=====================================================

အောက်တိုဘာလ ၈ ရက် ။

ပျောက်ဆုံးနေတဲ့ ခါကာဘိုရာဇီ တောင်တက်သမား နှစ်ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ် နေစဉ်

ထပ်မံ ပျောက်ဆုံးသွားတဲ့ ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်နဲ့ လိုက်ပါသွားသူသုံးဦးကို ပြန်လည် ရှာတွေ့ပြီ ဖြစ်ပါတယ်။

ရဟတ်ယာဉ် ပျောက်ဆုံးပြီး ၁ဝ ရက်မြောက်သည့်နေ့မှာ ပြန် လည်တွေ့ရှိခဲ့တာဖြစ်ပြီး

တောင်တက်သမား နှစ်ဦးကိုတော့ ခုချိန်ထိ မတွေ့ရှိသေးပါဘူး

ရှာဖွေနေတဲ့ ခါကာဘိုရာဇီ ရေခဲတောင်ထိပ်ရောက် တောင်တက်သမားတွေထဲက နှစ်ဦး

ပျောက်ဆုံးနေတာ အခုဆိုရင် တစ်လ ကျော် ကြာမြင့်နေပြီဖြစ်ပြီး ၊

မြေပြင်ရှာဖွေရေးအဖွဲ့အနေနဲ့ အမြင့် ပေ ၁၆,၂၀ဝ မှာ ပျောက်ဆုံး တောင်တက်သမားတွေ ချန်ရစ်ခဲ့ တဲ့

အိတ်အနီတစ်လုံး ၊

အမြင့်ပေ ၁၇,၃၀ဝ မှာ ကျောပိုးအိတ် အပြာတစ်လုံးတို့ကိုသာ တွေ့ရှိ ထားပါသေးတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါတောင်တက်သမား နှစ်ဦး ရှာဖွေနေမှုကို ရာသီဥတု အခြေအနေတွေ ကြောင့် ယာယီရပ်ဆိုင်းလိုက်တော့မှာဖြစ်ကြောင်း ၊

ပွင့်လင်းရာသီကျမှသာ ဆက်လက်ရှာဖွေသွားမှာဖြစ်ကြောင်း ထူးဖောင်ဒေးရှင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။

 

===================================================

===================================================

အောက်တိုဘာလ ၈ ရက် ။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ

အမြန်ဆုံးလွှတ်ပေးဖို့ အရေး အမေရိက အစိုးရ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေက

အောက်တိုဘာ ၈ ရက်နေ့မှာ တောင်းဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။

ရ ရက်နေ့က သမ္မတ အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တဲ့ အကျဉ်းသား ၃၀၀ဝ ကျော်မှာ ကုလသမဂ္ဂက လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းတွေထဲက တဦးနဲ့ အမှုတွဲ ၂ ဦး၊

AAPP က သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁ ဦး ၊

နိုင်ငံရေး အကျဉ်းသားအနေနဲ့ စုစုပေါင်း ၄ ဦးပဲ ပါဝင်ကြောင်း ထောက်ပြ ပြောဆိုလိုက်ပါတယ်။

အမေရိက နိုင်ငံခြားရေးဌာနပြောခွင့်ရ Jen Psaki က မြန်မာအစိုးရအနေနဲ့ အကျဉ်းသားတွေကို လွှတ်ပေးတာကို

US က ကြိုဆိုပေမဲ့

နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ထပ်မံ တိုက်တွန်းလိုက်ကြောင်း သိရပါတယ်။

==================================================

==================================================

အောက်တိုဘာလ ရ ရက် ။

မြန်မာနိုင်ငံ သမ္မတက အောက်တိုဘာ ရ ရက်နေ့မှာ အကျဉ်းထောင်အသီးသီးအတွင်း ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား

၃၀၇၃ ဦးကို လွတ်ငြိမ်းခွင့်ပေးအပ်လိုက်ပါတယ် ။

လွတ်ငြိမ်းလာတဲ့ အကျဉ်းသားတွေထဲမှာ ယခင်စစ်ထောက်လှမ်းရေးက ထိပ်တန်းအရာရှိဟောင်းတွေနဲ့

နိုင်ငံခြားသားအချို့ပါဝင်ကြောင်း သတင်းရရှိပါတယ် ။

ဗိုလ်ချုပ်ကြီးခင်ညွှန့်(ငြိမ်း)ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးနိုင်ဌေး(ပူတာအိုထောင်) မြင်းခြံထောင်မှ

ဗိုလ်မှူးချုပ် သိန်းဆွေ၊ မြိတ်အကျဉ်းထောင်မှ ဗိုလ်မှူးကြီး အောင်ဇော်နဲ့ ဗိုလ်မှူးကြီးမင်းသူ၊

