လိုရင်းကိုပဲ ပြောကြရအောင်ပါဗျာ။

မန်းလေး ဂဇက်ရဲ့ နာမည်ကျော် မန္တလေးသူ ဒေါ်ကေဇီ နဲ့ သီချင်းအကြောင်းဆွေးနွေးထားတာလေးပါ။

ပြောထားဆိုထားကြတာ ၂ လ လောက်ရှိနေပါပြီ။

အချိန်မရတဲ့ ကြားကတင်ရတာမို့ လိုတာရှိရင် ဖြည့်ဖတ်ပေးကြဖို့ တောင်းပန်ထားချင်ပါတယ်။

 

Mr. Black          –           မကေဇီ မင်္ဂလာပါခင်ဗျာ…။

ကေဇီ                –           ဟော့ !!!  မင်္ဂလာပါ ဦးဘလက်…။

Mr. Black          –           ဒီနေ့တော့ ကျွန်တော်တို့ သီချင်းတွေအကြောင်း ပြောကြရအောင်ပါ။

ကေဇီ                –           ဟော့…။

Mr. Black          –           Music ဆိုတဲ့ စကားလုံးအပေါ် မကေဇီ  ရဲ့ ကိုယ်ပိုင် အဓိပ္ပါယ်ဖွင့်ဆိုချက်လေး သိပါရစေ။

ကေဇီ                –           ဂီတ/မြူးဇစ် ဆိုတာ ဖန်တီးမှု ရသ မြောက်ရင် ရင်ထဲ ရောက်ဖို့ အမြန်ဆုံး အထိရောက်ဆုံး အနုပညာလို့ မြင်ပါတယ်ဗျ။

Mr. Black          –           မကေဇီ အနေနဲ့ပေါ့နော်…၊ သီချင်းတွေကို ဘယ်အချိန်က စပြီးနားထောင်တတ်ခဲ့ပါသလဲ။

ကေဇီ                –           ကျနော် ဘယ်အရွယ်မှာ သီချင်းနားထောင်လည်း ဆိုတော့ ပြောရ ခက်သားဗျ။ အလွယ်ဆုံး ပြောရမယ် ဆိုရင်တော့ သိတတ်စ လို့ပဲ ပြောရမယ်။ ကျနော့ အမေတို့ စ စ နေကြတာ တစ်ခုရှိတယ်။ ကျနော်က စ စကားပြောတတ်တော့ ၇ လ တဲ့။ ဘယ်လောက် စကားများမဲ့ ဗီဇ တုန်း အစိမ်းစားကြည့် (အဲလေ) စဉ်းစားကြည့်!!

ကျနော် ၁နှစ်ကျော်လောက်ရောက်တော့ သီချင်း ဆိုနေပြီ ပြောတယ်ဗျ။ ဘာတဲ့ မေခလာ ရဲ့ ဟို သီချင်းရယ် လေ၊ “တို့ နှစ်ဦးရယ်၊ ကမ္ဘာကြီးရယ်” ဆိုတဲ့ သီချင်းကို။ ကြားသလို ဆိုတာ တဲ့ “တို့ နှစ်ဦးရယ်၊ ဘဂျီးရယ်” ဆိုပြီး ခြေထောက်များတောင် စောင့်လိုက်သေးသတဲ့။

အဲဒီတုန်းက အဖေက ချစ်ကောင်း၊ ခင်မောင်ထူး၊ ဂျေညီညီ၊ ဂျေမောင်မောင်၊ စိန်လွင်၊ ဘိုဘိုဟန်၊ ပလေးဘွိုင် သန်းနိုင်၊ တူးတူး၊ ဗစ်တာခင်ညို စတာတွေ နားထောင်တော့ အကုန်နားယဉ်ခဲ့တယ်။ အမေကတော့ မေခလာ၊ နော်လီဇာ၊ ဟေမာနေဝင်း၊ အယ်လခွန်းရီ၊ ပုလဲ စတာတွေ နားထောင်တော့လည်း တမင်နားမထောင်ရပဲ ကြားနေရတာပဲ။

အဲ။ မန်းလေး က အဘိုး အိမ်များသွားလည်ရင်လားးး

အဲဒီ အိမ်မှာ စိုင်းထီးဆိုင် ခရေဇီ က တစ်ယောက်၊ လွှမ်းမိုး ခရေဇီ က တစ်ယောက်၊ မေဆွိ ခရေဇီက တစ်ယောက်၊ ခင်မောင်တိုး ခရေဇီက တစ်ယောက်။

အဲဒီလို သီချင်းရော အဆိုတော်ကိုပါ ခရေဇီဖြစ်တဲ့ သူတွေကြားမှာ သီချင်း အကုန်လုံးကို မစိမ်းခဲ့ဘူးး။

Mr. Black          –           ထူးထူးခြားခြား ကြိုက်ခဲ့တဲ့ အဆိုတော်တွေများရှိခဲ့ရင် ပြောပြပေးပါဦးခင်ဗျ။

ကေဇီ                –           နည်းနည်း ရွေးချယ်တတ်တဲ့ အရွယ်ကျတော့ စပြီး ရွေးဝယ်ဖူးတဲ့ အခွေလေးး မှတ်မိသေးတယ်။

