မြေကြီးအောက်ကကြယ် (၁)

taylayNovember 5, 20091min1493

ကျွန်တော်မျက်လုံးကို ဖြည်းညင်းစွာဖွင့်လိုက်တော့ ကျွန်တော့်မျက်စိရှေ့မှာ ကောင်းကင်ပြာကြီး ရှိမနေဘူး။ စိမ်းလန်းတဲ့သစ်ပင်ရိပ်တွေ ရှိမနေဘူး။ မျက်နှာကျက်ပေါ်က အကောက်အထည်မြင်ရပြီး သေခဲ့ဖူးတဲ့ ဖြူနွမ်းနွမ်း ပန်ကာတစ်ခု ကကျွန်တော့်ကို ဟားတိုက်နေတယ်။ ဟုတ်တယ် ဒီပန်ကာကလည်း မလည်တာကြာပြီ ဖြစ်ပေမယ့် ဒီနေ့တော့ ထူးထူးခြားခြား လည်နေတယ်။ အဲဒီလို ပန်ကာလည် နေတာကိုက ကျွန်တော့်ကို ဟားတိုက်နေသလိုပဲ။ အရင်ကဆို ကျွန်တော်က ဒီပန်ကာ အသေကြီးကို ကြည့်ပြီး ပြုံးနေခဲ့တာ။ ကျွန်တော်ထင်ထားတာက ဟောဒီတစ်လောကလုံးမှာ ခန္တာကိုယ်ကြီးကသာ တည်ရှိပြီး အရာရာနေတာ ကျွန်တော်နဲ့ ဒီပန်ကာပဲရှိမယ်လို့ မှတ်တာ။ ခုတော့ဒီကောင်က သူ့ရဲ့ရှင်သန်မှုအတွက် သက်သေပြနေပြီ။ ကျွန်တော်စိတ်ပျက်သွားမိတယ်။ ကိုယ့်ကိုကိုလည်း တော်တော်ရှက်သွားမိတယ်။ လောကမှာ ရှင်လျှက်နဲ့ သေနေတာ ကျွန်တော်တစ်ယောက်ပဲ ရှိတော့တယ်။            ပန်ကာကတော့ လည်ရင်းလည်ရင်းနဲ့ သူ့တာဝန်ကို ထမ်းစောင်နေတယ်။ တစ်ချက် သူခပ်ပြင်းပြင်း လေများတိုက် သလားမသိ။ ကျွန်တော်ရင်ထဲအေးခနဲ ဖြစ်သွားတယ်။ ကျွန်တော်စိတ်ထဲ တစ်လောကလုံးငြိမ်းချမ်းသွားတယ် ကျွန်တော်သိလိုက်ပြီ။ ပန်ကာကြီးက ကျွန်တော့်ကို ဟားတိုက်ချင်လို့ မဟုတ်ပဲ ကျွန်တော့်ကို လက်ဆောင်ပေးချင်လို့။ ကျွန်တော့်ကို သနားလို့ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ကို ပန်ကာကြီးက ပေးတဲ့လက်ဆောင်က လလေးတစ်စင်းဆို အံဩကြမလား။             သူမသည် လလေးတစ်စင်းဖြစ်သည်။ လနတ်သမီးလေး တစ်ပါးဖြစ်ပါလိမ့်မည်။ ပန်ကာကြီးက သူ၏လေအားဖြင့် ကမ္ဘာပေါ်က ကျွန်တော့်အတွက် များဆွဲချပေးလိုက်လေသလား ကျွန်တော်မသိ။ ဘာပဲဖြစ်ဖြစ်သူမက ကျွန်တော့်ကို လတ်တလော အေးမြမှုကို ဖြစ်စေတယ်။ ကျွန်တော် လောကကြီးပေါ်အသက် ရှင်ရသည်မှာ အဓိပ္ပါယ်များဖြင့် ပြန်လည် ပြည့်ဝလာပေပြီ။ ပန်ကာကြီးရေ ကျေးဇူးပါဗျာ။ ခင်ဗျားက ကျွန်တော့်အတွက် ရာသက်ပန် အဖော်ကောင်းပါပဲ။