ဗိုလ်မှူးကြီး အောင်ကျော်မိုး (ပခုက္ကူထောင်)တို ့နဲ့အတူ

အမေရိကန်တစ်ဦးနဲ့ ထိုင်ဝမ်နိုင်ငံသားတစ်ဦးလည်း ပါဝင်လာကြောင်း သိရှိရပါတယ်။

နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)နဲ့ အညီ အကျဉ်းထောင်အသီးသီးမှ

အကျဉ်းသား ၃၀၇၃ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာမှာ

မြန်မာနိုင်ငံသား ၃၀၁၅ ဦးနဲ့ နိုင်ငံခြားသား ၅၈ ဦးပါဝင်ကြောင်း

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

 

===================================================

===================================================

အောက်တိုဘာလ ရ ရက် ။

အောက်တိုဘာလ ရ ရက်နေ့ကနေ ၁ဝ ရက်နေ့အထိ မြန်မာ့ပင်လယ်ပြင်ကို မုန်တိုင်းငယ်

တခု ဖြတ်သန်းတိုက်ခတ်နိုင်တာကြောင့် ရေလမ်းခရီးသွားလာနေသူတွေအနေနဲ့ သတိထားကြဖို့

လိုအပ်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာလိုက်ပါတယ်။

အဆိုပါ မုန်တိုင်းငယ်ကြောင့် တနင်္သာရီကမ်းရိုးတန်း၊ မွန်ပြည်နယ်၊ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေနဲ့

ရန်ကုန်တိုင်းဒေသကြီးတွေမှာ မိုးသက်လေပြင်းတွေ ကျရောက် တိုက်ခိုက်ပြီး ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်ကြောင်း သိရပါတယ်။

မုန်တိုင်းငယ်ရဲ့ တနာရီ လေတိုက်နှုန်း မိုင် ၄ဝ ကျော်ကြောင့်

ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်ပြီး ကုန်းတွင်းပိုင်းတွေမှာတော့ အိမ်ခေါင်မိုးတွေ လန်သွားနိုင်ကြောင်း

သစ်ပင်ပြိုလဲတာတွေ ရှိနိုင်ကြောင်း မိုးလေဝသ ပညာရှင်တွေက  သတိပေးထားပါတယ်။

 

 

==================================================

==================================================

အောက်တိုဘာလ ရ ရက် ။

ထိုင်းနိုင်ငံမှာ ဗြိတိသျှ ခရီးသွားနှစ်ယောက်ကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရ တဲ့

မြန်မာနိုင်ငံသားနှစ်ယောက်အပေါ် ထိုင်းရဲတပ်ဖွဲ့ အနေနဲ့ ခြိမ်းခြောက်အကြပ်ကိုင်

အနိုင်အထက်ပြုထားတာတွေ အဓမ္မ ဝန်ခံခိုင်းတာတွေ မရှိခဲ့ကြောင်း ထိုင်းရဲချုပ်က ကာကွယ်ပြောဆိုခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်း ပုံတွေဟာ

တရားနည်းလမ်းမကျကြောင်း စွပ်စွဲပြောဆို မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေသလို၊

ဖမ်းဆီးခံထားရတဲ့ မြန်မာတွေကို ညှင်းပန်းနှိပ်စက်မှုတွေ ရှိနေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အဆိုပါ သတင်းတွေနဲ့ ပတ်သက်ပြီး “သံသယဖြစ်ခံရသူတွေကို ညှင်းပန်းနှိပ်စက်တာ မရှိခဲ့ကြောင်း

ကျနော် အတည်ပြုပါတယ်” လို့ ရဲမှူး Suwat Chaengyodsook က တုံ့ပြန် ပြောဆိုခဲ့တာပါ။

သေဆုံးသူဗြိတိန်အမျိုးသမီးရဲ့ ခန္ဓာကိုယ်က ရတဲ့ DNA ကို ချင်းမိုင်တက္ကသိုလ်နဲ့ ချူလာလောင်ကွန် တက္ကသိုလ်တွေမှာ

စစ် ဆေးခဲ့ရာမှာ သေဆုံးသူဆီက ရတာနဲ့ သံသယဖြစ်ခံရသူတွေရဲ့ DNA က ကိုက်ညီမှုရှိနေပြီး

ခရီးသွားစုံတွဲကို သတ်ဖြတ်ခဲ့တဲ့အမှုနဲ့ အစစ်ဆေးခံနေရတဲ့ မြန်မာနိုင်ငံသား သုံးဦးထဲက နှစ်ဦးဟာ

