အလင်းခြုံတဲ့ သတင်း Zone (၈)

alinsettOctober 22, 20141min18214

မင်္ဂလာပါ။

အပတ်စဉ် တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone အစီအစဉ်ကနေ
ဒီတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့….

• မြန်မာနိုင်ငံအတွင်းမှာ ဘာသာရေးအစွန်းရောက်မှုကြောင့် ဖြစ်လာတဲ့ အကြမ်းဖက် ပဋိပက္ခတွေကို
ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရေး သမ္မတဦးသိန်းစိန်အစိုးရကို ဖိအားပေးဖို့
HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်တဲ့သတင်း ၊

• ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရ တပ်မ ၇ရ လက်အောက်ခံ၊ ခမရ ၁၀၆ နဲ့
တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သတင်း ၊

• Kobani မှာ စစ်သွေးကြွတွေကို ခုခံတိုက်ခိုက်နေတဲ့ Kurdish တိုက်ခိုက်ရေးသမားတွေအတွက် ရည်ရွယ်ပြီး
US က လေကြောင်းကနေ ချပေးလိုက်တဲ့ လက်နက်၊ခဲယမ်းမီးကျောက်တွေဟာ
IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လက်ထဲကို ရောက်သွားခဲ့တဲ့သတင်းနဲ့ IS ဆိုင်ရာ သတင်းများ ၊

• အာရှဘောလုံးအဖွဲ့ချုပ် ၊စည်းကမ်းထိမ်းသိမ်းရေးကော်မတီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို
US ဒေါ်လာ ၂ သောင်း ၄ ထောင်နဲ့ နိုင်ငံတကာပြိုင်ပွဲတွေထဲက ပွဲစဉ်တစ်ခုကို ပရိ်သတ်မပါပဲ ကျင်းပဖို့ ပြစ်ဒဏ်ချမှတ်လိုက်တဲ့ သတင်း ၊

• အီဘိုလာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စောင့်ကြည့်စစ်ဆေးရေး လုပ်ငန်းတွေကို မြန်မာအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနကလည်း
အရှိန်အဟုန်မြှင့် လုပ်ဆောင်လာတဲ့ သတင်း ၊

• အမေရိကမှာ ပထမဆုံး အီဘိုလာ ရောဂါတွေ့ရှိတဲ့ လူနာကို ကုသခဲ့တဲ့ ၊
တက္ကဆက်စ် ဆေးရုံမှ အခြား သူနာပြုဆရာမ နောက်တဦးလည်း အီဘိုလာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေပြီဆိုတဲ့ သတင်းနဲ့
အီဘိုလာရောဂါဆိုင်ရာ နောက်ဆုံးရသတင်းများ ၊

• အခြေခံဥပဒေပြင်ဆင်ရေးကို တပ်မတော်အနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ အရေး ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဦးဆောင်ပြီး
ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့သတင်း ၊

• တိုင်းရင်းသား လက်နက်ကိုင်တွေ အပါအဝင် နိုင်ငံရေးပါတီတွေ အားလုံးပါဝင်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကို
၂၀၁၆ ခုနှစ်ထဲရောက်မှသာ ပြုလုပ်ဖို့ ဖြစ်နိုင်တော့မယ်ဆိုတဲ့သတင်း ၊

• မြန်မာအစိုးရအနေနဲ့ သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေမှာ ထင်သာမြင်သာရှိလာဖို့အတွက်
US သမ္မတအိုဘားမား အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ မြန်မာအစိုးရကို ဖိအားပေးဖို့
အမေရိက အောက်လွှတ်တော်အမတ် ၁၆ ဦးက တောင်းဆိုလိုက်တဲ့သတင်း ၊

• အမျိုးသားလွှတ်တော်က အတည်ပြုလိုုက်တဲ့ Broadcasting Law ရုုပ်သံဥပဒေမူကြမ်းဟာ တရားမျှတမှု မရှိတဲ့ အတွက်
ပြန်လည် ပြင်ဆင်ပေးဖို့ သတင်းမီဒီယာသမားတွေက ထပ်မံတောင်းဆိုလိုက်ကြတဲ့ သတင်းနဲ့…

• နိုင်ငံပိုင်ငွေအလွဲသုံးစားလုပ်မှု ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ တရားစွဲဆိုခံခဲ့တဲ့
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ထောင်ဒဏ် နဲ့ ဒဏ်ငွေချမှတ်လိုက်တဲ့ သတင်း ၊

• Bi မွန်းတည့်နေဂျာနယ်ရဲ့ ထုတ်ဝေသူ ၊ အယ်ဒီတာ အပါအဝင် သတင်းသမား ၅ယောက်ကို
နိုင်ငံတော် အကြည်ညိုပျက်စေမှု ၊ ဆူပူအောင်လှုံ့ဆော်မူပုဒ်မ ၅၀၅ (ခ) ရဲ့ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့
ထောင်ဒဏ် ၂နှစ်စီ ချမှတ်လိုက်တဲ့ သတင်းများ ၊

• (၁၈) ကြိမ်မြောက် Forum 2000 Forum 2000 ညီလာခံမှာ မြန်မာဒီမိုကရေစီအသွင်ကူပြောင်းရေး အလားအလာနဲ့ စိန်ခေါ်ချက်များဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြခဲ့တဲ့ မြန်မာအရေးဆွေးနွေးမှုသတင်း ၊
• မန္တလေးတိုင်းဒေသကြီးမှာ ကူးစက်ရောဂါများနဲ့ အကြမ်းဖက်မှုများကြောင့် ထိခိုက်ဒဏ်ရာရတဲ့အခါ

အချိန်မီကယ်ဆယ်နိုင်ရေးအတွက် သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့ ( Disaster Team) ဖွဲ့စည်းလိုက်တဲ့ သတင်း ၊
• လော့စ်အိန်ဂျယ်လိစ်မြို့အနီး လာပွန်းတီးရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ ကျင်းပမယ့်
ဆီမီး ၁၀၀ဝ ၊ ပန်း ၁၀၀ဝ ပူဇော်ပွဲဆိုင်ရာ သတင်းများနဲ့…
အခြား စိတ်ဝင်စားဖွယ်ရာ သတင်းအချက်အလက်များကို တင်ပြပေးသွားမှာ ဖြစ်ပါတယ် ။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂၂ ။

မြန်မာနိုင်ငံအတွင်းမှာ ဘာသာရေးအစွန်းရောက်မှုကြောင့် ဖြစ်လာတဲ့ အကြမ်းဖက် ပဋိပက္ခတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရေး
သမ္မတဦးသိန်းစိန်အစိုးရကို ကမ္ဘာ့ခေါင်းဆောင်တွေက ဖိအားပေးဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက
တိုက်တွန်းလိုက်ကြောင်း သတင်းရရှိပါတယ်။

