မင်္ဂလာပါခင်ဗျား….
အပါတ်စဉ် မပြတ်မကွက် တင်ပြပေးလာတဲ့ …

အလင်းခြုံတဲ့ သတင်းZone -လို့ပဲ ခေါ်ခေါ်…
ဂဇက် သတင်းမှတ်တမ်းလို့ပဲ ပြောပြော…

ဆက်လက်တင်ပြပေးဖို့ အချိန်ရောက်ပြန်ပါပြီ။

ဒီတစ်ပါတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့….

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

@ US သမ္မတအိုဘားမား မြန်မာနိုင်ငံကို ရောက်ရှိလာမယ့်နေ့မှာ တွေ့မြင်သွားဖို့
နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို စီတန်းလှည့်လည်ခွင့် မပြုလည်း ဆန္ဒဖော်ထုတ်ကြမယ့် သတင်း ၊

@ နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို ကျင်းပခွင့်မပြုဘူးဆိုတဲ့ သတင်း၊

@ရခိုင်ပြည်နယ်တွင်းမှာ တင်းမာမှုတွေ အခုထိ မလျော့ပါးသေးတဲ့အတွက် စိုးရိမ်စရာ အခြေအနေတွေအပေါ်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ ဝေဖန်ချက်နဲ့…

 @အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဥပဒေမှာ ထောင်ဒဏ် မပါဝင်တဲ့အတွက် ပြန်လည်ပြင်ဆင်ပေးဖို့အရေး
အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၂ဝဝ ကျော် ဆန္ဒပြကြတဲ့သတင်း၊

@ မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အလွတ်တန်းသတင်းထောက် ကိုပါကြီး သေဆုံးမှုအတွက် ၀မ်းနည်းရပါကြောင်းနဲ့
ပွင့်လင်းမြင်သာပြီး တရားမျှတမှု ရရှိစေရန် မျှော်လင့်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသား ပေးပို့လိုက်တဲ့ သ၀ဏ်လွှာဆိုင်ရာ သတင်း ၊

 @မန္တလေးစက်မှုဇုန်မှာ မြေကွက်ရယူထားသူတွေ လုပ်ငန်းမဖြစ်မနေလုပ်ကိုင်ဖို့ အစိုးရအဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်တဲ့ သတင်း ၊

@ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိက အစိုးရရဲ့ အရေးယူပိတ်ဆို့မှု ချမှတ်ခံရသူ အမည်မည်းစာရင်း (Blacklist)မှာ ထည့်သွင်းလိုက်တဲ့သတင်းနဲ့ ဦးအောင်သောင်း ပိုင်ဆိုင်တယ်လို့ ယူဆရတဲ့ ယူနိုက်တက်အမရဘဏ်ဆိုင်ရာ နောက်ဆက်တွဲသတင်းများ ၊

 @ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက ၊ ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့မှာ
ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး နောက်မှာ အယ်လ်ကိုင်းဒါး မွတ်စလင် အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဇာဝါဟရီရဲ့ ခြိမ်းခြောက်ထားမှုနဲ့ ဆက်စပ်ပြီး စိုးရိမ်နေကြတဲ့သတင်း၊

@ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကျင်းပနေတဲ့ မီးပုံးပျံလွှတ်တင်ပွဲအတွင်း မီးပုံးပျံတစ်ခု ပျက်ကျခဲ့တဲ့အတွက်
လာရောက်ကြည့်ရှုသူတွေ ထိခိုက်ဒဏ်ရာရရှိကုန်တဲ့ သတင်း၊

@ မန္တလေးမှာ ပြုလုပ်ခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့
အမျိုးသား ပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြကြတဲ့သတင်းများ၊

 @သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံထိပ်သီးခေါင်းဆောင် ၁၄ ဦးပါဝင်တဲ့ နိုင်ငံရေး ထိပ်သီးဆွေးနွေးပွဲဆိုင်ရာ သတင်းအချက်အလက်များ၊

@ သမ္မတ အိုဘားမားက မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင်
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့တဲ့ သတင်း၊

@ အစိုးရရဲ့ မြေယာအသုံးချမှု မူဝါဒ မူကြမ်းကို ဝေဖန်လိုက်တဲ့ နယ်သာလန်နိုင်ငံအခြေစိုက်
TNI နိုင်ငံတကာရေးရာအဖွဲ့မှ ပညာရှင်တွေရဲ့ ဝေဖန်ချက်နဲ့ ၊….

အခြား သိမှတ်စရာဖြစ်တဲ့ အမေရိကပြည်ထောင်စုအတွင်းမှာ ပြုလုပ်မယ့် ပွဲလမ်းသဘင်ဆိုင်ရာ သတင်းများကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် ပြန်ပြောပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန www.azmtv.com မှာလည်း

ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

 

azm

ပုံကို ကလစ်လိုက်တာနဲ့ ရုပ်သံ သတင်းဌာနကို ရောက်ရှိသွားဖို့ နောက်တစ်မျက်နှာ ပွင့်မှာ ဖြစ်ပါကြောင်း

 

 

 

 

 

 

 

 

 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နိုဝင်ဘာ ၅ ။

US သမ္မတအိုဘားမား မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် နိုဝင်ဘာ ၁၂ ရက်နေ့မှာ
နိုင်ငံဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရေး၊ PR စနစ်၊ ပုဒ်မ ၄၃၆၊၆ (စ) နဲ့ ၅၉ (စ) ပြင်ဆင်ပေးရေးအတွက် ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်(ဒဂုံဆိပ်ကမ်း)က စီတန်းလှည့်လည်ပြီး ဆန္ဒဖော်ထုတ်မယ်လို့ သိရပါတယ်။

ဒီမိုကရက်တစ်နဲ့ အရပ်ဘက်ဆိုင်ရာအဖွဲ့များပါဝင်မယ့် လူဦးရေ ၁၀၀၀ လောက်ဟာ
ရန်ကုန်မြို့
လှည်းတန်းခုံးကျော်တံတား အောက်ကနေ သံလွင်လမ်းအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်သွားဖို့ သက်ဆိုင်ရာမြို့နယ်မှာ ခွင့်ပြုရေး စာတင် ထားပေမယ့်
သက်ဆိုင် ရာအာဏာပိုင်အဖွဲ့အစည်းများက ခွင့် မပြုလျှင်လည်း ဖြစ်အောင် ပြုလုပ်သွားမယ်လို့ ပြောဆို ဦးဆောင်လှုပ်ရှားသူတွေက ကြေညာလိုကိပါတယ်။

