မင်္ဂလာပါ။ အပတ်စဉ် တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ရဲ့ သတင်းအစီအစဉ်ကနေ… ယခုတစ်ပါတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့…

  • နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်မှာ စတင်ကျင်းပနေတဲ့ ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးဆိုင်ရာ သတင်းအချက်အလက်များ
  • ဦးအောင်သောင်းကို အမေရိကရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုလုပ်လိုက်တာဟာ NLD နဲ့ သက်ဆိုင်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုလိုက်တဲ့သတင်း ၊
  • ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ ၁၇ ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲမှာ ကိုပါကြီးရဲ့မိသားစု အပါအဝင် နိုင်ငံရေး လှုပ်ရှားသူတွေကို ထောက်ပံ့ငွေ ပေးအပ်တဲ့သတင်း
  • မြန်မာတွေဟာ ပြဿနာများသူတွေဖြစ်ကြတယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောဆိုလိုက်တဲ့ သတင်း၊
  • လက်ရှိ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားရယ်လို့ မရှိဘူးဆိုတဲ့ အစိုးရဘက်က ပြောဆိုမှုတွေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့က ကန့်ကွက် ဝေဖန်လိုက်ကြတဲ့သတင်းနဲ့…

 

  • ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒုက္ခသည်စခန်းများမှာ ရှိနေတဲ့ မွတ်စလင်ဒုက္ခသည်တွေကို မြန်မာနိုင်ငံကနေ အမြန်ပြန်လည်လက်ခံပေးဖို့ ဘင်္ဂလားဒေ့ရှ်သမ္မတ က တောင်းဆိုတာကို မြန်မာသမ္မတ ဦးသိန်းစိန်က ပယ်ချလိုက်တဲ့ သတင်း ၊

 

  • အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီဟာ အရှေ့အာရှ ထိပ်သီးညီလာခံတွေကို တက်ရောက်င်္ပြးတာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်ဆိုတဲ့ သတင်း၊

 

  • မွန်ပြည်နယ် ၊ မော်လမြိုင်မြို့အတွင်းကို RSO ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ ဝင် ဖောက်ခွဲရေးသမား ၄ ယောက် ရောက်ရှိနေတဲ့သတင်းနဲ့ နောက်ဆက်တွဲ အချက်အလက်များ ၊

 

  • PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးဖို့ ကြိုးပမ်းလာတာဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ဆန္ဒမဲတွေ ပြန့်သွားအောင်လုပ်ခြင်း ဖြစ်ပြီး NLD အနေနဲ့ အပြတ်အသတ် အနိုင် မရအောင် လုပ်နေတာလားလို့ မေးခွန်းထုတ်လိုက်တဲ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပြုလုပ်တဲ့ လူထုဟောပြောပွဲအတွင်း ပြောဆိုမှုများ ၊
  • ပြည်တွင်းအခြေစိုက် မြန်မာသံတော်ဆင့်ဂျာနယ်ရဲ့ ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ်အပါအဝင် ဂျာနယ်ဖြန့်ချိရေးသမားအထိ ၁၁ ဦးကို ပြန်ကြားရေးဝန်ကြီးဌာနက                                             တရားစွဲဆို အမှုဖွင့်လိုက်တဲ့ သတင်း ၊
  • သမ္မတ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံကို သွားရောက်တဲ့အခါမှာ                            ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု ဖေါ်ဆောင်ရေးမှာ အချိန်ဆွဲနေတာရပ်ဆိုင်းဖို့                 ဦးသိန်းစိန်အစိုးရကို ဖိအားပေးစေလိုကြောင်း အမေရိကန် အောက်လွှတ်တော်အမတ် ၄၀ ကျော်က  စာရေးသားတိုက်တွန်းလိုက်ကြတဲ့သတင်းများ ၊
  • ဧရာဝတီတိုင်းအတွင်းရှိ စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်တဲ့ လယ်သမား တစ်သောင်းငါးထောင်ခန့်ကို မြေနဲ့အခွန်တော် ဥပဒေအရ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က တရားစွဲဆိုလိုက်တဲ့ သတင်းနဲ့ …
  • လက်နက်လုပြီး ထွက်ပြေးခဲ့တဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရတာပါလို့ တပ်မတော်က ထုတ်ပြန်ခဲ့တဲ့ ကိုပါကြီးရဲ့ ရုပ်အလောင်းကို ပြန်လည် တူးဖော်တဲ့သတင်းနဲ့ စစ်ဆေးတွေ့ရှိချက်များအရ ပိုမိုရှုပ်ထွေးလာတဲ့ သတင်းအချက်အလက်များ
  • ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ နှစ်စဉ်ကျင်းပနေတဲ့ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို ယခုနှစ်မှာတော့… ရာသီဥတုဆိုးဝါးနေတဲ့အတွက် ရပ်ဆိုင်းလိုက်ရတဲ့ သတင်းနဲ့
  • မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရပ်ဆိုင်းနေပြီဖြစ်ပြီး                                           အမေရိကနဲ့ အခြားအနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အကောင်းမြင်ဝါဒ သိပ်လွန်ကဲနေတယ် လို့ ပြောဆိုလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်… ရဲ့ ပြောဆိုချက်များ အပါအဝင်… အခြား စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် ပြန်ပြောပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန www.azmtv.com မှာလည်း

ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

azm

ပုံကို ကလစ်ရင် ရုပ်သံနားဆင်လို့ရမယ့် နေရာကို နောက်တစ်မျက်နှာပွင့်ပြီးရောက်ပါမယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၁၂ ။

နိုဝင်ဘာ ၁၂ ရက်က စတင်ကျင်းပနေတဲ့ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာအတွင်းက ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ                  မြန်မာ သမ္မတ ဦးသိန်းစိန်က လာမယ့် ၂၀၁၅ ခုနှစ်အလွန် ကာလမှာ အာဆီယံနိုင်ငံတွေအနေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုလိုက်ပါတယ်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သဘာဝဘေး အန္တရာယ်တွေ၊ အီဘိုလာရောဂါလို ကူးစက်ရောဂါ အန္တရာယ်တွေနဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒ စတဲ့စိန်ခေါ်မှုတွေကို တွန်းလှန်နိုင်တဲ့ စွမ်းအားတွေ စဉ်ဆက်မပြတ်ထူထောင်ထားဖို့ လိုအပ်ကြောင်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေအနေနဲ့ G 20 နိုင်ငံတွေအပြင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ ပါဝင်တဲ့ BRICS အဖွဲ့ဝင်နိုင်ငံများ ၊ တခြားဒေသက စီးပွားရေးမိတ်ဖက်တွေနဲ့ ဆက်သွယ်မှုတွေကို ဒီထက်ပိုပြီး တိုးမြှင့်သင့်ကြောင်းလည်း  သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်ရှိကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကို အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက ခေါင်းဆောင်များ ၊ အမေရိကန်သမ္မတ အိုဘားမား အပါအဝင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ဂျပန်ဝန်ကြီးချုပ်၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ သြစတြေးလျဝန်ကြီးချုပ်၊ နယူးဇီလန်ဝန်ကြီးချုပ်၊ တောင်ကိုရီးယားသမ္မတနဲ့ ADB Bank ဥက္ကဌ စတဲ့ခေါင်းဆောင်တွေ တက်ရောက်နေကြကြောင်း သတင်းရရှိပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၁၂ ။