တင့်တင့်ထွန်းရဲ့ လိုတရ၊ ကျနော် ၆ တန်းးးး၊ မတင့် ကို သိပ်ချစ်တတ်ပြီ။ ခိခိ။

နောက်တစ်ခွေက ဆေးဆိုးပန်းရိုက် မျက်နှာ၊ မှတ်မိသလောက် ၆/၇ တန်းပဲ။ အိမ်က လူကြီးတွေကလည်း သူတို့ ခေတ်က သီချင်းတွေမို့ နားထောင်ရတာကို ကြိုက်ခဲ့ကြတော့ ပြဿနာ သိပ်မရှိဘူးးး

အဲဒီ အရွယ်လောက်မှာပဲ မျိုးကျော့မြိုင် ရယ်၊ ရဲသွင်ရယ် ကို စနားထောင်တတ်တယ်။ အိမ်နားက လက်ဖက်ရည်ဆိုင်က ဖွင့်တဲ့ ဗဒင်နဲ့ တာရာ ကတော့ မရချင် အဆုံးး…

နောက် ကျနော် ၉ တန်းကို အဖိုးအိမ်မှာနေပြီး မန်းလေး ကျောင်းတက်တော့ အိမ်ရဲ့ အကြိုက်အောက်ကလွတ်ပြီ။

အဲဒီမှာ ပထမဆုံး ဦးစောနု သင်တန်းမှာ ဆုရတဲ့ သူ ၂ ယောက် တစ်နှစ်တည်းမှာပဲ အခွေထွက်တယ်။

စည်သူလွင်ရယ် တင်ဇာမော်ရယ်။

အဲဒီမှာ စ ရူးတာပဲ။ ကိုယ်များ ယောင်္ကျားလေးဖြစ်လို့ မိန်းမယူရင် မမော်ကိုပဲ ယူမှာ ဆိုပြီး ဖြစ်တဲ့ အထိ တင်ဇာမော် ခရေဇီ။ ခုချိန်ထိ ဘယ်သူ ဘယ်လောက် အသံကောင်းကောင်း မမော်မှ မမော်ပဲ။။

Mr. Black          –           အော်…မကေဇီ က တင်ဇာမော် ခရေဇီပေါ့နော်…။

နောက်…မကေဇီ အနေနဲ့ Band တစ်ခုခုကိုများ ခရေဇီဖြစ်ခဲ့တာမျိုးရှိပါသလား…။

ဥပမာ – Emperor သို့မဟုတ် IC တစ်ခုခုပေါ့။

ကေဇီ                –           တီးဝိုင်းထဲတော့ ဘယ်ဟာကြိုက်လည်း မမေးပါနဲ့။ တူရိယာ ဘာမှ မတီးတတ်

နားမလည်လို့ မပြောတတ်ဘူးး ဝေထွန်းကို ကြိုက်တုန်းက အင်ပါယာကို ကြည့်တယ်။ ဒီလောက်ပဲ။ ငိငိ ။

Mr. Black          –           ဒါဆို မကေဇီ က ဝေထွန်း ကိုလည်း ကြိုက်ခဲ့ဖူးတာပေါ့နော်။

ဝေထွန်းကိုကြိုက်တာက ရုပ်ကိုလား…။ Drum တီးတာကို ကြိုက်တာလား…။ အဲဒါလေးဖြေပေးပါဦး…။

ကေဇီ                –           ၂ ခုလုံး…။ ခွိခွိ  :mrgreenn:

Mr. Black          –           ဝေထွန်း က ဇော်ဝင်းထွဋ်ရဲ့ ဆေးဆိုးပန်းရိုက်မျက်နှာထဲက သီချင်းတစ်ပုဒ်မှာ ၀င်အော်ခဲ့ဖူးတယ်။ ခင်ဗျား နားထောင်ဖူးလား။

ကေဇီ                –           ဟုတ်၊ သိတယ်။ ခဏ သီချင်းနာမည် ပြန်စဉ်းစားလိုက်ဦးမယ်။ ၆ တန်းတုန်းကတည်းက ဆိုတော့….

မယ်သီတာ ခိုးတာ ဘယ်သူလဲ ဆိုတဲ့ သီချင်းထင်တယ်။

Mr. Black          –           သူ့အသံက သန်းနိုင်အသံနဲ့ တစ်သံတည်းလိုဖြစ်နေတာဗျ။ မိုက်တယ်ပေါ့နော်။

ခင်ဗျားရော သတိပြုမိရဲ့လား။

ကေဇီ                –           ဝေထွန်း အသံက ရိုးတယ်။ ဆွဲဆောင်မှု သိပ်ထည့်မထားဘူး။

အခြေခံ အသံတော့ တူချင်တူမှာပေါ့။ ကျနော် အဲလောက် ကြီး သတိမထားမိဘူးး…
ဘာလို့ ဆို သန်းနိုင် အသံကို စိတ်ထဲမှာ ဘယ်သူနဲ့မှ မတူဘူး ဆိုပြီး သီးသန့် ထင်ထားမိလို့ နေမယ်။
တယူသန်စိတ်ပေါ့လေ။

Mr. Black          –           ကြည့်ရတာ သန်းနိုင်ကိုလည်း အရမ်းကြိုက်ပုံရတယ်နော်။

ကေဇီ                –           အင်းဆို။ လူရော အသံရော သီချင်းရောအရမ်းကြိုက်တာ။ ။ :mrgreenn:

ဘယ် ဟာ ရွေး ပြောရမှန်းမသိလို့ ချန်ခဲ့တာ။

Mr. Black          –           တေးရေးဆရာတွေထဲကရော အကြိုက်ဆုံးဆိုတာမျိုးများ ရှိမလား။