ဆန္ဒထုတ်ဖော်ပွဲကို သမ္မတအိုဘားမား ရန်ကုန်ရောက်ချိန်မှ ပြုလုပ်တာဟာ
အိုဘားမား မြန်မာနိုင်ငံတွင်း ရောက်ရှိချိန်မှာ ပြည်တွင်းရေးအခြေအနေတွေကို ရှင်းရှင်းလင်းလင်းသိစေလိုတဲ့အပြင် ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထောက်ခံအားပေး ပူးပေါင်းဆောင်ရွက်မှုကိုလည်း ရယူလို၍ ဖြစ်ကြောင်း သိရပါတယ်။

US သမ္မတ အိုဘားမားဟာ အာဆီယံနိုင်ငံများ ထိပ်သီးညီလာခံ တက်ရောက်ဖို့အတွက်
နိုဝင်ဘာ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး၊
နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံဖို့ စီစဉ်ထားကြောင်း၊
နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံမှာဖြစ်ကြောင်း အိမ်ဖြူတော်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
။။။။။။။။။။

( ခွင့်မပြုလည်း ဆန္ဒကတော့ ပြမှာပဲ….တဲ့ ။

အခုတလော ဆန္ဒပြတာတွေ ခေတ်စားနေသလို…

ပုဒ်မ ၁၈ (စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ )ကြီးနဲ့

ထောင်ထဲ တဂျိမ်းဂျိမ်းရောက်နေကြခြင်းဟာလည်း..ခေတ်စားနေပါကြောင်း… ။

ကြည့်လုပ်ကြပါကွယ်… ။

အိုဘားမားကြီး ဒီကို လာတုန်း…မြင်အောင် ဆန္ဒပြမှ …မြင်တာ မဟုတ်ပါဘူး အိုဘားမားအနေနဲ့… အမေရိကားမှာ နေရင်းနဲ့လည်း..
မြန်မာ့အရေး အဖြစ်/ အပျက်တွေကို… ဘွင်းဘွင်းကြီး မြင်နေနိုင်တယ်….ထင်တာပဲ… ။ ဒါကြောင့်… ကြည့်လုပ်ကြပါကွယ်… ။ )
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၄ ။

နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို ကျင်းပခွင့်မပြုနိုင်ကြောင်း သိရပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ US သမ္မတ အိုဘားမားကိုယ်တိုင် တက်ရောက်မယ့်
အာဆီယံထိပ်သီးအစည်းအဝေးကျင်းပဖို့ရှိတဲ့အတွက် ခွင့်မပြုနိုင်ခြင်းဖြစ်ကြောင်း
မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးက အစည်းအဝေး ကျင်းပမယ့်
ခ၀ဲခြံမျက်မမြင်ကျောင်း တာဝန်ရှိသူတွေထံကို အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။

နှစ်ရက်ကြာကျင်းပမယ့် ကျောင်းသားထု အရေးပေါ် အစည်းအဝေးရဲ့ ပထမရက်မှာ
အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်သလို ကျောင်းသား ကျောင်းသူတွေရဲ့ အခက်အခဲတွေကို ဆွေးနွေးကြဖို့ စီစဉ်ထားခဲ့ပြီးနောက်မှာ အခုလို ခွင့်ပြုချက် မရခဲ့တာ ဖြစ်ပါတယ်။
။။။။။။။။။။။။

( ကျောင်းသား ကျောင်းသူတွေရဲ့ အခက်အခဲတွေကို ထည့်သွင်းဆွေးနွေးမယ်ဆိုလို့…
အဲဒီဆွေးနွေးပွဲကို မောင်သူရကြီး သွားတောင် နားထောင်လိုက်ချင်တယ်။
ပြီးတော့… ရွာထဲက လုံမလေး မွန်မွန်တို့… ဆရာမ မြင့်ပြုံးဝင့် အဲ..ဝင့်ပြုံးမြင့်တို့ကိုလည်း… ဝင်ဆွေးနွေးစေချင်လာတယ်ဗျာ ။
မွန်မွန်ရော… ဆရာမဝင့်ပြုံးမြင့်ပါ… ပညာရေးနဲ့ပတ်သက်ပြီး…အားသွန်ခွန်စိုက် ပြောချင်တဲ့စကားတွေ ရှိနေတာ…သတိပြုမိလို့ပါ ။
သူတို့ ဆွေးနွေးတာကို မောင်သူရကြီးက ပြန်ရေးပြချင်တာပေါ့ ။ အဲ…ဒါက မုန့်ဆီကြော်… ။
မုန့်ဆီကြော်က ကြော်မယ် မပြင်ရသေးဘူး ။ အခု ဒယ်အိုးက ပျောက်နေပြီ ။ ဆွေးနွေးပွဲကြီး အခု ကျင်းပခွင့်မရသေးလည်း… ရတဲ့အချိန်လုပ်ကြပါဗျာ… ။
ချ ချ…. )

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နိုဝင်ဘာ ၃ ။

မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ၊ ဥပဒေသစ် ပြဌာန်းမှုတွေနဲ့အတူ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်နေပေမဲ့
ရခိုင်ပြည်နယ်တွင်းမှာတော့ တင်းမာမှုတွေဟာ အခုထိ မလျော့ပါးသေးတဲ့အတွက် အထူးစိုးရိမ်မိကြောင်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိလာပေမဲ့ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ တင်းမာမှုတွေကြောင့် အကြမ်းဖက်မှု၊
အသက်ဆုံးရှုံးမှု၊ ဥစ္စာပစ္စည်းပိုင်ဆိုင်မှု ဖျက်ဆီးခံရခြင်းတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ ဖြစ်ပေါ်ခဲ့ကြောင်း နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့
ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ မစ္စတာ ဗွီဂျေး နမ်ဘီးယားကလည်း ထောက်ပြပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့်
လူမျိုးရေး ဘာသာရေးတွေအရ ကွဲပြားမှုဟာ အတော်လေး နက်ရှိုင်းလာခဲ့ပြီး ရခိုင်ဗုဒ္ဓဘာသာတွေနဲ့ မူဆလင် အသိုင်းအ၀ိုင်းနှစ်ခုကြားက စိတ်ဝမ်းကွဲပြားမှုဟာ
ပိုပြီး ကြီးမားလာခဲ့သလို
အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရသူတွေရဲ့ အခြေအနေဟာလည်း
ပြင်းထန်ဆိုးရွားတဲ့အဆင့် ရောက်နေတာမို့ အထူးစိုးရိမ်မိကြောင်း ပြောသွားတာ ဖြစ်ပါတယ်။

