မင်္ဂလာပါ ။ အပါတ်စဉ်တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်းZone – သတင်းအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ တစ်ပါတ်အတွင်းမှာ ဖတ်ခဲ့ရတဲ့ သတင်းတွေထဲက ကောက်နှုတ်တင်ပြ ပြောဆိုချင်တဲ့ သတင်းတွေကတော့။။။။

• အမေရိက သမ္မတ Barack Obama နဲ့ အမေရိက စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေအပါအဝင်
နိုင်ငံတကာ ကာကွယ်ရေး အဆင့်မြင့်အရာရှိတွေဟာ IS အစ္စလာမ်မစ် စစ်သွေးကြတွေကို နှိမ်နှင်းရေး ဆွေးနွေးကြမယ့် သတင်း၊
• လက်ပန်တောင်းတောင် အရေးနဲ့ ပတ်သက်ပြီး အဖမ်းခံထားရတဲ့ ဗကသများအဖွဲ့ချုပ်ဝင် မဖြူနှင်းထွေးကို တရားရှင် ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်း ၊
• အမေရိကပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်မှ သူနာပြုဆရာမ တဦးကို အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်နေတဲ့သတင်း၊
• ပြည်သူလူထုထံမှ မတရားရရှိတဲ့ ငွေကြေးဥစ္စာ ပိုင်ဆိုင်မှုတွေကို ဖော်ထုတ် အရေးယူပြီး အမေရိက အစိုးရက သိမ်းဆည်းလိုက်တဲ့သတင်းနဲ့
• တိုင်းရင်းသားဒေသတွေမှာ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲတဲ့ စီမံကိန်းတွေနဲ့ မြေယာသိမ်းဆည်းမှုတွေရပ်တန့်စေရေး ကြေညာချက်တစောင် ထုတ်ပြန်လိုက်တဲ့သတင်း
• မာလာလာ ယူဆတ်ဖ်ဇိုင် နဲ့ ၊ အိန္ဒိယနိုင်ငံမှ ခိုင်လတ်ရှ် ဆတ်ယာသီတို့ နှစ်ဦးကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပူးတွဲချီးမြှင့်လိုက်တဲ့သတင်း၊
• ကရင်တပ်မတော် DKBA က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တဲ့အတွက် ခရီးသည်တင်ယာဉ်တစီးကို ထိမှန်ပြီး ခရီးသည် ၄ ဦး သေဆုံးသွားတဲ့ သတင်း၊
• မြန်မာအစိုးရအနေနဲ့ အကျဉ်းသားတွေကို လွှတ်ငြိမ်းခွင့်ပေးနေခြင်းဟာ နိုင်ငံရေးအရ အနှစ်သာရ မဲ့တဲ့ လုပ်ရပ်သာဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ AI ရဲ့ ထုတ်ဖော်ကြေညာချက်နဲ့
• ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင်တစ်ဦးကို NLD က တရားစွဲဆိုခဲ့တဲ့အမှု ပယ်ချခံလိုက်ရတဲ့ သတင်း
• ထိုင်းနိုင်ငံ ၊ Koh Tao ကျွန်းမှာ အသတ်ခံခဲ့ရတဲ့ ဗြိတိန်စုံတွဲအမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ မြန်မာအလုပ်သမားနှစ်ယောက်ရဲ့ အမှုဖြစ်စဉ် နောက်ဆုံးရသတင်း၊
• မြို့တော်ခန်းမရှေ့ ၊ မဟာဗန္ဓုလပန်းခြံနံဘေးမှာ ဖွင့်ထားတဲ့ မိကျောင်းကန် သပိတ်စခန်းက ဆန္ဒပြသူတွေ အစာငတ်ခံဆန္ဒပြနေကြတဲ့ သတင်း
• အင်းစိန်ထောင်အတွင်းမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အပါအ၀င်
နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဆန္ဒဖော်ထုတ်ကြတဲ့ သတင်းများ ၊ အပါအဝင်….
အခြား စိတ်ဝင်စားဖွယ်ရာ သတင်းအချက်အလက်တွေကို တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
=====================================================
=====================================================

အောက်တိုဘာ ၁၅ ။

ဆီးရီးယားနဲ့ အီရတ်နိုင်ငံတို့က IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို
တိုက်ခိုက်နှိမ်နှင်းရေးတွေ ဆွေးနွေးကြဖို့ အမေရိက သမ္မတ Barack Obama နဲ့
အမေရိက စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေအပါအဝင် နိုင်ငံတကာ ကာကွယ်ရေး အဆင့်မြင့်အရာရှိတွေဟာ
တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ဝါရှင်တန်မြို့တော်အပြင်ဘက်က Andrews လေတပ်အခြေစိုက်စခန်းမှာ ပြုလုပ်မယ့်
အဆိုပါ ဆွေးနွေးပွဲမှာ ညွန့်ပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဆိုင်ရာ ကြုံတွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့
ရှေ့ဆက် လုပ်ဆောင်ရမယ့် ဗျူဟာတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။
အဆိုပါ ဆွေးနွေးပွဲကို တူရကီ အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ဆီးရီးယားနယ်စပ်မြို့ဖြစ်တဲ့ Kobani မြို့ရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အလွန်အမင်း အထူးစိုးရိမ်ပူပန်မိကြောင်း
အမေရိက သမ္မတ အိုဘားမား က ပြောဆိုနေပါတယ်။

(ချ…ချ အိုဘယ့် ဘားမားရေ… )

=====================================================
=====================================================
အောက်တိုဘာ ၁၅ ။

စက်တင်ဘာလလယ်ပိုင်းတုန်းကတည်းက အဖမ်းခံထားရတဲ့ ဗကသများအဖွဲ့ချုပ်ဝင် မဖြူနှင်းထွေးကို
ယင်းမာပင်ခရိုင် တရားရုံးကနေ တရားရှင် ပြန်လွှတ်ပေးလိုက်ပြီလို့ သတင်းရရှိပါတယ်။

