မွေးတာက မြိတ်… ၂ နှစ်ခွဲသားမှာ ရန်ကုန်ရောက်… TB Subject ကြောင့်လဲ ပါတယ်…

 

မူကြို  –  မူကြို ၄ မှာ တက်ခဲ့တယ်… အစ ပိုင်း ရက်တွေမှာ မျက်ရည် နဲ့ မျက်ခွက်… ကျောင်းမတက်ချင်ဘူးဆို ငို… ကျောင်းကားလာခေါ်ရင် လိုက်…

ဘာလို့လဲ ဆိုတော့ ပြောတာက မြိတ်လို ဆိုတော့… သူတို့က နားမလည်… စကားကလဲ ပြောချင်… ဒါကြောင့်… နောက်တော့ ဆိုးတာမှ တာတေလန်…

နေ့လည် ထမင်းစားရင် လိုက်ပွဲ ဘယ်သူယူမလဲဆို.. မရှာနဲ့… သားကို ပေး ဆိုတာချည်းပဲ…

စားပြီးအိပ်ရင် ဆရာမတွေ အခန်းထဲက ထွက်သွားတာနဲ့…. တစောင်း စောင်းအိပ်တဲ့ ကောင်တွေကို အောက်မှာ ဆီးစေ့လို ဆူးသီးတွေ လိုက်ထား… :)

အပြစ်ပေးလို့ ရျိုက်ရင် မဖြုံ… အိမ်က ရိုက်တာ ပိုကြမ်းတော့ အယားပြေပဲ ရှိတယ်… နောက်ဆုံး အပြစ်အကြီးဆုံးက နေ့လည်စာ မကျွေးမှပဲ… လိမ္မာတော့တယ်….

 

သူငယ်တန်း –  စီခန်းပဲ ရတယ်… ကျောင်းအပ်တာ နောက်ကျလို့.. အမှတ်အရဆုံးက ဋ တလင်းချိတ်ရေးခိုင်းတာ မရေးတတ်လို့ မြွေဖြစ်သွားတယ်… မိဘတွေ လာမကြိုသေးလို့… ငိုရသေးတယ်…

တကယ်တော့ သူတို့ လူတွေနဲ့ တိုးနေရလို့… အဲဒါ ပထမဆုံး နဲ့ နောက်ဆုံး ကျောင်းကို လိုက်တာ…( ကျောင်းအပ်ချိန်ကလွဲပြီး )

ဘာလို့ဆိုတော့ ရန်ခဏခဏဖြစ်လို့… ဖင်ထိုင်ခုံတွေ နောက်မှီတွေနဲ့ကို လှဲ တင့်ကားဆိုပြီး တိုက်ကြတာ မှတ်မိသေးတယ်… ဆရာမ နာမည်က ဒေါ်နောဖောဆေး…

ကျောင်းကတော့ အလုံ ( ၄ ) ကူရှင်ဆိုတဲ့ ကျောင်းမှာပါ…

 

ပထမတန်း –  စီခန်းပဲ… အတန်းပိုင် ဒေါ်စန်းစန်းမြင့်… မှတ်မိတာက … အနီရောင် ကျောပိုးအိတ်ကလေးနဲ့ ကျောင်းတက်ရတယ်… ထမင်းဘူးကိုပါ.. အိတ်ထဲထည့်တော့ စာအုပ်တွေ အကုန် ဆီစွန်းသွားတယ်…

ရန်ဖြစ်တာ မိုင်ကုန်ပဲ… အဒေါ်ဆရာမက နေ့တိုင်း ဆရာမနဲ့ လာတွေ့ရတယ်… အမှန်က ကျွန်တော်က ဖြစ်တာ တပွဲရယ်… သူငယ်ချင်းတွေကြောင့် လိုက်ရတာ… ဒါပေမဲ့ နာမည်တပ်ရင် ကျွန်တော်ပဲ…