နိုဝင်ဘာလမှာ မြန်မာနိုင်ငံက အိမ်ရှင်အနေနဲ့ လက်ခံကျင်းပမယ့် အရှေ့အာရှ ၊ အာဆီယံ ထိပ်သီးစည်းဝေးပွဲကို
နိုင်ငံတကာ ခေါင်းဆောင်တွေဖြစ်တဲ့ အမေရိက သမ္မတ ဘရက်ခ် အိုဘားမား၊
ဩစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ အင်ဒိုနီးရှားသမ္မတသစ် ဂျိုကို ဝီဒိုဒို နဲ့မလေးရှား ဝန်ကြီးချုပ် နာဂျစ်ပ် ရာဇက် တို့ တက်ရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ဘာသာရေး ပဋိပက္ခတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရေးအတွက် မြန်မာသမ္မတကို တိုက်တွန်းဖို့ အရေးကြီးကြောင်း နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ထုတ်ဖော်ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ အကြမ်းဖက်မှုတွေကို
အစိုးရဘက်က ထိထိရောက်ရောက် ဖြေရှင်းပေးတာမျိုး မရှိခဲ့ကြောင်းနဲ့ ‘မဘသ’ လို့ခေါ်တဲ့ ၉၆၉ အဖွဲ့ကနေ
လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုကို အခြေခံပြီး အကြမ်းဖက်မှုတွေ ၊ အခြားရာဇဝတ် ကျူးလွန်မှုတွေဖြစ်အောင် အမုန်းစကားတွေနဲ့ စည်းရုံးဟောပြောနေတာတွေကို မြန်မာအစိုးရအနေနဲ့ ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ကြောင်းလည်း HRW က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်မှာ လူမှုအသိုင်းအဝိုင်းနှစ်ခုကြား အယူအစွဲကွဲပြားမှုတွေနဲ့
မဟုတ်မမှန်သတင်းပျံ့နှံ့မှုတွေကြောင့် အကြမ်းဖက်မှုများစွာ ဖြစ်ပွားခဲ့ပြီး ၊ ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွေ မှာလည်း
မိတ္ထီလာ၊ လားရှိုး၊ မန္တလေး မြို့ကြီးတွေ အပါအဝင် အခြားဒေသတချို့မှာ ဆူပူတိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့ပါတယ်။
ပြည်တွင်းမှာ အခုလို လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေ ပိုမို ဆိုးရွားမလာအောင်၊
ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်စေလိုကြောင်း မြန်မာအစိုးရကို ကုလသမဂ္ဂကလည်း တိုက်တွန်းထားခဲ့ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂၂ ။

ရှမ်းပြည်မြောက်ပိုင်း ၊ နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာမှာ အစိုးရစစ်တပ် တပ်မ ၇ရ လက်အောက်ခံ ၊
ခမရ ၁၀၆ နဲ့ တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

အစိုးရထိုးစစ်တွေက ပြန် ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပေမယ့်
မရုပ်သိမ်းတဲ့အပြင် ရှိနေပြီးသား တပ်ရင်း တပ်ဖွဲ့တွေက ထပ်မံထိုးစစ်ဆင်နေကြောင်း ၊
အောက်တိုဘာ ပထမအပတ်ထဲမှာ အင်အား ၄ဝဝ ကျော် ထပ်ပို့ခဲ့တဲ့အပြင်
အောက်တိုဘာ ၂ဝ ရက်မှာ ကားအစီးပေါင်း ၆ဝ ကျော် အင်အား ထပ်ဖြည့်ထားကြောင်း ၊
TNLA လှုပ်ရှားနေတဲ့ဒေသမှာ အစိုးရတပ် စစ်သားတွေက အနှောင့်အယှက်ပေးသလိုဖြစ်နေတာကြောင့်
တိုက်ပွဲတွေက မကြာခဏဖြစ်ပွားနေရကြောင်း
တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ဒုတိယပြန်ကြားရေးဌာနမှူး ဗိုလ်ကြီး တာပန်လ က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

PSLF/TNLA သတင်း နဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ မြန်မာစစ်တပ်နဲ ့
အပြန်အလှန် မိနစ် ၃ဝ ကျော် ပစ်ခတ်ခဲ့ကြကြောင်း၊ ထိခိုက်ကျဆုံးမှု အသေးစိတ် မသိရသေးပဲ
တအောင်းတပ်မတော်က ပစ်ခတ်လိုက်တဲ့ RPG လောင်ချာဗုံးကြောင့် မြန်မာစစ်တပ်မှ နှစ်ဦး ကျဆုံးကြောင်း သိရှိရပါတယ်။

အောက်တိုဘာ ၁ရက်နေ့လောက်က စပြီး ရှမ်းပြည်မြောက်ပိုင်းမှာ
အစိုးရစစ်တပ်နဲ့ တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့်
အပြင်မထွက်ရဲလောက်အောင် ဖြစ်နေရတဲ့ ဒေသခံတွေ ရှိနေကြောင်း သတင်းရရှိပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အောက်တိုဘာ ၂၁ ။

ဆီးရီးယားနယ်စပ်မြို့ဖြစ်တဲ့ Kobani မှာ စစ်သွေးကြွတွေကို ခုခံတိုက်ခိုက်နေတဲ့
Kurdish တိုက်ခိုက်ရေးသမားတွေအတွက် ရည်ရွယ်ပြီး
အမေရိက က လေကြောင်းကနေ ချပေးလိုက်တဲ့ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေဟာ
IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လက်ထဲကို ရောက်သွားခဲ့ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ကတော့ US အနေနဲ့ လေကြောင်းကနေ လက်နက်တွေ ၂၈ ကြိမ်ထိ ချပေးခဲ့ရာမှာ
၂ရ ကြိမ်ဟာ သတ်မှတ်ထားတဲ့နေရာကို တိုက်ရိုက်ကျခဲ့ပြီး Kurdish တိုက်ခိုက်ရေးသမားတွေ ရရှိသွားတာ သေချာတယ်လို့ ပြောဆိုထားပါတယ်။

ဆီးရီးယားနယ်စပ်မြို့ဖြစ်တဲ့ Kobani မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေလက်ထဲ ကျမသွားရအောင်
ခုခံနေကြတဲ့ Kurdish တိုက်ခိုက်ရေးသမားတွေကို စစ်ရေးအကူညီပေးတဲ့အနေနဲ့
US တိုက်လေယာဉ်တွေဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရာနဲ့ချီရှိတဲ့ IS စစ်သွေးကြွတွေ သေဆုံးခဲ့ပြီး
အောက်တိုဘာ ၂၁ နဲ့ အောက်တိုဘာ ၂၂ ၊ နှစ်ရက်အတွင်းမှာ ဝေဟင်ကနေ တိုက်ခိုက်မှုပေါင်း ၁၈ ကြိမ် ပြုလုပ်ခဲ့ပြီး

ဂျီဟတ် အစွန်းရောက်သမားတွေရဲ့ အဆောက်အဦး ၁၆ လုံးကို ဖျက်ဆီးပစ်လိုက်နိုင်ကြောင်း သိတင်းရရှိပါတယ် ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂ဝ ။

ပြီးခဲ့တဲ့ မြန်မာနဲ့ ယူအေအီး တို့ ယှဉ်ပြိုင်တဲ့ U-19 ဘောလုံးပွဲမှာ
မြန်မာပရိသတ်က ပွဲပြီးချိန်မှာ ကွင်းထဲကို ဝင်ရောက်အားပေးခဲ့တာနဲ့ပတ်သက်ပြီး
ဒါဟာ စည်းကမ်းချိုးဖေါက်တာဖြစ်တဲ့အတွက်
အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိမ်းသိမ်းရေးကော်မတီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို
US ဒေါ်လာ ၂ သောင်း ၄ ထောင်နဲ့ နိုင်ငံတကာပြိုင်ပွဲတွေထဲက ပွဲစဉ်တစ်ခုကို ပရိ်သတ်မပါပဲ ကျင်းပရမယ် လို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ရ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့
မြန်မာနဲ့ ယူအေအီး ဘောလုံးပွဲ ပြီးဆုံးချိန်မှာ မြန်မာအသင်းက ယူအေအီးအသင်းကို အနိုင်ရခဲ့တဲ့အတွက် ပရိသတ်တွေက ဘောလုံးကွင်း မြက်ခင်းပြင်ထဲအထိ ဝင်ရောက်ပြီး
အောင်ပွဲခံဂုဏ်ပြုတာတွေ၊ ကစားသမားတွေနဲ့အတူ ဓါတ်ပုံဝင်ရိုက်တာတွေပြုလုပ်ခဲ့တာတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၁၉ ။

ကမာ္ဘ့ ကပ်ရောဂါတခုဖြစ်နေတဲ့ အီဘိုလာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စောင့်ကြည့်စစ်ဆေးရေး လုပ်ငန်းတွေကို
မြန်မာအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနကလည်း အရှိန်အဟုန်မြှင့် လုပ်ဆောင်လာကြောင်း
Myanmar CDC က ဖေ့စ်ဘုတ်စာမျက်နှာမှာ ဓာတ်ပုံတွေနဲ့ တင်ပြလိုက်ပါတယ်။

အထူးသဖြင့်တော့ လေဆိပ်တွေမှာ Infra-red Fever Screening System (Thermal Scan) စက်ကိရိယာတွေ
တပ်ဆင်မှုလုပ်နေပြီး နေပြည်တော်နဲ့ ရန်ကုန် တို့မှာ စက်တပ်ဆင်မှု အသစ် ၁ ခုစီ ထပ်တိုးလိုက်ပြီး
မန္တလေး၊ ညောင်ဦးလေဆိပ်တွေမှာလည်း စက်အသစ် တခုစီ တပ်ဆင်လိုက်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ အနီအောက်ရောင်ခြည်သုံး အကဲဖြတ်စနစ်နဲ့ အဖျားတိုင်းတာ ကိရိယာစက်တွေအနေနဲ့
နေပြည်တော် လေဆိပ်မှာ စက် ၂ ခု၊ ရန်ကုန် လေဆိပ်မှာ ၂ ခု၊ မန္တလေးလေဆိပ်မှာ ၁ ခု၊ ညောင်ဦး လေ ဆိပ် မှာ ၁ ခုတို့ ရှိနေကြောင်း သတင်းရရှိပါတယ်။

အောက်တိုဘာလ ၁ရ ရက်နေ့ထိ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တော့
မြန်မာနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ခံရသူ မရှိသေးကြောင်း သိရှိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၁၉ ။

အမေရိက နိုင်ငံမှာ ပထမဆုံး အီဘိုလာ ရောဂါတွေ့ရှိတဲ့ လူနာကို ကုသခဲ့တဲ့
တက္ကဆက်စ် ဆေးရုံမှ အခြား သူနာပြုဆရာမ နောက်တဦးလည်း အီဘိုလာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေကြောင်း တွေ့ရှိရပြီး
အမေရိက နိုင်ငံမှာ ဒုတိယမြောက် အီဘိုလာ ကူးစက်ဖြစ်ပွားတဲ့ သူနာပြုဆရာမအဖြစ် အတည်ပြုလိုက်ပါတယ်။

ရောဂါကူးစက်ခံရတဲ့ သူနာပြုဆရာမကို အနောက်အာဖရိကနိုင်ငံတွေဆီကနေ အီဘိုလာ ကူးစက်ဖြစ်ပွားလာခဲ့တဲ့
အမေရိကန်နိုင်ငံသားတွေကို အောင်မြင်စွာအသက်ရှင်အောင် ကုသပေးခဲ့တဲ့
ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့ရှိ အမ်မိုရီတက္ကသိုလ်ဆေးရုံကြီးမှာ
သီးသန့် လေယာဉ်တစင်းနဲ့ ပို့ဆောင်ပြီး ကုသပေးဖို့ စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။

အမေရိက နိုင်ငံမှာ ပထမဆုံး အီဘိုလာ ကူးစက်ဖြစ်ပွားတဲ့
ဗီယက်နမ် သူနာပြုဆရာမ နီနာဖမ်ကတော့ အခုအချိန်မှာ အခြေအနေ ကောင်းမွန်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

US သမ္မတ ဘာရက်ခ် အိုဘားမားဟာ
မဲဆွယ်ပွဲအတွက် ခရီးကိုဖျက်သိမ်းပြီး အမေရိက ပြည်ထောင်စုအတွင်း အီဘိုလာကူးစက်ဖြစ်ပွားလာမှုကို ထိန်းချုပ်ဖို့

အရေးပေါ်အစည်းအဝေး ပြန်လည် တက်ရောက်ခဲ့ကြောင်းလည်း သိရပါတယ်။

အီဘိုလာကြောင့်
ကမာ္ဘတလွှားမှာ သေဆုံးရသူပေါင်း ၄၅၅၅ ယောက် ရှိသွား ပြီဖြစ်ပြီး
ရောဂါဖြစ်ပွါးခဲ့သူပေါင်း ၉၂၀ဝ နီးပါးရှိနေကြောင်း WHO ကမာ္ဘ့ကျန်းမာရေး အဖွဲ့ကြီးက အတည်ပြု ပြောကြားလိုက်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၁၉ ။

အခြေခံဥပဒေပြင်ဆင်ရေးအတွက် တပ်မတော်အနေနဲ့လည်း ပူးပေါင်းပါဝင်ပေးဖို့
ရန်ကုန်မြို့ခံတချို့က ရန်ကုန်မြို့၊ မြို့တော်ခန်းမအနီးမှာ တောင်းဆိုခဲ့ကြပါတယ်။

အဲ့ဒီတောင်းဆိုပွဲကို ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဦးဆောင်ခဲ့တာဖြစ်ပြီး
တပ်မတော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိနေတာကြောင့်
ပြည်သူတွေ ဘက်က ရပ်တည်ပေးဖို့ တောင်းဆိုရခြင်း ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

“အခြေခံဥပဒေတစ်ခုလုံးပြင်ဆင်ရေးမှာရော လေးပွင့်ဆိုင်တွေ့ဆုံရေးဆိုတဲ့
အရေးကြီးတဲ့ထိပ်သီးလေးပွင့် တွေ့ဆုံ ပြီး နိုင်ငံရေးပြဿနာတွေကို အမြန်ဆုံးဖြေရှင်းဖို့ကိစ္စမှာပါ တပ်မတော်က

