တရုတ်ပြည်ကြီး ဆုံးရှုံးခဲ့ရသော ကလေးမများ

Burmese RoseOctober 9, 20141min17810

ကျွန်မတို့ကို China’s lost girls လို့ခေါ်ကြတယ်။ တရုတ်နိုင်ငံမှ ပျောက်ဆုံးသွားသော ဒါမှမဟုတ် တရုတ်နိုင်ငံ ဆုံးရှုံးသွားသော သမီးပျိုလေးများလို့ နှစ်မျိုးအဓိပ္ပာယ်ကောက်လို့ ရပါတယ်။

ဆုံးရှုံးသွားတယ် ဆိုတာက ပိုမှန်မှာပါ။ ကျွန်မတို့ ပျောက်ဆုံးသွားတာ မဟုတ်ပါဘူး။ ကျွန်မတို့ကို ဖျောက်ပစ်ခဲ့တာပါ။

တရုတ်နိုင်ငံရဲ့ “အိမ်ထောင်တစ်ခု၊ကလေးတစ်ယောက်” ဥပဒေကြောင့် ကျွန်မတို့လို မိန်းကလေးတွေ အများကြီးပါ။ ယောက်ျားလေးမှ လိုချင်တဲ့ ကျွန်မတို့ ဘိုးဘွားတွေရဲ့ ရှေးရိုးစွဲ အယူအဆကြောင့် ကျွန်မတို့ဟာ မိန်းကလေးတွေပါလို့ သိသွားတဲ့အချိန်မှာ ကျွန်မတို့က အနီးနားက ပန်းခြံတစ်ခုရဲ့ ခြုံပုတ်နားမှာမရှိရင် နီးစပ်ရာ မိဘမဲ့ဂေဟာမှာ ရောက်နေပါလိမ့်မယ်။

ကျွန်မကတော့ ကျွန်မမိဘတွေအတွက် မမျှော်လင့်ပဲ ရောက်လာခဲ့တဲ့ ဒုတိယရင်သွေးပါ။ နိုင်ငံရဲ့ ဥပဒေနဲ့ ဆန့်ကျင်နေတဲ့အတွက် တခြားရွေးစရာလမ်းတော့ သိပ်မရှိပါဘူး။ ကျွန်မလက်မှာ မွေးနေ့ရေးထားတဲ့ လက်ပတ်လေးတစ်ခုပတ်ပေးပြီး ကျွန်မကို မိဘမဲ့ဂေဟာမှာ စွန့်ပစ်ခဲ့ပါတယ်။

ကျွန်မကို စွန့်ပစ်ခဲ့တဲ့ မိဘတွေကိုပဲ အပြစ်တင်ရမလား၊ ကလေးတစ်ယောက်တည်း မွေးရမယ်ဆိုတဲ့ ဥပဒေကို ပြဌာန်းထားတဲ့ အစိုးရကိုပဲ အပြစ်တင်ရမလား၊ ကျွန်မရဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရမလား။ သူတို့သာ မစွန့်ပစ်ခဲ့ရင် တရုတ်ပြည်မှာ ခုထိဆင်းဆင်းရဲရဲနဲ့ပဲ နေနေရမှာ၊ အခုဆို အမေရိကားမှာ အဆင့်မြင့်မြင့်နဲ့ နေရတာပေါ့လို့ ပြောတဲ့သူတွေလည်းရှိပါတယ်။ ဟုတ်ပါတယ်။ စိတ်သဘောထားကောင်းတဲ့ အမေရိကန်စုံတွဲက မွေးစားခဲ့လို့ ကျွန်မရဲ့ဘဝ ချောမွေ့ခဲ့ပါတယ်။ သဘောမနောသိပ်ကောင်းတဲ့ မွေးစားအဖေနဲ့အမေက ကျွန်မကို လိုလေးသေးမရှိအောင် ထားခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်ဟာ အစွန့်ပစ်ခံပါဆိုတဲ့ အသိစိတ်ကတော့ တစ်ခါတစ်ခါ ကျွန်မကို သိပ်အားငယ်စေခဲ့ပါတယ်။