နိုင်ငံခြားသားနှစ်ယောက်ကို သတ်ခဲ့ကြောင်း ကိုယ်တိုင်ဝန်ခံပြောဆိုခဲ့ပေမယ့်

ဒါဟာအတင်းအကျပ် ဝန်ခံခိုင်း ခံရတာဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီအမှုကို စုံစမ်းဖို့ မြန်မာသံရုံးကနေ တာဝန်ပေးထားတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်ကတော့

ဒီအမှုဟာ ခိုင်မာတဲ့အချက်တွေပေါ်မှာ အခြေခံထားတာ မဟုတ်ဘဲ တမင် ဆင်ထားတဲ့အမှုဖြစ်ကြောင်း၊

အမှုတွဲမှာ ဖေါ်ပြထားတာတွေနဲ့ သက်သေအထောက်အထားတွေဟာ ကိုက်ညီမှုမရှိကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

 

===================================================

===================================================

အောက်တိုဘလ ၆ ရက် ။

ပို့ဆောင်ရေးဝန်ကြီးဌာန ၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ၊

အမှတ်စဉ် (၁၀/၂၀၁၄) ဆုံးဖြတ်ချက်အရ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန လိုင်စင်ရကုမ္ပဏီတွေ အနေနဲ့

မြန်မာနိုင်ငံကနေ သင်္ဘောသားတွေ နိုင်ငံခြားအလံလွှင့်ထူထားတဲ့ သင်္ဘောတွေကို

တာဝန်ထမ်းဆောင်ဖို့ ထွက်ခွာလျှင် ဌာန ဆိုင်ရာ ဝန်ဆောင်ကြေးကို ပြောင်းလဲပေးသွင်းရတော့မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ကမ်းလွန်လုပ်ငန်းများနဲ့ ကမ်းလွန်လုပ်ငန်းသုံး နိုင်ငံခြားရေယာဉ်တွေမှာ တာဝန် ထမ်းဆောင်တဲ့

သင်္ဘောသားတဦး ၊တကြိမ်သွားရောက် တာဝန်ထမ်းဆောင်ဖို့ အတွက်

အရင်က မြန်မာကျပ်ငွေငါးထောင်ပေးသွင်းရပြီး အခုဆိုရင် တစ်သောင်းကျပ် တိတိ ကို ပေးသွင်းရတော့မှာ ဖြစ်ပါတယ်။

ကမ်းလွန်လုပ်ငန်းသုံး မဟုတ်တဲ့ နိုင်ငံခြားရေယဉ်တွေအတွက်ကတော့

တဦးတာဝန်ထမ်းဆောင်ခြင်း အတွက် သုံးသောင်း ကျပ်ပေးဆောင်ရမှာ ဖြစ်ပါတယ်။

 

=====================================================

=====================================================

အောက်တိုဘာ ၅ရက် ။

လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ‘၀’စည်းလုံးညီညွတ်ရေးတပ်ဖွဲ့နဲ့

ရှမ်းပြည် ၊ အရှေ့ပိုင်းအထူးဒေသ (၄) တို့ဟာ လတ်တလောအခြေအနေတွေနဲ့ ပတ်သက်ပြီး အချက် လေးချက်ပါဝင်တဲ့

အထူးကြေညာချက်တစ်စောင်ကို အောက်တိုဘာ ၅ ရက် ရက်စွဲနဲ့ ပူးတွဲထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

အဆိုပါကြေညာချက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့

ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြားစေတဲ့ အပြော အဆိုအပြုအမူတွေကို ပြတ်ပြတ် သားသားဆန့်ကျင်ရှုတ်ချကြောင်း ၊

သက်ဆိုင်ရာ တပ်တွေအနေနဲ့ ရန်လိုရန်မူတဲ့ စစ်ရေးလှုပ်ရှားမှု အပြုအမူတွေကို      ချက်ချင်းရပ်စဲစေလိုကြောင်း ၊

သက်ဆိုင်ရာ တပ်များ အနေနဲ့ အောက်တိုဘာ ၂ ရက်နောက်ပိုင်းမှာ သိမ်းပိုက်ထားတဲ့ ဒေသနဲ့ စခန်းတွေကနေ

ဆုတ်ခွာပေးစေလိုကြောင်း ၊

သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ တစ်ပြည်လုံးရဲ့ တည်ငြိမ်မှုအခြေအနေကြီးကို

အလေးထားကြပြီး ထိန်းချုပ်စာနာသော သဘောထားနဲ့ ငြိမ်းချမ်းသော နည်းလမ်းတွေသုံးပြီး

အချင်းချင်းကြားတည်ရှိနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းကြစေလိုကြောင်းတို့… ပါဝင်ပါတယ်။

အခုလက်ရှိအခြေအနေတွေအရ မြန်မာ့အစိုးရ စစ်တပ်နဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSA (SSPP / SSA) တို့ အကြား

တိုက်ပွဲတချို့ အပြင်းအထန် ဖြစ်ပွါးခဲ့ပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ

အစိုးအရနဲ့ DKBA တပ်များအကြားမှာလည်း ပစ်ခတ်မှုတွေ ရှိနေပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးမှာ

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်များအကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။

 

 

=================================================

=================================================

အောက်တိုဘာလ ၅ ရက် ။

 

အလင်္ကာကျော်စွာ ကာတွန်း ဆရာကြီး ဦးဘဂျမ်း အမှတ်တရ ကာတွန်းပြိုင်ပွဲနဲ့

တန်ဆောင်တိုင် ကာတွန်းမီးထွန်းပွဲတော်ကို ရန်ကုန်မြို့ ၁၃ လမ်း (အောက်ဘလောက်)၊ ကာတွန်း ဦးဘဂျမ်းလမ်းမှာ

အစဉ်အလာမပျက်ကျင်းပသွားမှာ ဖြစ်ကြောင်း သတင်းရပါတယ်။

ပါဝင်ယှဉ်ပြိုင်လိုသူများအနေနဲ့ ကောင်းမွေ၊ ဆိုးမွေ ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁ဝ လက်မ × ၁၅ လက်မ အရွယ်

ကာတွန်းပုံ သုံးပုံ ကြိုက်နှစ်သက်ရာ ပုံစံမျိုးနဲ့ ရေးဆွဲပြီး ပေးပို့ယှဉ်ပြိုင်နိုင်ပါတယ်။

ကာတွန်း ပြိုင်ပွဲကို မြန်မာပြည်တနံတစ်လျားက ကာတွန်းဝါသနာရှင်များ၊

ကာတွန်းရေးဆွဲသူများအားလုံး ဝင်ပြိုင်ခွင့်ရှိပြီး ပြိုင်ပွဲဝင် ယှဉ်ပြိုင်မယ့် ကာတွန်းပုံတွေကို

နိုဝင်ဘာ ၉ ရက်မှ ၂ရ ရက်အထိ နောက်ဆုံးထား ပေးပို့ ရမှာ ဖြစ်ပါတယ်။

ပေးပို့ရမယ့် လိပ်စာကတော့ … အမှတ် ၂၂ ၊ ၁၃ လမ်း(အောက်)၊ လမ်းမတော် မြို့နယ်ဖြစ်ပါတယ်။

ကာတွန်းပြိုင်ပွဲမှာ ဆုငါး ဆု ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပြီး ပထမဆုကို ကျပ် သုံးသိန်း၊

ဒုတိယဆုကို ကျပ်နှစ်သိန်းခွဲ၊

တတိယဆုကို ကျပ် နှစ်သိန်း၊

စတုတ္ထ ဆု တစ်သိန်းခွဲနဲ့ ပဉ္စမဆုအတွက် ကျပ် တစ်သိန်း ချီးမြှင့်မှာ ဖြစ်ပါတယ်။

ဆုရရှိတဲ့ ကာတွန်းပုံတွေကို တန်ဆောင်တိုင်မီးထွန်းပွဲတော်မတိုင်မီ ကြေညာသွားမှာ ဖြစ်ပြီး

ပြိုင်ပွဲမှဆုရရှိတဲ့ ကာတွန်းပုံတွေကို ဝါရင့်ကာတွန်း ဆရာတွေရဲ့ ကာတွန်းပုံတွေနဲ့ အတူ

၁၃ လမ်းမှာ ကျင်းပမယ့် ကာတွန်း ဦးဘဂျမ်းလမ်း တန်ဆောင်တိုင် ကာတွန်းမီးထွန်းပွဲတော်မှာ

ထည့်သွင်းပြသသွားမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

 

=====================================================

=====================================================

အောက်တိုဘာလ ၄ ရက် ။

 

အောက်တိုဘာလ ၄ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ

ပေါက်ကွဲမှု သုံးကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ် ။

တောင်ကြီးမြို့၊ စပ်စံထွန်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ကားမှတ်တိုင်မှာ
ည ၁ဝနာရီ ၁ဝမိနစ်ခန့်က ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး

ည ၁ဝနာရီ ၄ဝမိနစ်မှာတော့ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊

ဗိုလ်ချုပ်အောင်ဆန်းလမ်းတောင်ဘက် အမှတ် (၂၁၂)

ဆက်သွယ်ရေးရုံး ရှေ့ ဝင်ပေါက် ကြားမှာ နောက်ထပ်ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီပေါက်ကွဲမှုအပြီးမှာပဲ ၁ဝမိနစ်သာ ခြားပြီး ၁ဝနာရီ ၅ဝမိနစ်မှာ သစ်တောရပ်ကွက်နဲ့

မလှမ်းမကမ်းမှာပဲ တတိယအကြိမ်မြောက် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေမယ့်
တတိယအကြိမ် ပေါက်ကွဲမှုကြောင့်