အခုလို တင်းမာနေတဲ့ စိုးရိမ်စရာ အခြေအနေရှိတဲ့ ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခကို
ဖြေရှင်းပေးဖို့ မြန်မာအစိုးရက ရခိုင် Action Plan စီမံကိန်း ရေးဆွဲခဲ့တာကို တွေ့ရတဲ့အတွက်တော့ ဒီစီမံကိန်းဟာ ကောင်းမွန်ကြောင်း
မစ္စတာ နမ်ဘီးယားက ချီးကျူးလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ပြဌာန်းချက်တွေ အကောင်အထည်ဖော်ဖို့
ကုလသမဂ္ဂအေဂျင်စီနဲ့ ရန်ပုံငွေထောက်ပံ့ရေး အစီစဉ်အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေရမှာ ဖြစ်ပြီး
ကုလသမဂ္ဂဘက်ကလည်း မြန်မာနိုင်ငံကို အနီးကပ်လက်တွဲပြီး ဆက်လက်ပူးပေါင်း
ညှိနှိုင်းဆောင်ရွက်သွားမယ်လို့
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗွီဂျေး နမ်ဘီးယား က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

( မောင်သူရကြီးတော့ အဆဲခံချင်နေတာလား မသိ။ စိတ်ထဲကနေ..တွေးမိတာက… အဲဒီ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီးဟာလေ…
တခြားဟာတွေ သိပ်မစိုးရိမ်သလိုဖြစ်နေသလားလို့… ။ ဒီ ရခိုင်ပြည်နယ် အရေးကိုပဲ…တချိန်လုံး ထိုင်ပြောနေတော့တာပဲ ။ အေးလေ….တစ်ခုတော့ကောင်းပါတယ်.. ။

မောင်သူရကြီးတို့က..ပြေးဖို့ လွှားဖို့တောင်.. မအားဘူး ။

စားဖို့ အနိုင်နိုင် ရုန်းကန်နေရတာဆိုတော့… ။

အခုလို..စိတ်ပူပေးမယ့်သူတွေ ရှိနေတော့လည်း..ကိုယ်တိုင် စိတ်ပူရမယ့် အလုပ်…

မရှုပ်တော့ဘူးပေါ့ဗျာ… ။)

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၂ ။

မြန်မာနိုင်ငံတွင်းရှိ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအကြား လုပ်ငန်းခွင်ပဋိပက္ခတွေ မကြာခဏဖြစ်ပေါ်နေရာမှာ ဖြေရှင်းပေးဖို့
အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ မှာ ငွေဒဏ်ပဲ ပါရှိပြီး ထောင်ဒဏ် မပါဝင်တဲ့အတွက်
ထည့်သွင်းပြီး ပြန်လည်ပြင်ဆင်ပေးဖို့ ရန်ကုန်တိုင်းက အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၂ဝဝ ကျော်ဟာ တာမွေမြိ့နယ် ၊ ကျိုက္ကဆံ အားကစားကွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ပြည်ထောင်စုလွှတ်တော်အနေနဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို
ပြန်လည်ပြင်ဆင်ပြီး ထောင်ဒဏ်တွေထည့်သွင်းပေးစေရေး ၊
အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေကို လျော်ကြေးပေးပြီး အလုပ်မထုတ်ရေးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့
အလုပ်သမားတွေရဲ့ အရေးကိုလည်း အလေးထား ဆောင်ရွက်ပေးရေး… စတာတွေ ကို တောင်းဆိုခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က အလုပ်ရှင် အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို
ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပေမယ့် ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက်တွေကို မလိုက်နာရင် ပြစ်မှုအပေါ် မူတည်ပြီး
အနည်းဆုံး ငွေဒဏ်ငါးသိန်းကနေ ဆယ်သိန်းအထိ ချမှတ်နိုင်ကြောင်းသာ ပါရှိပါတယ်။

ဆန္ဒပြတောင်းဆိုရခြင်း အဓိက အကြောင်းအရင်းဟာ ယခုအတည်ပြုလိုက်တဲ့ အလုပ်သမားအရေး ဥပဒေမှာ
ထောင်ဒဏ်မပါလာဘဲ ငွေဒဏ်ကိုပဲ ထပ်တိုးလိုက်တာဖြစ်ကြောင်း ၊
အရင်က ၁ သိန်းဆိုတဲ့နေရာမျိုးမှာ ငွေဒဏ် ၅ သိန်းဆိုပြီး ထပ်တိုးပြင်ဆင်လိုက်ရုံပဲမို့ မမျှတတဲ့ ဥပဒေလို့ ယူဆတာကြောင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

။။။။။။။။။။။။။။။။

( သဘောတူတယ်။ ထောင်ဒဏ်လေးပါ ထည့်စေချင်တဲ့ဘက်ကပါ။
အဲ…. ဒါက… မောင်သူရကြီး အလုပ်သမားတစ်ယောက် အဖြစ် ရုန်းကန်နေချိန်မှာ ထောက်ခံတာနော်… ။
သဘောထားဆိုတာ… ပြောင်းသင့်ချိန်မှာ ပြောင်းရတယ်။ အဟက် )

:k:

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၂ ။

မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အလွတ်တန်းသတင်းထောက်၊ (ယခင်)သုံးရောင်ခြယ်အဖွဲ့ဝင် ကိုပါကြီး သေဆုံးမှုအတွက်
ဝမ်းနည်းရပါကြောင်းနဲ့ ပွင့်လင်းမြင်သာပြီး တရားမျှတမှု ရရှိစေရန် မျှော်လင့်ကြောင်း
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားပြီး ကျန်ရစ်သူ ဇနီးဆီကို သ၀ဏ်လွှာ ပေးပို့လိုက်ပါတယ်။

အဆိုပါ သဝဏ်လွှာကို သုံးရောင်ခြယ်မိသားစုများ ပြုလုပ်တဲ့ ကိုပါကြီးကို ရည်စူးတဲ့ ဆွမ်းကပ်လှူပွဲ အခမ်းအနားမှာ ဖတ်ကြားခဲ့ပါတယ်။
သ၀ဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည်က
ကိုပါကြီးကို သား လို့ ခေါ်ဝေါ်သုံးနှုန်းထားပြီး ကျောင်းသား ဘ၀ကတည်းက ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ
၎င်းတို့နှင့်အတူ ပါဝင်လာခဲ့ခြင်းကို သတိရနေမိကြောင်း ရေးသားထားပြီး
ကိုပါကြီး သေဆုံးမှုအတွက် အခက်အခဲအမျိုးမျိုးကို အတူကျော်ဖြတ်ခဲ့ရတဲ့ ရဲဘော်ရဲဘက်အားလုံးအနေနဲ့ စိတ်မချမ်းမြေ့ဖြစ်နေရပါကြောင်း ၊
ပွင့်လင်းမြင်သာသော တရားရေးဖြစ်စဉ်ကိုလည်း မြင်တွေ့ရဖို့ မျှော်လင့် ယုံကြည်နေကြကြောင်း တို့ ပါဝင်ရေးသားထားပါတယ်။