အမှုကို ဆက်ပြီး စစ်ဆေးဖို့ဖြစ် ပြင်ထားပေမယ့် တရားလိုဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်ဘက်ကနေ
အမှုကို ပြန်ရုပ်သိမ်းသွားတဲ့အတွက် မဖြူနှင်းထွေး ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ပြီး
ဦးပိုင်ကုမ္ပဏီအနေနဲ့ အမှုကို ဘာကြောင့် ပြန် ရုပ်သိမ်းပေးလိုက်သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး ။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဦးပိုင်ကုမ္ပဏီနဲ့အတူတွဲပြီး လုပ်နေတဲ့ တရုတ်နိုင်ငံပိုင် ၀မ်ပေါင်ကုမ္ပဏီက
တရုတ်အလုပ်သမား နှစ်ဦးကို ပြီးခဲ့တဲ့မေလက ပြန်ပေးဆွဲမှုနဲ့ ပတ်သက်ပြီး
ပုဒ်မ ၃၆၄/၆၈ တို့နဲ့ စွပ်စွဲပြီး မဖြူနှင်းထွေးကို မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးခဲ့တာပါ။

ဝမ်ပေါင်ကုမ္ပဏီနဲ့ ပတ်သတ်ပြီး လက်ပန်တောင်းတောင် ဒေသမှာ ကန့်ကွက်ဆန္ဒပြမှုတွေရှိခဲ့တဲ့အပြင်
ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင် ကျဆုံးပြိုပျက်ပါစေဖို့အတွက် ကျိန်စာတိုက် ဆုတောင်းမှုကို
ဒေသခံပြည်သူတွေက တရုတ်အလံ မီးရှို့ပြီး လက်ပံတောင်း တောင်ခြေမှာ အောက်တိုဘာ လဆန်းက ပြုလုပ်ခဲ့ကြပါတယ် ။

ကျိန်စာတိုက်ပွဲအတွင်း ဝမ်ပေါင်ကုမ္ပဏီအလိုမရှိ ၊ စစ်ခရိုနီဦးပိုင် ကျဆုံးပါစေ ၊
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေး နဲ့
မဖြူနှင်းဖွေးအပါအဝင် မတရားဖမ်းဆီးထားသူများကို ချက်ချင်းလွှတ်ပေး…စတဲ့ကြွေးကြော်မှုတွေလည်း ပြုလုပ်ခဲ့ကြဖူးပါတယ်။

(မဖြူနှင်းထွေး ပြန်လွတ်လာတာ ဝမ်းသာမိပါတယ် ။ ဒါနဲ့ တရုတ်အလံကို မီးရှို့ပြီး ကျိန်စာတိုက်တာနဲ့….
ကျဆုံးသွားမှာလားဟင်.. ။ ကျိန်စာတွေ အစွမ်း ရှိမရှိ…. လက်တွေ့ စောင့်ကြည့်နေမိတယ်။ )

:k:
==================================================
==================================================
အောက်တိုဘာ ၁၄ ။

အမေရိကပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ် ဆေးရုံမှ သူနာပြုဆရာမ တဦးကို
အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီး အဲဒီ သူနာပြုရဲ့အမည်ကို
သက်ဆိုင်ရာ အာဏာပိုင်တွေက ယနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အမေရိကနိုင်ငံမှာ ပထမဆုံး ရောဂါကူးစက်သူဟာ အသက် ၂၆ နှစ်ရှိ
ဗီယက်နမ်အမျိုးသမီး သူနာပြုဆရာမ နီနာဖမ်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

လိုင်ဘေးရီးယားနိုင်ငံကနေ အီဘိုလာ ရောဂါကူးစက်ခဲ့ပြီး အမေရိကကို ရောက်ရှိလာတဲ့
သောမတ်စ် အဲရစ် ဒန်ကင်ကို အတွင်းလူနာအဖြစ် ကုသပေးခဲ့တဲ့ ဒါးလတ်စ်ဆေးရုံမှ သူနာပြု
နီနာဖမ် ဟာ အီဘိုလာရောဂါသည်လူနာကို ပြုစုစဉ်မှာ ပိုးမွှားကာကွယ်ရေးဝတ်စုံတွေ အပြည့်အစုံ ဝတ်ဆင်ထားတဲ့ကြားက
ရောဂါကူးစက်ခဲ့တာကြောင့် ဘယ်လို ရောဂါ ကူးခံရတယ်ဆိုတာကို အပူတပြင်း အဖြေ ရှာဖွေနေကြပါတယ်။

အမေရိကမှာ အီဘိုလာ ပထမဆုံး ဖြစ်ပွားခဲ့တဲ့ သောမတ်စ် ဒန်ကင် နေထိုင်ခဲ့ရာ
ဗစ်ကရီ မဲဒိုးအရပ် အနီးဝန်းကျင်မှာ မြန်မာနိုင်ငံနဲ့ အာဖဂန်နစ္စတန်တို့ကနေ ရောက်ရှိလာတဲ့ ဒုက္ခသည်မိသားစုတွေလည်း နေထိုင်လျက်ရှိပါတယ်။

အမေရိကမှာ ပထမဆုံး အီဘိုလာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ သောမတ်စ် ဒန်ကင်နဲ့ ၎င်းထံမှ ဗိုင်းရပ်စ်ပိုးကို
ပထမဆုံး ကူးစက်ခံရတဲ့ နီနာ ဖမ်တို့ရဲ့ သတင်းတွေ အရေးတကြီး ထွက်ပေါ်လာခဲ့ပြီးနောက်မှာ နယူးယောက်၊ ဂျွန် အက်ဖ် ကနေဒီ လေဆိပ်မှာ
အနောက်အာဖရိကနိုင်ငံတွေက ရောက်လာသမျှ ခရီးသည်တွေကို ကျန်းမာရေးအဖွဲ့တွေ စတင် စိစစ်နေတဲ့အပြင် ၊
ယခုတပတ်အတွင်းမှာပဲ နယူးဂျာဆီ ၊ နယူးအတ် လစ်ဘာတီ လေဆိပ်၊ ဝါရှင်တန်ဒီစီ ဒါးလက်စ် လေဆိပ်၊
ရှီကာဂို အိုဟာရဲလေဆိပ်၊ အတ္တလန်တာ ဟတ်စ်ဖီးလ်-ဂျက်ဆင် လေဆိပ်တွေမှာလည်း
စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