ယာဉ်ထိန်းတပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

 

 

===================================================

===================================================

အောက်တိုဘာလ ၁ ရက် ။

အမေရိက ပြည်ထောင်စုမှာ အမြဲတမ်း နေထိုင်နိုင်ခွင့် ဗီဇာ ရရှိမယ့် ၂၀၁၆ ခုနှစ်အတွက်

ဒီဗီ ကံစမ်းမဲကို အောက်တိုဘာ ၁ ရက်ကနေ နိုဝင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့အထိ လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ဒီဗီ ကံစမ်းမဲ အစီအစဉ်နဲ့ နှစ်စဉ် လူ ၅၀,၀၀ဝ ကို လက်ခံပြီး

အမြဲတမ်း နေထိုင်ခွင့် ဗီဇာ ထုတ်ပေးနေခြင်းဖြစ်ပါတယ်။

ဒီဗီကံစမ်းမဲ လျှောက်ထားဖို့ ကန့်သတ်ချက် အနည်းငယ်သာ ရှိပြီး အဓိကအနေနဲ့ လျှောက်မယ့်သူဟာ ၁၂ တန်းနဲ့ ညီမျှတဲ့ အထက်တန်းပညာ အောင်လက်မှတ် ရှိရန်၊

သို့မဟုတ် ၂ နှစ် လေ့ကျင့်မှု လိုအပ်တဲ့ ကျွမ်းကျင်ပညာ အလုပ်တခုကို လွန်ခဲ့တဲ့ ၅ နှစ်အတွင်း

၂ နှစ် လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရှိရန်သာ လိုအပ်တယ်လို့ ဆိုပါတယ်။

လူတဦးကို လျှောက်လွှာ တစောင်သာ လျှောက်ခွင့်ရှိပြီး အပိုလျှောက်ကြောင်း တွေ့ရှိရင်တော့ အပယ်ခံရမှာ ဖြစ်ပါတယ်။

ဇနီးမောင်နှံများကတော့ တယောက်ကို တစောင်စီ လျှောက်ခွင့်ရှိတာကြောင့် အခွင့်အရေး နှစ်ဆ ရရှိနိုင်ပါတယ်။

ဒီဗီ ကံစမ်းမဲ လျှောက်ရာမှာ အမေရိက အစိုးရကို အခကြေးငွေ ပေးစရာ မလိုဘဲ အခမဲ့ ဖြစ်ပေမယ့် ဗီဇာ မဲပေါက်ရင်တော့ LPR ဆိုတဲ့ အမြဲတမ်းနေထိုင်ခွင့်ဗီဇာအတွက် ကျသင့်ငွေ တဦးကို

US ဒေါ်လာ ၁, ဝ၇ဝ နဲ့ ဆေးစစ်ခတွေ ပေးဆောင်ကြရမှာဖြစ်ပါတယ်။

ဒါ့အပြင် US ကို လာရောက်ဖို့အတွက် ခရီးစရိတ်ကိုလည်း ကျခံရမှာ ဖြစ်ပါတယ်။

ဗီဇာ ကံစမ်းမဲကို မြန်မာနိုင်ငံမှာ မွေးဖွားသူ မည်သူမဆို မည်သည့်နိုင်ငံအတွင်း ရောက်ရှိနေသည် ဖြစ်စေ

လျှောက်ထားနိုင်ပြီး US မှာ ပညာသင်ကျောင်းဗီဇာ၊ အလုပ်ဗီဇာ၊ ဧည့်ဗီဇာ စတဲ့ ယာယီဗီဇာတွေနဲ့

လက်ရှိနေထိုင်နေသူများလည်း အကျုံးဝင်ပါတယ်။

လျှောက်လွှာတွေကို အင်တာနက် အွန်လိုင်းမှသာ လက်ခံမှာဖြစ်ပြီး လျှောက်လွှာ တစောင်အတွက်

အချိန် မိနစ် ၆ဝ တိတိသာ ကန့်သတ်ထားပါတယ်။

မိနစ် ၆ဝ ကျော်တာနဲ့ အွန်လိုင်းပုံစံမှာ ဖြည့်စွက်ထားတဲ့ အချက်အလက်တွေအားလုံး ပျက်ပြယ်သွားနိုင်ပါတယ်။

ဒါကြောင့် လျှောက်လွာ တင်သူများအနေနဲ့ အချက်အလက်တွေကို အဆင်သင့် ပြင်ဆင်ပြီးမှ လျှောက်ထားဖို့ အရေးကြီးပါတယ်။

၂၀၁၆ ခုနှစ်အတွက် ဒီဗီကံစမ်းမဲနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ရှိ အမေရိက သံရုံးကနေ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အောက်တိုဘာလဆန်းအတွင်း ရှင်းလင်းဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။