။။။။။။။။။။။။။။။။။။။

(နွေးထွေးတဲ့မေတ္တာကို….ပေးသင့်ချိန်မှာေ ပးတတ်လိုက်တာ အမေရယ်… ။
အခုအချိန်မှာ… အမေ့မေတ္တာစကားတစ်ခွန်းဟာ….ကိုပါကြီးရဲ့ မိသားစုအတွက်… အားဆေးတစ်ခွက်ဖြစ်နိုင်ပါရဲ့။
ဒါနဲ့…. စစ်တပ်ဆီကရော… …
ကိုပါကြီးရဲ့မိသားစုထံ.. ဝမ်းနည်းကြောင်း သဝဏ်လွှာလေး ပို့ပေးလာနိုင်ကောင်းပါရဲ့… ။
အင်းးး ဒါပေမယ့်…ဒါက…မမျှော်လင့်ကောင်းပါဘူးနော်… ။ )

:cry:
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၂ ။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်တွေမှာ မြေကွက်ရယူထားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့
စက်မှုလုပ်ငန်း မဖြစ်မနေလုပ်ကိုင်ရမှာဖြစ်ပြီး ရယူထားတဲ့ စက်မှုဇုန်မြေနေရာကို ဘယ်လိုစီမံခန့်ခွဲ အသုံးပြုမယ်ဆိုတဲ့ အစီအစဉ် အသေးစိတ်ကို အစိုးရဌာနဆိုင်ရာများထံ အသိပေးရမှာဖြစ်ကြောင်း
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန် ကြေညာလိုက်ပါတယ်။
စက်မှုလုပ်ငန်းမလုပ်တဲ့ မြေကွက်တွေကို ပြန်သိမ်းမယ်ဆိုခြင်းက ဒုတိယအဆင့်ဖြစ်ကြောင်း၊
ပထမ အဆင့်အနေနဲ့ စက်မှုဇုန်တွေထဲ မှာ မြေကွက်ရယူထားသူတွေအနေနဲ့ ဘာလုပ်ငန်းတွေလုပ်မယ်၊
ငွေ ကြေးဘယ်လောက်ရင်းနှီးမြှုပ်နှံ မယ်၊ ဘယ်လထဲမှာ လုပ်ငန်းစ လုပ်မယ်ဆိုတာမျိုး လုပ်ငန်းအစီအစဉ်ကို အသေးစိတ် တင်ပြရမှာဖြစ်ပါကြောင်း ၊
အစီအစဉ်တင်ပြနိုင်ခြင်း မရှိတဲ့ စက်မှုဇုန်မြေကွက်တွေကိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လက် ဆောင်ရွက်ရမှာဖြစ်ကြောင်း
မန္တလေးတိုင်းဒေသကြီး ၊ အစိုးရအဖွဲ့ ၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးကျော်မြင့်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

လက်ရှိအချိန်မှာ တိုင်းဒေသကြီး ၊ လျှပ်စစ်နှင့် စက်မှုဝန် ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊
မြေစာရင်းဌာန၊ အိုးအိမ်ဦးစီးဌာန၊ စည်ပင်သာယာ၊ စက်မှုဇုန်ကော်မတီ … စတဲ့ အဖွဲ့ပေါင်းစုံပါတဲ့
စက်မှုဇုန်မြေကွက်များစိစစ်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး စက်မှုဇုန်မြေကွက်တွေရဲ့ မြေအသုံးချမှုအခြေအနေကို စိစစ်နေတဲ့အပြင် လုပ်ငန်းအစီအစဉ်တင်ပြလာမှုတွေကိုလည်း လိုက်လံစိစစ်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ် ။
။။။။။။။။။။။။။။။။။။။။

(ကောင်းပါလေ့… )

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နိုဝင်ဘာ ၁ ။

အသက် ၇၃ နှစ် အရွယ်ရှိပြီဖြစ်သူ စစ်အစိုးရလက်ထက်က စက်မှုဝန်ကြီး တာဝန်ယူခဲ့ပြီး
လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှာ အယူအစွဲပြင်းထန်တဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့
လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းကို
အမေရိက အစိုးရရဲ့ အရေးယူပိတ်ဆို့မှု ချမှတ်ခံရသူ အမည်မည်းစာရင်း (Blacklist)မှာ ထည့်သွင်းလိုက်ကြောင်း အမေရိက ဘဏ္ဍာရေး ၀န်ကြီးဌာနက ကြေညာလိုက်ပါတယ်။

အရေးယူပိတ်ဆို့မှု အစီအစဉ်အရ အမေရိက ပြည်ထောင်စုမှာရှိတဲ့ ဦးအောင်သောင်း ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ထိန်းချုပ်လိုက်ပြီး
အမေရိကနိုင်ငံသားတွေဟာ သူနဲ့အကျိုးတူ စီးပွားရေး လုပ်ခွင့်မရှိတော့ပါဘူး။

ဦးအောင်သောင်းဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ရပ်တွေနဲ့ နှောင့်ယှက်ဖျက်ဆီးနေသူဖြစ်တာကြောင့် ပိတ်ဆို့အရေးယူခြင်းဖြစ်ကြောင်း OFAC ကြေညာချက်မှာဖေါ်ပြထားပါတယ်။

ဦးအောင်သောင်းဟာ မြန်မာနိုင်ငံမှာ မကြာသေးခင်က စတင် လုပ်ဆောင်လာတဲ့
နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အားနည်းသွားအောင် အကြမ်းဖက် ဖိနှိပ်မှုတွေနဲ့ အဂတိ လိုက်စားမှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသူလို့ သံသယရှိနေရတဲ့အပြင် သူဟာ အတိုက်အခံ ဒီိမိုကရေစီ အင်အားစုတွေကို နှိမ်နှင်းရာမှာ ပါဝင် ပတ်သက်ခဲ့သူ ဖြစ်ကြောင်း
အမေရိက ဘဏ္ဍာရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက် မှာ ဖေါ်ပြလိုက်ပါတယ်။

ဒါ့အပြင် ၂၀၀၃ ခုနှစ် ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းတိုက်ခိုက်ခံရတဲ့ ဒီပဲရင်းအရေးအခင်းမှာလည်း
အဓိကတာဝန်ရှိသူဖြစ်သလို၊ မကြာခင်နှစ်ပိုင်းတွေက ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခတွေရဲ့နောက်ကွယ်ကနေ ကြိုးကိုင်နေသူဖြစ်ကြောင်း
စွပ်စွဲမှုတွေ ထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ဦးအောင်သောင်းကတော့ အဲဒီစွပ်စွဲချက်တွေဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ် ။