((အမေရိကားမှာလည်း အီဘိုလာကြောင့် အထိတ်တလန့် ဖြစ်နေကြပြီ ။
ဆိုတော့ အမေရိကားဘက်က ပြန်လာတဲ့ မြန်မာတွေကိုလည်း
နိုင်ငံအဝင်မှာ သေချာ စစ်ဆေးပြီး စောင့်ကြည့်ရတော့မှာထင်ရဲ့ ။
မြန်မာနိုင်ငံထဲ အီဘိုလာဖြစ်တယ်ဆိုတာမျိုး သိပ်မတွေ့ရသေးတာကိုပဲ ကံကောင်းနေသေးတယ် မှတ်နေရပါလား ။
ဒါပေမယ့်ပေါ့လေ….
မြန်မာနိုင်ငံထဲမယ်… အီဘိုလာထက် ဆိုးတဲ့ ရောဂါတချို့….ကူးစက်ခံနေရတာ…ကြာပါပြီ…ကွယ်… ။ ))

===================================================
===================================================
အောက်တိုဘာ ၁၃ ။

အမေရိက ပိုင်နက်အတွင်းမှာ မတရားသဖြင့် ပိုင်ဆိုင်ထားတဲ့ ဥစ္စာပစ္စည်းတွေကို သိမ်းယူမယ့် အမှုမှာ
အမေရိက အစိုးရနဲ့ အီကွေတာ ဂီနီ ဒုတိယသမ္မတ အိုဘီယန် တို့ဟာ ဒေါ်လာ ၃၄ သန်းနဲ့ ညှိနှိုင်းသဘောတူညီချက်ရရှိ သွားပြီ ဖြစ်ပါတယ်။

အမေရိက ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ အီကွေတာ ဂီနီနိုင်ငံ ဒုတိယသမ္မတ တီအိုဒိုရို နဂူးမား အိုဘီယန် ပိုင်ဆိုင်တဲ့ စံအိမ်ကြီး၊ ဖယ်ရာရီပြိုင်ကားနဲ့ မိုက်ကယ်လ် ဂျက်ဆင်ရဲ့ ပုံတူ ပန်းပုရုပ် ခြောက်ခုကို ရောင်းချပြီး ရရှိတဲ့ ငွေတွေကို အမေရိက အစိုးရထံ အပ်နှံရမှာ ဖြစ်ကြောာင်း အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ပါတယ်။

ညှိနှိုင်းသဘောတူညီချက်အရ အီကွေတာ ဂီနီနိုင်ငံမှာ ရှိတဲ့ အိုဘီယန်ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ မိုက်ကယ်လ် ဂျက်ဆင်ရဲ့ နာမည်ကျော် ကျောက်စီ လက်အိတ်ဖြူတို့ကိုတော့ ဒုသမ္မတ အိုဘီယန်ကပဲ ဆက်လက် ပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
အာဖရိကတိုက် အလယ်ပိုင်းရှိ အီကွေတာ ဂီနီနိုင်ငံ ဒုတိယသမ္မတ အိုဘီယန်ဟာ
ပြည်သူလူထုဆီက လာဘ်ငွေများ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများ၊ အစိုးရငွေကြေး အလွဲသုံးစားမှုများဆီကနေ မတရား ရရှိလာတဲ့
ငွေကြေးဥစ္စာတွေနဲ့ အမေရိက ပြည်ထောင်စုမှာ ဒေါ်လာ သန်း ၃၀၀ ဖိုး ထိုက်တန်တဲ့ အိမ်မြေ၊ ပိုင်ဆိုင်မှုများ
ဝယ်ယူ စုဆောင်းထားတဲ့အတွက် ဖော်ထုတ် အရေးယူခြင်း ဖြစ်ပါတယ်။

အိုဘီယန်သည် ကွယ်လွန်သူ ပေါ့ပ်ဂီတဘုရင် မိုက်ကယ်လ် ဂျက်ဆင်ရဲ့ အမှတ်တရ ပစ္စည်းများစွာကို ဝယ်ယူစုဆောင်းထားပြီး
ကယ်လီဖိုးနီးယားပြည်နယ်ရှိ နာမည်ကျော် လူဂုဏ်ထံရပ်ကွက် ဖြစ်တဲ့ မာလီဘူမှာ ကြီးကျယ်ခမ်းနားလှတဲ့ စံအိမ်ကြီးကိုလည်း ဝယ်ယူထားပါတယ်။

အိုဘီယန်ဟာ အမေရိက မြေပေါ်ရှိ ၎င်းရဲ့ပိုင်ဆိုင်မှုတွေကို ရက် ၃၀ အတွင်းမှာ အပြီးရောင်းချပြီး
အမေရိက အစိုးရလက်ကို အပ်နှံရမှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ သိမ်းယူရရှိတဲ့ ငွေကြေးတွေထဲက စရိတ်နုတ်ယူပြီးနောက်မှာ
အီကွေတာ ဂီနီ ပြည်သူလူထုကို အကျိုးပြုမယ့် လုပ်ငန်းတွေဆီ ခွဲဝေပေးအပ်မှာ ဖြစ်ကြောင်း သိရပါတယ်။

အမေရိက အစိုးရဟာ ပြည်သူလူထုထံမှ မတရားရရှိတဲ့ ငွေကြေးဥစ္စာ ပိုင်ဆိုင်မှုတွေကို ဖော်ထုတ် အရေးယူပြီး
သိမ်းဆည်းခဲ့ရာမှာ နိုင်ဂျီးရီးယား သမ္မတဟောင်း ဆန်နီ အဘာချာထံက ဒေါ်လာ သန်း ၄၈၀ ဖိုး အများဆုံး ရရှိခဲ့ပြီး
ထိုင်ဝမ်သမ္မတဟောင်း ချန်ရွှီဗျန်ထံမှ ဒေါ်လာ ၁.၅ သန်းလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။
ကာဇက်စတန်နိုင်ငံမှာ မတရားသောနည်းတွေနဲ့ စီးပွားရှာခဲ့တဲ့ အမေရိက ရေနံလုပ်ငန်းရှင်
ဂျိမ်းစ် ဂစ်ဖင်ထံမှ ဒေါ်လာ ၈၄ သန်းကိုလည်း သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

