ရွှေအကြောင်းသိကောင်းစရာ 161,162,163

Zaw AungOctober 9, 20141min1012

ရွှေအကြောင်းသိကောင်းစရာ (161)

facebook မှာ page ဖွင့်ပြီးကတည်းက phone ဆက်ပြီး ရွှေဈေးစုံစမ်းတဲ့သူတွေများလာတယ် ကြိုဆိုပါတယ် မေးတဲ့သူတိုင်းကို သေချာဖြေပေးပါတယ်။လာဝယ်ချင်တဲ့ သူကိုလည်း ဆိုင်နေရာလမ်းညွှန်ပေးလိုက်ပါတယ်။တစ်ချို့လဲလာဝယ် သွားကြပါတယ်။လာရောင်းချင်တယ်လို့ ဖုံးထဲကနေပြော ရင်တော့ ကျွန်တော့်ဆိုင်က ဝယ်သွားတဲ့ရွှေကိုဘဲ ပြန်ဝယ် ပါတယ်လို့ပြောပြရတယ်။ရွှေဆိုင်တွေပြင်ပရွှေမဝယ်တဲ့ အကြောင်း အမှတ်စဉ် 15 မှာ ရေးပြီးပါပြီ အဓိကအကြောင်းကတော့ ပြဿနာရှိနေတဲ့ ရွှေဖြစ်မှာ ကြောက်လို့ပါ။ဒါပေမယ့်ကိုယ့် customer ကိုအဲလိုသွား ပြောရင်စော်ကားရာရောက်မှာပေါ့။ကိုယ်ဝယ်ခဲ့တဲ့ဆိုင်မှာဘဲသွားပြန်ရောင်းလိုက်ပါ ဈေးမှန်ရမှာပါ။နောက်ထပ်ဝယ် ရင်သာကျွန်တော့်ဆိုင်မှာအားပေးပါ။ရွှေဈေးနှုန်းကို အမြဲတမ်း facebook page မှာတင်ပေးထားပါတယ်။ဆိုင်မှာလဲ white board မှာရေးပေးထားပါတယ်။အချိန်မရွေးဝယ်လို့ရောင်းလို့ရပါတယ်လို့ရှင်းပြလိုက်ရပါတယ်။ ်

ရွှေအကြောင်းသိကောင်းစရာ (162)

ဆိုင်မှာအမျိုးသမီးတစ်ယောက် ဆွဲကြိုးလာပြန်ရောင်းတယ် ဝယ်သွားတုန်းက တစ်ကျပ်သား အခုပြန်ချိန်ကြည့်တော့ ၁၅ ပဲသားဘဲ ရှိတော့တယ်။ဝယ်သွားတာလဲ သုံးလေးလပဲရှိသေးတာ ဆိုတော့ဒီလောက်အများကြီး လျော့တာမဖြစ်နိုင်ဘူး။ အလွန်ဆုံးလျော့ရင် တစ်ရွေးနှစ်ရွေးပေါ့။ဝယ်သူကလဲ ပြောပြီပေါ့ ခင်ဗျားတို့ရောင်းကတည်းက သေချာမချိန်ပေး လိုက်လို့ ဖြစ်မယ်။အဲဒီထဲက လျော့နေတာဖြစ်မယ်ပေါ့ ကိုယ်ကလည်း ပန်းတိ်မ်ဆရာဆီက လက်ခံတုန်းက တစ်ခါချိန်တယ် ရောင်းတော့တစ်ခါချိန်တယ်။စာရင်းစာ အုပ်မှာလဲသေချာရေးထားတယ်။တစ်ကျပ်သားလို့ ပြဿနာကနဲနဲရှင်းရခက်နေပြီ။ သူကကိုယ်မှားတာလို့ပြော ကိုယ်ကလဲမဟုတ်ကြောင်း ရှင်းပြနဲ့ပေါ့။စကားပြောရင်းဆိုရင်းနဲ့ ဒီကြိုးဟာသူ့ဝတ်ထားတာမဟုတ်ဘူး။သူ့သားကိုပေးဝတ်ထားတာ အခုမှသူ့ဆီက ယူလာပြီးလာရောင်းတာ ဆိုတာသိလိုက်ရတယ်။အဲဒီအချိန်မှာ ရုတ်တရက် ဖြတ်ကနဲတစ်ခုတွေးမိသွားတယ်။
(စဉ် 163 သို့ ) ်