အခုချမှတ်တဲ့ အရေးယူပိတ်ဆို့မှဟာ ဦးအောင်သောင်း တဦးတည်းနဲ့သာ သက်ဆိုင်ပြီး၊ တခြားအစိုးရအဖွဲ့အစည်းများ ၊ ပတ်သက်ဆက်နွယ်တဲ့
အသင်းအဖွဲ့များနဲ့ သက်ဆိုင်ခြင်းမရှိကြောင်း အမေရိက အစိုးရက ကြေညာချက်မှာ ဖေါ်ပြထားပေမယ့်…
မြန်မာနိုင်ငံတွင်းရှိ ယူနိုက်တက်အမရဘဏ်ကို ဦးအောင်သောင်း ပိုင်ဆိုင်ထားတယ်လို့ ထင်မြင်ယူဆကြသူတွေဟာ
ဘဏ်ကနေ အပ်နှံထားတဲ့ငွေများ ပြန်လည် ထုတ်ယူနေကြပြီဖြစ်ပါတယ်။

အမှန်တကယ်မှာတော့ ယူနိုက်တက်အမရဘဏ်ဟာ ဦးအောင်သောင်းရဲ့ သား
ဦးနေအောင်က ရှယ်ယာ ၉၀ % ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး
ဦးအောင်သောင်းနဲ့ မသက်ဆိုင်ကြောင်း ၊ ယူနိုက်တက်အမရဘဏ်ဟာ အမေရိက အစိုးရရဲ့ အရေး ယူပိတ်ဆို့မှုစာရင်းမှာ
ပါဝင်မှုမရှိကြောင်း ယူနိုက်တက်အမရဘဏ်၊ အမှုဆောင်အရာရှိချုပ် ဦးသန်းဝင်းစိုးက ဖြေရှင်းနေရပြီဖြစ်ပါတယ်။

ဦးအောင်သောင်းကို အမေရိကအစိုးရက အမည်မည်းစာရင်း သွင်းလိုက်ပြီးနောက်
ယူနိုက်တက် အမရဘဏ်ကနေ ငွေသားပြန်လည်ထုတ်ယူမှုဟာ နိုဝင်ဘာ ၃ ရက် က အပ်ငွေမှာ ကျပ် ၄၄ ဘီလီယံ ရှိခဲ့ပြီး
ထုတ်ငွေမှာ ၄၁ ဘီလီယံရှိခဲ့ပြီး ၊နိုဝင်ဘာ ၄ ရက်က ထုတ်ယူငွေ ကျပ် ၂၆ ဘီလီယံရှိပြီး အပ်ငွေကတော့ ၁၆ ဘီလီယံသာ ရှိကြောင်း သတင်းရရှိပါတယ်။
။။။။။။။။။။။။။။။။။။။။

(အမေရိက အစိုးရကို မေးလိုက်ချင်တာက… သူတစ်ယောက်ထဲလား…လို့… ။
နောက်ထပ်… အဲဒီထက် နာမည် မည်းနက်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ရှိသေးတာ… မြင်တယ် မဟုတ်လား…လို့… ။
ဒါမယ့်… ဒါကလည်း….ပြည်သူတစ်ယောက်အနေနဲ့ မပြောကောင်းတဲ့ စကားမို့..

.ပြောတော့ပါဘူး ။ )
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၃၁ ။

ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက ၊ ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့မှာ အောက်တိုဘာ ၃၁ ရက်နေ့ည ၉ နာရီခန့်မှာ ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။ ဘူးသီးတောင်မြို့ ၊ ဗိုလ်ချုပ်လမ်းထဲရှိ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနရုံးရှေ့နားက
အေးမြင့်မိုရ် ဆောက်လုပ်ရေး ကုမ္ပဏီပိုင် ဘိလပ်မြေဖျော်စက်အောက်မှာ ပေါက်ကွဲခဲ့ခြင်းဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရခြင်း မရှိပေမယ့် ဒီ ဖောက်ခွဲမှုဟာ
အယ်လ်ကိုင်းဒါး မွတ်စလင် အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဇာဝါဟရီက ဘင်္ဂလားဒေ့်ရှ်နဲ့ မြန်မာကို ပစ်မှတ်အဖြစ် တိုက်ခိုက်မှုတွေ ပြုလုပ်သွားမယ်လို့
မကြာသေးခင်က ကြေညာထားတာနဲ့ ပတ်သက်မှု ရှိမရှိကိုတော့ စိုးရိမ်နေရကြောင်း သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွါးတဲ့နေရာအနီးမှာ မီးလောင်ကျွမ်းနေတဲ့ သံနို့ဆီဗူးအပိုင်းအစများ ၊ အက်ဆစ်ရည်များ၊ Nokia ဖုန်းတစ်လုံးနဲ့ စက်ဘီးဘောစေ့များကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အဆိုပါ ဗုံးနှစ်လုံး ပေါက်ကွဲမှုနဲ့ ဆက်နွယ်ပြီး မြို့ခံ အမျိုးသား ၃ ဦးကို ဘူးသီးတောင်မြို့နယ်ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေကြောင်း ၊ အခုလက်ရှိ အချိန်မှာ ဘူးသီးတောင်မြို့အတွင်း လုံခြုံရေးအင်အားကို တိုးမြှင့်ချထားကြောင်း သတင်းရရှိပါတယ်။
။။။။။။။။။။။။။။။။။

( အယ်လ်ကိုင်းဒါးတွေနဲ့ ပတ်သက်မှု ရှိမရှိကတော့…ဝေဖန်ရခက်သား… ။ ရခိုင်ပြည်မှာက… ဗုံးပေါက်ကွဲမှုမဖြစ်ခင်ကတည်းက…
ရရာ လက်နက်ဆွဲပြီး ဖြစ်နေကြတာဆိုတော့… အဲဒီ ဖြစ်ခဲ့သမျှကလည်း.. ဇာဝါဟရီ…ဘာမှ မပြောခင်ကတည်းက…ဖြစ်နေတာဆိုတော့…
အင်းးး ဒါပေမယ့်ပေါ့လေ…. သတိဟူသည် ပိုသည်မရှိပေါ့ ။
ဖြစ်လာရင်တော့.. ချ ချ )