((ဒီသတင်းကြားတော့… အမေရိကအနေနဲ့….မြန်မာနိုင်ငံဘက် …တစ်ချက်လေး..စောင်းငဲ့ကြည့်ဦး……လို့….
သီချင်းဆိုတာပါ ။ )

:lol:

===================================================
===================================================
အောက်တိုဘာ ၁၃ ။

မြန်မာပြည်ရဲ့ တိုင်းရင်းသားဒေသတွေမှာ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲတဲ့ စီမံကိန်းတွေနဲ့
မြေယာသိမ်းဆည်းမှုတွေရပ်တန့်စေရေးအတွက်
အစိုးရအဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူကို တိုက်တွန်းတောင်းဆိုတဲ့ ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

ဒေသခံတိုင်းရင်းသားတွေမှာ လူမှုဘဝထိခိုက်ပျက်စီးမှု၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက်
အဲဒီအခက်အခဲတွေကို ဖြေရှင်းပေးဖို့နဲ့ ငြိမ်းချမ်းရေးရရှိပြီး နောက်ပိုင်းကာလမှာမှ ဒေသခံတွေရဲ့ သဘောထားကို ကောက်ခံပြီး
စီမံကိန်းတွေပြန်လည် လုပ်ကိုင်ဖို့အရေး ကြေညာချက်ကို
ထားဝယ်မြို့အခြေစိုက် ထားဝယ်ဖံွ့ဖြိုးမှုအဖွဲ့၊ တာကပေါလူမှုအဖွဲ့ အပါအဝင် အဖွဲ့အစည်း ၅ ဖွဲ့က
ဒေသခံတွေရဲ့ သဘောထားကောက်ခံပြီး ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။

အစိုးရစစ်တပ်နဲ့ ကေအဲန်ယူ အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်းမှာ တနင်္သာရီတိုင်းကို ဝင်ရောက်လာတဲ့ စီမံကိန်းတွေကြောင့်
သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေရှိလာတဲ့အတွက် အခုလိုကြေညာချက်
ထုတ်ပြန်တောင်းဆိုရတာဖြစ်တယ်ကြောင်း ထားဝယ်မြို့အခြေစိုက် တာကပေါလူမှုအဖွဲ့ထံက သိရပါတယ်။

((တောင်းဆိုတာတွေ ဆန္ဒဖော်ထုတ်တာတွေ ကန့်ကွက်တာတွေက….ပြည်သူလူထုဘက်က အပိုင်း…
လုပ်စရာ ရှိတာ ဆက်လုပ်ရမှာက….သူတို့ အပိုင်း…. ။
ဒါကြောင့်… အော် ရင်း မော မသွားဖို့သာ ဆန္ဒပြုပါကြောင်းးးးး ))
==================================================================
==================================================================
အောက်တိုဘာ ၁၂ ။

ကလေးသူငယ်များရဲ့ အခွင့်အရေးနဲ့ ပညာသင်ကြားရေးတို့အတွက် အသက်အန္တရာယ်ကို မမှုဘဲ
လုပ်ကိုင် ဆောင်ရွက်နေသူ နှစ်ဦး ဖြစ်တဲ့ ပါကစ္စတန်နိုင်ငံမှ မာလာလာ ယူဆတ်ဖ်ဇိုင် နဲ့ ၊
အိန္ဒိယနိုင်ငံမှ ခိုင်လတ်ရှ် ဆတ်ယာသီတို့ နှစ်ဦးကို ၂၀၁၄ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပူးတွဲချီးမြှင့်လိုက်ပါတယ်။

အသက် ၁၇ နှစ်ရှိ အထက်တန်းကျောင်းသူ မာလာလာဟာ အသက်အငယ်ဆုံး နိုဘယ်လ်ဆုရှင်ဖြစ်သွားပြီး
၂၀၁၄ ခုနှစ် နိုဘယ်လ်ဆုရွေးချယ်မှုက ကလေးသူငယ်များအရေး၊
ပညာရေး လှုပ်ရှားသူများကို ဦးစားပေး ရွေးချယ်ပေးခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက် ကျောင်းသူလေးနဲ့ အသက် ၆၀ ရှိ လျှပ်စစ်အင်ဂျင်နီယာဟောင်းကို
ပူးတွဲ ရွေးချယ်ခဲ့တာဟာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်ရာမှာ အသက်အရွယ်က
အဓိကမကျကြောင်း ပြလိုက်သလိုဖြစ်ကြောင်း ပြောဆိုမှုတွေ ရှိလာပါတယ်။

ဆုရရှိသူနှစ်ဦးအတွက် နိုဘယ်လ်ဆုငွေ ဒေါ်လာ ၁.၁ သန်းကို အညီအမျှ ခွဲဝေရရှိမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

((ဂုဏ်ယူပါတယ် မာလာလာ ။ သူရေးထားတဲ့ စာအုပ်တစ်အုပ် ရှိတယ် ။
အဲဒီ စာအုပ်ကို ကျနော်တို့ ရွာထဲက ဘာသာပြန် စာရေးဆရာများ ဘာသာပြန်ပေးတာလေး ဖတ်ရရင် ကောင်းမယ်လို့….တွေးမိဖူးပါကြောင်းးးး ))
=====================================================
=====================================================
အောက်တိုဘာ ၁၂ ။

မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထပ်ကတည်းက ဆင်ဆာ ပိတ်ပင်ခံခဲ့ရတဲ့အတွက် ပြသခွင့် မရခဲ့တဲ့ ပန်းချီကားတချို့ကို
ပထမဆုံးအကြိမ်အဖြစ် ပြည်ပမှာပြသမယ့် “Banned in Burma” လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲကို ဟောင်ကောင်မှာ
ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။