ကျွန်မကတော့ ကံကောင်းလို့ စိတ်ထားကောင်းတဲ့မွေးစားမိဘတွေနဲ့ ကြုံခဲ့ပါတယ်။ ကျွန်မလို မိန်းကလေးမျိုး ဘယ်နှစ်ယောက်လောက် ပန်းခြံထဲကခြုံနားမှာ အေးခဲပြီးသေဆုံးခဲ့ပြီလဲ။ ဘယ်နှစ်ယောက်လောက် စိတ်ထားမကောင်းတဲ့ မွေးစားမိဘနဲ့တွေ့လို့ စိတ်ဆင်းရဲ၊ အနေဆင်းရဲဖြစ်နေလဲ။ ဘယ်နှစ်ယောက်လောက် မိဘမဲ့ဂေဟာမှာပဲ ဆွေမရှိမျိုးမရှိ ကြီးပျင်းခဲ့ရပြီလဲ။

 

——————————————————————————–

China’s lost girls လို့ရိုက်ထည့်ပြီး ရှာကြည့်ရင် YouTubeမှာ ဗီဒီယိုတွေ တွေ့ပါလိမ့်မယ်။ အဲဒီထဲကမှ Lisa Lingရဲ့ ဗီဒီယိုကို အရင်ကြည့်မိပြီး စိတ်ထဲမှာဖြစ်လာတာလေးတွေကို ရေးကြည့်တာပါ။

 

 

ကြိုးစားပါဦးမည်။

ပီအက်စ် – ကွန်မန့်ဖတ်ရတာပျော်တယ်။ ဖတ်ပြီးရင် ကွန်မန့်လေးရေးပေးပါ။ ရေးပေးပါ။

ပီပီအက်စ် – အသွင်တစ်မျိုးဖြင့် ဆက်ရန်ရှိပါသည်။

10 comments

  • ကေဇီ

    October 9, 2014 at 2:02 pm

    အဲဒီ ပြသနာကလည်း ခုထိ ရှင်းမရနိုင်။
    ပြောရင်လည်း ကိုယ်ပါ ကျားမ ခွဲသလိုဖြစ်နေတော့မယ်။

    :a:

  • တောင်ပေါ်သား

    October 9, 2014 at 2:09 pm

    ဟုတ်ပါတယ်လေ ၊

    ဘယ်သူ့အပြစ်တင်ရမှန်း မသိတော့တဲ့ ဘဝတွေပေါ့ ၊

    မနေ့က Hotel Rwanda ဆိုတဲ့ ရုပ်ရှင်ထဲမှာတော့ လူမျိုးစု မတူတဲ့ ကလေးပေါင်းများစွာကို သတ်ပြီး

    လူမျိုးတုံးစစ်ဆင်ရေးကြီးနဲ့ နှိပ်ကွပ်ခဲ့ကြတယ်လေ ၊

    ဪ လက်ရှိကိုယ်တွေဘဝဟာ သူတို့ထက်တော့ တော်ပါသေးလားလို့

    ( ကိုယ့်ထက်သာတဲ့ တိုင်းပြည်က လူတွေအကြောင်း မေ့ထားရင်း ) တွေးမိပါတယ် ၊

  • kai

    October 9, 2014 at 2:10 pm

    “အိမ်ထောင်တစ်ခု၊ကလေးတစ်ယောက်” ဥပဒေကြောင့်မွေးတဲ့ကလေးက.. လူ၆ယောက် ( ၂ဖက်အဖိုးအဖွားနဲ့..မိဘ)ဝိုင်းပြီးဂရုစိုက်ခံရတဲ့ကလေးဖြစ်လို့နေပြန်ပါတယ်…။

