မလှပတဲ့ ညတစ်ည

alinsettNovember 13, 20144min2478

# မလှပတဲ့ ညတစ်ည #

########################################################

ဆက်အိပ်။
ဒီညနေခင်းဟာ ကိုယ့်အတွက်ဖြစ်စေ သူတပါးအတွက်ဖြစ်စေ…လှပမနေဘူးဆိုရင် ဆက်အိပ်။
ညနေခင်းတခုဟာ အဲသည်လောက် ရုပ်ဆိုးမသွားသင့်ဘူးလို့ တွေးဦးမလို့လား။
ဒါပေမယ့် ဘယ်တတ်နိုင်မလဲ…
သေပြီးသားလူတွေရဲ့ နာမည်တွေ…ကုန်းရုန်းထလာတာထက်စာရင်တော့…တော်ပါသေးတယ်။
တမနက်စာလောက် လှပမှုတွေဟာ ဘာများခိုင်မြဲတည်တံ့မှာမို့လို့လဲ… ။
လူတွေက ကိုယ့်ကို နားမလည်တာနဲ့.. လူတွေကို ကိုယ်က နားလည်အောင် ရှင်းနေစရာမလိုပါဘူး ။
တချို့ပုစ္ဆာတွေက အဖြေမှန်ထွက်အောင် တွက်မိရင်  မေးသူ သိက္ခာကျတယ်။ အဟက် ။
သူတို့ဘာသာနဲ့ သူတို့ နားလည်သလို ပြန်ဆို ခံစားလိမ့်မယ်။
ကိုယ်က ကိုယ့်ဘာသာနဲ့ကိုယ်တည်ဆောက်…
ဆောင့်ဆောင့်အောင့်အောင့်တော့ မလျှောက်ရ…
တခါတုန်းကလို…
ဘယ်သူမှ မရေးဘူးသေးတဲ့…” ဘာအကြောင်းအရာမှ မပါတဲ့ စာမျိုး” ရေးချင်နေပြန်ပြီလား ။
ဘယ်သူမှ နားမလည်တာကိုက ကိုယ့်ကိုယ်ကို နားလည်လိုက်ခြင်းပဲ ဆိုပြီး… ထပ်တွေးမိပြန်ပြီ။
မကြာခဏပေါ့…  ကိုယ်တိုင်က ပျောက်ပျောက်သွားတော့ ပြန်ရှာရတာ အလုပ်တစ်ခု….
ကံစမ်းမဲတွေ ပေါက်ကြတယ်..တဲ့…။
မေမေရေ… သားရဲ့ လက်မှတ်က ဘယ်မှာလဲ…
ဟိုဘက် အခြမ်းမှာ..သားကို မလိုသူတွေ…
ဒီဘက်အခြမ်းမှာတော့  သားရဲ့ ချစ်မြတ်တွယ်တာလှစွာသော…”…….”
ဟင့်အင်း မေမေ…မေမေ ခြုံပေးလိုက်တဲ့ စောင်က မလုံဘူး ။
သားရဲ့ အတွေးအခေါ်တွေက အောက်စ လွတ်နေတယ်တဲ့…
ပြောင်ပြောင်တင်းတင်းပဲ…သူတို့က စွပ်စွဲတယ်…
ဘယ်သူရှိမလဲ မေမေရယ်…
ခေါင်းမရှိတဲ့ ရုပ်နာမ်အတွဲကြီးတွေကပေါ့…
လေပါတယ်…။
သူတို့ အသက်မရှုတတ်တာနဲ့ပဲ… ကျွန်တော်လိုလူကလည်း အသက်ရှုစရာမလိုဘူးဆိုတဲ့ အချိုးမျိုး….ဒါပေမယ့်…ကျွန်တော်က နှာခေါင်းပေါက်တွေ ပါလာတယ်မေမေ…
ဟာလာဟင်းလင်း….ဟာလာဟင်းလင်း…..ဟင်းလင်းဟာလာ….ဟာလာဟင်းလင်းကြီး…