ပြပွဲကျင်းပမယ့် ရက်ကတော့ အောက်တိုဘာလ ၂၀ ကနေ နိုဝင်ဘာလ ၉ ရက်နေ့ အထိ တကြိမ်၊
နိုဝင်ဘာလ ၂၉ ရက်ကနေ ဒီဇင်ဘာလ ၁ ရက်နေ့ထိ တကြိမ် ၊ နှစ်ကြိမ်ခွဲပြသမယ်လို့ သိရပါတယ်။

အဆိုပါပန်းချီကားတွေဟာ နိုင်ငံရေးသရုပ်ဖော်ပုံ၊ ဘာသာရေးသရုပ်ဖော်ပုံနဲ့ ဝတ်လစ်စလစ်ပုံတွေဖြစ်ပြီး
မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် ကနေ ၂၀၁၁ ခုနှစ်အထိ ပိတ်သိမ်းခံရတဲ့ ပန်းချီကား ၅၀ခန့်ဖြစ်တဲ့အတွက်
ပန်းချီဆရာတွေ ကိုယ်တိုင် ပါဝင်ပြီး ဟောင်ကောင်မှာ သွားရောက်ပြသမှာဖြစ်ပါတယ်။

((ဒီသတင်းကိုတော့ အကြီးအကျယ် စိတ်ဝင်စားတယ်ဗျို့…
အဲဒီ ပြပွဲကိုလည်း တမေ့တမော ငေးမော ကြည့်ရှု ခံစားလိုက်ချင်တယ် ။
ဒါပေမယ့်ပေါ့လေ…. ပန်းချီဆိုရင်…နောက်ခံသမိုင်းကြောင်းတွေ…
အကြောင်းအရာတွေကို ချယ်မှုန်းပြတဲ့ ပန်းချီမျိုးထက်…
အကြောင်းအရာတွေ အစိတ်စိတ်အမွှာမွှာ ကွဲထွက်နေတဲ့ Impressionism ကို ပို စိတ်ဝင်စားမိပါတယ်။
ဘာပဲဖြစ်ဖြစ်..ဒီပြပွဲကိုတော့ ကြည့်ချင်မိတယ်ဗျ ။
ရွာထဲက မိတ်ဆွေတွေ အဲဒီပွဲ ရောက်ခဲ့ရင်… ပြန်လည် ဝေမျှပေးလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း ))

=====================================================
=====================================================
အောက်တိုဘာ ၁၂ ။

ကရင်တပ်မတော် DKBA က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တဲ့အတွက် မြ၀တီ-ဘားအံလမ်း အလယ်ဗိုလ်တဲမှာ
ခရီးသည်တင်ယာဉ်တစီးကို ထိမှန်ပြီး ခရီးသည် ၄ ဦး သေဆုံးသွားခဲ့ပါတယ်။

မြဝတီကနေ ဘားအံဖက်ကို ဆင်းလာတဲ့ ခရီးသည်တင်ယာဉ်တန်းကို DKBA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လိုက်ခြင်း ဖြစ်ပြီး
အဆိုပါ ပစ်ခတ်မှုကြောင့် ကားပေါ်မှာပါတဲ့ အမျိုးသား ၄ ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ရဟန်း ၁ ပါး ဒဏ်ရာရသွားပြီး အမျိုးသား ၆ ဦး ၊ အမျိုးသမီး ၂ ဦး တို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ မယ်တဝေါဒေသမှာလည်း ဒီကေဘီအေ တပ်ဖွဲ့ဗိုလ်မှူးကြီးစောဘိ ဦးဆောင်တဲ့တပ်ဖွဲ့တွေနဲ့
အစိုးရတပ်ဖွဲ့ဝင်တွေအကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အစိုးရစစ်တပ်နဲ့ DKBA ဟာ ဘားအံ၊ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်းဆိပ်ကြီးနဲ့ ကျိုက်မရော…စတဲ့ မြို့တွေမှာ
ပြီးခဲ့တဲ့ စက်တင်ဘာလလောက်ကစပြီး တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေကြောင်း သတင်းရရှိပါတယ်။
(( ကံကောင်းလို့ မသေတယ်လို့ပဲ…ပြောရမယ်… ။ အော်..ကိုယ့်ကိုယ်ကို ပြောပါတယ်။ ))
((ပြည်တွင်းစစ်တွေ ဘယ်တော့မှ ရပ်မလဲ…. ?? ဒီမေးခွန်းလေးပဲ ထပ်တလဲလဲ မေးနေချင်ချင်တယ် ။))

=====================================================
=====================================================
အောက်တိုဘာ ၁၁ ။

ငြိမ်းချမ်းစွာဆန္ဒပြသူများနဲ့ နိုင်ငံရေး အကျဉ်းသားများ ထောင်တွင်းသံတိုင်များနောက်ကွယ်မှာ ရှိနေဆဲ ဖြစ်တာကြောင့်
မြန်မာအစိုးရအနေနဲ့ အကျဉ်းသားတွေကို လွှတ်ငြိမ်းခွင့်ပေးနေခြင်းဟာ နိုင်ငံရေးအရ အနှစ်သာရ မဲ့တဲ့ လုပ်ရပ်သာဖြစ်ကြောင်း
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ AI က ထုတ်ဖော်ကြေညာလိုက်ပါတယ်။

အခုလ ၇ ရက်နေ့က သမ္မတ အမိန့်နဲ့ အကျဉ်းသား ၃၀၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပေမယ့်
ကုလသမဂ္ဂက လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းတွေထဲက တဦးနဲ့
အမှုတွဲ ၂ ဦး၊ AAPP က သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁ ဦး ၊ နိုင်ငံရေး အကျဉ်းသားအနေနဲ့ စုစုပေါင်း ၄ ဦးသာ ပါဝင်တဲ့အတွက်
ဒီလုပ်ရပ်ဟာ နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့်
အာဆီယံထိပ်သီး ညီလာခံနီးလာချိန်ကို အချိန်ကိုက်ပြီး နိုင်ငံရေးအခွင့်ကောင်း ယူချင်တာသာ
ဖြစ်ကြောင်း AI ရဲ့ အာရှပစိဖိတ်ရေးရာ ဒါရိုက်တာ ရစ်ချတ်ဘဲနက်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

