ထုံးစံအတိုင်း ခရီးသွားရာသီ စလာပြီဆိုရင် ပြဿနာလေးတွေ ရှိလာပြီပေါ့။ ပြောရဆိုရ၊ အော်ရဟစ်ရ၊ ငိုရယိုရ နဲ့ High Season ကို ဖြတ်သန်းနေကြရပြီ။ ဒါတောင် ဒီအောက်တိုဘာမှာ ဧည့်သည်အတော်နည်းနေလို့ နည်းနည်းသက်သာတယ် ပြောရမယ်။ နောက်တစ်ပတ်ကစပြီး ပျားတုပ်ခံရတော့မှာ။

ဒီနှစ်မှာတော့ ဟိုတယ်အတော်များများက ဈေးတွေသေချာညှိပေးထားသလို Policy တွေကိုလည်း အရမ်းကြီးတင်းကျပ်မထားကြပါဘူး။ ပြီးခဲ့တဲ့နှစ်တွေနဲ့ယှဉ်ရင် အတော်လေးအဆင်ပြေပြေ အလုပ်လုပ်လို့ရလာပါတယ်။ ဒါပေမယ့် တစ်ချို့ဟိုတယ်တွေကျတော့လည်း သူတို့ရဲ့ status ကို လုံးဝမလျှော့သေးဘူးပေါ့။ ဒီတော့ ဒီနှစ်မှာ ဟိုတယ်တွေရဲ့ policy ကို လေ့လာကြည့်လိုက်ရင် အကြမ်းဖျင်း (၄) မျိုးလောက် ထွက်လာတယ်။ Policy လို့ ပြောတဲ့နေရာမှာ Payment Terms နဲ့ Cancellation Policy ကို အခြေခံထားပါတယ်။

(၁)

ဟိုတယ်အသေးလေးတွေနဲ့ volume များတဲ့ ဟိုတယ်ကြီးတွေရဲ့ policy ပါ။ Cancellation Date တစ်ခုကို သတ်မှတ်ပေးထားတယ်။ ဥပမာ ဧည့်သည်ဝင်မယ်နေ့မတိုင်ခင် (၄၅) ရက်အလို သို့မဟုတ် ရက် (၃၀) အလို စသဖြင့်ပေါ့။ တစ်ချို့ကျတော့လည်း ရက် (၆၀) လောက် ထားတာတွေ ရှိတယ်။ အဲဒီရက်နောက်ပိုင်းမှာ booking ကို cancel မယ်ဆိုရင် သူသတ်မှတ်ထားတဲ့ fees တွေကို ပေးရမယ်။ Payment Term အနေနဲ့လည်း Deposit ကို cancellation date ကျော်ပြီးမှ ကောက်တယ်။ booking ပျက်ခဲ့ရင်တောင် cancellation fees ပေးရမှာဆိုတော့ non-refundable deposit ကြိုပေးရတာ ကိစ္စမရှိဘူးပေါ့။ cancellation date ကို ကြိုတွက်ထားပြီး ဖိုင်ပေါ်မှာ မှတ်ထားလိုက်ရုံပဲ။ မှားစရာလည်း မရှိတော့ဘူးပေါ့။

(၂)

သိသလောက်တော့ ဟိုတယ်ကြီးတစ်ခုပဲ ဒီ policy ကို သုံးနေတာ တွေ့တယ်။ သူက booking တင်ပြီဆိုတာနဲ့ ငွေကိုအပြည့်ပေးရတယ်။ ဒါပေမယ့် cancellation date မတိုင်ခင်မှာ cancel လုပ်ရင် ငွေပြန်အမ်းပေးတယ်။ ဒါပေမယ့် cancellation charges အနေနဲ့ 10% ကောက်တယ်။ cancellation date ကျော်ရင်တော့ အားလုံးအဆုံးပေါ့။ ဒီ policy မျိုးကလည်း သိပ်မဆိုးသေးဘူးလို့ ပြောလို့ရတယ်။ အခန်းကို block ထားချင်ရင်တောင် ငွေအပြည့်ပေးထားရမှာဆိုတော့ အခန်းအများကြီး block ကြမှာ မဟုတ်ဘူးလေ။ သူက ဈေးလည်းကြီးတာကိုး။ ပြီးတော့ booking တင်တာနဲ့ နာမည်ပေးရတာ။ တကယ် confirm မဖြစ်ဘဲနဲ့ အခန်းမယူထားရဲဘူး။ သူ့ status နဲ့ သူကတော့ မဆိုးပါဘူးပေါ့။