ကေဇီ                  –           တေးရေးထဲ ဘယ် အချိန်မဆို ကြိုက်တဲ့ စာသားတွေက ကေအေတီရယ်

မြင့်မိုးအောင်ရယ်။

အဲ။ မျိုးကြီး ဆိုတဲ့ သူစိမ်းတစ်ယောက် နားထောင်ပြီး ဖိုးကာကိုလည်း ကြိုက်တဲ့ တေးရေး စာရင်းထဲ

သွင်းထားတယ်။ ဟိ။

Mr. Black          –           ကေအေတီ နဲ့ မြင့်မိုးအောင် တို့ကို ကြိုက်တယ်ဆိုတော့ ကော်ပီသီချင်းတွေကိုပဲ ကြိုက်တဲ့

သဘောများလား။ သူတို့က ကော်ပီရေးကြတာများတယ်လေ။

ကေဇီ             –          အမှန်တော့ သီချင်းတိုင်းကြိုက်ရင် စာသားကိုကြိုက်တယ်။

စာသားကြိုက်ရင် တေးရေးကို သဘောကျတာပဲ။

ဆိုတော့ အသံရယ်၊ စာသားရယ်၊ သံစဉ်ရယ်၊ နားရယ်၊ နှလုံးသားရယ် တစ်ချိန်တည်း တစ်ထပ်တည်း ကျတဲ့ သီချင်းတိုင်း ကြိုက်တာပဲလို့ ပြောရမယ်။

Mr. Black                     –           မကေဇီ အနေနဲ့ အကြိုက်ဆုံး သီချင်း ဆယ်ပုဒ်လောက် ပြောပြပေးပါဦး။

ဘာလို့ ကြိုက်ရတယ်ဆိုတာလေးနဲ့ တကွပေါ့။

ကေဇီ    –           နားထောင်ခဲ့တဲ့ သီချင်းတွေကနေ ၁၀ ပုဒ်ပဲ ရွေးရမယ် ဆိုတော့ နည်းဘူးလားဗျ။

ဟားဟားဟားးး

နောက်တာပါဗျာ။ ရွေးပေးပါ့မယ်။ တစ်ခုတော့ရှိတယ်။

ကျနော်က သီချင်း ပေါ်မူတည်ပြီး ရွေးမှာ ဆိုတော့ အဆိုတော် က ထပ်ချင်ထပ်မယ်နော်။

နားထောင်သက် အနှစ် ၃၀ မှာ အကြိုက်ဆုံး သီချင်း (၁၀) ပုဒ်ကတော့ ရွေးရခက်လွန်းလို့ စိတ်ထဲ အထင်ကရ ပေါ်လာတဲ့ ၁၀ ပုဒ်ကိုပဲ ပြောသွားမယ်ဗျာ။ အကောင်းဆုံးဖြစ်ချင်မှ ဖြစ်မှာ။

စိတ်နဲ့တွေ့တာကို ပြောသွားမှာ။

ပြောရတာ ၁၀ ပုဒ် နည်းထာ။

Mr. Black          –           အိုကေပါဗျာ။ ဖီလင်ရှိတဲ့ သီချင်းတွေသာ ပြောပြပေးပါ။

ကေဇီ                –           (၁) ချစ်သူမောင်

ကျနော် ၇ တန်းအောင်တဲ့ နွေရာသီမှာပဲ ရတီပွင့်ဦးရဲ့ သီချင်းခွေထွက်သဗျ။

နားထောင်မိတဲ့ထဲ “တိမ်တွေကို စီးပြီး မင်းရှိရာဆီ အရောက်၊ အရောက်လာမယ်” ဆိုတဲ့ သီချင်းရယ်၊
ချစ်သူမောင် သီချင်းရယ် ကို အမှတ်ထင်ထင် ဖြစ်တယ်ဗျာ။

ဒါပေမဲ့ သီချင်းရယ်လို့ စဆိုဖြစ်တော့ ၁၀ တန်းဖြေပြီး နှစ်လောက် မှ ဆိုဖြစ်တယ်။ မိုက်ကိုင်ဘူးတယ်ခေါ်မပေါ့။

လူက အဂေါက်၊ ကိုကိုတွေ မောင်တွေပါတဲ့ မိန်းမသီချင်းဆို မဆိုချင်တော့၊ အမျိုးသား အဆိုတော်သီချင်းတွေချည်းစ ဆိုတယ်။

မမော် အင်တာဗျူးး တစ်ခုမှာ ဖတ်လိုက်ရတော့ မမော်ကလည်း မောင် ပါတဲ့ သီချင်းကို မဆိုဘူးတဲ့ဗျ။ ဘာရယ် မဟုတ် အဲဒီ အဖြေလေးကို တအားချစ်တာရယ်။

နောက်ပိုင်း အတွဲခွေ မှာ သူ “ချစ်သူမောင်” ကို ပြန်ဆိုပါတယ်…
ဒီတစ်ပုဒ်ပဲ မောင် ပါတဲ့ သီချင်းကို ဆိုပါမယ်လို့ ပြောခဲ့ဖူးတယ်။

အဲဒီတော့ ကျနော်လည်း ဒီ တစ်ပုဒ်ပဲ လိုက်ဆိုတယ်။ ကြိုက်တယ်။

အဲ! တစ်ခုပဲ။ ရိုက်ထားတဲ့ အမ်တီဗီ ပုံစံကြီးကို မကြိုက်ဘူးးး။ ရေးတဲ့သူက နောင်နောင် (ဆန်းဖလားဝါး) ထင်တယ်။