နိုဝင်ဘာလ ၁၂ ရက်နေ့က ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ ၁၇ ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲကို ရန်ကုန် မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲမှာ အလွတ် သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်နဲ့ မွန်းတည့်နေဂျာနယ်က သတင်းသမား ၅ ဦး၊ မိကျောင်းကန်သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်း နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ၂ဝ ကျော်တို့အတွက် စုစုပေါင်းငွေကျပ် ၅၇ သိန်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် သေနတ်ဒဏ်ရာ ငါးချက်နဲ့ သေဆုံးခဲ့ရသူ… ကိုပါကြီးအတွက် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းအနေနဲ့ ငွေကျပ် ၃ သိန်း ထောက် ပံ့ပေးခဲ့ရာ ထောက်ပံ့ငွေကို ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာက လက်ခံရယူခဲ့ပါတယ်။

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းဟာ နိုင်ငံရေးအကျဉ်းသားများ ၊                              ထောင်ကျခံနေရတဲ့ သတင်းသမားများနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ၂ လ တစ်ကြိမ် အလှည့်ကျထောက်ပံ့ငွေ ပေးအပ်နေတယ်လို့ သတင်းရရှိပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၁၁ ။

မြန်မာတွေဟာ ပြဿနာများသူတွေဖြစ်ကြတယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောဆိုထားတဲ့ သတင်းတစ်ရပ်ကို မလေးရှား Bernama သတင်းကဖေါ်ပြထားကြောင်း သိရပါတယ်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား တစ်သိန်းလေးသောင်းနီးပါးကို                          ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ                                                                    မဟာမင်းကြီးရုံး UNHCR ရဲ့ အစီအစဉ် နဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတဲ့ သက်သေခံ ကဒ်ပြားတွေ ထုတ်ပေးမယ်လို့ ပြောဆိုရင်း ထည့်သွင်းပြောကြားခဲ့တာပါ။

UNHCR မှာ အမည်မှတ်ပုံတင်ထားသူတွေကိုသာ ဒုက္ခသည်ကဒ်ပြားထုတ်ပေးမှာဖြစ်ပြီး၊ မှတ်ပုံမတင်ထား သူတွေကို ဥပဒေမဲ့ဝင်ရောက်သူတွေအဖြစ် သတ်မှတ်မှာဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ စာရင်းဇယားများအရ မလေးရှားမှာ UNHCR မှတ်ပုံတင်မရှိသူ နှစ်သောင်းဝန်းကျင်ရှိပြီး၊ တချို့ကမှတ်ပုံတင်အတုတွေ ကိုင်ဆောင်ထားတယ်ဆိုတာ သိရကြောင်း ပြောဆိုလိုက်ပါတယ်။

ဒါ့ပြင် မလေးရှားနိုင်ငံရောက် ဒုက္ခသည်တွေထဲမှာ UNHCR ကဒ်ပြား ကိုင်ဆောင်ထားသူ                        မြန်မာတွေ ဟာ ပြဿနာများသူတွေဖြစ်ကြပြီး၊ လူသတ်မှုကဲ့သို့သော ရာဇဝတ်မှုတွေ ကျူးလွန်မှု အများဆုံးဖြစ်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးက သတင်းထောက်တွေကိုပြောဆိုလိုက်တယ်လို့ သတင်းရရှိပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၁၁ ။

နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး လက်ရှိ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားရယ်လို့ မရှိဘူးဆိုတဲ့ သဘော ဆောင်တဲ့ အစိုးရဘက်က ပြောဆိုမှုတွေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့က ကန့်ကွက် ဝေဖန်လိုက်ပါတယ်။

လက်ရှိ နိုင်ငံရေးအကျဉ်းသားလို့ ပြောဆိုသတ်မှတ်နေကြသူတွေထံက နိုင်ငံရေးပြစ်ဒဏ်ကိုပဲ ပယ်ဖျက်ပေးနိုင်မှာ ဖြစ်ပြီး အခြားပြစ်မှုကျူးလွန်ခဲ့သူတွေဖြစ်တဲ့အတွက် လက်ကျန်ပြစ်ဒဏ်ကိုတော့ ကျခံရမှာဖြစ်ကြောင်း အစိုးရပိုင်သတင်းစာကနေ သဘောထား ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ သဘောထားကြေညာချက်ဟာ အစိုးရက ဖော်ဆောင်နေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုရှေ့ရှုတဲ့၊ အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်မဟုတ်ဘူးလို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများစိစစ်ရေး ကော်မတီအဖွဲ့ဝင်လည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ဝေဖန်ထားပါတယ်။

