ဒီနေ့မနက် သူမျက်စိနှစ်လုံးပွင့်ကတည်းက စိတ်ထဲမှာလေးနေသည်။ စိတ်ထဲမှာ ညည်းစီစီ။

အင်းပေါ့.. ဒီနေ့ ခရီးထွက်ရမည်ပဲ။

စိတ်ထဲမှာ ခပ်မှိုင်းမှိုင်းအရောင်တွေက ကြီးစိုးနေသည်။

အိပ်ရာက ချက်ချင်းမထသေး။ အိပ်ရာဘေးက Laptop ဖြင့် သီချင်းတပုဒ်ကို ဖွင့်လိုက်သည်။ John Denver ရဲ့ Leaving on a Jet Plane သီချင်း။

သီချင်းသံကလေးက လွမ်းမောဖွယ် ညိမ့်ညိမ့်လေး နားထဲကို တိုးဝင်လာသည်။

All my bags are packed I’m ready to go
I’m standin’ here outside your door
I hate to wake you up to say goodbye……

Chorus အပိုဒ်ကလေးပါ မျက်စိမှိတ်လို့ ဆက်နားထောင်လိုက်သေးသည်။

So kiss me and smile for me
Tell me that you’ll wait for me
Hold me like you’ll never let me go
Cause I’m leavin’ on a jet plane
Don’t know when I’ll be back again
Oh baby, I hate to go

ဟုတ်တယ်… ဒီခရီးကိုသွားရမှာ တော်တော်မုန်းစရာဘဲ.. သူတွေးမိလိုက်သေးသည်။

နောက်မှ မျက်နှာသစ်ရန်ထွက်လာခဲ့သည်။ ရေချိုးခန်းထဲအထိ သီချင်းသံက  တိုးတိုးလေး ဖြာကျနေဆဲ။

Every place I go, I’ll think of you
Every song I sing, I’ll sing for you
When I come back, I’ll bring your wedding ring…

သြော်… ဒီစာသားလေးများကတော့ သူ့ကို အပြုံးတခု ဖန်တီးပေးနိုင်သေးသားဘဲ….

ဟုတ်တယ်.. လက်ထပ်လက်စွတ်ပါ တခါတည်းဝယ်ခဲ့သင့်တာပေါ့….

သူ မှန်ရှေ့မှာ မုတ်ဆိတ်မွှေးရိပ်မဲ့ကိစ္စကို ခဏရပ်တန့်ထားရင်း နောက် တပိုဒ်ကို နားစွင့်နေလိုက်သည်။

Now the time has come to leave you
One more time let me kiss you
Close your eyes I’ll be on my way
Dream about the days to come
When I won’t have to leave alone
About the times, I won’t have to say…

ဒီနေရာ ရောက်တော့ သူ့ခမျာ ယောက်ျားသားတန်မဲ့ မျက်ရည်လည်လာသလိုပင်။ မချိပြုံးလေး တခု ဖန်တီးရင်း သူ့ရဲ့ မျက်နှာကို မှန်ထဲတွင် ကြည့်နေလိုက်သည်။

တချိန်တည်းမှာပင် ညင်သာသော ခြေသံကလေးများ…..

တိုးတိတ်သော တံခါးဖွင့်သံ…..

တံခါးဖွင့်သံနှင့်အတူ စကားပြောသံပါ တွဲပါလာသည်။

အယ်.. ဒီအဘိုးကြီး.. ဘာတွေအရူးထနေတာလဲ…. သီချင်းတွေဖွင့်.. မှန်ရှေ့ရပ်ပြီး ကြောင်တောင်တောင်နဲ့… ဘာရပ်လုပ်နေတာလဲ… မုတ်ဆိတ်ရိပ်စရာရှိရိပ်လေ….

စကားတွေက ဆက်တိုက် မရပ်မနား….

ဒီမှာ ခရီးသွားဖို့ အထုပ်တွေထည့်ပြီးပြီ။ လွမ်းသလို ဆွေးသလိုလုပ်မနေနဲ့.. သွားရမှာ ရတနာပုံကို ၄ ရက်ထဲ။ သွားနေတာလဲ အခေါက်ရေ ရာချီနေပြီ။

ဒီနေ့နေ့လည် ရုံးကနေ စောစောပြန်လာခဲ့.. ရှင့်သား က သူအလုပ်ပိတ်ရက်မို့လို့ ညနေကျရင် ကားဂိတ်ကို သူ လိုက်ပို့ပေးမယ်တဲ့…. ရှင်ပြန်ရောက်မဲ့နေ့ ကျုပ်အိမ်မှာ မရှိဘူးနော်… တရားစခန်းရောက်နေမှာ… ရှင့်ချွေးမချက်ကျွေးလိမ့်မယ်….

ကဲကဲ.. မြန်မြန်လုပ်.. ဒီမှာ ရှင့်အတွက် အင်္ကျီ နဲ့ ပုဆိုး မီးပူတိုက်ပြီးပြီ.. အစည်းအဝေးတက်ရမှာမလား…. တက္ကစီငှားသွားအုန်း… ပိုက်ဆံကို သိပ်တွက်မနေနဲ့…

အူကြောင်ကြောင်လုပ်မနေနဲ့… တကတည်း… မနက်စောစော ဘာဖြစ်နေမှန်းမသိဘူး… ယောင်ပေယောင်ပေနဲ့ အသက်ပဲ ၆၀ကျော်နေပြီ…. ဒီအဘိုးကြီးနှယ်…

ဗျစ်တောက်ဗျစ်တောက်သံက တဖြည်းဖြည်း ဝေးသွားသည်။

တောက်… ဒီအဖွားကြီးကတော့ကွာ………………………..

ရန်ကုန်မှ ရတနာပုံမြို့သစ်ရှိ MCC Training Institute သို့ မကြာခဏ စာသွားသင်ရခြင်း အမှတ်တရ…

About yarxar

yar zar has written 1 post in this Website..