၂၀၁၆ ဒီဗီကံစမ်းမဲ လျှောက်နိုင်တဲ့နေရာကတော့ – http://www.dvlottery.state.gov/

ဖြစ်ပါတယ်။

 

=====================================================

=====================================================

US ၊ လော့စ်အိန်ဂျယ်လိစ်မြို့၊ ဗြဟ္မဝိဟာရကျောင်းမှာ ၁၄ ကြိမ်မြောက် သံဃမဟာ ပဝါရဏာပွဲနဲ့

အသံမစဲ ပဋ္ဌာန်းပွဲတို့ကို ကျင်းပတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

သံဃမဟာပဝါရဏာပွဲကို အောက်တိုဘာ ၈ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ကျင်းပမှာဖြစ်ပြီး ၊

အသံမစဲ ပဋ္ဌာန်းပွဲကိုတော့ အောက်တိုဘာ ၁၂ ရက် ၊ တနင်္ဂနွေနေ့ကနေ ၁၉ ရက်၊

တနင်္ဂနွေနေ့ အထိ ၈ ရက်တိုင်တိုင် ကျင်းပမယ်လို့ သိရပါတယ်။

လော့စ်အိန်ဂျယ်လိစ်အနီး အဇူဇာမြို့မှာ တည်ရှိတဲ့ ဗြဟ္မဝိဟာရကျောင်းမှာ နှစ်စဉ်ကျင်းပနေတဲ့

အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲဟာ US မှာ ကျင်းပတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ အခမ်းအနားတွေထဲမှာ

အကြီးကျယ်ဆုံး ပွဲတော်တခု ဖြစ်ပြီး ယခုနှစ်မှာ ၁၄ နှစ်မြောက် ဖြစ်ပါတယ်။

အမေရိက ၊ ဩစတြေးလျနဲ့ မြန်မာနိုင်ငံက သံဃာ ၄၄ ပါး နေ့ရောညပါ

အလှည့်ကျ ရွတ်ဖတ် ပူဇော်တော်မူကြမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။

အောက်တိုဘာ ၁၂ ရက်၊ ပဋ္ဌာန်းဖွင့်ပွဲနဲ့ အောက်တိုဘာလ ၁၉ ရက်၊ ပဋ္ဌာန်းအောင်ပွဲနေ့တွေမှာ

ကုသိုလ်ကောင်းမှု အလှူ ဒါနပြုလိုသူများအနေနဲ့ ကြွရောက် လှူဒါန်းနိုင်ကြောင်း နှိုးဆော်လိုက်ရပါတယ်။

ပွဲတော် လိပ်စာကတော့ Brahma Vihara (Azusa Monastery),

1790 and 1830 Ranch Road, Azusa, CA 91702 ဖြစ်ပြီး

အသေးစိတ် သိရှိလိုသူများအနေနဲ့ Tel: (626) 969 5959 ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

 

====================================================

====================================================

 

အမေရိက နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ် ၊ စက်ကရာမင်တိုမြို့ ၊

သာသနာ့ဂုဏ်ရည်ကျောင်းတည်ရှိရာ ၊

Swanston Community Center, 2350 Northrop Ave, CA 95825 မှာလည်း

ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းကြမှာ ဖြစ်၍

အောက်တိုဘာလ 19 ရက် မနက် 10 း00 မှ စတင်ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

ကြွရောက် ကုသိုလ်ယူကြဖို့ သတင်းပေးအပ်ပါတယ်။

အသေးစိတ် သိရှိလိုသူများ ဖုန်း (916) 477 9068 ကို စုံစမ်းနိုင်ပါတယ် ။

 

==================================================

==================================================

အမေရိကနို်င်ငံ ၊ ဥက္ကလံမြို့ ၊ ဓမ္မအေးရိပ် ကျောင်း တည်ရှိရာ

2325 23 rd Ave, Oakland CA 94606 မှာလည်း အောက်တိုဘာလ 25 ရက် စနေနေ့

မနက် 10 း00 မှ စတင်ပြီး ကထိန်သင်္ကန်းကပ်လှူပူဇော်မှာဖြစ်တာကြောင့်

မည်သူမဆို ကြွရောက် ကုသိုလ်ယူနိုင်ကြပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

အသေးစိတ် သိရှိလိုသူများ ဆက်သွယ်ဖို့အတွက် ဖုံးနံပါတ်ကတော့ …

415-935-7114 ၊ 510-585-6773 ဖြစ်ပါတယ်။

 

==================================================

==================================================

အမေရိကနိုင်ငံ ၊ ကာလီဖိုးနီးယားပြည်နယ် ၊ ဒေးလီးစီးတီးမြို့ ၊ ရတနာ ဉာဏ်ရောင် ဓမ္မရိပ်သာ ၊

