ပုံတော်မှဂုဏ်တော်သို ့ Essence

လွန်ခဲ့တဲ့နှစ် အနည်းငယ် လောက်တုန်းက ကျွန်တော်ဖေါ်ဝဒ်အီးမေးလ် ကတဆင့် တကယ့်ဘုရားပုံတော် လို့ဆိုတဲ့ ဓာတ်ပုံတပုံ ရဖူးပါတယ်။ တော်တော်သပ်ပယ်ပါတယ်၊ အဲဒီ့အီးမေးလ်ကိုလက်ခံ သိမ်းမထားလိုက်လို့ ဘယ်သူက ဘယ်လိုအဓိဌာန်ပြီး ဘယ်ကနေရသလဲ တိတိကျကျ မမှတ်မိတော့ပါ။ ဘုန်ကြီးတပါး ဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင်ကို အဓိဌာန်ပြုပြီး ရိုက်လို့ပေါ်လာတဲ့ ပုံတော်လား။ မြတ်စွာဘုရား နတ်ပြည်မှာ အဘိဓမ္မာတရား ဟောခဲ့တာကို် အဓိဌာန်ပြုပြီး ရိုက်လို့ပေါ်လာတဲ့ ပုံတော်ဆိုလား တခုခုပါပဲ။ လူတော်များများလည်း ရကြဖူးမယ် ထင်ပါတယ်။
မိတ်ဆွေတို့တော့ မသိဘူး၊ ကျွန်တော်တော့အဲဒီတုန်းက တော်တော်ကြက်သီးမွှေးညှင်း ထသွားတယ်။ ပုံတော်က အခုခေတ် အိ်မ်တော်တော်များများမှာရှိတဲ့ ဆင်းတုတော်တွေ၊ ပန်းချီကားလက်ရာတွေထက် ပိုပြီးအသက်ဝင်တယ်၊ ပကတိ လူသားမျက်နှာနဲ့ ပိုပြီးနီးစပ်တာကိုး။ ကြည့်ရင်းကြည့်ရင်းနဲ့ တဖြည်းဖြည်း ကြောက်စိတ်ဝင်လာတယ်၊ စိုးရိမ်စိတ်လို့ပြောလဲ ရမယ်ထင်တယ်။ ဟုတ်မှဟုတ်ရဲ့လားပေါ့၊ အကယ်၍ဘုရား မဟုတ်ဘဲ တန်ခိုးရှင်တဦးဦးက လှည့်စားထားတာမျိုးဆို ဘယ်နယ်လုပ်မလဲပေါ့။ ကိုယ့်မှာသိနိုင်တဲ့ သမာဓိနဲ့ပညာ မရှိဘူးလေ။ ရှေ့မှာတုန်းကလည်း ဦးကျော်ဟိန်းမျက်နှာ နဲ့ဆင်တဲ့ ဘုရားဆင်းတုတော်၊ ဗိုလ်ကျချူပ်မှူးကြီး မျက်နှာကြီးနဲ့ဆင်အောင် ထုထားတဲ့ ဘုရားဆင်းတုတော်တို့ကို မြင်ခဲ့ဖူးတာကိုး။
အဲဒီအချိန်ကစပြီး ဘုရားရှိခိုးရင် ဆင်းတုတော်နဲ့ စေတီအဆင်းသဏ္ဍန်ထက် ဘေးကင်းအန္တရယ်ကင်း သေချာတဲ့ ဂုဏ်တော်ပဲ အာရုံပြုတော့တယ်။ အဲဒီအသိဟာ တမင်တကာလုပ်ယူခဲ့တာ မဟုတ်ခဲ့တဲ့အတွက် ကျွန်တော်အတွက် မမျှော်လင့်ပဲ တကဲ့ကိုအရေးပါတဲ့ တိုးတက်မှုတခုပါပဲ။ တကယ့်တရားသဘော ပေါက်သွားတဲ့ အရိယာကြီးတွေကတော့ ပုထုဇဉ်တွေလို မဟုတ်ဘဲ ပညတ်ဂုဏ်တော်ဘုရားထက် ပရမတ်သစ္စာဘုရားကိုပဲ မနောဒွါရကနေ အာရုံပြုကြကြောင်းပါခင်ဗျာ။

4 comments

  • kai

    August 17, 2010 at 10:04 pm

    တကယ်လို့ အဲဒီပုံဟာ အဖြူအမဲ၊ ညောင်ပင်အောက်ထိုင်နေတဲ့ ခပ်ချောချော ဗမာမျက်နှာနဲ့ ပုံကိုပြောတာဆိုရင်….
    ကျူပ်က ၉၉.၉၉ ရာခိုင်နှုန်းပြောရဲတယ်…။ အဲဒီပုံက လံကြုံတ်လုပ်ကြံလို့…။
    ဘယ်တန်ခိုးရှင်ကမှ လုပ်တာမဟုတ်ပါဘူး။ အဲဒီခေတ်လောက်က Photoshop မပေါ်သေးတော့ ဒီလိုပဲ ဓါတ်ပုံပညာနဲ့ နည်းနည်း တပ်ချ်လုပ်ထားတာနေမှာပါ။