ရွှေအကြောင်းသိကောင်းစရာ (163)
(စဉ် 162 မှအဆက်)

ကြိုးကိုသေချာပြန်ယူကြည့်ပြီး ဆိုင်ကပုံစံတူ ကြိုးတွေနဲ့ သေချာယှဉ်ကြည့်လိုက်တယ်။တစ်လက်မလောက်တိုနေတယ်။အစ်မကြီးသားတစ်လက်မလောက်ဖြတ်ရောင်းလိုက်တာဖြစ်မယ်လို့ပြောလိုက်တော့မှ သူလဲပြန်စဉ်းစားပြီး `အင်း..ဖြစ်နိုင်တယ်´ ဆိုပြီးကိစ္စရှင်းသွားတယ်။အဲဒါဖြစ် ပြီးကတည်းက ကြိုးတို့ ဟန်းချိန်းတို့ရောင်းရင် ဘောက်ချာမှာအရှည်ထည့်ရေးပေးလိုက်တယ်။ လွယ်လွယ်နဲ့ရှင်းသွားတဲ့ကိစ္စတွေရှိသလို ခက်ခက်ခဲခဲရှင်း ရတဲ့ကိစ္စတွေလဲရှိပါတယ်။ အရင်တုန်းကတော့ တိတိကျကျ မှန်မှန်ကန်ကန်လုပ်တော့ ပြဿနာပိုများတယ်။အခုတော့ တော်ရုံတန်ရုံဆိုလျော့ပေး လိုက်တယ်အနစ်နာခံလိုက်တယ် သည်းခံလိုက်တယ် နားလည်ခွင့်လွှတ်ပေးလိုက်တယ်။ပြဿနာတော်တော်နည်းသွားတယ်။ဥပမာ တစ်ချို့ဝယ်သူတွေ ဈေးတည့်ပြီးဘောက်ချာဖွင့်ပြီးကာမှ မရောင်းနိုင်တဲ့ဈေးထပ်ဆစ်တယ်။ အရင်ကဆိုရင်ဒါလဲ ပြဿနာတစ်ခုပဲ အခုဆိုရင်တော့ရပါတယ်လို့ပဲ ပြောလိုက်တော့တယ်။

2 comments

  • မြစပဲရိုး

    October 10, 2014 at 1:49 am

    { တစ်ချို့ဝယ်သူတွေ ဈေးတည့်ပြီးဘောက်ချာဖွင့်ပြီးကာမှ မရောင်းနိုင်တဲ့ဈေးထပ်ဆစ်တယ်။ အရင်ကဆိုရင်ဒါလဲ ပြဿနာတစ်ခုပဲ အခုဆိုရင်တော့ရပါတယ်လို့ပဲ ပြောလိုက်တော့တယ်။ }

    ဒါဆိုရင် ကိုဇော်အောင် ရဲ့ “ရပါတယ်” က ဘယ်လောက် ဆစ်ဆစ် ပေးလိုက်ရောလား။
    ကျွန်မ ကတော့ ဈေးဝယ်ရင် နှုတ်မချိုလဲ နေ။ မှန်မှန်ကန်ကန် ရှိတဲ့ ဆိုင်ကို ပိုအားပေးတယ်။
    တစ်ချို့ ဈေးသည်များ ပြောလိုက်ရင် ဘု ဘောက် ဒါပေမဲ့ ဘယ်တော့မှ မဟုတ်တာမလုပ်ဘူး။

  • Zaw Aung

    October 10, 2014 at 8:11 pm

    ရပါတယ်ပြောပြီး ပစ်စည်းပြန်သိမ်းလိုက်တာပေါ့

Leave a Reply