Mr. Black          –           နောက်တစ်ပုဒ်ဆက်ပါဦး။

ကေဇီ                –           (၂) ရင်ခုန်အချစ်
မောင်သစ်မင်း ရေးတဲ့ သီချင်းး။ ခပ်မြူးမြူးပါ၊

မထူးခြားသလိုပါပဲ။

ဒါပေမဲ့ ဦးချစ်ကောင်းကြီးနဲ့ တွဲလိုက်တဲ့ သီချင်းတိုင်းက ကြွသွားတတ်တာကိုးးဗျ။
“ရင်ခုန်မှ အရမ်းချစ်သတဲ့လားးး၊
ကိုယ်တိုင် မေးခွန်းထုတ် စဉ်းစားကြည့်ပေါ့။
ဘယ်လို ရင်ခုန်တယ် ငါလေ မသိတော့ ဒါအချစ်လားးးး၊
ရင်ခုန်သံ မြန်မြန်ပဲ၊ ငလျင်တုန်သလိုပဲ၊ သိရဲ့လား အချစ်ကြောင့်လေ…
ဘယ်လိုဖြစ်လာမလဲ၊ ပြောလိုက်တော့ကွယ် အချစ်ရယ် သိပ်သိချင်
ယုံကြည်နေချင်ရဲ့၊ ချစ်တယ် ပြောပါတော့၊
ဘာဖြစ်မလဲ၊ မသေချာတော့လေ၊ ဒီ အခြေအနေကို မယုံမရဲ နဲ့ ဒါအချစ်လားး”
စာသားကတော့ မှတ်မိသလောက် အနီးစပ်ဆုံး ဆိုပြတာ။
ဦးချစ်ကောင်းကြီးကို နဂိုတည်းက သိပ်ချစ်တာမှာ အဲဒီ သီချင်းကို အနှုတ်အသိမ်းလှလှနဲ့ အသံအဖြတ်အဆက်ကိုမိအောင် လေသံမကျပဲ ဆိုသွားတာကို တအားကြိုက်ခဲ့တာမို့ မှတ်မှတ်ရရပဲ။
ရှိုးမှာ မိုက်ခရိုဖုန်းကို ကစားသွားနိုင်တဲ့ အဆိုတော် အနေနဲ့လည်း မှတ်မှတ်မိမိရှိတယ်။

ကျနော် တော်တော်ကြိုက်ပြီး အမှတ်ရနေတဲ့ သီချင်းတစ်ပုဒ်ပါပဲ။

Mr.Black           –           အဲဒါ သန်းနိုင်ကြီး သီချင်းဗျ။ ချစ်ကောင်းက ပြန်ဆိုတာ။

၂ ယောက်လုံးဆိုထားတာ မိုက်တယ်။ ကျွန်တော့် အကြိုက်ဆုံးသီချင်းတစ်ပုဒ်လည်း ဖြစ်တယ်ပေါ့ဗျာ။

နောက်တစ်ပုဒ်ဆက်ပါဦး။

ကေဇီ                –           (၃) ညပုံပြင်
ထူးအိမ်သင်ရဲ့ အကြိုက်ဆုံး သီချင်းတွေ အများကြီးရှိတယ်။

ဒါပေမဲ့ ကိုငှက်သီချင်းတွေကို ပြန်စဉ်းစားတိုင်း သူ့ အသံနဲ့ ဒီ သီချင်းကိုပဲ ခေါင်းထဲ ပေါ်ပေါ်လာတယ်။ မဆုံးခင် ထွက်တဲ့ အခွေထဲကထင်ပါတယ်။

Mr. Black          –           အစိမ်းရောင်ရက်စွဲများ စီးရီးထဲက သီချင်းဗျ။ မဟာဝီရ အိုဗုဒ္ဓ သီချင်းပါတဲ့ စီးရီးလေ။

ကေဇီ                –           စိတ်ထဲ နွေဦးကံ့ကော် သီချင်းလည်း ကြားယောင်တတ်ပေမဲ့ သီချင်း အမြူးကို ပိုကြိုက်တဲ့ အကျင့်ကြောင့် ခု  သီချင်းကိုပဲ ရွေးပါတယ်။

ကိုငှက်ရဲ့ မာစတာပိ(စ) အများကြီးရှိတဲ့ထဲက ဒီ သီချင်းကို ဘာလို့ အမှတ်ထင်ထင်ဖြစ်တုန်း မေးခံရလည်း မတတ်နိုင်တော့ဘူးး
အယ်ဖြူရေးတာဗျ။ သူရေးခဲ့တဲ့ သီချင်းစာသားထဲ ဒါမျိုး နည်းနည်းရှားသလားလို့။

ဟေးဟေးဟေးး
သေချာ နားထောင်ကြည့်!!
“ဖန်ခွက်ချင်း ထိခတ်တဲ့ ခဏမှာ” ဆိုတဲ့ စာသားရှေ့က (ချွင်) ဆိုပြီး ဖန်ခွက်ချင်းထိသံလေး က အစ ပါတာကို ကြွေတာရယ်။
ဒီ တစ်ခွက်ပြီး နောက်တစ်ခွက်  နောက်တစ်ခွက်  နောက်တစ်ခွက်မှာ အသိတွေ ဝေဝါးခဲ့၊,
နွေးထွေးလွန်းတဲ့ နှုတ်ခမ်းအစုံဟာ နောက်ဆုံး အသိပဲ~~
အမှန်တော့ စာသား နည်းနည်း ကလက်တာကို ကိုငှက်ရဲ့ အသံအေးအေးကြောင့်ထိန်းသွားနိုင်ပြီး ပိုလှသွားတဲ့ သီချင်းမို့လို့ ကြိုက်တယ်ဗျာ။