၂၀၁၃ ခုနှစ် ဇူလိုင် ၁၅ ရက်က သမ္မတဦးသိန်းစိန်က လန်ဒန်မြို့ ၊ ချန်သမ်ဟောက်စ်မှာ
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားများမရှိစေရအောင် လုပ်ဆောင်မှာ ဖြစ်ကြောင်း ၊
လူသိရှင်ကြားပြောကြားခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်တွေ တစ်ခုပြီးတစ်ခု ပြုလုပ်နေပေမယ့်
အခုအချိန်ထိ နိုင်ငံရေး အကျဉ်းသားများ၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများ၊
သတင်း သမားများ၊ လယ်ယာမြေအခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် လှုပ်ရှားသူတွေကို ထောင်သွင်းအကျဉ်းချတာတွေ ဆက်ရှိနေကြောင်း
နိုင်ငံတကာလွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့ က သတင်းထုတ်ပြန်ချက်နဲ့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

((အကျဉ်းသား ၃၀၀၀ ကျော်လွှတ်လိုက်တဲ့အထဲ..သူခိုးဂျပိုးတွေကများပြီး နိုင်ငံရေးအကျဉ်းသား ပြောပလောက်အောင် မပါတော့လည်း…
ဘဝင်မကျစရာပေါ့ဗျာ… ။
ဘာပဲ ဖြစ်ဖြစ် ပြန်လွတ်လာတဲ့ ပုဂ္ဂိုလ်များနဲ့ ထပ်တူထပ်မျှ ဝမ်းသာမိပြီး….
မလွတ်ပဲ ကျန်နေသေးတဲ့ နိုင်/ကျဉ်းတွေအတွက်တော့ ထပ်တူထပ်မျှ ခံပြင်းမိပါကြောင်း…. ))

=====================================================
=====================================================

အောက်တိုဘာ ၁၁ ။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်ထားတဲ့ စာရွက်စာတမ်းတွေ ဖြန့်ဝေခဲ့ခြင်းနဲ့ ပတ်သက်ပြီး
ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင်တစ်ဦးကို
NLD က တရားစွဲဆိုခဲ့ပေမယ့် ဆိပ်ဖြူမြို့နယ်တရားရုံးက ပယ်ချလိုက်ပါတယ်။

NLD ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေတာ မရှိဘူးဆိုတဲ့ သတ်မှတ်ချက်နဲ့ တရားရုံးက ပယ်ချလိုက်တာဖြစ်ကြောင်း သိရပါတယ်။

NLD အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုမူခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးကို တရားစွဲဆိုထားခဲ့တာဖြစ်ပါတယ်။

((အကြောင်း မညီညွတ်တော့လည်း သိက္ခာ အချခံရတာပေါ့ဗျာ… ။
အကြောင်း ညီညွတ်တော့လည်း တရားစွဲခွင့်ရတာပေါ့ဗျာ… ။
အကြောင် မညီညွတ်တော့လည်း တရားစွဲပေမယ့် ပယ်ချခံရတာပေါ့ဗျာ… ။ ))

====================================================
====================================================
အောက်တိုဘာ ၁၀ ။

ထိုင်းနိုင်ငံ ၊ Koh Tao ကျွန်းမှာ အသတ်ခံခဲ့ရတဲ့ ဗြိတိန်စုံတွဲအမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့
မြန်မာအလုပ်သမားနှစ်ယောက်ရဲ့ အမှုဖြစ်စဉ်ဟာ သက်သေအထောက်အထားမခိုင်လုံတဲ့အတွက် ထိုင်းအစိုးရ တရားရုံးက ပယ်ချလိုက်ပါတယ်။

အစွပ်စွဲခံ မြန်မာလုပ်သားနှစ်ယောက်ကိုတော့ ချုပ်နှေုာင်ထားရာမှ ပြန်လွှတ်မပေးသေးပဲ ရမန်အချုပ်အနေနဲ့
(၈၄)ရက် ချုပ်နှောင်ထားဦးမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးအမှုကို တရားဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာဆောင်ရွက်ပေးဖို့ အရေးအတွက်
လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချူပ်ကြီး
ပရာယုချန်အိုချားကို ရန်ကုန် ၊ မြို့တော်ခန်းမရှေ့မှာ အောက်တိုဘာလ ၁၀ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

အဆိုပါအမှုနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ရာမှာ ပွင့်လင်းမှု၊ တရားမျှတမှုရှိရှိဆောင်ရွက်ဖို့
သမ္မတ ဦးသိန်းစိန်က ထိုင်းဝန်ကြီးချုပ်ကို တိုက်တွန်းထားကြောင်း ၊ ထိုင်းဝန်ကြီးချုပ်ကလည်း ဖမ်းဆီးခံထားရတဲ့ မြန်မာနှစ်ဦးကို တရားခံတွေလို့
တိတိကျကျ မသတ်မှတ်နိုင်သေးကြောင်း၊
ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှုရအောင် ဒီကိစ္စကို တရားမျှတမှုရှိရှိ
ကိုင်တွယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည် ကတိပြုပြောဆိုခဲ့ပါတယ်။

((တရားကို နတ် မစောင့် ၊ တရားပိုင်သူတို့ စောင့်ပါတယ်။ သွန်လို သွန် မှောက်လိုမှောက်
ဖျောက်လိုက..ဖျောက်နိုင်တာလေး….သတိထားမိပါရဲ့ ။ ))

====================================================
====================================================
အောက်တိုဘာ ၁၀ ။

ရန်ကုန် ၊ မြို့တော်ခန်းမရှေ့ ၊ မဟာဗန္ဓုလပန်းခြံနံဘေးမှာ ဖွင့်ထားတဲ့ မိကျောင်းကန် သပိတ်စခန်းက ဆန္ဒပြသူတွေဟာ
ရက် ၂ဝဝ ပြည့်အဖြစ် အောက်တိုဘာလ ၉ ရက်ကနေ စတင်ပြီး အစာငတ်ခံဆန္ဒပြနေကြပါတယ်။