တာဝန် သိသိပူးပေါင်းပါဝင်လာဖို့ ကျနော်တောင်းဆိုပါတယ်၊
သမိုင်းကြောင်းကောင်း ခဲ့တဲ့ မြန်မာ့တပ်မတော်ကို သမိုင်းဟောင်းကနေ လွန်မြောက်ပြီး

ပြည်သူ့ဘက်ကိုပဲ မျက်နှာမူတဲ့ ပြည်ချစ်တပ်မတော်အဖြစ် ကူးပြောင်းပေးစေဖို့ အတွက်
တပ်မတော်ခေါင်းဆောင်ပိုင်းကို ကျနော်က လာရောက်ဆန္ဒဖော်ထုတ်ပြခြင်းဖြစ်ပါတယ်” လို့…

ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၁၉ ။

တိုင်းရင်းသား လက်နက်ကိုင်တွေ အပါအဝင် နိုင်ငံရေးပါတီတွေ အားလုံးပါဝင်မယ့်
နိုင်ငံရေးဆွေးနွေးပွဲတွေကို လာမယ့် ၂၀၁၆ ခုနှစ်ထဲရောက်မှသာ ပြုလုပ်ဖို့ ဖြစ်နိုင်ကြောင်း
MPC မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေက နေပြည်တော်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ် ။

နေပြည်တော် MAX ဟိုတယ်မှာ ကျင်းပတဲ့
“ပြည်တွင်းငြိမ်းချမ်းရေးအတွက် လွှတ်တော်ရဲ့ အခန်းကဏ္ဍ” ဆိုတဲ့ ဆွေးနွေးပွဲမှာ
မြန်မာငြိမ်းချမ်းရေး စင်တာ တာဝန်ရှိသူတွေက ခန့်မှန်း ပြောဆိုခဲ့တာဖြစ်ကြောင်း သတင်းရရှိပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ပြည်တွင်းငြိမ်းချမ်းရေး ပထမအဆင့်အဖြစ် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဆွေးနွေးနေကြဆဲဖြစ်ပြီး
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကိုတော့ အောက်တိုဘာလထဲမှာ ကျင်းပနိုင်မယ်လို့ မူလကခန့်မှန်းခဲ့ကြပေမယ့်
အခုအချိန်ထိ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား
နှစ်ဖက်လက်မှတ်ရေးထိုးနိုင်မယ့် နောက်ဆုံးအဆင့် သဘောတူမူကြမ်း မရရှိသေးကြောင်း သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၁၈ ။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေးမှာ
သဘာဝတွင်းထွက် သယံဇာတ အရင်းအမြစ်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တာကြောင့် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတယ်ဆိုတဲ့ မြန်မာအစိုးရအနေနဲ့
သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေမှာ ထင်သာမြင်သာရှိလာဖို့ အရေး ၊
US သမ္မတအိုဘားမား အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ မြန်မာအစိုးရကို ဖိအားပေးဖို့
အမေရိက အောက်လွှတ်တော်အမတ် ၁၆ ဦးက တောင်းဆိုလိုက်ပါတယ်။

အမေရိက လွှတ်တော်အမတ် Steve Chabot ဦးဆောင်တဲ့ အောက်လွှတ်တော်အမတ် ၁၆ ဦးက
အခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်နေတဲ့ သမ္မတအိုဘားမားဆီကို သတိပေးစာ ရေးသားပေးပို့ ပြီး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

သယံဇာတ ပေါများတဲ့ မြန်မာနိုင်ငံဟာ အာရှဒေသအတွင်း ဟိုအရင်က ကြွယ်ဝခဲ့ပေမဲ့
စစ်အစိုးရက နှစ်ပေါင်း ၅ဝ လောက် အုပ်ချုပ်ခဲ့ပြီးနောက်မှာ အဂတိ လိုက်စားမှုမျိုးစုံနဲ့ ဆင်းရဲတွင်း နက်ခဲ့ကြောင်း ၊
ယခုလက်ရှိ အပြောင်းအလဲတွေ ဖော်ဆောင်ချိန်မှာ စစ်အစိုးရလက်ထက်တုန်းက ပုံစံမျိုးတွေ ပျောက်အောင်လုပ်ဖို့
လိုအပ်ကြောင်းနဲ့ နိုင်ငံ့သယံဇာတကနေ ရရှိတဲ့ အကျိုးအမြတ်ကို ပြည်သူတွေ ခံစားနိုင်အောင် လုပ်ပေးဖို့ လိုအပ်ကြောင်း ၊
အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် တွန်းအားပေးရာမှာ
သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ရှိလာအောင် မြန်မာအစိုးရကို တိုက်တွန်းပေးဖို့လိုကြောင်း လွှတ်တော်အမတ်တွေက ထောက်ပြဝေဖန်လိုက်ပါတယ်။

အမေရိက လွှတ်တော်အမတ်တွေအနေနဲ့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေမှာ
ကတိအတိုင်း မလုပ်တာတွေအတွက် စိုးရိမ်မှုတွေ ရှိနေကြောင်း မြန်မာ့အရေး ဆောင်ရွက်နေတဲ့ US Campaign for Burma အဖွဲ့ရဲ့ ဥက္ကဌ Jennifer Quigley က ပြောခဲ့ပါတယ်။

မြန်မာအစိုးရဟာ ပွင့်လင်းမြင်သာမှု ရှိလာအောင်လုပ်ဆောင်မှာ ဖြစ်ကြောင်း
ကတိတွေ အထပ်ထပ်ပေးခဲ့ပေမဲ့ ဒီကတိတွေကို တည်အောင် လုပ်မပေးခဲ့ပဲ အသုံးစားရိတ် ဘတ်ဂျက်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့ဝန်ဆောင်မှု တချို့အတွက် ပွင့်လင်းလာတာမျိုးသာ ရှိပြီး
စစ်အသုံးစားရိတ်နဲ့ ရေနံ ၊ သဘာဝဓာတ်ငွေ့ကရတဲ့ ဝင်ငွေ အတိအကျကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုတာမျိုး မရှိကြောင်းလည်း ဝေဖန်ပြောဆိုလိုက်ပါတယ်။

သမ္မတ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံကို သွားရောက်စဉ်မှာ
မြန်မာအစိုးရဘက်က မူဝါဒတွေ၊ စည်းမျဉ်းစည်းကမ်းနဲ့ နည်းဥပဒေတွေ ပြုပြင်ပြောင်းလဲလာပြီး ပွင့်လင်းမြင်သာမှု ရှိလာအောင် လုပ်ဆောင်ဖို့ တိုက်တွန်းသင့်ကြောင်း တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၁၈ ။

အမျိုးသားလွှတ်တော်က အတည်ပြုလိုုက်တဲ့ Broadcasting Law ရုုပ်သံဥပဒေမူကြမ်းဟာ
ရုုပ်သံသတင်းဌာန လုပ်ကိုင်လိုသူအားလုံးကိုု တရားမျှတမှု ပေးမထားတဲ့ အတွက် ပြန်လည် ပြင်ဆင်ပေးဖို့ သတင်းမီဒီယာသမားတွေက ထပ်မံတောင်းဆိုလိုက်ကြတယ်လို့ သတင်းရရှိပါတယ်။

အောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့ Green Hill ဟိုတယ်မှာ အသံလွှင့် မီဒီယာဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ရာ
ရွှေသံလွင်နဲ့ Forever Group တို့လို လက်ရှိ ရုပ်သံထုတ်လွှင့်နေတဲ့ သတင်းဌာနကြီးတွေဟာ
ရုုပ်သံမီဒီယာဥပဒေ မပြဌာန်းသေးခင်ကတည်းက ရုုပ်သံလိုင်းတွေ တိုးချဲ့ထားပြီးသားဖြစ်နေပြီး ဈေး ကွက်ကို ထိန်းချုပ်ထားတယ်လို့ ဒီမိုကရက်တစ်မြန်မာ့အသံ ဒုတိယအမှုဆောင်ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ဝေဖန်ပြောဆိုပါတယ်။

စာနယ်ဇင်းကောင်စီအဖွဲ့ဝင် စာရေးဆရာဖေမြင့်ကလည်း
မီဒီယာလောက ဖွံ့ဖြိုးရေးအတွက် အင်မတန်တင်းကျပ်နေတဲ့အတွက် ခေတ်နဲ့ကိုက်ညီခြင်းမရှိတော့တဲ့ ဥပဒေတွေကို
ပယ်ဖျက်သင့်ပြီဖြစ်ကြောင်း ဝေဖန်ပြောဆိုလိုက်ပါတယ်။

မဇိ္ဈမ သတင်းဌာန၊ အယ်ဒီတာချုပ် ဦးစိုးမြင့်ကလည်း
သတင်းစာနဲ့ ဂျာနယ်ထုတ်ဝေသူတွေဟာ ရုပ်သံမီဒီယာဘက်ကို ကူးပြောင်းပြီး လုပ်ပိုင်ခွင့် မရှိတော့တဲ့အတွက်
မျှတမှု မရှိတဲ့အပြင် အားနည်းချက်တွေရှိနေကြောင်း ဝေဖန်ထားတယ်လို့ သတင်းရရှိပါတယ်။

အဆိုပါ မီဒီယာ ဆွေးနွေးပွဲကို သတင်းဌာနတွေနဲ့ ရုပ်သံ မီဒီယာစိတ်ဝင်စားသူ ၄ဝ ခန့်တက်ရောက်ခဲ့ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၁ရ ။

နိုင်ငံပိုင်ငွေအလွဲသုံးစားလုပ်မှုနဲ့ ၂၀၁၄ ဇွန်လ ၁၉ ရကက စတင်ဖမ်းဆီးစစ်ဆေးခဲ့ပြီး၊
တရားရုံးတင်စစ်ဆေးစဉ် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ထပ်မံတရားစွဲဆိုခံခဲ့တဲ့
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ဒက္ခိဏသီရီခရိုင်တရားရုံးက ထောင်ဒဏ် ၁၃ နှစ်နဲ့ ဒဏ်ငွေ ကျပ်တစ်သိန်း ကျခံရန် အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိပါတယ်။

နိုင်ငံပိုင်ငွေ အလွဲသုံးစားလုပ်မှုပုဒ်မ (၄၀၉)နဲ့ ထောင်ဒဏ်သုံးနှစ်၊
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)နဲ့ ဒဏ်ငွေတစ်သိန်းနဲ့ ထောင်ဒဏ် ၁ဝနှစ် ကျခံစေရန် အပြစ်ပေး အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။

ဦးဆန်းဆင့်ကို စတင်ဖမ်းဆီးစစ်ဆေးတရားစွဲဆိုပြီး လေးလအကြာမှာ
ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဦးဆန်းဆင့်ကို ပြစ်မှုများ ရုတ်သိမ်းပေးရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးက လက်မှတ်ရေးထိုးတောင်းဆိုမှုတွေရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

ဦးဆန်းဆင့်ဟာ နအဖအစိုးရလက်ထက်တုန်းက ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၁ရ ။

အမျိုးသားလွှတ်တော်မှာ အောက်တိုုဘာလ ၁၄ ရက်က အတည်ပြုခဲ့တဲ့
ရုုပ်သံလွင့် မီဒီယာ ဥပဒေမူကြမ်း နဲ့ ပတ်သက်ပြီး ဥပဒေပြုလွှတ်တော်အမတ်တွေနဲ့ သတင်းမီဒီယာလောကမှာ ပြောဆိုဝေဖန်မှုတွေ ရှိနေပါတယ်။

အသေးစိတ် မလေ့လာနိုင်ဘဲ အတည်ပြုခဲ့ပုံရတယ်ဆိုတဲ့ Broadcast Law လိုု့ခေါ်တဲ့ ရုုပ်သံလွှင့် မီဒီယာ ဥပဒေကို
သတင်းမီဒီယာ နဲ့ ရုုပ်သံလွင့် မီဒီယာ အသိုုင်းအဝိုုင်းက ကန့်ကွက်တဲ့သဘော ဝေဖန်ပြောဆိုလိုက်ပါတယ်။

အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ Broadcast Law လိုု့ခေါ်တဲ့ ရုုပ်သံလွှင့် မီဒီယာ ဥပဒေထဲမှာ ပါရှိတဲ့ အချက်တချို့ဟာ
ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ရုုပ်သံလွှင့် သတင်း မီဒီယာ လောကကိုု လွှမ်းမိုုးဖိုု့ လက်ဦးမှုရယူထားတဲ့ သဘောတွေ
ပါရှိနေတောကြောင့် သဘောမတူဘဲ ကန့်ကွက်ပြောဆိုကြတာဖြစ်ကြောင်း သိရပါတယ်။

ဒီဥပဒေနဲ့ စပ်လျဉ်းပြီး ပေါ်ပေါက်လာမယ့် ကောင်စီဟာ အစိုုးရသက်တမ်း ကုုန်ခါနီး ပြန်ကြားရေး ဝန်ကြီးဌာန ရဲ့ထိပ်ပိုုင်း ဝန်ထမ်းတွေကိုု
နေရာပေးဖိုု့ နေရာ တစ်ခုု ဖြစ်လာအောင် ကြိုတင် စီစဉ်ထားတဲ့ သဘောလည်း ဖြစ်နေတယ်လို့
မြန်မာနိုုင်ငံ စာနယ်ဇင်းကောင်စီ ရဲ့အတွင်းရေးမှူး လည်းဖြစ်၊ The voice သတင်းစာရဲ့ အယ်ဒီတာချုပ်လည်း ဖြစ်တဲ့ ဦးကျော်မင်းဆွေ က သုုံးသပ် ဝေဖန်လိုက်ပါတယ်။

ပြည်တွင်း၊ အွန်လိုုင်း သတင်းရုုပ်သံမီဒီယာ တစ်ခုုဖြစ်တဲ့ ကမာရွတ် မီဒီယာရဲ့ အကြီးအကဲ ကိုုနေသန်မောင်ကလည်း
” ဒီဥပဒေထဲမှာ ကောင်စီ ရဲ့အခန်းကဏ္ဍဟာ အငြင်းပွားစရာ ရှိနေသလိုု Cross Ownership လိုု့ ခေါ်တဲ့ မီဒီယာ ပိုုင်ဆိုုင်မှု ကလည်း
ဒီဥပဒေ ထဲက နောက်ထပ် အငြင်းပွားစရာ အချက်ဖြစ်နေကြောင်း ၊ ပုဂ္ဂလိကကို ဒီချယ်နယ်တွေ၊