အမ်တီဗီရိုက်ထားတဲ့ ပုံကို မကြိုက်ဘူးဗျာ။ ဒီထက် ရင်ခုန်စရာကောင်းအောင်ရိုက်လို့ မရတော့ဘူးလားတော့ မသိ။  :roll:

Mr. Black          –           MTV က ကိုနိုင် ရိုက်တာဗျ။ နိုင်းနိုင်းနဲ့ နန္ဒာလှိုင် သရုပ်ဆောင်ထားတာပါ။

နောက်တစ်ပုဒ်ဆက်ပါဦးဗျာ။

ကေဇီ               –           (၄) ရွာသာရွာပါ မိုး
မိန်းကလေး အဆိုတော်ထဲ အသံကို မမော်ပြီးရင် မဒီကိုပဲ ကြိုက်ခဲ့တယ်။

နားထောင်ဖြစ်ခဲ့တယ်။

အဲ!! မဒီ သီချင်းရယ်လို စဉ်းစားလိုက်ရင် ၂ ပုဒ်ပဲ ခေါင်းထဲ အရင် ပေါ်လာတယ်။
ဆန္ဒ တစ်စုံရယ်၊ ရွာသာ ရွာပါမိုး ရယ်။

ဒီ အပိုင်း မှာ စုံတွဲ သီချင်းတွေ မပြောတော့ဘူးဗျာ။
ရွာသာ ရွာပါ မိုး ကိုပဲ ပြောတော့မယ်။
မဒီမှာ အသံ ပါဝါပြတဲ့ သီချင်း များလို့ လားတော့မသိဘူးး။ သူ့ အသံအားကို ဒီ သီချင်း အမြူးက ပြန်ထိန်းသွားသလိုမို့ ဒါလေးကို စိတ်ထဲပိုစွဲတယ်။
သာမာန် အားဖြင့် ကျနော်က မိုးရာသီကိုလည်း မကြိုက်ဘူးး မိုးရွာတာကိုလည်း စိတ်အနှောက်အရှက်ဖြစ်တယ်။

ဒါပေမဲ့ မဒီရဲ့ အဲဒီ ရွာသာရွာပါမိုး သီချင်းနားထောင်ပြီးနောက်ပိုင်းးး မိုးကို အရင်ကထက် နှစ်သက်လာသလိုပဲ။
မိုးရွာချိန်နားထောင်မိရင် မိုးရွာထဲ ပြေးချင်စိတ်ပေါက်တဲ့ အထိ ဆိုပေါက်လေး လှတယ်ဗျာ။

နောက်ပိုင်း ငယ်ငယ် ပြန်ဆိုတာတောင် မကြိုက်ဘူးးး။
ရေးတာက ကေအေတီ ထင်တယ်။

Mr. Black          –           ရွာသာရွာပါမိုး ဒီးဒါဒီး ဒီးဒါဒီး ဆိုတဲ့ သီချင်းလေး။

အဲဒါ ကျွန်တော်လည်း အရမ်းကြိုက်တဲ့ သီချင်းဗျ။ ကေအေတီတစ်ယောက်တည်းရေးတာမဟုတ်ဘူး။

Rခိုင်နဲ့ တွဲရေးတာ။ တေးရေး ကေအေတီ + Rခိုင် ပေါ့ဗျာ။

ကေဇီ               –           နောက်တစ်ပုဒ်က (၅) လှည့်ကြည့်ပါဦးလား
အသံချိုထဲမှာတော့ သိပ်ကြိုက်တဲ့ ကလေးမမို့ သူ့ သီချင်းတွေကို မလွတ်တမ်း နားထောင်ဖြစ်တယ်။

သီချင်းတိုင်း ပညာကုန်ပြတာမို့ သူ့ အသံချည်းပဲ နားထောင်ရင် ဆိုနေတာလွယ်လွယ်လေးလိုပဲ။ လိုက်ဆိုကြည့်မှ အသက်ထွက်မတတ် အမော ဆို့ရတဲ့ အသံပိုင်ရှင်ပေါ့ဗျာ။
အယ်(လ) ဆိုင်းဇီ ပါ။

အဲဒါကြောင့် ဘယ်သီချင်း ဘယ်လောက် ကြိုက်ကြိုက် သူပထမဆုံး မေမြို့ပွဲမှာ ခပ်ရိုးရိုး ဆိုခဲ့တဲ့ လှည့်ကြည့်ပါဦးလား သီချင်းကို စိတ်ထဲမှာ အမှတ်ရဆုံးပါပဲ။

သူကိုယ်တိုင် ရေးတာပါ၊
ဒီ သီချင်းကိုပဲ အယ်(လ) လွန်းဝါ က သူ့ ဗားရှင်းနဲ့ သူပြန်ဆိုထားတာ ရှိသေးတယ်ဗျ။
အဲဒါလည်း တော်တော်ကောင်းပါတယ်။
ကျနော် အသဲကွဲတုန်းက ဒီ သီချင်းချည်းပဲ ဆိုင်သွားတိုင်း ဆိုမိလို့ အဲဒီ သီချင်း ဆိုမယ်ဆို မခေါ်ဘူး ဆိုပြီး သူငယ်ချင်းတွေ အကြပ်ကိုင်တာခံရဘူးသဗျာ။ ဟိ။
“ငါ့ အချစ်များးးးး မြင်နိုင်ရင် လှည့်ကြည့်ပါဦးလားးးးးးးးးးးးးးးးးးးးးးးးးးးးး”