စတားလို့ ခေါ်တယ်…လက်ရုံး ၂ ယောက်ရှိတယ်… အာကာတင်ထွန်း နဲ့ ဟိန်းထွန်းလင်း…

အဲဒီနှစ်က ဂျပန်က သွားတွေကို အခမဲ့လာစစ်ပေး… ဘောပင်တွေ မင်အနက်ရောင်နဲ့ ကို လက်ဆောင်ပေးတယ်…

အဖေက ခရီးသွားလုပ်ငန်းလုပ်တော့ အထက် မြန်မာပြည် အောက်မြန်မာပြည် အကုန် ဘုရားလိုက်ဖူးရတယ်…

မန္တလေးက ရွှေမြင်းဝန်ကျောင်း ဆရာတော် ဦးသုတလင်္ကာရက ပထမဆုံး ကိုရင် ၀တ်ပေးခဲ့တယ်…

 

ဒုတိယတန်း – ဘီခန်း ရောက်သွားပြီ… ကရင်မကြီး ဒေါ်မြင့်မြင့်ဝင်းက အတန်းပိုင်… အဲနှစ်မှာ လိမ္မာ ရန်မဖြစ်တော့တာ… ဆရာမသားကို သံဂေါ်ပြားနဲ့ ပစ်မိလို့…

နဂိုသွေးစုနာ ထွက်နေတဲ့ ကောင်က သွေးတွေ မျက်နှာမှာ အများကြီးနဲ့ဆိုတော့… ကျွန်တော်လဲ လန့်သွားတယ်… ကျောင်းထုတ်မယ်တဲ့… မဖြစ်ဘူးရယ်… အိမ်ကို တိုင်စာသာ ပို့တာ.. အိမ်က မလိုက်ဘူးလေ…

ကိုယ်ဖြစ်ကိုယ်ခံတဲ့… ကျောင်းထွက်ရရင် အမှိုက်ကောက်ခိုင်းမယ်တဲ့… မဖြစ်ဘူးလေ… ပြီးတော့ ကျွန်တော် အဲချိန်ထိ နေ့တိုင်းကွန်ပါဘူးမှာ TB ဆေးတွေ ရောင်စုံပါတယ်…

ဆေးလဲ မကုတော့ဘူးတဲ့… မြိတ်ပြန်မယ်တဲ့… ကျွန်တော် အကြောက်ဆုံးက မြိတ်ပြန်မှာကိုပဲ… ပြီးတော့ မသေချင်ဘူး… အမှိုက်လဲ မကောက်ချင်ဘူး… ဒါနဲ့ ဆရာမကို ထိုင်ကန်တော့ တောင်းပန်ရတယ်…

သား နောက်မဆိုးတော့ပါဘူးဆိုပြီး… ကိုယ့်နေ့မဟုတ်လဲ တံမြက်စည်းလှည်း၊ ရေခပ်၊ ခုံစီ နဲ့ပေါ့… ကိုယ်လိမ္မာတော့ တပည့်တွေက လိုက်ပြီး ကူကြတယ်… :)

 

တတိယတန်း – အေခန်း ရောက်ပြီ… ဒေါ်မော်မော်ဦး ဘော်ဂါ ရပ်ကွက်မှာနေတယ်… အဘွားက ရှင်ပြုဆိုလို့ မြိတ်ပြန် ကိုရင် ထပ်ဝတ်တယ်… ပထော်တောင် ပထက်တောင် တက်ခဲ့တယ်…

အိမ်က မုန့်ဖိုး မပေးတော့ … အိမ်က ပေးတဲ့ ဟင်း ရှပ်သီကို သူငယ်ချင်းကို ငါးချောင်း ထည့်ပေးလိုက်ရင် ၃ ချောင်းကို ငါးကျပ်နဲ့ ရောင်းတယ်… သူက ကိုယ့်ဆီက မုန့်ပြန်တောင်းစားရတယ်…