တည်ရှိရာ ၊ 699 St Francis Blvd, Daly City, CA 94015 မှာ                                                        

စုပေါင်း ကထိန်သင်္ကန်းကပ်လှူပွဲကို အောက်တိုဘာလ 26 ရက်နေ့ နံနက် 9 း30 မှ စတင်ပြီး

ကျင်းပမှာဖြစ်တဲ့အတွက် ကြွရောက်ပြီး ကုသိုလ်တော်ယူနိုင်ကြပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ။

ပွဲတော်နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုသူများ ရှိပါက …

ဖုန်း (650) 755 -7197 ကို ဆက်သွယ်နိုင်ပါကြောင်း သိရှိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီတပတ် သတင်းZone ကတော့…

ခရီးက ပြန်ရောက် ရောက်ချင်း… တညအတွင်း…. အပြီး လုပ်လိုက်ရတာမို့…

ကိုယ့် ထင်မြင်ချက်လေးတွေလည်း…ထည့်မရေးအားတော့ဘူးဗျို ့ ။

သိပ်နောက်ကျသွားရင်လည်း..  သတင်းတွေက အိုသွား ဟောင်းသွားမှာ စိုးလို့ ။

ဒီအတိုင်းလေးပဲ..တင်လိုက်ရပါကြောင်း….

နောက် အပါတ်တွေမှာတော့…  ဒီ့ထက် ပိုကျစ်လျစ်အောင်…တင်ပြပေးဖို့ ရည်ရွယ်ထားပါကြောင်း….

မိတ်ဆွေများ..လွတ်လပ် ငြိမ်းချမ်းကြပါစေကြောင်း…

ချစ်ခင်လေးစားလျက်….

 

အလင်းဆက် ( Gazette)

 

၂၀၁၄ ၊ ၉ ရက် ၊ အောက်တိုဘာ ၊

 

 

 

7 comments

  • Yae Myae Tha Ninn

    October 9, 2014 at 10:23 am

    အားပေးတယ်ဗျိုး… မပျက်မကွက်ကို တင်ပေးနေတာ ကျေးဇူးပါ… 🙂

    • အလင်းဆက်

      October 9, 2014 at 10:27 am

      အားပေးနေတဲ့ အတွက်လည်း..ဇူးဇူးပါ..ကိုရေမြေ့ရေ…

      :k:

  • ကေဇီ

    October 9, 2014 at 11:16 am

    ဟိ။
    ၂ ယောက်ပျောက်၊
    ဥဥတေက အားသွန်ခွန်စိုက်ရှာ
    ရှာတဲ့ ယာဉ်ပါ ပျောက်
    ပြန်တွေ့။
    ဟိဟိ။
    ရေခဲတောင်မှာဘာ ကြောရှိလားမသိ။
    ပွင့်လင်းရာသီရောက်တဲ့ထိ ပျောက်နေတဲ့ ၂ ယောက်က မီးလှုံပြီး စောင့်နေမှာတို့ ဘာတို့။

    :kwi:

    ထိုင်းက ၂ ယောက်ကိစ္စ က အကောင်းဘက်ပါလာဘီ။
    တူ ကိုင်ထားတဲ့ ပြောင်ပြောင် ကြောင့် နေမှာ။
    အဟွတ်။

    :kwi:

  • ကေဇီ

    October 9, 2014 at 12:37 pm

    နာ တော့ မဟုတ်တော့ဘူးး
    သူများတွေ
    နေကြတ်သွားတယ် ပြောတော့လည်း မက်စိ အပြူးသား (ဪ)
    လကြတ်သွားတယ် ပြောတော့လည်း မက်လုံး အပြူးသား (ဟုတ်လားးး)
    ဘယ်တုန်း က ကြတ်သွား ကြတာတုန်းးး

    :a:

    ~~~

    ဒီ သီတင်းတွေနဲ့တော့ အဆိုင်ပါဘူးး

    :k:

    • အလင်းဆက်

      October 9, 2014 at 1:52 pm

      လကြတ်သွားတာလား ဘာလားတော့မသိ။
      မနေ့က (လပြည့်နေ့ ည ရးဝ၀) ကရင်ပြည်နယ်ကနေအပြန်
      အောင်မင်္ဂလာအဝေးပြေးထဲ ကားအဝင်မှာမှ
      ကောင်းကင်ကို မော့ကြည့်မိတာ။

      လက ပြည့်နေရမှာ မပြည့်ပဲ ညာဘက်အခြမ်းတစ်ခြမ်းလုံးနီးပါး
      မည်းမည်း ကြီး အကွင်းလိုက် ဖြစ်နေတာတော့ မြင်ရတယ်ဗျ။