Mr. Black          –           မိန်းကလေး အသည်းကွဲအဆိုတော် လို့ တောင် တင်စားကြတဲ့ L ဆိုင်းဇီ ရဲ့ နာမည်ကြီး

သီချင်းပေါ့။ နောက်တစ်ပုဒ်ဆက်ပါဦးဗျ။

ကေဇီ                –           (၆) စိတ်ကူးနဲ့ ရူး
အယ်(လ) လွန်း ဝါ အယ်လဘမ် ထွက်တော့ အပေါက်ဆုံးက အချစ် မျက်ဝန်း သီချင်းဖြစ်မယ်ထင်တယ်ဗျ။
ကျနော် မကြိုက်ဘူးးး၊

မျက်ဝန်းချင်းတူရင် စည်သူလွင်ရဲ့ မျက်ဝန်း သီချင်းကို ကို ပိုကြိုက်တယ်။

ဒါပေမဲ့ အဲဒီ အခွေထဲက “စိတ်ကူးနဲ့ရူး” သီချင်းကိုတော့ ထပ်ခါ ထပ်ခါ နားထောင်ဖြစ်တယ်ဗျာ။
ဘာရယ်မဟုတ်ဘူးး အဲဒီ သီချင်းကြားရင် ငိုချင်စိတ်ကိုဖြစ်တာ။

သူ့ အသံရယ် မုဒ် ရယ်က အဲဒီ သီချင်းမှာ ပိုမိသလိုပဲမို့ ထင်ပါရဲ့။

ထူးအိမ်သင် ဆီက ဆိုပေါက် ရလိုက်ပေမဲ့ မုဒ် ကို ရလိုက်တယ် မထင်ဘူးး။

ကျန်တဲ့ သီချင်းတွေမှာ သူ့ကို မကြိုက်ဘူးး။
ရေးတာက မောင်မောင်ဇော်လတ်ဗျ။ စာသားလေးတွေ ရှင်းတယ်။

Mr. Black          –           အင်း အဲဒီသီချင်းတော့ နားမထောင်ဖူးသေးဘူးဗျ။ ကျွန်တော်က အယ်လ်လွန်းဝါနဲ့

နည်းနည်း ဝေးတယ်။ အဲဒါ။

ကေဇီ               –           (၇) မင်းအတွက်
ဟေးးးး !!! အရာရာမပြင်နိုင်တဲ့ နေ့မှာ ကိုယ်ရို့ ၂ ယောက်ဟာ တူတူဆုံဖို့ ဖြစ်လာရော့~~~~
ကိုမျိုးကျော့ အသံထွက် အတိုင်း ဆို ပြရတာ။ ခိခိ။

သိပ်ချွဲတဲ့ လူဂျီးး၊ အသံကိုပြောပါတယ်။  :mrgreenn:
သူ့ဟာသူ့ အပြင် ပါစင်နယ် ပိုင်း ဘယ်လောက် ဆိုးတယ်ပြောပြော သူ့ ရဲ့ အဲဒီ ခပ်ချွဲချွဲဆွဲဆောင်နိုင်တဲ့ အသံမှာ မြောပါဖူးခဲ့သေးတာပေါ့။
တစ်ချိန်ကပေါ့!!!  :mrgreenn:
သူ့ သီချင်းတိုင်း ဖန်တီးမှုတိုင်းကို ကြိုက်တဲ့ အထဲမှာမှ ဒီ သီချင်းရဲ့ ပထမဆုံး ဒီ စာကြောင်း နဲ့ ဆိုဟန်ရဲ့ ဆွဲဆောင်မှုကို ကျနော့ စိတ်က အခိုက်ဆုံးဖြစ်သွားတာပါ။။
အဲဒီတော့ ဒုတိယ အကြိုက်ဆုံး “မင်းလေး ကိုယ့်ကို သတိရ ပြီးတာပဲ” ဆိုတဲ့ သီချင်းကို မပြောပြတော့ဘူးနော်။

Mr. Black          –           မျိုးကျော့မြိုင်က ဒီဘက်ခေတ်ရဲ့ ရှားပါးစာရင်းဝင် အနုပညာရှင်ပါဗျာ။ ပါစင်နယ်ကတော့ တစ်ပိုင်းပေါ့။