အထိန်းသိမ်းခံရနေဆဲ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူတွေက ထပ်မံတောင်းဆိုလိုက်ကြကြောင်း သတင်းရရှိပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

 

နိုဝင်ဘာ ၁၀ ။

ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒုက္ခသည်စခန်းများမှာ ရှိနေတဲ့ မွတ်စလင်ဒုက္ခသည်တွေကို                       မြန်မာနိုင်ငံကနေ အမြန်ပြန်လည်လက်ခံပေးဖို့ ဘင်္ဂလားဒေ့ရှ်သမ္မတ က တောင်းဆိုလိုက်ပေမယ့် မြန်မာသမ္မတ ဦးသိန်းစိန်က ပယ်ချ လိုက်ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့က တရုတ်နိုင်ငံ ဘီကျင်းမြို့မှာ ကျင်းပခဲ့တဲ့ အာရှ ပစိဖိတ်ဒေသနိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးညီလာခံ APEC အစည်းအဝေး မတိုင်ခင် တရုတ်အစိုးရရဲ့ နိုင်ငံတော် ဧည့်ရိပ်သာမှာ ဘင်္ဂလားဒေ့ရှ်သမ္မတ အဗ္ဗဒူလ်ဟာမစ်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံရာမှာ အခုလို ငြင်းဆိုခဲ့တာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
သမ္မတ ၂ ဦး တွေ့ဆုံဆွေးနွေးစဉ်မှာ ဘင်္ဂလားဒေ့ရ်အစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ထွက်ခွာလာသူတွေကို မြန်မာဖက်က အမြန်ပြန်လက်ခံဖို့ တောင်းဆို ဆွေးနွေးလိုက်ပေမယ့် မြန်မာနိုင်ငံအနေနဲ့ အရင်ကတည်းက နှစ်ဘက်သဘောတူထားခဲ့တဲ့ စိစစ်ရေး မူ ၄ ချက်နဲ့ စိစစ်ပြီးမှသာ လက်ခံမှာဖြစ်ကြောင်း ၊

စနစ်တကျစိစစ်အတည်ပြုပြီးသူတွေကိုသာ ၄င်းတို့ဆန္ဒအတိုင်း ပြန်လာတာမျိုးဖြစ်ဖို့လိုကြောင်း၊ စိစစ်မှုများကို စနစ်တကျမလုပ်ဘဲ အမြန်ပြန်လက်ခံဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊ မြန်မာသမ္မတက ပြတ်သားစွာ ပြန်လည်ပြော ကြားခဲ့တယ်လို့် ဦးရဲထွဋ်က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေအဖြစ် မှတ်ပုံတင်စာရင်းရှိထားသူနဲ့ စာရင်းမရှိသူ စုစုပေါင်း ၂ သိန်းကျော်ရှိပြီး နယ်စပ် Cox’s Bazaar မြို့အနီးက ဒုက္ခသည်စခန်းတစ်ခုမှာတင်                 ဒုက္ခသည် ၃ သောင်းကျော်ရှိကြောင်း သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၁၀ ။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ နာယက တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်                ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုလုပ်လိုက်တာဟာ NLD နဲ့ သက်ဆိုင်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဦးအောင်သောင်းကို အမေရိကအနေနဲ့ စီးပွါးရေးပိတ်ဆို့အရေးယူလိုက်တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး NLD ပါတီနဲ့ US အစိုးရတို့ ညှိနှိုင်းပြီး လုပ်ဆောင်လိုက်တယ် ဆိုတဲ့ ဝေဖန်ပြောဆိုမှု သတင်းတွေထွက်ပေါ်ခဲ့တဲ့အတွက် NLD ပါတီ အဖွဲ့ချုပ် ဥက္ကဌ ၊ နိုဘယ်ဆုရှင်                         ဒေါ်အောင်ဆန်း စုကြည်က ပြန်လည် တုံ့ပြန် ရှင်းလင်းလိုက်ခြင်း ဖြစ်ပါတယ်။