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၃၁ ။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ အောက်တိုဘာလ ၃၀ ရက်နေ့ကနေ နိုဝင်ဘာ ၇ ရက်နေ့အထိ ကျင်းပနေတဲ့
မီးပုံးပျံလွှတ်တင်ပွဲအတွင်း မီးပုံးပျံတစ်ခုဟာ အမြင့်ပေ ၂၀၀ လောက်ကနေ ပျက်ကျသွားခဲ့တဲ့အတွက်
လာရောက်ကြည့်ရှုသူတွေထဲက ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၁၄ ဦးကို တောင်ကြီးမြို့၊စ၀်စံထွန်းဆေးရုံမှာ ဆေးကုသပေးထားပြီး
အဲဒီအထဲက ၅ ဦးရဲ့ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်နေရတယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူတွေထဲက ၁၂ ဦးဟာ တောင်ကြီးဒေသခံတွေဖြစ်ပြီး၊ ၂ ဦးကတော့ ရန်ကုန်ကနေ ရောက်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
။။။။။။။။။။။။။။။
(အဲဒီ သတင်းကြားတော့ အရင်ဆုံး သတိရမိတာက.. ရွာသူ လုလု… ။ ဘယ်ပျောက်နေပါလိမ့် ။
တောင်ကြီးမြို့မှာ ရှိနေတော့… အဲဒီ ပွဲခင်းထဲ ရောက်မနေဘူးလို့ မပြောနိုင်ဘူး ။ နေမှ ကောင်းပါလေစ… ။
ဘာပဲ ဖြစ်ဖြစ်…ဖုန်းလေးဆက်ပြီး..နေကောင်းလား… ဘာထူးလဲ… စသည်ဖြင့်တော့…လှမ်း ပြောကြည့်ဦးမှပါ ။ )

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၃၁ ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခရိုင်(၈)ခုဟာ
အမျိုးသား ပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြပွဲတရပ်ကို မန္တလေးမြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဆန္ဒပြပွဲကို ကျောင်းသားတွေအပြင်၊ လူငယ် အဖွဲ့တွေဖြစ်တဲ့ ဗလသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များသမဂ္ဂနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ ပြည်သူ့လွတ်မြောက်ရေး သုံးရောင်ခြယ် ကဒေါင်းလူငယ်အဖွဲ့တို့ပါ ပူးပေါင်းခဲ့ကြပြီး၊ မန္တလေးမြို့လယ်ခေါင် ဈေးချိုပတ်ဝန်းကျင်က လမ်းမတွေပေါ်မှာ
ချီတက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပါတယ်။

အဆိုပါ ဆန္ဒပြပွဲမှာ လူငယ်ကျောင်းသား အယောက် ၁၀၀ လောက် ပါဝင်နေပြီး… ပြည်သူတွေရဲ့ အားပေးထောက်ခံမှုကိုလည်း တွေ့မြင်ရကြောင်း
သတင်းရရှိပါတယ်။ အမျိုးသားပညာရေးဥပဒေ ဆန္ဒပြပွဲဟာ အနှောင့်အယှက်မရှိ ပြီးဆုံးသွားခဲ့တယ်လို့ ထင်ရပေမယ့်
ဗကသများ အဖွဲ့ချုပ်၊ ခေါင်းဆောင် ၃ ဦးနဲ့ ဗလသအဖွဲ့က ခေါင်းဆောင် ၂ ဦးကိုတော့
မြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ဖိတ်ခေါ်သွားပြီး ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ပုဒ်မ ၁၈ နဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

။။။။။။။။။။။။။။။။

(တွေ့လား.. ကျွန်တော် ပြောသားပဲ…
အခုတလော ပုဒ်မ (၁၈) ကြီး ခေတ်စားပါတယ်ဆို… ။

ဝါသနာပါရင်… ၁၈ ကို အာ လိုက်ဗျာ.. ။
ပြီးတော့ သုံးလုံးချဲ ထိုးချင်ရင်.. ၅၀၅ ကို မမေ့နဲ့… ။ )

:k:
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၃၁ ။

သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံထိပ်သီးခေါင်းဆောင် ၁၄ ဦးပါဝင်တဲ့ နိုင်ငံရေး ထိပ်သီးဆွေးနွေးပွဲကို
အောက်တိုဘာ ၃၁ရက်နေ့က နေပြည်တော် ၊ သမ္မတ အိမ်တော်မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအတွင်း အရေးတကြီး ဖြေရှင်းဖို့ လိုအပ်နေတဲ့ အကြောင်းအရာတွေနဲ့
ပတ်သက်ပြီး နှစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြပါတယ်။

US သမ္မတ အိုဘားမား မြန်မာပြည်ကိုလာဖို့ ရက်ပိုင်းအလိုမှာ ဟန်ပြအနေနဲ့ လုပ်ပြတာဖြစ်တယ်လို့
မီဒီယာတွေမှာ ဝေဖန်ခံလိုက်ရတဲ့ အဆိုပါ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ၀န်ကြီးဌာန ၊ ၀န်ကြီး ဦးရဲထွဋ်ကလည်း
တုံ့ပြန်ငြင်းဆိုတဲ့ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပါသေးတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင်းက ဆောင်ရွက်ဖို့နဲ့
၂၀၁၅ ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအတွက်
အစိုးရ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သတင်း မီဒီယာတွေ ပူးပေါင်းပါဝင်ဖို့ … စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမဲ့ တစ်ဦးကို ဆယ်မိနစ်လောက်သာ ဆွေးနွေးပြောဆိုခွင့် ရတယ်လို့ သိရပါတယ်။
အဆိုပါ ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊
အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း၊
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသိန်းထွန်းနဲ့
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦး … စတဲ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။
။။။။။။။။။။။။။။။။။
( …ဒါပေမဲ့…တစ်ဦးကို ဆယ်မိနစ်…တဲ့ ။

အဲဒီ ဒါပေမယ့်နောက်က…ဆယ်မိနစ်ကို စိတ်ထဲ…ဘဝင်မကျတာ.. ။

ဘယ့်နှဲ့…. အရေးကြီး နိုင်ငံ့ရေးရာတွေ ဆွေးနွေးတဲ့  သမိုင်းဝင် တွေ့ဆုံပွဲကြီးမှာ..
ပြောလက်စ စကားကို ဆယ်မိနစ်ပြည့်ရင် တိခနဲ ရပ်လိုက်ရတယ်ဆိုတာကြီး…
အေးလေ…. ပြောတော့ပါဘူး ။

သူတို့ ကောင်းတယ်ထင်သလိုလုပ်ပေါ့… ။ ရလဒ်ကိုပဲ…ကြည့်ရမှာ… ။

အရေးကြီးတာ ရလဒ်ပဲ… ။ )

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၃၀ ။

အမေရိက သမ္မတ အိုဘားမားဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့
အတိုက်အခံခေါင်းဆောင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို သီးခြားစီခွဲပြီး
တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့ကြောင်း ၀ါရှင်တန် သမ္မတ အိမ်ဖြူတော်က သတင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