ကေဇီ                  –           (၈) ဆွဲအားး
သိတယ်မို့လားးး? မာရဇ္ဇသီချင်းလေ။

သူကိုယ်တိုင်ရေးတာ။ အဲဒီ သီချင်း စနားထောင်ဖူးတော့ ကိုးတန်းထင်ပါတယ်။

အရမ်းကြွေတာ။ ခက်တာက သီချင်းစာသားထဲက ကောင်မလေး ပုံစံနဲ့ ကိုယ်နဲ့က တစ်ခြားစီ။
ဆံပင်ရှည်ရှည် (ကိုယ်က အဲ့ဒီအချိန်က ဆံပင် အုန်းမုတ်ခွက်ကေ)
အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေးးး (အရပ်က ပုတာမှ အီးပေါက်ရင်တောင် ဖုန်ထနိုင်တယ်)
ဂန္တဝင်မြောက် မင်းရဲ့ အလှ ထူးခြားလွန်းလို့ ရင်ခုန်သံ မမှန်နိုင်အောင် ကိုယ့်ရဲ့ အသည်းလေး ကြွေပြီ~~~
ညင်သာစွာလမ်းလျှောက်တဲ့ မင်းလေးရဲ့ အကျင့် (ဖိနောင့်နဲ့ နင်းတဲ့ခြေသံကြမ်းမို့ ဘီလူးဝင်စားသလားလို့ မေးရမယ်)
ဆင်စွယ်ရောင် ဖောရိန်းရှပ် သိပ်လိုက်လွန်းလို့ (အသားညိုလို့ ဆင်စွယ်ရောင်ကို အိမ်မက်ထဲမှာတောင် မဝတ်ဘူး)
အို! ဒီ ကမ္ဘာမြေထက် သူရဲ့ ဆွဲအားကြီးးးးး
ဆံပင်တွေ ကို အလှပဆုံး ပင့်သပ်ပြီးတော့  (အဲဒီ အမူအရာကို မလုပ်တတ်တာ)
ရီဝေစွာ ဆွေးဆွေးလေး ကြည့်လိုက်တိုင်းပေါ့ (ဆွေးဆွေးတော့ မကြည့်တတ်၊ စူးစူးပဲ ကြည့်တတ်တယ်)
ကိုယ်ရင်မှာ မခံနိုင်အောင် တုန်ရီမောဟိုက်နေပြီ။
အဲ! အဲဒီလို တလွဲတွေနဲ့မှာမှ အဲဒီ သီချင်းလည်း ထွက်ရော ကိုယ်နဲ့ ဘယ်နားမှ မတူတဲ့ စာသားတွေကို အမြင်တတ်တာတစ်ဖက် ကြိုက်ခဲ့တာ တစ်ဖက် လွန်ဆွဲခဲ့ဖူးတာပေါ့။

Mr. Black          –           ပုံရိပ်မဲ့ ဂရပ်ဖစ် ဆိုတဲ့ စီးရီးထဲက သီချင်း။ စိုးမြတ်သူဇာကို ကြည့်ပြီး ရေးထားတယ်လို့

တောင်ထင်ရတဲ့ သီချင်း။ IC ရဲ့ သမိုင်းဦး ကာလ စီးရီးတွေထဲက တစ်ခွေပေါ့ဗျာ။

ကေဇီ                   –           နောက်တစ်ပုဒ်က (၉) နီးနီးလေးနဲ့ ဝေးးး
ကျနော်တို့ နည်းပညာ ပဉ္စမနှစ်မှာ နေ့ချင်းပြန် ခရီး အတိုလေး ထွက်ရတယ်ဗျ။

အဲဒီမှာ ၁၇ ယောက် အုပ်စုကြီး ကားကြီးရဲ့ နောက်ပိုင်းမှာ စုထိုင်ပြီး သီချင်းဆိုပြီး သောက်ကြစားကြ ပြောကြဆိုကြပေါ့ဗျာ။
ဆို ကြတဲ့အပိုင်းမှာ ကျနော့ သူငယ်ချင်းတစ်ယောက် က သီချင်းတစ်ပုဒ်ဆိုတယ်။

ခုနက ပြောတဲ့ နီးနီးလေးနဲ့ ဝေး သီချင်းး၊ ကျနော်အဲဒီတုန်းက ရင်ဂို သား ကျားပေါက် သီချင်းဆိုပြီး အခွေထွက်တာကို မသိဘူးဗျ။
သူငယ်ချင်း ဆို တာက ကိုယ့်ကို ဆို တာမှန်း သိတာမို့ နားစိုက်ထောင်မိခဲ့တယ်။

မုဒ် အပြည့်နဲ့မို့ တော်တော်နားထောင်လို့လဲ ကောင်းခဲ့တယ်။

အဲဒီ ခရီးစဉ်က ပြန်ရောက်တဲ့ ညတွင်းချင်းပဲ ကျားပေါက် ရဲ့ အခွေကို သွားဝယ် ခဲ့ပြီး နားထောင်မိတဲ့အထိ ဝင်စားခဲ့တာပဲ။
ဟက်ဟက်!!!!

ဒီ “နား” က ဘာကွာလဲ မသိဘူးးး

ကျားပေါက် ဆိုတာ ကျနော့ သူငယ်ချင်းကို မမှီဘူးဗျ။  :mrgreenn:
နောက်ပိုင်းမှာလည်း ကျားပေါက်က ကိုယ့် အကြိုက် အဆိုတော်ထဲ ပါပြီး အားပေးခဲ့ပေမဲ့ ဒီ သီချင်းလောက်တော့ ဘယ်သီချင်းကမှ စိတ်အတွင်းထဲထိ ရောက်မလာခဲ့ဘူးးး
ဒီ သီချင်းကြားတိုင်း ငို ခဲ့ရတဲ့ အချိန်တစ်ချိန်လည်း ရှိခဲ့ဖူးရဲ့။

အမှတ်တရတွေပေါ့ဗျာ။

Mr. Black          –           BIG BAG သီချင်းတွေကို ကျွန်တော်လည်း ကြိုက်ပါတယ်ဗျ။ အလွယ်တကူကြိုက်သွားတာမျိုးမဟုတ်ပဲ နည်းနည်း အားထည့် နားထောင်မှ ကြိုက်သွားတဲ့ သဘောပေါ့။ နောက်ဆုံးတစ်ပုဒ် ပြောပါဦး။