အဆိုပါ ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို တုံ့ပြန်လိုက်ပါတယ်။

“ကျမတို့က ဒီကိစ္စကို သူတို့ လုပ်ပြီးမှသိတာ၊ ကျမတို့နဲ့ တိုင်ပင်ပြီးတော့လုပ်တာ မဟုတ်ဘူး၊ နောက်ပြီးဒီလိုဟာမျိုးတွေဟာ ရှေ့မှာဆက်ပြီးတော့ အမျိုးသားရင်ကြားစေ့ရေးအတွက် သွားဖို့ လုပ်နေတဲ့အချိန်မှာ နောက်ကြောင်းပြန်တာတွေကို ကျမတို့ကသိပ်ပြီးစိတ်မပါဘူး၊ ဘယ်သူ့ကိုမှအကျိုးမပြုဘူး၊ ဒီကိစ္စက NLD နဲ့ လုံးဝမဆိုင်ဘူး၊ ကျမတို့က သိလည်း မသိဘူး၊ သူတို့ထုတ်ပြန်ပြီးမှပဲ ကျမတို့သိတာ၊ ကျမအစကတည်းက ပြောပြီးပြီလေ၊ ကလဲ့စားချေဖို့ စိတ်ထဲမှာမရှိခဲ့ဘူး၊ ကလဲ့စားချေဖို့က အဓိကမဟုတ်ဘူး၊ ရင်ကြားစေ့ဖို့က အဓိက”

ဦးအောင်သောင်းဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အားနည်းသွားအောင် အကြမ်းဖက် ဖိနှိပ်မှုတွေနဲ့ အဂတိ လိုက်စားမှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသူလို့ သံသယရှိတဲ့အပြင်၊                              ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ရပ်တွေနဲ့ နှောင့်ယှက်ဖျက်ဆီးနေသူဖြစ်ကြောင်း ၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေကို နှိမ်နှင်းရာမှာလည်း ပါဝင် ပတ်သက်ခဲ့သူ ဖြစ်ကြောင်း၊                                                        ဒါ့အပြင် ၂၀၀၃ ခုနှစ် ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းတိုက်ခိုက်ခံရတဲ့ ဒီပဲရင်းအရေးအခင်းအပါအဝင် မကြာခင်နှစ်ပိုင်းတွေက ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခတွေရဲ့နောက်ကွယ်ကနေ ကြိုးကိုင်နေသူဖြစ်ကြောင်း သတ်မှတ်ပြောဆိုခံထားရပြီးနောက်မှာ…အမေရိက အစိုးရရဲ့ Black List ထဲမှာ ထည့်သွင်း အရေးယူခံလိုက်ရခြင်းဖြစ်ပါတယ်။