သမ္မတအိုဘားမားအနေနဲ့ ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေကို ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရာမှာလည်း နိုင်ငံတကာက အသိမှတ်ပြုလက်ခံတဲ့ လုပ်ဆောင်မှုဖြစ်ဖို့ လိုအပ်ကြောင်း၊
မြန်မာအစိုးရဘက်က ရေးဆွဲထားတဲ့ ရခိုင် Action Plan ကိုလည်း ပြန်လည် သုံးသပ်ဖို့ လိုအပ်ကြောင်း ၊

ရခိုင်ပြည်နယ်တွင်း လူ့အခွင့် အရေးဆိုင်ရာ ကိစ္စရပ်တွေကို တိုးမြှင့်ဆောင်ရွက်ဖို့ အရေးကြီးပြီဖြစ်ကြောင်း
သမ္မတ ဦးသိန်းစိန်ကို ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ အာဆီယံညီလာခံတက်ရောက်မယ့် မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီးလည်း
ဆွေးနွေးပြောဆိုခဲ့ပါတယ်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းဆက် ပြောဆိုခဲ့ရာမှာတော့
လက်ရှိ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခင်းအကျင်းများ ၊ ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ အခြေအနေများကို ဆွေးနွေးခဲ့ပြီး US သမ္မတအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပိုမိုထွန်းကား လာရေး
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုပါကြောင်း၊ ပိုမိုလွတ်လပ်ပွင့်လင်းပြီး၊ သာယာဝပြောတဲ့ မြန်မာနိုင်ငံ ဖြစ်ပေါ်လာအောင် အမေရိကပြည်ထောင်စုက ဆက်လက်အားပေးနေပြီး
ကူညီသွားဖို့ ကတိပြုခဲ့ကြောင်း… စသည်ဖြင့် …သတင်းတွေမှာ ရေးသားဖော်ပြကြပါတယ်။
။။။။။။။။။။။။။။။။။။။။

( မကြာမကြာ ဖုံးဆက်ပါ အိုဘယ့် ဘားမားရေ… ။

ဆက်သွယ်မှုဧရိယာပြင်ပမှာ…အမေ့ကို မထား ထားပါနဲ့ ။ )

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၃၀ ။

မြန်မာနိုင်ငံမှာ အောက်တိုဘာအတွင်းက အစိုးရ ချပြလိုက်တဲ့ မြေယာအသုံးချမှု မူဝါဒ မူကြမ်းဟာ
နိုင်ငံတွင်းနဲ့ နိုင်ငံခြားက ကုမ္ပဏီကြီးတွေအတွက်သာ အကျိုးရှိမစေပြီး ပြည်တွင်းက သန်းနဲ့ချီတဲ့ ဆင်းရဲသား တောင်သူလယ်သမားတွေအတွက်တော့
မြေယာဆုံးရှူံးမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း
နယ်သာလန်နိုင်ငံအခြေစိုက် TNI ခေါ် နိုင်ငံတကာရေးရာအဖွဲ့မှ ပညာရှင်တွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနတို့ ဦးဆောင်ပြီး၊ မြေအသုံးချမှု အများဆုံးရှိတဲ့ ဌာန ၁၃ ခု ပါဝင် ရေးဆွဲခဲ့တဲ့ မူဝါဒကြမ်းဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အပေါ်မှာသာ ရည်ရွယ်အာရုံပြု ရေးဆွဲထားတဲ့အတွက် လယ်သမားတွေအတွက် ဘဝအာမခံချက်တွေ ရှိမနေဘူးလို့
TNI က ထောက်ပြဝေဖန်ပါတယ်။

ယခု မြေယာအသုံးချမှု မူဝါဒကြမ်းဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ရေး ဆိုတဲ့
စီးပွားရေး အကြောင်းခံတစ်ခုတည်းကို ရေးဆွဲထားတာဖြစ်ပြီး၊ တခြားနိုင်ငံတွေရဲ့ မြေယာ မူဝါဒတွေမှာ ပါဝင်သလို
စားနပ်ရိက္ခာလုံခြုံရေး၊
သဘာဝပတ်ဝန်းကျင် မထိခိုက်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေကို အပံ့အပိုးဖြစ်စေတဲ့ အချက်တွေ မတွေ့ရကြောင်း
TNI အဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး: Jannifer Franco က ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး အသွင်ကူးပြောင်းမှုကာလအတွင်း မြေယာပိုင်ဆိုင်မှုနဲ့
သုံးစွဲမှု ပြဿနာတွေဟာ ပြဿနာကြီးတစ်ရပ် ဖြစ်လာနေပါတယ်။

စစ်အစိုးရ အဆက်ဆက်က မြေသိမ်း ယာသိမ်း ကိစ္စတွေနဲ့ ပတ်သက်ပြီး
အခုအခါ မကျေနပ်မှုတွေ၊ ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပေါ်နေတာကြောင့် ဒါတွေဟာ ပေါက်ကွဲနိုင်တဲ့ လူမှုရေး မီးတောင်ကြီးဖြစ်ပါကြောင်း နိုင်ငံတကာရေးရာအဖွဲ့ TNI က ထောက်ပြ ဝေဖန်လိုက်ပါတယ်။
။။။။။။။။။။။။။။။။။။

(ချော်ရည်ပူတွေကြားမှာ…. နစ်နေတာ… အိုးအိမ်မဲ့….ပြည်သူတွေ…

ကျူးး ကျော်တယ်လို့…

ကျူးကျော်ပြီး လာပြောတဲ့ အသံတွေအောက်မှာ….

သိပ်ကျယ်ပြောလှပါတယ်ဆိုတဲ့ နိုင်ငံကြီရဲ့ မြေပေါ်မှာ..

.ကျောတစ်ခင်းစာ ရဖို့… သွေးတွေ ချွေးတွေနဲ့…ရင်းလို့…. )

:k:

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ
NLD ပညာရေး ကွန်ရက်နဲ့ ကျန်းမာရေး ကွန်ရက် ရန်ပုံငွေအတွက်
နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့မှာ နေ့လယ်စာ စားပွဲ ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ကိုဗီနာရှိ အလယ်တန်းကျောင်းတခုမှာ နိုဝင်ဘာ ၂၃ ရက် ၊ မနက် ၁၀ နာရီကနေ
နေ့လယ် ၂ နာရီအထိ ကျင်းပပြုလုပ်မယ့် ရန်ပုံငွေ နေ့လယ်စာ စားပွဲမှာ
တေးဂီတတီးဝိုင်းနဲ့လည်း တင်ဆက်ဖျော်ဖြေမယ့်အပြင် နေ့လယ်စာ စားပွဲတွင် တည်ခင်းကျွေးမွေးမယ့် မြန်မာ့ဓလေ့ စားသောက်ဖွယ်ရာများကို စေတနာရှင် မိသားစုများက ချက်ပြုတ်လှူဒါန်းထားကြကြောင်း သိရပါတယ်။