ဖမ်းဆီးခံထားရတဲ့ မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်း အမြန်ဆုံးပြန် လွတ်ဖို့နဲ့ အစိုးရတာဝန်ရှိသူတွေက ဖြေရှင်းပေးတာ မရှိပဲ လျစ်လှူရှုတာနေတာကြောင့် အစာငတ်ခံဆန္ဒပြ တာဖြစ်ပြီး ၊ အစာငတ်ခံ ဆန္ဒပြသူ ၄၀ ကျော် ရှိပါတယ်။

တာဝန်ရှိသူတွေဘက်က တစုံတရာဖြေရှင်းပေးမှုမရှိခဲ့ရင် အစာငတ်ခံဆန္ဒပြနေတာကို ထပ်မံရက်တိုးပြီး
လုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုထားပါတယ် ။

၂၀၁၄ ခုနှစ်၊ မတ်လ ၂၄ ရက်က စပြီး အဓမ္မအသိမ်းခံရတဲ့ မြေယာတွေ ပြန်ရရေး ဆန္ဒပြနေကြတဲ့
မိကျောင်းကန် သပိတ်စခန်းဟာ သက်ကြီးရွယ်အိုအများစုပါဝင်နေပြီး ခြောက်လခန့်ကြာမြင့်တဲ့အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့ နောက်ဆုံးထားပြီး
သပိတ်စခန်းကို ဖယ်ရှားပေးဖို့ သတိပေးခဲ့ပေမယ့် ဒီနေ့အချိန်ထိ သပိတ်စခန်းကို မရုတ်သိမ်းဘဲ ဆက်လက် ဆန္ဒပြနေကြတာ ဖြစ်ပတယ်။

(( အစာငတ်ခံ ဆန္ဒပြတာတော့ အားမပေးချင်ဘူးဗျို့… ။ တချို့က စိတ်ဆိုး စိတ်တို စိတ်ညစ်တဲ့အခါ…အစားမစားပဲ ဆန္ဒပြကြတယ်။
ကျနော်တော့…စိတ်ဆိုးရင်လည်း..စွတ်စား ၊ စိတ်တိုလည်း စွတ်စား ၊ စိတ်ညစ်လည်း စွတ်စားတာပဲ… ။
ဘာကြောင့်ပဲ ဖြစ်ဖြစ်… ဗိုက်အစာခံပြီး ဆန္ဒမပြနိုင်တာ အားနည်းချက်ဖြစ်နေပြီ။
ဗိုက်ထဲ တကျုတ်ကျုတ်နဲ့..ဆာလောင်ရတဲ့ အရသာကို မကြိုက်လို့… ))

(( အစာငတ်ခံ ဆန္ဒပြရင်း….အာဟာရပြတ်….ကုန်ရင်……..
တိုက်ပွဲအတွက် အားလျော့သွားလိမ့်မယ်နော်… ။
ဝမ်းသာမယ့်လူတွေ ရှိတယ်။ ))

==================================================
==================================================
အောက်တိုဘာ ၊ ၀၉

အင်းစိန်ထောင်အတွင်းမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင်
ကိုထင်ကျော်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အရေး ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ MDCF က
မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ကိုထင်ကျော် အပါအဝင် နိုင်ငံရေးသမားများ ၊ တခြား အကြောင်းတွေနဲ့ မတရားဖမ်းဆီးခံရတဲ့ လူတွေကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနဲ့ လူထုအပေါ်မှာ မိခင်စိတ် အပြည့်အဝရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်သာလျှင်
တိုင်းရင်းသား ပြည်သူတွေကို ကျောသားရင်သားမခွဲခြားပဲ မိဘသဖွယ် စောင့်ရှောက်နိုင်မှာ ဖြစ်ကြောင်း ယုံကြည်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်ကြောင်း
ကြေညာချက်နဲ့အတူ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ကိုထင်ကျော်ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)၊ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ တို့နဲ့ မြို့နယ်ပေါင်း၁၁ခုကနေ
တရားစွဲဆိုခံခဲ့ရပြီး လက်ရှိမှာ စုစုပေါင်း ထောင်ဒဏ်
၁၁ နှစ် ၄ လ အမိန့်ချမှတ်ခံထားရပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်အတွင်းက အင်းစိန်ထောင်မှာ ၃၆ ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့ဖူးတဲ့ ကိုထင်ကျော်ဟာ
အခုလက်ရှိ ထောင်အတွင်းမှာ သမ္မတ ဦးသိန်းစိန်အစိုးရ နုတ်ထွက်ပေးရေးအပါအ၀င် အချက် ၃ ချက်ကို အစာငတ်ခံ ဆန္ဒပြနေကြောင်း သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အကျဉ်းဦးစီးဌာနက ကိုထင်ကျော်ကို သူ့မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မပေးဘူးလို့လည်း သတင်းရရှိပါတယ်။

((ကိုထင်ကျော်ရေ… အစာငတ်ခံဆန္ဒပြတော့…. ကိုထင်ကျော်ကို ကျွေးရသက်သာတယ်ဆိုပြီး..ဝမ်းသာနေပါဦးမယ် ။ အားလည်း ပြတ်ပါဦးမယ် ။
သနားတတ်သူတွေကို အစာငတ်ခံပြရတာဆိုရင်တော့ အကျိုး ရှိကောင်း ရှိလိမ့်မယ်။
ဆိုတော့….. အစာငတ်ခံ ဆန္ဒပြတဲ့နည်း အပြင် တခြားနည်း ရှီသေးသလား…. ))

===================================

အောက်တိုဘာ ၈ ရက်
အမေရိက ပြည်ထောင်စုအတွင်းမှာ အီဘိုလာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ပထမဆုံး ရောဂါသည် သောမတ်စ် အဲရစ် ဒန်ကင် (၄၂ နှစ်) ဟာ
အောက်တိုဘာ ၈ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၇း၅၁ နာရီမှာ သေဆုံးသွားကြောင်း သိရပါတယ်။