မေမေ မသိပါဘူး ။ တချို့က လောဘကြီးတယ်… သူတို့ မယူနိုင်တဲ့ အရာတွေကို တခြားသူလည်း မရစေရဘူးတဲ့…
တမူးသာတဲ့ လူတွေပေါ့မေမေရယ်… ခေါက်ထားပေးပါ…ခေါက်ရိုးကျိုးစေချင်လို့…
ကျွန်တော် မသင်ရသေးတဲ့ သင်ခန်းစာတွေ ကျန်ပါသေးသလား…
တရံတခါတော့ ပြန်မလာဇာတ်လမ်းလေး ခင်းပါရစေလားကွယ်…
ပေါင်းဆုံရတာတွေ များတော့ ရိုး အီလာသလားလို့…
နေပါဦး…နေပါဦး… စပယ်ယာယဉ်ကျေးမှုနဲ့ ပြောရရင် ဟိုးထားးးးးးပေါ့ဗျာ…
မရမ်မနားသွားတာ… ဘာများ အပြစ်ရှိလို့ပါလိမ့်…
လမ်းနဲ့ ခြေထောက်ဟာ လျှောက်ဖို့ အတွက်မဟုတ်ရင်..
ငြိမ်သက်ချင်ယောင် ဆောင်ဖို့လား…
ပန်းတိုင်ဆိုတာ တရေးအိပ်လိုက် ဗြုန်းခနဲ ထပြေးလိုက်…တရေးပြန်အိပ်လိုက်…အဲဒီလိုနဲ့. သွားရင် ဘယ်တော့ရောက်မလဲ…တရားတော့ရသင့်ပြီ။
မှတ်ထားလိုက်စမ်း သူရ…..
စာမရေးဘဲ….စာရေးဆရာ မဖြစ်ဘူး ။ ပန်းချီမဆွဲဘဲ….ပန်းချီဆရာ မဖြစ်ဘူး… ။ သီချင်းမဆိုဘဲ…. အဆိုတော် မဖြစ်ဘူး ။
ဘာမှ ထမလုပ်ဘဲနဲ့ တခုခု ထဖြစ်ချင်ရင် အဲဒါ…ရူးချင်နေတာပဲ…
သွားသွား…ရွာသာကြီး..  လာလာပြီး ညည်းပြမနေပါနဲ့…
ခင်ဗျားလက်ထဲမှာ ကိုင်ထားတာ ဓါးကြီး…
အနုပညာခုတ်ချက်တွေ ထွက်ထွက်လာတယ်ဆိုပြီး…အထင် / အသွင် / ဆင်ပြီး ဂုဏ်ယူမနေနဲ့…
အဲဒါ… အသတ်အဖြတ်တွေ…  ။ အနုပညာဆိုတာ အောင်ရင်ငြိမ်းလို ကြောင်တောင်တောင်စကားနဲ့ အသေခံ ဗုံးခွဲတာတို့ ဘာတို့…လိုမှ မလိုတာ… ။
လွမ်းခန်းတွေနဲ့ ပရိသတူ်ကို ဖမ်းဖို့ ကြိုးစားမလို့လား… ကိုယ်တိုင် ပြန် မမိဖို့တော့ သတိထားပါ။
အနုပညာဟ အနုပညာပါ…. ။ အကြမ်းအရမ်းတွေလည်း မလိုပါဘူး ။
ဒါနဲ့ စကားမစပ်….ပုံပြင်ထဲမှာ လိပ်ကလေး ဘယ်ရောက်သွားလဲ…
ခင်ဗျား မသိလိုက်ဘူး မဟုတ်လား..ဘယ်သိမလဲ… ခင်ဗျားက..ချောင်ထဲမှာ..မှောင် ရိပ်ခိုပြီး.. အိပ်လိုအိပ်…
တဆိတ်…စိတ်ဓါတ်တွေ ဖိတ်လိုဖိတ်တော့ မလုပ်ပါနဲ…
ယုန်တွေ သိက္ခာကျမှာ…ခင်ဗျား မျက်နှာမပူဘူးလား…