(၃)

ဒါကတော့ အချို့သောဟိုတယ်တွေ သုံးကြတယ်။ Payment Term အနေနဲ့ booking တင်ပြီဆိုတာနဲ့ deposit ပေးရတယ်။ Non-refundable၊ ပြန်မအမ်းဘူးပေါ့။ ဒါပေမယ့် Cancellation Policy ကျတော့ ရက် (၆၀) တို့၊ (၄၅) ရက်တို့ဆိုပြီး သတ်မှတ်ထားကြတာ။ ရက် (၆၀) နောက်ပိုင်းမှာ cancel ရင် ဘယ်လောက်ရာခိုင်နှုန်း၊ (၄၅) ရက်နောက်ပိုင်းမှာ cancel ရင် ဘယ်လောက်ရာခိုင်နှုန်းဆိုပြီး သတ်မှတ်ထားတယ်။ ဒီတော့ ဧည့်သည်မလာခင် (၄) လအလိုမှာ booking တင်တယ် ဆိုပေါ့တော့။ Deposit ပေးထားလိုက်ရပြီ။ Cancellation Policy အရက ရက် (၆၀) နောက်ပိုင်းမှ cancel လုပ်မှ cancellation fees ပေးရမှာ။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် (၃) လ [ရက် ၉၀] အလိုမှာ cancel ဖြစ်သွားတယ်ဆိုရင် ပေးထားတဲ့ deposit က ပြန်မရတော့ဘူး။ cancel မငြိသေးပေမယ့် ငွေကတော့ အဆုံးပဲ။ အဲဒီတော့ cancellation date တွက်တဲ့နေရမှာ Cancellation Policy နဲ့ ကြည့်လို့မရတော့ဘူး။ (အဲဒီလို တွက်ထားမိလို့ ပြဿနာတွေ တက်ဖူးတယ်။) တွက်ရချက်ရတာ နည်းနည်းခက်သလို ဧည့်သည်တွေကို Rules & Regulations တွေ ပို့တဲ့အခါမှာလည်း အရမ်းသတိထားရတယ်။ ဧည့်သည်ငွေမလွှဲမချင်း (ဧည့်သည်ဆီကငွေ ကိုယ့်လက်ထဲ မရောက်မချင်း) deposit မပေးရဲဘူး။ မြန်မာနိုင်ငံက banking system က သိပ်ကောင်းတော့ ဟိုက ငွေလွှဲလိုက်ရင်တော့ ကိုယ့်အကောင့်ထဲရောက်ဖို့က အနည်းဆုံး တစ်ပတ်လောက်စောင့်ရတယ်။ အဲဒါကြောင့် Request လုပ်ပြန်တော့လည်း တစ်ချို့ဟိုတယ်တွေက နားလည်ပေမယ့် တစ်ချို့တွေက ငွေမပေးမချင်း တဂျီဂျီတောင်းတယ်။ တစ်ချို့ဆို ရန်တွေဘာတွေတောင် တွေ့တတ်ကြသေးတယ်။ တစ်ချို့ကျတော့လည်း deposit မပေးလို့ auto cancel ဆိုပြီး လုပ်လိုက်တာ ကိုယ်ပြန်စစ်တော့ ကိုယ့် booking က မရှိတော့ဘူး။ ဒါတွေကျတော့ အန္တရာယ်ရှိတဲ့အဆင့်လို့ ပြောလို့ရတယ်။

(၄)