    အဲဒီတော့.. အဲဒီ တဦးတည်းသော..သား..မြေး…ကလေးမှာ.. မရှိခြင်း..မသိခြင်းတွေအပါအဝင်.. တော်တော်ကို.. အတ္တကြီး..တကိုယ်ကောင်းဆန်စိတ်.. မွေးလာတာနဲ့အတူတူုတွဲပါပြီးသလိုဖြစ်သွားတာပါ…။
    အဲဒီကလေးတွေ.. အခု.. စိနပြည်ကြီးကို.. အုပ်ချုပ်..ကိုင်တွယ်ရတဲ့နေရာတွေရောက်နေကြပြီလေ…

    ဆိုတော့…
    စိနပြည်ဟာချမ်းသာကောင်းချမ်းသာလာမယ်..။ ဒါပေမယ့်….
    အင်မတန်တကိုယ်ကောင်းဆန်တဲ့.. တိုင်းပြည်ဖြစ်လို့နေပြန်တာပေါ့..။

    အိမ်နီးချင်းတိုင်းပြည်ဟာ.. ရွေးချယ်ဖို့..အခွင့်အလန်းမရှိပါ…။ ပထဝီမြေသဘာဝအရတွဲပါလာလို့ပါပဲ..။
    စိနပြည်ရဲ့အိမ်နီးချင်း.. မြန်မာပြည်စာ.. ဒီလိုအချက်မျိုးကို.. သေသေချာချာနားလည်ပြီး.. စီးပွားရေးနဲ့နိုင်ငံရေးပေါ်လစီကောင်းတွေဆွဲသင့်.. :k:

  • weiwei

    October 9, 2014 at 7:23 pm

    တကယ်တော့ အဲဒီ One child ဥပဒေက တစ်နိုင်ငံလုံးအတွက် မဟုတ်ပါဘူး။ ပြည်နယ်တစ်ခုနဲ့တစ်ခုလဲ မတူဘူး။ ကျွန်မသိတဲ့ ကျောင်းသားတစ်ယောက်ဆိုရင် မောင်နှမ ၃ ယောက်ရှိပါတယ်။ သူတို့မြို့က ဥပဒေကတော့ ပထမကလေးက မိန်းကလေးမွေးရင် နောက်ထပ် တစ်ယောက်ထပ်မွေးခွင့်ရှိပါတယ်။ ဒါပေမယ့် နောက်တစ်ယောက်က မိန်းကလေးဖြစ်ရင်တော့ ထပ်မွေးခွင့်မရှိတော့ဘူး။ သူတို့မိသားစုကတော့ ဒုတိယကလေးကလဲ မိန်းကလေးပဲမွေးပြန်တယ်။ အဲဒါနဲ့ အဲဒီကလေးကို တခြားကလေးမရတဲ့အိမ်ထောင်တစ်ခုဆီကို မွေးစားဖို့ပေးလိုက်ပြီး နောက်ထပ်ကလေး ထပ်မွေးတယ်။ အဲဒီတော့မှ ယောက်ျားလေးရလာတယ်။ ၃ ယောက်မွေးခဲ့ပေမယ့် ၂ ယောက်ပဲ စာရင်းဝင်ခဲ့တယ်။

    • Burmese Rose

      October 10, 2014 at 3:24 am

      တရုတ်ပြည်က သူငယ်ချင်းတစ်ယောက်ပြောတာတော့ တစ်ဦးတည်းသောသားနဲ့ တစ်ဦးတည်းသောသမီးဆိုရင် ကလေးနှစ်ယောက်ထိ ယူလို့ရပါတယ်တဲ့။ နောက်တစ်ယောက်ကတော့ ယောက်ျားလေး၊ ဒုတိယကလေး၊ သူ့မိဘတွေက ပိုက်ဆံတတ်နိုင်တော့ အစိုးရချသမျှ ဒဏ်ငွေကိုဆောင်ပြီး နောက်ကလေးတစ်ယောက်ယူခဲ့တာပါတဲ့။