လိုင်ဘေးရီးယားနိုင်ငံသားဖြစ်တဲ့ အဆိုပါ လူနာကို တက္ကဆက်စ်ပြည်နယ်၊ ဒါးလတ်စ်မြို့ရှိ ဆေးရုံမှာ သီးခြားခွဲထားပြီး ကုသနေခဲ့ပေမယ့်
ဆေးရုံတက်ပြီး ရက်သတ္တ တပတ်ကျော်အကြာမှာပဲ ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒန်ကင်ဟာ အီဘိုလာရောဂါ အကြီးအကျယ် ဖြစ်ပွားနေတဲ့ လိုင်ဘေးရီးယား ဇာတိဖြစ်ပြီး
မွေးရပ်မြေ မွန်ရိုဗီးယားမြို့ကနေ ဗိုင်းရပ်စ်ပိုး ကူးစက်လာပြီး အမေရိကန် US ကိုရောက်ရှိပြီးနောက်မှာ ရောဂါ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

သေဆုံးသူ ဒန်ကင်ဟာ ရောဂါလက္ခဏာ မတွေ့ရသေးခင် စက်တင်ဘာ ၂၀ ရက်နေ့မှာ
US ကို ခရီးထွက်လာခဲ့ခြင်း ဖြစ်ပြီး လမ်းခရီးမှာ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆယ်လ်၊ ဝါရှင်တန်ဒီစီနဲ့ ဒါးလတ်စ်၊ ဖို့တ်ဝပ်လေဆိပ်တွေကို ဝင်ရောက်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် မတ်လက စတင်ပြီး အာဖရိကတိုက် ဂီနီ၊ လိုင်ဘေးရီးယား၊ ဆီရာရား လိုင်ယွန်၊ နိုင်ဂျီးရီးယားနဲ့ ဆီနီဂေါလ် နိုင်ငံတွေမှာ
ဖြစ်ပွားလာတဲ့ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် လူ ၃,၄၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်မှာ အမေရိကပြည်ထောင်စုကိုပါ ခြိမ်းခြောက်လာပြီဖြစ်ကြောင်း သိရှိရပါတယ်။

((ဘယ်လောက် အံ့သြဖို့ ကောင်းလဲ….
တကမ္ဘာလုံးကို ခြောက်လှန့် နေတဲ့ အီဘိုလာကပ်ဆိုးကြောင့် ….သေဆုံးသူတွေ စာရင်းထဲ..
ကိုယ် မပါသေးတာ…. ))

=======================================================
အမေရိက ၊ ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ရှိ ဓမ္မပါလကျောင်းမှာ စုပေါင်းဘုံကထိန်ပွဲကို နိုဝင်ဘာ ၁ ရက်၊ စနေနေ့မှာ ကျင်းပဆင်နွှဲမှာ ဖြစ်ပါတယ်။
ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းလိုသူများအနေနဲ့ ဒွိသင်္ကန်းတစုံကို ဒေါ်လာ ၅၀၊ ဧကသီတထည်ကို ဒေါ်လာ ၃၀၊
သင်းပိုင်တထည်ကို ဒေါ်လာ ၂၀နဲ့ ကုသိုလ်ပါဝင်နိုင်ကြောင်း သတင်းရရှိပါတယ်။

စုပေါင်းဘုံကထိန်ပွဲ အစီအစဉ်ကတော့ နံနက် ၁၀ နာရီမှာ သိမ်တက်ပြီး ၁၁း ၃၀ နာရီမှာ
သိမ်ဆင်းသံဃာတွေကို ဆွမ်းလောင်းပြီးနောက်၊ နေ့ဆွမ်း ဆက်ကပ်ပူဇော်ကြမှာ ဖြစ်ပါတယ် ။ ကြွရောက်လာတဲ့ ဧည့်ပရိသတ်တွေကိုလည်း မြန်မာ အစားအသောက်တွေနဲ့ ကျွေးမွေးဧည့်ခံကြမှာ ဖြစ်ကြောင်း သိရပါတယ်။
နေ့လည် ၁ နာရီမှာ စုပေါင်း ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေကြမှာ ဖြစ်ကြောင်း သိရတဲ့အတွက်
စိတ်ပါဝင်စားသူများ အရောက်သွားကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။
ဓမ္မပါလကျောင်း
3096 Wheeling St
Aurora. CO 80011
Tel : 303-343-3691

====================================================

US ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ ဆန်ဖရန်စစ္စကို ၊ ဗေးဧရိယာ နယူးဝါ့(ခ်)မြို့ ၊
အလိုတော်ပြည့် ဗောဓိသုခ ဓမ္မရိပ်သာကျောင်း တည်ရှိရာ 6263 , Thornton Ave , Newark , CA 94560 မှာကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပွဲတော်ကို အောက်တိုဘာ ၁၉ ရက် မနက် ၁၀ နာရီမှ စတင် ကျင်းပမှာ ဖြစ်တဲ့အတွက်
ဓမ္မမိတ်ဆွေများ ကုသိုလ်တော် လာယူကြဖို့ တိုက်တွန်းရေးသားလိုက်ပါတယ်။

ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုရင်တော့ ဖုံး-(၅၁၀)၃၃၇ ၄၇၅၀ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။
US ၊ 1790 and 1830 Ranch Road , Azusa , CA 91702 မှာ တည်ရှိတဲ့ ဗြဟ္မဝိဟာရ- အဇူဇာကေင်းတိုက်မှာ
အသံမစဲ ပဌာန်းပွဲတော်ကြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပွဲတော် ကျင်းပမယ့်နေ့ကတော့ အောက်တိုဘာလ ၁၂ ရက်ကနေ ၁၉ ရက်အထိ ဖြစ်ပါတယ်။
တရားနာယူ ကုသိုလ်ရလိုသူများအနေနဲ့ နေ့စဉ် နာယူနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

alinsett

About alinsett

alinsett has written 615 post in this Website..

. . .