      တိမ်ဖုံးသလို မဟုတ်တာတော့ သေချာပါရဲ့။

      :k:

  • ဂျက်စပဲရိုး

    October 9, 2014 at 3:58 pm

    အဲ့ဒီ အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကို စိတ်ထဲမှာ စနိုးစနောင့်ကြီးရယ်။
    မြန်မာနိုင်ငံသား ၃၀၁၅ ယောက် မှာ တကယ် အပြစ်မရှိဘဲ မတရားခံထားရတဲ့လူ က ဘယ်နှယောက်ပဲ ပါပြီး
    လူဆိုးလူမိုက်တွေက ဘယ်နှယောက် ပါနေလဲ ဆိုတာ တယ် မတွေးရဲ

    လိပ်ကျွန်း လူသတ်မှု ကိုက တရားရုံး အဖွဲ့က ပယ်ချလိုက်တယ်ဆိုလား
    သူ့ စုံစမ်းစစ်ဆေးရာမှာ နည်းစနစ် မမှန်လို့ ဆိုလားပဲ

    ဦးဘဂျမ်း ကာတွန်းပြိုင်ပွဲ နဲ့ ပတ်သက်လို့ကတော့ မနှစ်က ဒေါ်စု ကို လှောင်ထားတဲ့ ကာတွန်းတစ်ပုဒ် ကို တင်ထားလို့
    ဖေ့စ်ဘွတ်ခ် မျိုးချစ်တစ်ယောက်ကနေပြီးတော့ “ဦးဘဂျမ်း ခင်ဗျား အသက်ကြီးမှ မိုက်ချင်တုန်းကိုး” ဆိုတဲ့ သဘောမျိုး ကောမန့် ရေးသွားတာ သတိရမိ။

    ဗုံးတွေ ပေါက်နေကြတာကတော့ တဖြည်းဖြည်းလန့်ဖို့ကောင်းလာပြီ ထင်တာပဲ ဒီချိန်ကြီးက ပွဲတော်ချိန် လူစည်ကားတုန်းကြီးရယ် း(
    ဒါနဲ့ စကားမစပ် အဲ့ဒီ ဗုံးတွေနဲ့ ဟို ISIS ၇၁၈ ယောက် ရဲ့ ဂျီဟတ် နဲ့များ ပတ်သက်လေမလားမသိ။
    နယ်စပ်တွေ မှာ အဲ့လူတွေ ပုံတွေ သတိပေးထားသင့်လေမလား။
    ၇၁၈ယောက်ကြီးများတောင် ဆိုတော့လဲ တယ်တော့ မလွယ်ဘူး မှတ်ဖို့က း)

    ဒီဗွီ လေးတော့ လျှောက်ကြည့်ဦးမှပါ 😛

    • အလင်းဆက်

      October 9, 2014 at 4:13 pm

      သတင်းအစုံကို… စုံပလုံစိအောင်….ဝင်ဆွေးနွေးပေးသွားတဲ့အတွက် ဇူးဇူးပါဗျာ.. ။

      နယ်စပ်တွေမှာ လုံခြုံရေးအတွက် ပိုဂရုစိုက်သင့်တာနဲ့ ပတ်သက်လို့…
      ကျနော် မနေ့ ညနေကမှ ကရင်ပြည်နယ်ထဲက ပြန်ရောက်တယ် ။

      ကရင်ပြည်နယ်ထဲ အဝင်ရော အထွက်ပါ..
      အသွား အလာ..တောက်လျှောက်မှာ…
      စစ်ဆေးရေးတော့…ခါတိုင်းထက် ပိုထူသွားတယ် ။
      စစ်သားတွေရော ရဲတွေရော…
      မြိုင်ကြီးငူဘက် ဝင်တော့… ဒီကေဘီအေတပ်ဖွဲ့တွေလား..ဘာတွေလား…ပြောက်ကျားတွေနဲ့..
      စစ်လိုက် ဆေးလိုက်တာမှ…. ။

      အဲ…
      ကိုယ် တည်းတဲ့ ရွာနဲ့…သိပ်မဝေးတဲ့နေရာမှာတော့…
      သေနတ်ဒဏ်ရာနဲ့..လူတစ်ယောက် သေတယ်… ။
      ဘယ်သူ ့လက်ချက်မှန်း မသိရ… ။

      ညရေးညတာ…ဘုရားစာ ရွတ်ပြီး အိပ်ရတယ်.. ။
      မိုးလင်းရင်..ခေါင်း ရှိနေသေးလား..စမ်းကြည့်ရတယ်.. ။

      အဟွတ် ။

      မြန်မာနိုင်ငံကြီး အေးချမ်းသာယာနေပုံ… ။

      :k:

Leave a Reply