Free to Air တွေ Frequency တွေကနေ ထိန်းချုပ်ပြီး ပြန်ပြီးပေးမယ့်အရေးမှာ ဖွဲ့မယ့်ကောင်စီက အစိုးရ အဖွဲ့ပဲ ဖြစ်နေကြောင်း ၊

ကျွမ်းကျင်တဲ့ Independence ပညာရှင်တွေ ၊ Professional တွေနဲ့ ဖွဲ့ပေးမှာ မဟုတ်ဘဲ အစိုးရအနေနဲ့ ဖွဲ့မှာဆိုတော့

အစိုးရကပဲ Policy ချတဲ့ သဘောဖြစ်နေကြောင်း
ဝေဖန်ပြောဆိုမှုတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၁၆ ။

မြန်မာ ပြည်တွင်းအခြေစိုက် Bi မွန်းတည့်နေဂျာနယ်ရဲ့ ထုတ်ဝေသူ ၊ အယ်ဒီတာ အပါအဝင်
သတင်းသမား ၅ယောက်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ၊ ဆူပူအောင်လှုံ့ဆော်မူပုဒ်မ
၅၀၅ (ခ) ရဲ့ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် ၂နှစ်စီ ချမှတ်လိုက်ကြောင်း သတင်းရရှိပါတယ်။

ဒီပြစ်ဒဏ်ဟာ မီဒီယာဥပဒေ ရှိနေပြီး မီဒီယာဥပဒေနဲ့ အညီ စီရင်မူ မရှိခဲ့တဲ့အတွက်
တိုင်းတရားရုံးကို အယူခံ ဆက်တက်မယ်လို့ သတင်းသမားတွေ ရဲ့ ရှေနေ ဦးကျော်ဝင်း က ပြောဆိုလိုက်ပါတယ်။

မွန်းတည့်နေဂျာနယ်ဟာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်လိုက်ကြောင်း သတင်းတစ်ပုဒ်ကို
( M D C F ) ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ရဲ့ ထုတ်ပြန်ချက်တစ်ခုအနေနဲ့ ဂျာနယ်မှာဖော်ပြခဲ့တဲ့အတွက် တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

Bi မွန်းတည့်နေဂျာနယ် သတင်းသမားတွေကို ဇူလိုင်လတုန်းကတော့ ပုဒ်မ ၅ ည၊ ၅ (ဃ) နဲ့ အမှုဖွင့်ခဲ့ပြီး
တိမ်းရှောင်ခဲ့တဲ့ ထုတ်ဝေသူ တချို့ကို ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ လာရောက် ဖမ်းဆီးခဲ့ပါတယ် ။

ဩဂုတ်လမှာတော့ သတင်းသမားတွေကို ပုဒ်မ ၅၀၅(ခ) နဲ့ ပြောင်းလဲ အမူဖွင့်ခဲ့ပြီး
ထောင်ဒဏ် ၂နှစ်စီ ချမှတ်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၁၅ ။

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေ အခက်အခဲတွေရှိနေဆဲဖြစ်ကြောင်း
ညီလာခံ ချက်သမ္မတနိုင်ငံမှာ အောက်တိုဘာလ ၁၂ ရက်နေ့က ၁၅ ရက်နေ့ထိ ကျင်းပနေတဲ့
(၁၈) ကြိမ်မြောက် Forum 2000 Forum 2000 ညီလာခံမှာ မြန်မာ့နိုင်ငံရေးနဲ့လူထုအခြေပြုအဖွဲ့ ဦးဆောင်သူတွေက တင်ပြ ပြောဆိုခဲ့ပါတယ်။

Forum 2000 ညီလာခံကို တက်ရောက်လာတဲ့ မြန်မာလူထုအခြေပြုအဖွဲ့အစည်းတွေက
မြန်မာဒီမိုကရေစီအသွင်ကူပြောင်းရေးမှာ အလားအလာနဲ့ စိန်ခေါ်ချက်များဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြခွင့်ရခဲ့ကြောင်း သတင်းရရှိပါတယ်။

မြန်မာ့အရေး ဦးဆောင်ဆွေးနွေးသူတဦးဖြစ်တဲ့ Women Peace Network Arakan ရဲ့တာဝန်ခံ မဝေဝေနုကလည်း
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ ဘာသာရေးပဋိပက္ခတွေဖန်တီးဖြစ်ပေါ်လာတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး
ဗမာပြည်ဟာ ဗုဒ္ဓဘာသာ နိုင်ငံတခုဖြစ်ပြီး အစ္စလာမ်ဘာသာဝင်တွေနဲ့အတူ ဗုဒ္ဓဘာသာနိုင်ငံတခုမှာ အတူ နေခဲ့ရတာကို ဂုဏ်ယူခဲ့ကြောင်း ၊
ဘာသာပေါင်းစုံ ရင်းရင်းနှီးနှီးနဲ့ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ပြီး ပြည်သူတွေအားလုံးဟာ အရင်တုန်းကတော့
သူငယ်ချင်းတွေလို၊ မိတ်ဆွေတွေလို လေးနက်တဲ့ဆက်ဆံရေးတွေနဲ့ နေထိုင်ခဲ့ကြပေမယ့်
အခုမှ မကြည့်နိုင်၊ မမြင်နိုင်ဖြစ်နေပြီး တယောက်နဲ့တယောက် သံသယတွေ ဖြစ်နေရကြောင်း ၊
ဒါတွေ အားလုံးဟာ စနစ်တကျနဲ့ ဖန်တီးခံရတဲ့အရာတခုလို့ ထင်မြင်မိကြောင်း ပြောဆိုလိုက်ပါတယ်။

Forum 2000 ညီလာခံကိုတက်ရောက်လာတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်ကလည်း
မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ ဒီမိုကရေစီစနစ်ဖြစ်လာဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဟာ အဓိက အရေးပါကြောင်း တင်ပြခဲ့သလို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးလည်း မြန်မာ့အရေးကို ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၁၆ ။

မန္တလေးတိုင်းဒေသကြီး အတွင်းမှာ ကူးစက်ရောဂါများနဲ့ အကြမ်းဖက်မှုများကြောင့် ထိခိုက်ဒဏ်ရာများ ရရှိပါက အချိန်မီကယ်ဆယ်နိုင်ရေးအတွက်
သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့ ( Disaster Team) ကို ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများပူးပေါင်းပါဝင်ပြီး ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိပါတယ် ။

အကြမ်းဖက်မှုများ ၊ ပေါက်ကွဲမှုများ ဖြစ်ပွားရင်လည်း ချက်ချင်းကုသပေးနိုင်ဖို့ ၊
မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှာ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း နှစ်ဆယ်ကျော်ပါဝင်တဲ့