ကေဇီ                   –           (၁၀) နောက်ဆုံး

အယ်ဖြူ ဆိုခဲ့တဲ့ သီချင်းးး၊

သူကိုယ်တိုင်ပဲ ရေးတယ် ထင်ပါရဲ့။
ကျနော် က အဆိုတော် ကို အသံ ပျော့ရင် မကြိုက်ဘူးး

ဒါပေမဲ့ ဒီ သီချင်းရဲ့ စာသားနဲ့ တေးသွားနဲ့ ဆိုတဲ့သူရဲ့မုဒ် နဲ့ ပေါင်းထားတဲ့ ပေါင်းစပ်မှုကို အရမ်းကြိုက်တယ်။။
ရင်ထဲက ချည်နှောင်ထားတဲ့ ဒီကြိုးလေးတွေလည်းးးးး~~~
ပြတ်တောက်သွားရင် နောက်ဆုံးတော့ နာကျင်မှာတို့ ၂ ဦးပဲ~~~
ဘယ်လို ရင်ဆိုင်မလဲ။ ဘယ်လို ရင်ဆိုင်မလဲ အမှောင်ညတွေ~~~
ဟူးးးး စာသားဖတ်ရတာနဲ့တင် ရင်ထဲ နစ်နေတာ။

အမှောင်ခန်းထဲမှာ နားထောင်ကြည့် ရင် အခန်းထောင့်လေးမှာ ဒူးလေးပိုက်ပြီး ငိုချင်စိတ်ပေါက်သွားမယ်။
ပိုဆိုးတာက ကျနော့ ဘဝမှာ ဒီ သီချင်းကို မုဒ် အပြည့်နဲ့ ဆိုပြတဲ့သူ ၃ ယောက်ရှိခဲ့ဖူးတယ်ဗျ။
ဘာလို့ နောက်ဆုံး လို့ သတ်မှတ်တဲ့ အချိန်မှာ ဒီ သီချင်းကို ရွေးကြလည်းမသိဘူးးး
တိုက်တိုက်ဆိုင်ဆိုင်။

Mr. Black          –           ဟေးဟေး။ ဒီသီချင်းကို ဆိုပြတဲ့သူ ၃ ယောက်ရှိခဲ့ဖူးတယ်ဆိုပဲ။ အထင်နည်းနည်းကြီးသွားပြီ။

ဟုတ်ပါပြီဗျာ။ ဒီစကားဝိုင်းလေးက လွန်ခဲ့တဲ့ ၂ လလောက်က ပြောခဲ့ဆိုခဲ့ကြတာမို့ သိတ်မလတ်ဆတ်တော့ပါဘူး။

ဆိုတော့ နည်းနည်းလတ်ဆတ်တာလေးတွေလည်း ပါသွားအောင် အခု လောလောဆယ် နားထောင်ဖြစ်နေတဲ့ သီချင်းလေး တွေ ပြောပြခဲ့ပါဦး။

ကေဇီ                   –           အခု တလော နားထောင်ဖြစ်နေတဲ့ သီချင်းတွေက နီနီခင်ဇော် သီချင်းတွေ များမယ်ထင်ရဲ့။  နီနီ ကို ကြိုက်တယ်ဗျ။
ကိုဘက်ဆီက လု တာမဟုတ်ပါဘူး။ တကယ်ပါ။  :mrgreenn:
သူ့ သီချင်းဆိုတဲ့ မုဒ် ကို ကြိုက်တယ်။
ခု တလော ညည်းဖြစ်ပြီး နားထဲ စွဲနေတဲ့ သီချင်းက နိုင်းဝမ်း နဲ့ ဆို ထားတဲ့ သီချင်း၊ နီနီ က ဆိုထားတာ။

အရောင် မဆိုးနဲ့ ဆိုတဲ့ သီချင်းး
နိုင်းဝမ်းပဲ ရေးထားတာ။ မူရင်းက ကိုရီးယား သီချင်းး
နီနီ အသံ နဲ့ ဆိုပေါက်က ပိုကောင်းတယ်။

Mr. Black          –           ရုပ်ရှင်သီချင်းတွေထဲမှာ မှတ်မှတ်ရရ ဖြစ်နေတဲ့ သီချင်းများ ရှိဦးမလား။

ကေဇီ                   –           မူပိုင်ချစ်သူ ရုပ်ရှင်ထဲက မီမီဝင်းဖေ သီချင်း။ နောက် မူပိုင်ရှင်မကြီး မမခိုင် သီချင်း။

နောက် ရင်ခွင်နန်းတော် ဆိုတဲ့ ဘိုဘို နဲ့ မီမီဝင်းဖေ ဆိုထားတဲ့ သီချင်း။ အဲဒါတွေကို မှတ်မှတ်ရရ ဖြစ်တယ်။

Mr. Black          –           အခုလို အချိန်ပေးပြီး တကူးတက ဖြေကြားပေးခဲ့တဲ့ မကေဇီ    ကို ကျေးဇူးတင်ပါတယ် ဗျာ။

 

ကဲ…။ ကျွန်တော် ဘလက်ချော နဲ့ မကေဇီတို့ရဲ့ မြူးဇစ် ဒိုင်ယာလော့ခ်  ကတော့ ဒီလောက်ပါပဲ။

ကျေနပ် နေတတ် ကြပါစေဗျာ။

ချစ်ခင်လေးစားတဲ့…

ဘလက်ချော…။

 

 

 

 

black chaw

About black chaw

black chaw has written 332 post in this Website..