ဒါကတော့ နားမလည်နိုင်ဆုံးနဲ့ အန္တရာယ်အရှိဆုံးအခြေအနေပဲ။ နံပါတ် (၃) ထက် အန္တရယ်ပိုများတယ်။ Terms တွေကို အခြေအနေအရ ပြောင်းလဲပါတယ်တဲ့။ Booking တစ်ခုချင်းစီအတွက် သက်ဆိုင်တဲ့ policy တွေကို confirmation letter မှာ ရေးထားပေးပါတယ်တဲ့။ အဲဒီတော့ unseen condition ပေါ့နော်။ ဘာမှကြိုတွက်လို့မရတဲ့ အခြေအနေပေါ့။ Booking confirm ဖြစ်ဖို့ 25% deposit ပေးရမယ်လို့ contract ထဲမှာ ရေးထားပေမယ့် တကယ်တမ်းတောင်းတော့ 50% ဖြစ်နေတယ်။ ပြန်မေးကြည့်တော့ အခြေအနေအရ ပြောင်းပါမယ်တဲ့။ confirm ပြန်တဲ့စာမှာ ရေးထားတဲ့အတိုင်း အခန်းကို secure ဖြစ်စေချင်ရင် 50% ပေးပါတဲ့။ မတတ်နိုင်ဘူးလေ။ ကိုယ့်ဧည့်သည်တွေက ဒီမှာပဲနေချင်ပါတယ်ဆိုမှ ဒီလိုပဲ လုပ်ရမှာပေါ့။ ဧည့်သည်ကို contract terms ထဲကအတိုင်းတွက်ပြီး ဧည့်သည်ကို ပိုက်ဆံတောင်းထားမိလို့ကတော့ ရင်တမမနဲ့ပဲ။ မတော် cancel ဆိုရင် ပိုပေးထားရတဲ့ပိုက်ဆံက ကိုယ်တွေက စိုက်ရမှာလေ။ ကိုယ်တွေ့အနေနဲ့ကတော့ ဟိုတယ်တစ်ခုပဲ မြင်ဖူးသေးတယ်။

အဲဒီတော့ ဧည့်သည်တွေဆီက အပြောင်းအလဲတစ်ခုခုများ လုပ်ခိုင်းပြီဆို စိတ်ပူနေရပြီ။ ဘယ်ဟိုတယ်ကဖြင့် cancel ငြိနေပြီလား၊ ဘယ်ဟိုတယ်ကိုဖြင့် deposit ပေးပြီးပြီလား၊ ပြန်မရတော့ဘူးလား၊ ငိုပြရတော့မလား၊ လားပေါင်းများစွာနဲ့ စစ်ရတော့တာပဲ။ ဟိုတယ်တွေဘက်ကလည်း ပြောမှာပေါ့။  ဘယ် agent က ဘယ်လိုပိုက်ဆံမပေးတာ၊ နီးမှ ဘယ်လို cancel တာ ဘာညာဆိုပြီးတော့။ ဒါပေမယ့် တကယ်မှန်မှန်ကန်ကန်နဲ့ အတိအကျပေးနေတဲ့ agent တွေလည်း ရှိတာပဲလေ။ တကယ် confirm ဖြစ်မှ booking တင်တဲ့ agent တွေ၊ ဧည့်သည်က ဟိုတယ်ပြောင်းခိုင်းလို့ မတတ်သာဘဲ cancel လုပ်ရတာတွေလည်း ရှိတယ်။ တမင်တကာ block ထားချင်လို့ တင်တာလား၊ တကယ် confirm ဖြစ်လို့ တင်တာလားဆိုတာလည်း သိသာနေတာပဲ။ တစ်နှစ်တည်းအလုပ်လုပ်တာမှာ မဟုတ်တာ။ နှစ်ပေါင်းများစွာ တွဲလုပ်ခဲ့ကြတာ။ မှန်တဲ့သူရော၊ မမှန်တဲ့သူရော တစ်တန်းတည်းထားပြီး policy တွေချထားတာတော့ သိပ်မတရားဘူး ထင်တာပဲ။

Tourism Blooming ဖြစ်လာတဲ့အချိန်မှာ အကုန်လက်တွဲလုပ်မှ အောင်မြင်မယ်ထင်ပါတယ်။ သူ့တုန်းက ဘယ်လိုလုပ်လို့၊ ငါ့ကျ ဘယ်လိုပြန်လုပ်လိုက်မယ်ဆိုရင် ကိုယ့်နိုင်ငံကို ဧည့်သည်မလာတာပဲ အဖတ်တင်မယ်ထင်ပါတယ်။ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။ ကျွန်မကတော့ ကိုယ်တိုင်ကြုံတွေ့နေရတော့ တစ်ခါတစ်ခါ အရမ်းစိတ်ညစ်မိတယ်။ ဒါကြောင့် ဒီစာကို ရေးဖြစ်လိုက်ပါတယ်ရှင်။

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 160 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010