ပင်မ Disaster Team တစ်ခု ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် အဖွဲ့ငယ်များစွာ ထပ်မံဖွဲ့စည်းပြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖြစ်ရပ်တွေကို
ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ စီစဉ်မှုတွေရှိကြောင်း ၊
မန္တလေးမြို့မှာ အထွေထွေရောဂါကု ဆေးရုံကြီးအပါအဝင် ကလေးဆေးရုံကြီးနှစ်ရုံ၊
ဗဟိုအမျိုးသမီးဆေးရုံကြီး၊ အရိုးဆေးရုံကြီး၊ ခုတင်သုံးရာဆံ့ ဆေးရုံကြီး၊ မျက်စိ၊နား၊နှာခေါင်းဆေးရုံကြီး၊ တီဘီဆေးရုံကြီးများရှိပြီး
အဆိုပါ ဆေးရုံများအားလုံး ချိတ်ဆက်ပြီး သဘာဝဘေးအန္တရာယ်နဲ့ ဆက်စပ် ကိစ္စရပ်တွေ ပူးပေါင်းဖြေရှင်းဖို့ စီစဉ်ထားကြောင်း၊
လတ်တလော ကမ္ဘာ့ နိုင်ငံအချို့မှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါပိုး မန္တလေးတိုင်း ဒေသကြီးအတွင်းကို ဝင်ရောက်မှု မရှိစေရေးအတွက်
နိုင်ငံခြားသား ဝင်ထွက်မှုများပြားတဲ့ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရောဂါထောက်လှမ်းစောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း၊
လေဆိပ်မှတစ်ဆင့် သံသယရှိ လူနာများဝင်ရောက်လာပါ က ကန်တော်နဒီဆေးရုံသို့ အဆင်သင့်တက်ရောက်ကုသနိုင်ဖို့ စီစဉ်ထားပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လော့စ်အိန်ဂျယ်လိစ်မြို့အနီး လာပွန်းတီးရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ ၆ ကြိမ်မြောက်
ဆီမီး ၁၀၀ဝ ၊ ပန်း ၁၀၀ဝ ပူဇော်ပွဲကို နိုဝင်ဘာ ၈ ရက်၊ စနေနေ့ ညနေ ၅ နာရက်နေ ၉ နာရီအထိ ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဆီမီး ၁၀၀ဝ ၊ ပန်း ၁၀၀ဝ တန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ် ကျင်းပလာခဲ့ရာမှာ မနှစ်ကပွဲတော်ဟာ
မျှော်မှန်းထားတာထက် ပရိသတ် များပြားခဲ့ပြီး လာရောက်သူ ၁၀၀ဝ ကျော်ခဲ့ကြောင်း သိရပါတယ်။

အဲဒီ တန်ဆောင်တိုင်ပွဲတော်မှာ မြတ်စွာဘုရား ရုပ်ပွားဆင်းတုတော်တွေကို ပန်း၊ ဆီမီးများနဲ့ ပူဇော်ကန်တော့ပြီး
သံဃာတော်တွေကိုလည်း လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြမှာဖြစ်ပါတယ် ။

အဲဒီနောက် အနုမောဓနာ တရားတော်နာယူပြီး ကျောင်းဝင်း တပတ် ဆီမီးများ ကိုင်ဆောင်ကာ လှည့်လည် ပူဇော်ကြမှာ ဖြစ်ပါတယ်။

Burma Buddhist Monastery လာပွန်းတီး ဘုန်းကြီးကျောင်းရဲ့ ဆီမီး ၁၀၀ဝ ၊ ပန်း ၁၀၀ဝ တန်ဆောင်တိုင် ပွဲတော်မှာ
မြန်မာစားသောက်ဖွယ်တွေကိုလည်း စတုဒီသာ ကျွေးမွေးလှူဒါန်းမြဲဖြစ်ပြီး ဒီနှစ် ပွဲတော်မှာတော့
မုန့်ဟင်းခါး၊ ဘူးသီးကြော်၊ ကော်ရည်ခေါက်ဆွဲ၊ လက်ဖက်ရည်တို့နဲ့ ဧည့်ခံဖို့ လှူဒါန်းထားကြတယ်လို့ သိရပါတယ်။

ကျောင်းဝင်းအတွင်း ဓာတ်မြေဩဇာမသုံးဘဲ စိုက်ပျိုးထားတဲ့ အော်ဂဲနစ် ဘူးသီး လတ်လတ်ဆတ်ဆတ်နဲ့ ကြော်တဲ့ ဘူးသီးကြော်ဟာ
နှစ်စဉ် လူကြိုက်အလွန်များပြီး ပွဲတော်ရဲ့ နာမည်ကြော် အစားအစာဖြစ်ကြောင်း သတင်းရရှိပါတယ်။
ပွဲတော် ကျင်းပရာ တည်နေရာကတော့…

Burma Buddhist Monastery
710 Grand View Ln, La Puente, CA 91744
Cross Streets: Between Samgerry Dr and Glengray StNeighborhoods: Valinda ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အမေရိက ၊ ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ရှိ ဓမ္မပါလကျောင်းမှာ စုပေါင်းဘုံကထိန်ပွဲကို
နိုဝင်ဘာ ၁ ရက်၊ စနေနေ့မှာ ကျင်းပဆင်နွှဲမှာ ဖြစ်ပါတယ်။
ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းလိုသူများအနေနဲ့ ဒွိသင်္ကန်းတစုံကို ဒေါ်လာ ၅၀၊
ဧကသီတထည်ကို ဒေါ်လာ ၃၀၊ သင်းပိုင်တထည်ကို ဒေါ်လာ ၂ဝနဲ့ ကုသိုလ်ပါဝင်နိုင်ကြောင်း သတင်းရရှိပါတယ်။

စုပေါင်းဘုံကထိန်ပွဲ အစီအစဉ်ကတော့ နံနက် ၁ဝ နာရီမှာ သိမ်တက်ပြီး
၁၁ း ၃ဝ နာရီမှာ သိမ်ဆင်းသံဃာတွေကို ဆွမ်းလောင်းပြီးနောက်၊
နေ့ဆွမ်း ဆက်ကပ်ပူဇော်ကြမှာ ဖြစ်ပါတယ် ။

ကြွရောက်လာတဲ့ ဧည့်ပရိသတ်တွေကိုလည်း မြန်မာ အစားအသောက်တွေနဲ့ ကျွေးမွေးဧည့်ခံကြမှာ ဖြစ်ကြောင်း သိရပါတယ်။
နေ့လည် ၁ နာရီမှာ
စုပေါင်း ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေကြမှာ ဖြစ်ကြောင်း သိရတဲ့အတွက်
စိတ်ပါဝင်စားသူများ အရောက်သွားကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

ဓမ္မပါလကျောင်း
3096 Wheeling St
Aurora. CO 80011
Tel : 303-343-3691

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီသတင်းတွေကို …အောင်ဇေမီဒီယာ www.azmtv.com မှာလည်း
ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှုလေ့လာနိုင်ပါကြောင်းးးး

 

အောင်ဇေမီဒီယာ
အောင်ဇေမီဒီယာ

 

 

14 comments

  • မမချွိ

    October 22, 2014 at 4:49 pm

    ဖတ်ရင်း မြင်ချင်ရာပဲမြင်တယ် အေ။
    ဘူးသီးကြော် ကြော်စားအူးမှ။

    :sar:

    • အလင်းဆက်

      October 22, 2014 at 4:53 pm

      တိန်

      ဘူးသီးကြော်လေးပဲ… ကွက်မြင်သွားတယ်…ကျန်းးးး

      :k:

  • အလင်းဆက်

    October 22, 2014 at 5:07 pm

    စကားမစပ်…
    ဒီ သတင်း Zone အစီအစဉ်က… ရွာထဲ…လူကြိုက်မများဘူးထင်ရဲ့.. ။
    ဖတ်တဲ့သူတောင် ရှိရဲ့လား..မသိ။

    ရပ်လိုက်သင့်ပြီလား.မသိ။။

    ဗျို ု ့….သဂျီး…
    ဒီ သတင်း Zone ကို ကလစ်ပြီးဖွင့်တဲ့သူ ဘယ်နှစ်ယောက်လောက် ရှိလဲ…ဟင်..