အောင်သူလှိုင်တဲ့… ယခု ပုသိမ်မြို့မှာ ဦးစီးမှုး… ဘာဦးစီးမှူးလဲတော့ မသိဘူး.. သူလဲ အခုထိ တွေ့ရင် ပြောပြီး ရီ ကြသေးတယ်… အိမ်က ဟင်းကို ဘာစားမလဲ ပေးရင် ဒါပဲစားမယ် ပြောတယ်…

မထူးလဲ အိမ်က ဘဲဥက တခြမ်းပဲရတယ်… သူငယ်ချင်းတွေ ကြား ရှက်လို့.. တလုံးယူရင် ပြန်လာရင် ဟင်းအနှစ်နဲ့ ထမင်းစားရတယ်… သူတို့ကလဲ ရန်ကုန်ရောက်တော့ အလုပ်တွေက မအောင်မြင်ဘူးလေ…

အလိမ်ခံရတာကိုး… ဒါတွေကို ပြောပြတော့… ကျွန်တော်လဲ မပူဆာရက်ဘူး… ကိုယ့်အ၀တ်ကိုယ် ပြောင်အောင် လျှော်တတ်နေပြီ… ဟင်းလဲ နည်းနည်း ချက်တတ်နေပြီ…

မနက်ဆို ပေးမကစားဘူးလေ… ဟင်းချက်တာ ဘေးက ထိုင်ကြည့်ခိုင်း… ပြိးရင် ကြက်သွန်နီဖြူခွာ… ပြီးရင် ဟင်းမွှေ… အရသာမြည်း… ဒါနဲ့ပဲ နည်းနည်း ချက်တတ်လာတယ်…

ပိတ်ရက် ကစားရင်လဲ အရုပ်မ၀ယ်နိုင်ဘူး… ဒီတော့ လက်တည့်အောင် ကျင့်ရတယ်… သူများက ကြေးစားခေါ်ဆော့ရင် ဆော့ပေး.. အရုပ်ရရင် အရင်းထောင် ပြန်ဆော့…

အိမ်ပြန်ရင် အရုပ်တွေ ရေဆေး၊ အသစ်၊ အပောာင်းခွဲ ၊ ပြန်ရောင်း၊ အဲပိုက်ဆံနဲ့မှ ပိုက်ဆံကြေးပစ်တဲ့ ၀ိုင်းမှာ သွားဆော့တယ်… ရှုံးတယ်ဆိုတာ အဘိဓာန်မှာ မရှိသလောက်ပဲ…

ပေါင်းပြီး ကလိန်ကျရင် အိမ်ပေါ်ထိ တက်ရိုက်တယ်… ဟီး… ဖတ်ရင်း မေတ္တာပို့ချင်နေပြိမလား… တကယ်ကို ဆိုးခဲ့တာ…

တရပ်ကွက်လုံးက အောင်လေးဆို ရှောင်ခိုင်းတယ်… ဒါပေမဲ့ ကစားရင် ဒီလူတွေ ပဲ ရှိတာလေ… ပြီးရင် အမှတ်မှ မရှိတာ…

နောက်ရပ်ကွက်တွေနဲ့ ရန်ဖြစ်ရင် ကျွန်တော်က ကိုယ့်ရပ်ကွက်သားဘက်က ထိုးပေးတော့ လူကြီးတွေက .. အော်… ဒါမျိုးတော့ အားကိုးရတယ် ဖြစ်ပြန်ရော…

အမှန်က ကျွန်တော်က တရားသဖြင့်ပဲ လုပ်တာပါ… လာညစ်လို့ ထိုးတာ… လူကြီးတွေက ဒါကို မသိဘူးလေ… သူတို့သားပဲ မှန်တယ် ထင်တာ… စိတ်မကောင်းဘူး…

အိမ်ပြန်ရောက်ရင် ဘယ်သူမှားမှား… ကျွန်တော်က အရိုက်ခံရတယ်… အဖေရိုက်လို့ အမေ့နားကပ်ရင်… နင်က .. ဆိုးတာကိုး ဆိုပြီး ထပ်ရိုက်တယ်… ကပ်စရာ အဘွားပဲ ရှိတယ်…