အရေးယူပိတ်ဆို့မှု အစီအစဉ်အရ အမေရိက ပြည်ထောင်စုမှာရှိတဲ့ ဦးအောင်သောင်း ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ထိန်းချုပ်ထားပြီး အမေရိကန်တွေဟာ သူနဲ့အကျိုးတူ စီးပွားရေး လုပ်ခွင့်မရှိတော့ပါဘူး။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၁၀ ။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီဟာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံက အာဆီယံထိပ်သီး ညီလာခံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံတွေကို တက်ရောက်င်္ပြးတာနဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိကြောင်း အိန္ဒိယနိုင် ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ်မိုဒီအနေနဲ့ ဒီညိလာခံတွေဟာ အိန္ဒိယဝန်ကြီးချုပ်ဖြစ်အပြီး ပထမဆုံး တက်ရောက်ခြင်း ဖြစ်ပြီး နေပြည်တော်မှာ ၂ နိုင်ငံသံတမန်ရေးရာ ကိစ္စတွေကိုဆွေးနွေးဖို့ သမ္မတ ဦးသိန်းစိန် နဲ့ လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ခေါင်းဆောင် ၂ ဦး အပြင် တခြား တွေ့ဆုံမယ့်အစီအစဉ် အသေးစိတ်ကိုတော့ စီစဉ်နေဆဲဖြစ်တဲ့အတွက် အသေးစိတ် ထုတ်ဖော်ပြောလို့ မရသေးပေမယ့် ဝန်ကြီးချုပ်အနေနဲ့ တတ်နိုင်သမျှ ခေါင်းဆောင်အများအပြားနဲ့ တွေ့ဆုံလိုကြောင်း ပြောကြားခဲ့ပါတယ်။

နေပြည်တော်အရှေ့အာရှ ထိပ်သီး ညီလာခံကို တရုတ်ဝန်ကြီးချုပ် လီကကျင်းလည်း တက်ရောက်မှာဖြစ်ပေမဲ့ တရုတ်ဝန်ကြီးချုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ မရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ဖော်ပြောကြားထားပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၉ ။

မြန်မာနိုင်ငံ နေပြည်တော်မှာ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း တက်ရောက်မှာ ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်မှုအရ သိရှိရပါတယ်။

မစ္စတာဘန်ကီမွန်းဟာ သမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကိုလည်း သီးခြားစီ တွေ့ဆုံဖို့ရှိကြောင်း သိရပါတယ်။

၂၀၁၅ ရွေးကောက် ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင် ထားတဲ့ကိစ္စနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင် အရေးကိစ္စတွေကိုလည်း ဆွေးနွေးအဖြေရှာမယ်လို့ သတင်းရရှိပါတယ်။

မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ၊ ဥပဒေသစ် ပြဌာန်းမှုတွေနဲ့အတူ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်နေပေမဲ့ ရခိုင်ပြည်နယ်တွင်းမှာတော့ တင်းမာမှုတွေဟာ အခုထိ မလျော့ပါးသေးတဲ့အတွက် အထူးစိုးရိမ်မိကြောင်း မကြာသေးခင်ကမှ ဝေဖန်ပြောဆိုထားသူဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၈ ။

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့အတွင်းကို RSO ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ ဝင် ဖောက်ခွဲရေးသမား ၄ ယောက် ရောက်ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

မော်လမြိုင်ခရိုင် ရဲစခန်းရဲ့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးကတော့ အဆိုပါသတင်းဟာ မှန်ကန်တယ်လို့ အတည်ပြုထားကြောင်း သတင်းရရှိပါတယ်။

ရဲတပ်ဖွဲ့ဟာ အဲဒီ ဖောက်ခွဲရေးသမား ၄ ဦးရဲ့ ဓါတ်ပုံအပါ စာရွက်တွေကို နေရာအတော်များများမှာ လိုက်လံကပ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားလိုက်ကြောင်း သိရပါတယ်။