ပြောမရလဲ…ခင်ဗျား အတ္တကြီးကို စောင်လိုခြုံပြီး….အိပ်အိပ်… ဆက်အိပ်ပါ ။ မက်ပါဦး…ခင်ဗျားမက်နေကျ …လူတွေကို ဖမ်းစားနိုင်တဲ့ ပညာခန်းတွေ…. ။ အိပ်မက်ကို ခပ်မတ်မတ်လေး မက်တတ်လား… ။ ကြိုးစား ။ အိပ်မက်ထဲမှာ…အကဲပါပါလေး ပြုံးကြည့်လိုက်စမ်းပါ…
ရလား။  မရသေးရင် ဆက်ကြိုစား…  ကျွန်တော်က….အိပ်မက်ထဲမှာ ဟားတိုက်ရယ်နေကျ… ။
ခင်ဗျားကိုယ်တိုင်ဟာ  အရာရာကို သိမ်းပိုက်တတ်သူဆိုတဲ့ စတိုင်မျိုးနဲ့လက်ကလေး သပ်သပ်ရပ်ရပ်ပိုက်ပြီး ပြုံးဖို့လေ…. ရလား။
ရလား…  ။
တစ်ခုလောက်တော့ အကြံပြုပါရစေ ။ အခု သွားတဲ့ လမ်းကြောင်းကြီး ဟောင်းနေပါပြီဗျာ…
အသစ်ကလေးတွေ  ကြည့်ချင်ရင် ကျွန်တော်ပြမယ်… ။
ပြတင်းပေါက်ဆိုတာ..  အပြင်ကို ကြည့်ဖို့ဗျ…
ကိုယ့်ကိုယ် ကို တံခါးပိတ်ပြီး လောင်းရိပ်ထဲ..စောင်းအိပ်နေလို့သာ ရကြေးဆိုရင်… ဘယ်သူ့မှာမှ… စိတ်တွေ ပါမလာဘူး ။
ဒါတွေ ပြောရတာ စာမျက်နှာကြီး ပေပါတယ် ပွပါတယ် ။ တစ်ညတလေတော့ ကျွန်တော်လည်း ကောင်းကောင်း အိပ်ပါတယ်။
ကောင်းကောင်းစားပါတယ်။ ထိတွေ့စရာတွေထဲ…အရသာ ရှိပေ့ဆိုတာတွေနဲ့ ထိပါတယ် တွေ့ပါတယ်။
ဘယ်သူမှာ ထင်မထားတဲ့ အမှားမျိုးတွေကိုလည်း မှန်မှန်လေး မှားပါတယ်။
ကိုယ်ဟာ လောကကိုယ် ကယ်တင်နိုင်ဖို့ ဝေးလို့… ကိုယ့်တကိုယ်စာတောင် လုံခြုံအောင် မပြုစားတတ်သေးဘဲနဲ့…
မာနကို အလံထူမနေပါဘူး…။ ခင်ဗျားလိုပေါ့….ဗျာ… ။ ဘယ်သူမဆို..ကကြီးကနေ အ အထိတော့ရေးတတ်တယ်။
ဘယ်သူမဆိုပေါ့ …
ကိုယ့်ဒူးကို ကိုယ်ချွန်ဖို့တော့ ကြိုးစားရတာပဲ… ။
ချွန်မလား…တုံးမလား…
မချွန်တဲ့ သံဟာ သစ်သားကို မဖောက်နိုင်ဘူး…
အဲဒီအခါ… သစ်သားရဲ့ စိန်ခေါ်မှုကို ရှက်ရွံ့နာကျင်စွာ… သံငတုံးလေး….ဖျားနာနေရတော့မယ်…။
ကျွန်တော်ပြောတာတွေ များသွားပြီလား ။ ကိစ္စမရှိဘူးထင်ပါတယ်။
နည်းခြင်းဟာ..များခြင်းရဲ့ မိဘတို့…. သေးခြင်းဟာ ကြီးခြင်းရဲ့မိဘတို့…  သွားစမ်းပါကွယ်…
အဲဒီစကားတွေ ကြားရလွန်းလို့… ရိရွဲနေပြီ။
ဒီလောာက်နဲ့ လုံလောက်ရင် ခလုပ်ပိတ်ရုံပဲ…
ဆက်အိပ်။