      တရုတ်တွေရဲ့ ကျားမှကျားဆိုတဲ့ အစွဲအလမ်းတွေက ယနေ့ထက်ထိ ရှိနေတုန်းပဲလား…

  • ခင် ခ

    October 9, 2014 at 11:50 pm

    One Child ဥပဒေရှိခဲ့တာတောင် တရုတ်ပြည်လူဦးရေ ဒီလောက်များပြားနေတာ မရှိများ မရှိခဲ့ရင် တတိယကမ္ဘာစစ် နယ်ချဲ့မှုဟာ တရုတ်က စနိုင်ဖွယ်ရှိမလားနော်။

    • kai

      October 10, 2014 at 1:26 am

      အနောက်နိုင်ငံတွေရဲ့..စနစ်တကျမောင်းနှင်ထားမှုနဲ့.. အဲဒီများပြားလှတဲ့လူတွေဟာ.. ကမ္ဘာ့အသုံးအဆောင်ပစ္စည်း အများဆုံးထုတ်ဖို့.. လုပ်အားတွေပေးနေရတဲ့သူတွေဖြစ်လို့နေပါတယ်..။
      ယူအက်စ်က.. ဒေါ်လာလို့ခေါ်တဲ့.. စက္ကူတွေနဲ့.. အလုပ်လုပ်ခိုင်းထားတယ်လေ…။
      လက်လှုပ်မှ ရှင်သန်ကြရတယ်ပေါ့…။

      အဲလိုဖြစ်ရင်းကပဲ.. ငွေကြေးကြွယ်ဝလာကြတယ်..။
      ကမ္ဘာဒုတိယအချမ်းသာဆုံးနိုင်ငံဖြစ်သွားပြီ…။

      .. အိမ်နီးချင်းနိုင်ငံ.. လူဦးရေနည်းသူတွေခမြာ.. မသက်သာဘူးသာမှတ်ပေတော့….. လို့.. :k:

    • Burmese Rose

      October 10, 2014 at 3:32 am

      One Child ဥပဒေ အပေါင်း ယောက်ျားလေးလိုချင်သောမိဘများ ညီမျှချင်း တရုတ်ပြည်မှာ မိန်းကလေးရှားနေလို့ တရုတ်ပြည် တောင်ပိုင်းဖက်မှာ ညီအစ်ကိုတွေ မိန်းမတစ်ယောက်ကို ရှဲတာတွေတောင် ရှိသတဲ့တော်

  • မြစပဲရိုး

    October 10, 2014 at 1:28 am

    ဒီမှာလဲ ကလေး ကျောင်းမှာ အင်္ဂလိပ်အမေ အဖေ ရဲ့ သမီး က တရုတ်မလေး ဖြစ်နေတာ။
    သူ့ကြည့်ရတာလဲ မွေးစားကလေး ထင်ရဲ့။
    ဒါပေမဲ့ မိဘ တွေ ကလဲ အတော်ချစ်ပုံဘဲ။
    သူ့ကြည့်ရတာလဲ ပျော်တဲ့ ပုံဘဲ။

    ပီအက်စ် – ကွန်မန့်လေးရေးပေးပါတယ်။ ခင်မ ဝမ်းမြောက်ပါလေတော့။
    ပီပီအက်စ် – အသွင်တစ်မျိုးဖြင့် ဖတ်ရန် စောင့်နေပါတယ်။
    :))

    • Burmese Rose

      October 10, 2014 at 3:42 am

      ဗီဒီယိုတွေထဲမှာ တွေ့ရတဲ့ ကလေးမလေးတွေကတော့ ချစ်စရာပါ။ မွေးစားမိဘတွေကို ချစ်ကြသလို မိဘတွေကလည်း သိပ်ချစ်တဲ့ပုံ ပေါက်ပါတယ်။

      ပီပီပီအက်စ် – ကျေးဇူးများကြီးတင်ပါတယ် မြစပဲရိုးရှင့်။ (ဂျက်စပဲရိုးနဲ့ ဘာတော်လဲဟင်)

Leave a Reply