    အဲဒီလိုပဲ..လူတွေဟာ…ကိုယ့်ကို လူတွေထိုင်ကန်တော့ပြီးသားဖြစ်အောင် လုပ်ကြံတတ်ကြတယ်။
    ဒါက လောကီပညာတမျိုးပဲ..။ တချို ့အောက်လမ်းဆရာတွေဆို…သူတန်ခိုးကြီးအောင်..ဘုရားပုံတော်လို့သူ့ဖာသူသတ်မှတ်တဲ့ ပုံကို ခြေဖဝါးမှာ ဆေးမှင်ကြောင်(တက်တူး)ထိုးတယ်..။ အင်း၊အိုင်ခလှဲ့လက်ဖွဲ ့တွေမှာ ဗုဒ်ဓရာဇာ (ဗုဒ်ဓရုပ်)က စွမ်းအားအကြီးဆုံးပဲ..။
    လူတွေရဲ့ တိမ်းညွှတ်ကိုးကွယ်လိုတဲ့ စိတ်တွေကို လောကီသမားတချို ့က အသုံးချဖို့ ဒီလိုဟာတွေ ထီထွင်ခဲ့ကြတယ်လို့ အခြေခံကျကျတွေးမိပါတယ်။

    ဂျပန်က ကမာကုရဆိုတဲ့ ဆင်းတုကြီးတောင် ကမာကုရအမတ်က စတည်တော့ သူ့ပုံကိုထုခိုင်းခဲ့တာတဲ့..။
    နောက်မှ…ဗုဒ်ဓဆင်းတုတော်ပါဆိုပြီးဖြစ်လာတာ….။

    ဆိုတော့..။
    ပြန်ချုပ်ပြောရရင်… ရုပ်ထုကိုးကွယ်တာဟာ ဂေါတမဗုဒ်ဓဘုရား ပရိနိဗာန်ပြုပြီး နှစ်ရာချီကြာမှ ဖြစ်လာတာပါ။
    ဂေါတမဗုဒ်ဓဘုရားသက်တော်ထင်ရှားရှိစဉ်က..ကိုယ်တော်တိုင်ကြီးကို..လာလာပူဇော်ပသနေတဲ့သူကိုတောင် ..မောင်းထုတ်တာပဲ..။
    ငါဘုရား၏ အဆုံးအမ အကျင့်မြတ်တွေကို ကျင့်ကြံ လိုက်နာသူသည် ငါဘုရားကို အမြတ်ဆုံး ပူဇော်သူမည်၏။ တရားမြင်သူသည် ငါဘုရားကို မြင်၏။ တရားမမြင်သူသည် ငါဘုရားကို မမြင်သေး-ဟု ဟောတော်မူခဲ့ပါတယ်။
    နောက်တခုရှိသေးတယ်..။
    (ဧတ္တာဝတာ စ ခေါ အာနန္ဒ တထာဂတံ သက္ကရောန္တိ ဂရုံ ကရောန္တိ မာနေတိ ပူဇေတိ အပစယတိ၊ ယော ဘိက္ခု ဝါ ဘိက္ခုနီဝါ ဥပါသကောဝါ ဥပါသိကာဝါ ဓမ္မာနုဓမ္မာ ပဋိပန္နော ဝိဟရနေ သော ဝါ မံ ပရမာယ ပူဇေတိ။)
    အဓိပ္ပါယ်က “ချစ်သားအာနန္ဒာ….ငါဘုရားကို ယခုလို ပန်းနံ့သာစတာတွေနဲ့ လာရောက်ပူဇော်ကြတာဟာ အမှန်တော့ ငါဘုရားကို ပူဇော်ရာ မရောက်သေးပါဘူး။ ပူဇော်တယ်လို့ မခေါ်သေးဘူး။ လောကမှာ ရဟန်း/ရဟန်းမိန်းမ ဥပါသကာယောကျင်္ား၊ ဥပါသကာ မိန်းမများဟာ လောကုတ္တရာအားလျော်တဲ့ ကျင့်ဝတ်ပဋိပတ် တို့ကို ကျင့်နေကြတယ်။ ဒီလို မဂ်ဖိုလ်အားလျော်တဲ့ အကျင့်တို့ကို ကျင့်နေတဲ့ ပုဂ္ဂိုလ်သာလျှင် ငါဘုရားကို အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်တယ် လို့ခေါ်ပါတယ်” လို့တစ်နေရာမှာမိန့်တော်မူထားပါတယ်။