########################################################

အလင်းဆက်(Gazette) @ Thura
alinsett.art@gmail.com
၂၀၁၄ ၊ အောက်တိုဘာ ၊ ၁၉ ရက် ၊ မနက် ၉ း နာရီ ၃ဝ မိနစ် ။

8 comments

  • Yae Myae Tha Ninn

    November 13, 2014 at 11:15 am

    ဘယ့်နှယ် မနက် ၉ နာရီကျော်ကို ဆက်အိပ်ရမတုန်း… Late ဖြစ်သွားမှာပေါ့… ကံမကောင်းရင် နေ့တဝက်စာ အဖြတ်ခံရဦးမယ်… 🙂

    • အလင်းဆက်

      November 13, 2014 at 11:37 am

      အဟဲ ဒီစာက ဘယ်ညကို ရည်ရွယ်ရေးထားသလဲဆိုတာ
      ကထွဋ် အသိဇုံးဖြစ်မယ်။

      :k:

      လွန်ခဲ့တဲ့. . .
      ညနေခင်းတစ်ခုက အပြန်မှာပေါ့ကွယ်
      ရင်ထဲ ကျလိကျလိဖြစ်ခဲ့တာလေးတွေပေါ့ကွယ်
      ချရေးလိုက်တာပေါ့ကွယ်. . .

      • Yae Myae Tha Ninn

        November 13, 2014 at 12:37 pm

        ဒါကြောင့် ဆက်ဆက် ပိန်နေတာ… 🙂

        အတည်ကတော့ မလောပါနဲ့ … ဖြေးဖြေးပေါ့.. အိပ်နေဖို့ မပြောဘူးနော်… တကယ်လဲ လိပ်သာသာပဲ ဟာ… ဖြေးဖြေးမှန်မှန်လေးပေါ့… 🙂

        • အလင်းဆက်

          November 14, 2014 at 9:51 am

          တိန်
          ပိန်တာကို လာထိခိုက်ပြန်ပြီ။
          ပိန်ပြီးရောဂါ ကင်းနေတာကို ကွကိုယ် ဂုဏ်ယူလို့ မဆုံးသေးပါဘူးဆို.. ။
          :k:

          ဝတ်မတက်အောင် ဂုစိုက်နေတယ်။ ဝပြီး ဗိုက်ရွှဲကြီး ဖြစ်… ဆီချိုတွေ သွေးချိုတွေ..သွေးတိုးတွေ..ဖြစ်လာမှာတော့…မလိုချင်…

          :k:

  • Kaung Kin Pyar

    November 13, 2014 at 11:22 am

    ညနေအိပ်ရင် နီမကောင်းဖစ်တတ်တယ်…ဆက်ဆက်….
    ကျိ 8 ကျိ 8
    🙂

    • အလင်းဆက်

      November 13, 2014 at 11:38 am

      ကျနော့်မှာ အိပ်ချိန်ဆိုတာ ညရယ်မနက်ရယ်လို့ ခွဲမထားဘူး။

      :k:

  • ကေဇီ

    November 13, 2014 at 11:31 am

    ခေါ ခလော
    ခူး ခေါ
    ခလော ခလော
    zzzzzzzzzzzz zzzzzzzzzzzzzzzzzz zzzzzzzzzzzzzzzzzzzzz

    • အလင်းဆက်

      November 13, 2014 at 11:41 am

      ဆက်အိပ် ဆက်အိပ်

      ကျနော်ကတော့ နိုးလုနိုးခင်ဖြစ်နေတယ်
      နိုးတဝက် မထချင်ပေါ့။
      ည ည အိပ်မက်တွေ သိပ်မကောင်းဘူးဗျာ။
      ဗလာ အိပ်မက်တွေ. . .
      ဗလာ အိပ်စက်ခြင်းတွေ. . .

      😆

Leave a Reply