    အာဟိ။

    :k:

    • မမချွိ

      October 22, 2014 at 5:22 pm

      ဟဲ့။
      ဂု တလောကို ရွာ အဝင်နည်းနေလို့ ပါဟဲ့။
      နောက် ပြီး သတင်း ဆိုတာ ဖတ်ပြီး ရင်ကို ပြီးပြီလေ။
      ပွါးဖို့ ဆိုတာ သိပ်မလွယ်လှ။

      အစိတ်လျှော့ မောင်လေး
      အစိတ်လျှော့။

      နာ တို့ ပို့(စ) တွေလည်း အရင်လို မများလှပါဘူးး

      :a:

    • မမချွိ

      October 22, 2014 at 5:28 pm

      တစ်ယောက် ယောက် ရွာ ဆူ အောင် လုပ်နိုင်ရင် ကောင်းမယ်။

      :sp:

      ရန်ဖြစ်တာ ကို ကြည့်ချင်ပြီး ပြန်လာကြမဲ့ သူတွေ အတွက်။ အဟွတ်။

      :kwi:
      ဟွာလေ။
      သိပ်လည်း မ တ ရဲဝူးးးး
      အမှုဖြစ်ရင် ဟို ၁ဝ ယောက်က အရင် အဆဲခံရတာ ဆိုတော့။
      အဟိ။

      :g:

    • အလင်းဆက်

      October 24, 2014 at 11:49 am

      :k:

      ဦးကြီးအတွက်တော့…ဖတ်ပြီးသား သတင်းတွေပဲပေါ့… ။

  • Yae Myae Tha Ninn

    October 24, 2014 at 4:49 pm

    ကြည့်ပါတယ် ဆက်ဆက်ရယ်… သို့သော် လူနည်းတာက လဲ ပါပါတယ်.. ခုက လူတွေ လက်ချိုးရေလို့ ရတယ်.. စတန်းပိုင်က ၁ဝ ယောက် ပြည့်ဘူး ဟ… 😉

    • အလင်းဆက်

      October 24, 2014 at 7:46 pm

      အင်း
      ကွန်မန့် မပေးဖြစ်ပေမယ့် ဝင်ဖတ်သူတွေတော့ ရှိ်မှာပါ ။
      အခုသိချငိမိတာက…
      လူဖတ်ကော ဖတ်ရဲ့လား ဆိ်ုတာလေးပါ။

      င်္ကန်မန့်မပေးဖြစ်တဲ့.. မန်ဘာမဟုတ်ပဲ ဖတ်နေတဲ့သူတော်တော်များများနဲ့…
      မေးလ် အဆက် အသွယ်နဲ့ ပြောဖြစ်ကြပါတယ်..
      ရွာ့အကြောင်း…
      စာတွေ အကြောင်း…

      ဖတ်မယ့်သူမရှိလည်းရပ်မှာတော့ မဟုတ်ပါဘူး ။
      စ ကတည်းက… အောင်ဇေမှာ ကြေညာဖို့ သတင်းရေးသားချက်လေးတွေကို..
      ရွာထဲမှာပါ..မှတ်တမ်းကျန်အောင်..ထားချင်တဲ့ သဘောနဲ့… သူကြီးကို ညှိနှိုုင်းပြီးမှ တင်တာရယ်..

      ရွာထဲမှာလည်း..ဒီလို သတင်း စုစည်းမှုပိုစ့်တွေ မှတ်တမ်းကျန်နေစေချင်လို့ပေါ့… ။

  • Yae Myae Tha Ninn

    October 25, 2014 at 1:36 pm

    မင်္ဂလာတပါးပါ.. ဆက်ဆက်… 🙂

  • တောင်ပေါ်သား

    October 25, 2014 at 1:55 pm

    ဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ရိုက်တာက ယူအေအီး တစ်ပွဲတည်းကြောင့် မဟုတ်ပါဘူး ၊ အီရန် နဲ့ပွဲမှာ ထိုင်ခုံတွေရိုက်ချိုးတာကြောင့်လည်း ပါပါတယ် ၊ ဒဏ်ကြေးသတ်မှတ်ချက်က ( အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် AFC U19 Championship 2014 Regulations ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းဥပဒေများ ဖြစ်သည့် Article 65 နှင့် Article 3 (a)(ii) အရ ဒေါ်လာ (၁၀၀၀၀)၊ Article 67.1 နှင့် 67.3 အရ ဒေါ်လာ (၉၀၀၀)၊ Article 40.1 နှင့် Article 15.3 အရ ဒေါ်လာ (၅၀၀၀) စုစုပေါင်း ဒေါ်လာ ၂၄၀၀ဝ အားပေးဆောင် စေရန်နှင့် Article 24 နှင့် Article 33.5 အရ ပရိသတ် မပါဘဲ နိုင်ငံတကာ ပြိုင်ပွဲ တစ်ပွဲ ကစားစေရန် ( ၂ နှစ်တာ ကာလအတွင်း အိမ်ရှင်အဖြစ် ကျင်းပမည့် မည်သည့် နိုင်ငံတကာပွဲမဆို) ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ် )

  • kai

    October 25, 2014 at 2:43 pm

    ဆိုက်တခုလုံး တရက်.. ၆၅၀ဝနဲ့ ၇၀၀ဝ ကြားတော့ ကြည့်နေတာပဲ..
    ိသတင်းတွေက.. နောင်နှစ်များစွာရှိနေမှာမို့.. ဆက်သာတင်ပါလေ..

    သက်လုံကစကားပြောပါလိမ့်မယ်..

    • အလင်းဆက်

      October 26, 2014 at 8:04 am

      တရက် ၆၅၀ဝ နဲ့ ၇၀၀ဝ ကြားဆိုတော့
      အင်းးးး
      HOME စာမျက်နှာမှာ လက်ရှိ ရှိနေတဲ့ ပိုစ့်တွေ. . . တပုဒ်ချင်းစီကို ဖွင့်တဲ့သူ မနည်းဘူးပဲ။

      ဆိုတော့. . . ကွန်မန့် ပေးမသွားပဲ ဖတ်နေသူ
      မန်ဘာနဲ့ မန်ဘာမဝင်သူတွေ အများကြီးပေါ့။

      သတင်းတွေကတော့ မှတ်တမ်းကျန်အောင် ဆက်တင်နေမှာပါခင်ဗျ။

Leave a Reply