  • maungmoenyo

    August 18, 2010 at 1:32 am

    God ကိုဘုရားလို့ဘာသာပြန်ရင်ဂေါတမဗုဒ္ဓဟာဘုရားမဟုတ်ဘူးလို့ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ Buddhism ရဲ့အနှစ်သာရကအကျင့်အကြံသာဖြစ်ပြီး၊ ဖန်ဆင်းခြင်းကိုအခြေမခံတဲ့ဝါဒဖြစ်လို့ပါဘဲ။ God is the Creator လို့ဆိုပါတယ်။ ကျွန်တော်တို့အားလုံးကနှုတ်ကျိုးနေကြလို့သာဗုဒ္ဓကို “အရှင်ဘုရား”လို့ဆိုကြပေမဲ့Buddhism ဟာ anti-Goddism ပါဘဲ။ ဂေါတမအပါအဝင်ပွင့်တော်မူကြကုန်သောဗုဒ္ဓအဆူဆူတို့ဟာဖန်ဆင်းရှင်များမဟုတ်သလိုတန်ခိုးရှင်များလို့မိမိကိုယ်ကိုသတ်မှတ်ခြင်း မပြုခဲ့ကြပါ။ ဗုဒ္ဓအဖြစ်ကိုရယူဘို့ လူသားဘဝကိုရယူကြရပါတယ်။ သာမာန်လူပုဂ္ဂိုလ်တို့မရနိုင်တဲ့ ‘သဗ္ဗညု’ ညဏ်တော်ကိုပိုင်ဆိုင်သူမို့”မဟာလူသား” လို့အနောက်တိုင်းနဲ့အရှေ့တိုင်းခေတ်အဆက်ဆက်ကပညာရှင်တွေကတညီတညွတ်တည်းသတ်မှတ်သမုတ်ကြပါတယ်။ ဒို့ဘုရားကိုပူဇော်တာဟာ တကယ်တော့ သူရဲ့အကြွင်းမဲ့မြင့်မြတ်လှတဲ့ဉာဏ်တော်ကိုပူဇော်တာဘဲဖြစ်သင့်ပါတယ်။ နိဗ္ဗာန်တမဂ်တဖိုလ်ကိုမျက်မှောက်ပြုခြင်းငှာကျင့်ကြံတဲ့တရား ကိုသာလိုက်စားခြင်း၊ ပူဇော်ချင်းသာဗုဒ္ဓလမ်းစဉ်ဖြစ်ကြောင်းပါခင်ဗျား။

  • winne

    August 18, 2010 at 5:08 am

    ထိုပုံတော်မျိုး မြင်ဘူးပါတယ်။ ဘာပုံကိုဘဲ ကိုးကွယ်ပါစေ နှလုံးသားထဲက ဘုရား( စေတီ) ကတော့ ပုံတော်တွေထက် အစွမ်းထက်ပါတယ်။ အိမ်တွေမှာ ကိုးကွယ်နေကြတာ သေချာ စဉ်းစားကြည့်ရင် ပုံစံမျိုးစုံ ပုပု ရှည်ရှည် ဓါတ်ဆီး နတ်ဆီး ဘုတွေ ပါတဲ့ ဘုရားတွေလည်း ရှိတယ် အင်းချပြီး ရေးထားတဲ့ ဘုရားကို ဘုရားပုံလို့မှန်းရယုံ ဘုရားမျိုးတွေလည်း ရှိတယ် စေတီ ပုထိုးတွေ ဆုတောင်းပြည့်လို့ သွားတဲ့ လူတွေကို သနားမိတယ် ကိုယ်ပိုင် နှလုံးသားထဲက ဘုရားကို မေ့ထားပြီး ဟိုဘုရားသွား ဆုတောင်း အဓိဠာန်ပြုရတာနဲ့ စိတ်ပျက်စရာကြီးပါ။ အားလုံး အမှန်မြင်နိုင်ကြပါစေ။

  • Thint Aye Yeik

    February 8, 2017 at 3:37 pm

    ဘုရား ပုံတော်တွေထဲမှာ အဖြူ အမည်း နှစ်ကာလာတည်းနဲ့ လူသားတစ်ယောက်အသွင်အပြင် အတော်တူတဲ့ ပုံတော်ကို
    ပို အာရုံပြုချင်တယ်။ ရွှေရောင် ငွေရောင်တွေ ပြောင်ပြောင်လက်လက် ဖြစ်နေတဲ့ ရုပ်တုတွေ ပုံတွေကို မြင်ပြီး ကန်တော့တာထက် ပို အာရုံပြုလို့ ကောင်းတယ်။

    ကျနော်လည်း ပရိတ်ရွတ်တာတို့ ဂုဏ်တော်ကို ရွတ်ဆို ပူဇော်တာတို့ လုပ်အုံးမှပါ။
    ဦးကြောင်ရဲ့ ပိုစ့်ဟောင်းတွေကို ပြန်ဖတ်မိတာ ဒါလေးလည်း သတိရသွားလို့ …ကျေးဇူးပါ ဦးကြောင်။
    နို့မှုန့်ဆို …. ဘုရား မေ့တရားမေ့ မေ့နေတာ ။

Leave a Reply