သူမသည် ကျွန်တော်၏ဘေး ကုတင်မှ ကလေးလေး၏ အမလား အဒေါ်လား။ တစ်ခုခုတော့ ပက်သက်မှု ရှိပေမည်။ သူမသည် ထိုကလေးလေးဆီ လာခြင်းဖြစ်သည်။ သူမသည် ကျွန်တော့်အတွက် ငြိမ်းချမ်းမှုကို အပြည့်အဝ ရရှိစေသည်။ ကျွန်တော့်အတွက်တော့ သူမသည် ငြိမ်းချမ်းရေး နတ်သမီးလေးဖြစ်သည်။ သူမနာမည် ဘယ်လိုခေါ်သလဲ။ လနတ်သမီးလေး၏ နာမည်သည် စန္ဒာမှလွဲ၍ တစ်ခြားမဖြစ်နိုင်။ သူမကို ဘယ်သူတွေဘယ်လို ခေါ်ခေါ် ကျွန်တော့်အတွက်တော့ သူမ၏နာမည်သည် စန္ဒာဖြစ်သည်။ ကျွန်တော့်ရင်ထဲမှ နက်ရှိုင်းစွား နှလုံးသားထဲထိ ကြားရအောင် အော်ခေါ်လိုက်မိသည်။

ကျွန်တော်ဒီဆေးရုံကို ရောက်နေတာ ကြာနေပြီဖြစ်သော်လည်း (ခြောက်လလား၊ တစ်နှစ်လား သေချာမမှတ်မိတော့) ထိုကလေးလေး ဆေးရုံကိုရောက်သည်မှာ သုံးရက်ခန့်သာ ရှိသေးလေသည်။ သို့သော် စန္ဒာ ကလေးဆီလာသည်ကို ကျွန်တော်တစ်ခါမှ မတွေ့ဖူး။ ယခုအကြိမ်သည် စန္ဒာကို ဤဆေးရုံတွင် ပထမဦးဆုံးတွေ့ ဖူးခြင်းဖြစ်သည်။

စန္ဒာဆေးရုံမစ္စည်းတွေကို သိမ်းနေသည်တွေ့မှ ယနေ့ထိုကလေးလေး ဆေးရုံမှ ဆင်းရမည်ဖြစ်ကြောင်း ဆရာမများ ပြောနေသည်ကို ကျွန်တော်သတိရသွားသည်။ ဒါဆိုစန္ဒာသည် ဆေးရုံကိုလာတာ ထိုကလေးလေးကို ဆေးရုံမှ ခေါ်သွားဖို့ လာခြင်းဖြစ်နေသည်။ ဒါဆိုသူတို့ သွားကြတော့မည်။ ကျွန်တော့်ရင်ထဲတွင် ဗလောင်ဆူသွားသည်။ ကျွန်တော် အေးချမ်းမှုရသည်မှ မကြာသေး။ ကျွန်တော်ကို ပူလောင်စေပြန်သည်။ တတ်လည်းတတ်နိုင်ပ စန္ဒာရယ်။

ထိုအချိန်တွင် ကျွန်တော်သူငယ်ချင်း တစ်ယောက်ရောက်လာသည်။ ကျွန်တော့်စိတ်ထဲ အတော်ကြီးကို ပျော်သွားသည်။ စန္ဒာနှင့် ကလေးလေးတို့ပြန်လျှင် ဒီကောင်ကို အနောက်ကလိုက်သွားပြီး စုံစမ်းခိုင်းရမည်။ ကျွန်တော့်အတွက် နည်းနည်းတော့ အခက်အခဲရှိနေပြန်သည်။ ဒီကောင်ကသူများ အကြောင်းကိုစုံစမ်း ပေးလေ့မရှိ။ ကျန်တာ ကြိုက်တာခိုင်း ကူညီလေ့ရှိသည်။ ဤသို့မိန်းကလေးများနှင့် ပက်သက်လျှင် ပို၍ပင် ကူညီလေ့မရှိ။ သို့သော် ကျွန်တော့် စိတ်ဓာတ်မကျ။ ဒီကောင်ကို ပြောကြည့်ရမည်။

ကျွန်တော်ဒီကောင့်ကို စန္ဒာနောက်က လိုက်သွားခိုင်းပြီး စန္ဒာတို့အိမ်ကို စုံစမ်းခိုင်းတော့ ကျွန်တော်ထင်သလောက် မခက်ခဲ။ ကျွန်တော့်ကို သူစကားတစ်ခွန်းသာမေးသည်။

“မင်းဘာလုပ်ဖို့လဲကွ´´

“ငါ့စိတ်ထဲတစ်မျိုးကြီးပဲကွ၊ အရမ်းသိချင်တယ်´´

ဒီကောင်ခဏတော့ တွေဝေသွားသည်။ ကူညီရင်ကောင်းမလား၊ မကူညီရင်ကောင်းမလား၊ ဘယ်လို ငြင်းပယ်ရမလဲ စဉ်းစားနေသလား။ နောက်ဆုံးဒီကောင် ကျွန်တော့်ကိုကူညီဖို့ ဆုံးဖျက်ချက်ချလိုက်သည်။ ကျွန်တော့်ကို ဘဝတွင်နောက်ဆုံး ကူညီရခြင်းဟု မှတ်ယူထားပေလမ့်မည်။ ကျွန်တော့်အတွက်တော့ ကောက်ရိုးတစ်မျှင် အဖြစ်ကူညီခြင်းလား ကျွန်တော်မသိ။