US ရောက် မြန်မာနွယ်ဖွားများအနေနဲ့ အမိမြေကို လွမ်းဆွတ်သတိရစရာ မြန်မာစားသောက်ဖွယ်ရာများကို သုံးဆောင်ရင်း
မြန်မာတေးသီချင်းများကို ခံစားနားဆင်ပြီး စိတ်ရောကိုယ်ပါ အပန်းပြေ ပျော်ရွှင်နိုင်အောင် စီစဉ်ထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့
ပြည်သူလူထုရဲ့ ပညာရေးနဲ့ ကျန်းမာရေး ကွန်ရက်အဖွဲ့များ ထူထောင်ပြီး လုပ်ကိုင်ဆောင်ရွက်ရာမှာ
လူထုအကျိုးပြု လုပ်ငန်းများ အောင်မြင်စေရေးအတွက် ရန်ပုံငွေ ရှာဖွေစုဆောင်းဖို့
US ရောက် မြန်မာတိုင်းရင်းသားတွေက နေ့လယ်စာစားပွဲ ကျင်းပခြင်းဖြစ်ပါတယ်။

NLD ပညာရေးကွန်ရက် နဲ့ ကျန်းမာရေး ကွန်ရက်အတွက် ရန်ပုံငွေအဖြစ် တဦးကို အလှူငွေ ဒေါ်လာ (၂၀) စီ
ထည့်ဝင်စေလိုကြောင်း ပွဲစီစဉ်သူတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
သီးသန့်လှူဒါန်းလိုသူ စေတနာရှင်များကိုလည်း လှိုက်လှဲစွာ ဖိတ်ခေါ်နေကြောင်း သတင်းရရှိပါတယ်။

ရန်ပုံငွေ နေ့လယ်စာစားပွဲ ကျင်းပမည့်နေရာကတော့ေ အာက်ပါအတိုင်းဖြစ်ပါတယ်။
Royal Oak Middle School
308 S Glendora Ave
Covina, CA 91724
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မြန်မာနိုင်ငံကို ၁၉၈၇ ခုနှစ် စတင်ကာ ၅ ကြိမ် သွားရောက်ပြီး ဓာတ်ပုံများ ရိုက်ကူးခဲ့တဲ့
အမေရိကန် ဓာတ်ပုံဆရာ ဂျော်ဖရီ ဟီးလားဟာ သူ့ရဲ့ ဓာတ်ပုံစာအုပ် မိတ်ဆက်ဟောပြောပွဲနဲ့ စာအုပ် လက်မှတ်ရေးထိုးပွဲကို
နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့မှာ လော့စ်အိန်ဂျယ်လိစ်အနီးရှိ မွန်ထရီပါ့ခ်မှ စာကြည့်တိုက်မှာ ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

“မြန်မာပြည် ရောင်နီဦး” (Daybreak in Myanmar) လို့ အမည်ပေးထားတဲ့ ဂျော်ဖရီ ဟီးလားရဲ့
ဓာတ်ပုံစာအုပ်ဟာ မြန်မာပြည်သူများရဲ့ လူနေမှုဘဝကို မှတ်တမ်းတင်ထားတာဖြစ်ပြီး စာအုပ်ပါ ဓာတ်ပုံတွေဟာ
နယူးစ်ဝိခ်၊ နယူးယောက်တိုင်းမ်တို့ အပါအဝင် အမေရိက ပြည်ထောင်စု၊ ဥရောပတိုက်နဲ့ ဂျပန်နိုင်ငံတို့မှ စာနယ်ဇင်းများမှာ ဖော်ပြခဲ့ပြီး ပုံရိပ်များကို စုစည်းထုတ်ဝေခြင်း ဖြစ်ပါတယ်။

အဲဒီစာအုပ်ဟာ စာမျက်နှာ ၁၉၂ မျက်နှာ ပါဝင်ပြီး
Daybreak in Myanmar ရဲ့ ရောင်းဈေဒကတော့ ၂၉.၉၅ ဒေါ်လာ ဖြစ်ကြောင်း သိရပါတယ်။

မွန်ထရီပါ့ခ် စာကြည့်တိုက်မှာ နေံလည်၂ နာရီမှ ၃း၁၅ နာရီအထိ ကျင်းပမယ့်
ဟောပြောပွဲမှာ မြန်မာနိုင်ငံအတွင်း ရိုက်ကူးယူခဲ့သော ဓာတ်ပုံများကို ပြသရင်း အာရှနိုင်ငံရဲ့ လမ်းတွေပေါ်မှာ ဘယ်လိုဘယ်ပုံ ဓာတ်ပုံရိုက်ယူရတယ်ဆိုတာတွေကို ရှင်းလင်းပြောကြားမှာ ဖြစ်ပါတယ်။

ဂျော်ဖရီ ဟီးလားအနေနဲ့ မကြာမီ ကာလအတွင်းမှာ “မြန်မာပြည် အကူးအပြောင်း”
(Burma in Transition) အမည်ရှိ စာအုပ်တအုပ်ကိုလည်း ဆက်လက် ထုတ်ဝေဖို့ ရှိကြောင်း သတင်းရရှိပါတယ်။

နေရာ Monterey Park Library
ROOM : Friends Room , 2nd Floor
318 S. Ramona Avenue, Monterey Park, CA
နေ့ရက် Sunday, November 16, 2014
အချိန် 2:00 p.m – 3:15 p.m

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အမေရိကနိုင်ငံ ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ ဖရီးမောင့်မြို့ ၊ မေတ္တာနဒ္ဒဝိဟာရ ဓမ္မရိပ်သာ တည်ရှိရာ…
4619 Central Avenue , Fremont , CA 94536 မှာ… မစိုးရိမ်ဆရာတော်ဟောကြားတော်မူမယ့်
ပဋိစ္စသမုပ္ပါဒ်တရားတော် ဓမ္မသင်တန်းကို တနင်္ဂနွေနေ့ ညနေ ၆ နာရီတိုင်းမှာ ကျင်းပတော့မှာဖြစ်တာကြောင့်….
စိတ်ပါဝင်စားသူတိုင်း တက်ရောက် သင်ကြားနိုင်စေဖို့… သတင်းကောင်းပါးလိုက်ပါတယ်။

သင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိချင်ရင်တော့…ဖုန်း (510)795 0405 ကို ဆက်သွယ်နိုင်ကြောင်း သတင်းရရှိပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

alinsett

About alinsett

alinsett has written 615 post in this Website..

. . .