ရိုက်တဲ့ ကြိမ်လုံးကို မုန်းလို့ လမ်းကြားထဲ လွှင့်ပစ်တာ ကြိမ်လုံး သချိုင်းတောင် ဖြစ်နေလောက်တယ်… ပြန်ုလုပ်ရင်လဲ ငရဲကြီးမှာဆိုတော့ အောင့်ခံပေါ့…

ကြိမ်လုံးပျောက်တော့ ဘာနဲ့ ရိုက်တယ်ထင်လဲ… တံမြက်စည်း တချောင်းရိုးတွေ ရှိတယ်… အဲဒါနဲ့ ရိုက်တယ်..ဗျ… အဲတော့ အရေခွံထူတာ မဆန်းဘူး…

ပြီးရင် တော့ အဲကောင်ကြောင့် အရိုက်ခံရရင် သေပြီပဲ… အပြင် ပြန်ရောက်ရင် အဲကောင်လဲ အသေပဲ… သူတို့တွေမှာ အကိုရှိလဲ ၄ နှစ် ၅ နှစ်ကြီးလဲ ခံထိုးတယ်…

အဖေ့လက်သီးလောက်တော့ မမာပါဘူး… အေးဆေးပဲ… ကိုယ့်လက်သီးသာ ခံစားကြည့်ပေါ့….

ခံပြင်းတာက အဖေအမေက ကိုယ့်ဘက်မရှိတာပဲ… နင့်မိဘက မဆုံးမဘူးလား ပြောရင် ပြန်ပြောတဲ့ စကားက… ဆုံးမတယ်.. မိုက်ချင်လို့ မိုက်တာ ဘာဖြစ်လဲ ဆိုတာပဲ…

တခါကဆို မြန်မာကားတွေမှာ ကလေးက ငိုတော့ မိဘက သားလေး ဘာဖြစ်တာလဲ ချော့မေး မုန့်ကျွေးနဲ့ဆိုတော့… မျှော်လင့်ပြီး ငိုဖူးတယ်…

မေးတယ်.. ဘာဖြစ်တာလဲ… မဖြေဘူး… မူတာပေါ့… ကြာတော့ ဆက်ချော့မယ် ထင်လား…  နိုးပါ… အိမ်လာဘ်တိတ်လို့ ဆိုပြီး အရိုက်ခံရတယ်…

စိတ်နာလား မိဘကို ဆိုတော့ ဒုတိယနှစ်ထိ နေ့တိုင်း ရန်ဖြစ်ရတယ်.. ဒါပေမဲ့ ကိုယ်လဲ ကိုယ်ချင်းစာတတ်လာတော့ …. သူတို့ကို အပြစ်မတင်ရက်ပါဘူး…

ရပ်ကွက်ကလဲ ဒီကောင် ကြီးလာရင် လူဆိုးဖြစ်မယ် ဟောကိန်းထုတ်တယ်… အမျိုးတွေထဲမလဲ ဒီကောင် ဂျစ်ကန်ကန်ပဲ ပြောတယ်…

ဟွန်း… ဒါပေမဲ့ ကျွန်တော် ထွန်းပေါက်သင့်သလောက် ထွန်းပေါက်ခဲ့ပါတယ်… ထင်သလောက် မဆိုးတော့ပါဘူး ….

တဦးတည်းသောသား ပျက်စီးမှာ စိုးတဲ့ စိုးရိမ်စိတ်… အလိုလိုက်ရင် ဆိုးမှာ ကြောက်တဲ့ စိတ်ကို သားနားလည်ခဲ့ပါပြီ…

 

တကယ်တော့ တခါတည်း ရေးမလို့ပဲ… စာအရမ်းရှည်ရင်… အင်ထရက်ကျသွားမှာ စိုးလို့ အပိုငိးခွဲလိုက်တာပါ… ဆိုးလိုက်တာလို့သာ ဆဲကြပေရော့… :)

 

 

 

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...