စာမျက်နှာ (၃)

စန္ဒာနှင့် ကလေးကို အထုတ်အပိုးများဖြင့် ဆေးရုံမှထွက်ချိန် ကျွန်တော့်သူငယ်ချင်းလဲ စန္ဒာနောက်မှ လိုက်သွားလေသည်။ ကလေးလေးရေ မင်းကတော့ ကံကောင်းတယ်ကွာ။ ဒီဆေးရုံမှာ မင်းတို့လို ရောက်လာပြီး ပြန်ထွက်သွားခွင့် ရသူတွေရှိသလို၊ ပြန်ထွက်သွားခွင့် မရှိသူတွေလဲ အများကြီးပါ။ စိတ်မပါပဲ လောကကြီးကို နှုတ်ဆက်သွား ရတဲ့သူရောပေါ့။ ကျွန်တော်ကတော့ လောကကြီးကို ကျောခိုင်းသွားသူတွေရဲ့ နောက်ကို အမြန်ဆုံး လိုက်သွားရမယ့် လူတစ်ယောက်ပေါ့။ ဒါပေမယ်။…………

ဒါပေမယ့်။ ကျွန်တော့်စိတ်ကို ကျွန်တော် အကောင်းဆုံးလေ့ကျင့် ထားခဲ့တာပါ။ ဒီလောကကြီးကို နှုတ်ဆက် ထွက်ခွါသွားရချိန်မှာ အဓိက အရေးကြီးဆုံးက နောက်ကျောလုံဖို့ပဲလေ။ အဲဒီအတွက် ကျွန်တော့်မှာ ဘာသံယော ဇဉ်မှမရှိအောင် ကျွန်တော် အချိန်တွေ ပေးခဲ့ပြီးပြီလေ။ အခုတော့ အဲဒီအချိန်တွေကို ကျွန်တော်နှမျောလိုက်တာဗျာ။ ကျွန်တော် ရှေ့ဆက်ခံစားမှု ဘယ်လိုပြောင်းမယ်ဆိုတာကို ကြိုမသိပဲ မှားယွင်းလေကျင့် မိပြီလား။

ဟုတ်တယ်ဗျာ။  ။ ကျွန်တော့်ကို သံယောဇဉ်ကြိုးတစ်ချောင်းက ခပ်တင်းတင်းရစ်ဖွဲ့လိုက်ပြီ။ အဲဒီကြိုးလေးက ဘယ်လိုပုံစံရှိတယ်တော့ ကျွန်တော်မသိဘူး။ ကျွန်တော်ဘဝ ခဏတာတွေ့ရခွင့်လေးမှာ အေးချမ်းမှု ပေးနိုင်ခဲ.တဲ. လမင်းလေး စန္ဒာငါမင်းကို အရမ်းတွေ့ချင်တယ်ကွာ။

3 comments

  • taylay

    November 6, 2009 at 1:05 am

    အက်ဒမင်ရေ ကျွန်တော်ဒီပို.စ်ကိုဖျက်ချင်ပါတယ် ကူညီပေးပါ ဖျက်လို.မရဘူး ပို.စ်တင်တုန်းကလည်း စာတွေအကုန်မပါဘူး ဘာဖြစ်လို.လည်းမသိဘူး အခု စာတွေက အကုန်မပါလာတေ့ာ ဖတ်ရတာအဆင်မပြေဘူး ကျွန်တော် wordpress သုံးနေကျမဟုတ်တာလည်းပါမယ်ထင်ပါတယ် ကျေးဇူးပြုပြိးပြင်လို.ရအောင်ကူညီပေးပါ ပြင်လို.မရရင်လည်း ဖျက်ပေးပါခင်ဗျာ

    • administrator

      November 6, 2009 at 11:50 am

      ဝက်ဘ်ဆိုက်က အခုထိ beta ဗားရှင်းအဆင့်ပဲရှိပါသေးတယ်။ နည်းနည်းချင်းပြင်နေတာမို ့ တကယ်လို ့error တွေတွေ့ရင်ရေးပေးကြစေလိုပါတယ်။
      စာမူက အခုအဆင်ပြေနေပြီထင်ပါတယ်။ ဖတ်လို ့ကောင်းကောင်းရပါတယ်။

  • laypyay

    May 4, 2010 at 5:08 pm

    ဟုတ်ပါ တယ ် ကို taylay ရ ပိုစ် က ခုထိလဲ အဆင်ပြေနေတာပဲ .. နှမျောစရာဗျာ.. ဒီအတိုင်းကောင်းပါ တယ်..။

Leave a Reply