နိုဝင်ဘာ….အလွမ်း

အလွမ်းကိုပုံဖော်ကြည့်တော့

အနမ်းတွေကတစ်ပွေ့တစ်ပိုက်နဲ့။

ဆောင်းကမအေးသေးဘူး ချစ်သူ

အပြောင်းအလဲတွေထဲမှာတော့

ကိုနွေးထွေးချင်နေပြီ။

 

အသိဆိုတဲ့စိတ်တွေထဲမှာ

သတိရခြင်းတွေက ကပ်ကပ်ပါလာတယ်။

အဝေးမှာ

အဝေးမှာ

အဝေးမှာဆိုတဲ့စကားလုံးကို

ကိုသတ်ပုံတွေမှားမှားပေါင်းတယ်(သိရက်နဲ့)

နှလုံးသားချင်းနီးနေတာပဲ

ဟင့်အင်း

အမြဲတမ်းနီးစပ်ချင်ပြီဆို

အဲ့ဒါ ကိုယ့်အတ္တဖြူပါ….ချစ်သူ။

 

နောက်ကျတဲ့ဆောင်းရယ်

နောက်ဆုံးအချစ်ဆိုတဲ့ ကို့အချစ်ရယ်

ဘဝဟာ တစ်ခါတစ်လေတိုက်ဆိုင်မှုတွေများခဲ့တယ်။

 

ဟုတ်တယ်

၁၄ခုနှစ် နိုဝင်ဘာက ဖောက်ပြန်တယ်

မင်းအပေါ်မဖောက်ပြန်ဘူးလို့

ရဲရဲကတိပေးတယ်။

အလွမ်းက အလွမ်းပါပဲ

နိုဝင်ဘာမှာ လွမ်းတဲ့အလွမ်း။

နွေးထွေးမှုတွေ ပေးမယ့်အလွမ်း

စောင့်ဆိုင်းခြင်းနဲ့အတူ လွမ်းတဲ့အလွမ်း

ကို့ရဲ့……………….

နိုဝင်ဘာ……အလွမ်း။

…………………………………

ရင်နှင့်ရင်း၍

အောင်မိုးသူ

၂၀၁၄ခုနှစ် ၁၂ရက် နိုဝင်ဘာ

13 comments

  • ကေဇီ

    November 12, 2014 at 9:30 am

    ကျုပ်အတွက်တော့ နိုဝင်ဘာကလည်း အမှတ်တရ များတယ်။
    😥

    (ဟုတ်တယ်

    ၁၄ခုနှစ် နိုဝင်ဘာက ဖောက်ပြန်တယ်

    မင်းအပေါ်မဖောက်ပြန်ဘူးလို့

    ရဲရဲကတိပေးတယ်)

    အဲဒီ ပေးနိုင်တဲ့ ကတိ ကို လေးစားပါတယ်။
    ဟိ။
    တည် နိုင်ရင် ပိုလေးစားပါ့မယ်။

    :k:

    • အောင် မိုးသူ

      November 12, 2014 at 9:35 am

      စာလုံးတစ်လုံး စကားတစ်ခွန်းကို ကျတော် အလေးအနက်သိပ်ထားတယ်။ ကျတော့်စကားတွေကိုလည်း သူအလေးအနက်ထားမယ်ဆိုတဲ့ စိတ်နဲ့ ရေးဖြစ်တဲ့ကဗျာ။

  • kyeemite

    November 12, 2014 at 10:17 am

    .၁၄ခုနှစ် နိုဝင်ဘာက မချမ်းသေးဘူး
    .ဒါဟာဖေါက်ပြန်တာအစစ်ပေါ့
    .ဒီအတွက်ကိုယ်ဘယ်သူ့ကိုအပြစ်တင်ရမလဲ
    .စဉ်းစား..စဉ်းစား…သေချာပေါက်အဖြေရှိတယ် :p:

    • အောင် မိုးသူ

      November 12, 2014 at 10:24 am

      ဘယ်သူ့မှ အပြစ်မတင်ချင်တော့ဘူး။ တစ်ခုခုကြောင့် တစ်စုံတစ်ယောက်ကိုအပြစ်မတင်ချင်တော့ပါဘူး။ တတ်နိုင်သလောက် အပင်တွေစိုက်နေတယ်။ း((((

  • kai

    November 12, 2014 at 10:49 am

    နိုဝင်ဘာပြီး ဒီဇင်ဘာ
    လွမ်းနေလည်း ဆက်၍သွားမည်သာ
    တနှစ်လည်ရင်တော့
    နိုဝင်ဘာပြန်လာမည်ပေါ့…။ ။

    • အောင် မိုးသူ

      November 12, 2014 at 11:07 am

      ကမ္ဘာက သူ့အချိန်တိုင်းသူ လည်ပတ်ဦးမှာပါ
      ဆောင်းတွေမိုးတွေ မလိုချင်လည်း ရောက်လာနေကျ း))))

  • Mr. MarGa

    November 12, 2014 at 11:13 am

    နိုဝင်ဘာ ဟာ
    သစ္စာ မဲ့နေပေမယ့်
    ကိုယ်ကတော့
    ကိုယ်ကတော့
    🙂

  • Yae Myae Tha Ninn

    November 12, 2014 at 2:13 pm

    မှတ်မိတဲ့ နိုဝင်ဘာကတော့ ပထမဆုံး ကိုယ်ပိုင်လုပ်ငန်းလေး စလုပ်ခဲ့တာပဲ.. ကော်ဖီဆိုင် သေးသေးလေး စ ဖွင့်ခဲ့တယ်… လွမ်းလားဆို ပြန်တော့ လွမ်းတယ်… အဲတုန်းက အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ရင် အခုဆို ဆိုင်လေးတော်တော် ကြီးနေလောက်ပြီ… 😀

    • အောင် မိုးသူ

      November 13, 2014 at 9:12 am

      ဒီလိုပဲပေါ့ နိုဝင်ဘာမှ မဟုတ်ပါဘူး။ လတိုင်းလိုလိုမှာ အမှတ်ရစရာတွေရှိပါတယ်

  • manawphyulay

    November 13, 2014 at 10:02 am

    ဒါပေမယ့် ဆောင်းအဝင် မိုးရွာရွာနေတာတော့ အတော် ခက်တယ်နော်…

  • အလင်းဆက်

    November 13, 2014 at 10:51 am

    အလွမ်းအကြောင်း…စာမရေးချင်ဘူး..
    ဖတ်တော့ဖတ်ချင်နေတယ်..
    အော်… ကျုပ်လည်းလေ..အလွမ်ဓါတ်ခံနဲ့ပါတကား…

    ————

    ဂဇက် ကဗျာတွေကို တစ်ခုခု ကြံစည်မလို့…တွေးထားချိန်နဲ့.. ကြုံလို့…
    ဒီကဗျာလေးကို… သိမ်းထားလိုက်ပါကြောင်း…
    မကြာမှ… နာမည်နဲ့ တကွ…
    လာမည်….

    :k:

Leave a Reply