“ပိုက်စိတ်တိုက်ပဲ ကျနော်တို့လုပ်နေပါတယ်၊ ခရိုင်က ခရိုင်စီမံချက်ချပြီးလုပ်တယ်၊ မြို့နယ်ကလည်း မြို့နယ် စီမံချက်ချပြီးလုပ်ပါတယ်၊ ဧည့်စာရင်းတွေစစ်တာတို့ ၊ မြို့ဝင်မြို့ထွက်တွေမှာလည်း စစ်ဆေးရေးဂိတ်တွေ မှာ အဝင်အထွက် ကားတွေ စစ်ဆေးတာတို့ အကုန်လုံးလုပ်နေပါတယ်” လို့ အဆိုပါ အမည်မဖော်တဲ့ ရဲက ပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ RSO ရိုဟင်ဂျာ အကြမ်းဖက်ဖောက်ခွဲရေးအဖွဲ့က ပြည်တွင်းလှုပ်ရှားရေး ဆောင်ရွက်သူတွေဟာ အဖွဲ့ခေါင်းဆောင် သန်းဝင်း၊ မြန်မာပြည်တာဝန်ခံ အိုစမာ ခေါ် ဒါဝတ်၊ အစ္စလာမ်မစ် စစ်သွေးကြွသင်တန်းဆင်း အာဇက် ခေါ် အမင်းနဲ့ အဖွဲ့ဝင် အီစမိုင် ခေါ် ဇော်ဝင်းတို့ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ RSO ရိုဟင်ဂျာအကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ ထိုင်းမြန်မာနယ်စပ်ကနေ မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ထဲကို ရောက်ရှိလာတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၈ ။

PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးဖို့ ကြိုးပမ်းလာတာဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ဆန္ဒမဲတွေ ပြန့်သွားအောင်လုပ်ခြင်း ဖြစ်ပြီး NLD အနေနဲ့ အပြတ်အသတ်                        အနိုင် မရအောင် လုပ်နေတာလားဆိုပြီး စဉ်းစားစရာဖြစ်လာကြောင်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ် လွိုင်ကော်မြို့မှာ နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်တဲ့ လူထုဟောပြောပွဲမှာ ပြောလိုက်ပါတယ်။

“ဒီ PR စနစ်ကို လက်ခံလိုက်ခြင်းအားဖြင့် ပြည်သူတွေ ရဲ့ဆန္ဒမဲတွေ ပြန့်သွားပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲတွေ အပြတ်အသတ်မနိုင်အောင်လို့ လုပ်နေ သလားလို့ ကျမတို့က စဉ်းစား စရာတွေ ဖြစ်လာတယ်” လို့ ပြောခဲ့တာပါ။

လက်ရှိအခြေအနေအရ PR စနစ်ဟာ မြန်မာနိုင်ငံနဲ့ မသင့်တော်သေးကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုအချိန်မှ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာကို ပြောနေခြင်း မဟုတ်ပဲ ဖက်ဒရယ်လို့ ပြောရင် ဖမ်းဆီးတဲ့ စစ်အစိုးရလက်ထက် ကတည်းက တစိုက်မတ်မတ် ပြောခဲ့တာဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက်က ကယား ပြည်နယ်လွိုင်ကော်မြို့မှာ ပြု လုပ်တဲ့ လူထုတွေ့ဆုံပွဲအခမ်းအနားမှာ ဟောပြောပွဲတက်ရောက်သူများထဲက တချို့ဟာ ”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လုပ်ဆောင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လူထုက ပါဝင်ကူညီရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လို ဘယ်နည်းလမ်းတွေနဲ့ ကူညီရမလဲ” လို့ မေးမြန်းခဲ့ကြပါတယ်။

အဆိုပါ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က …

‘‘အခြေခံဥပဒေကို လွှတ်တော်တွင်းက ပြင်ချင်တယ်ဆိုတာက တကယ်တော့ လူနည်းစုက လူများစုကြီးကို စိန်ခေါ်သလိုဖြစ် နေကြောင်း ၊ ကျွန်မတို့ လုပ်စရာရှိတာကို အေးအေးချမ်း ချမ်းနဲ့ ပြည်သူလည်း မနာအောင် ကျွန်မတို့ တိုင်းပြည်ကိုလည်း သိက္ခာမကျအောင်လုပ်သွားမှာ ဖြစ်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာမှာ လွှတ်တော်တွင်း လုပ်ဆောင်မှုအပြင် နောက်တစ်ဆင့် အဖြစ် လူထုပါဝင်လုပ်ဆောင်ရန် နည်းလမ်းတွေကိုလည်း လူထုထံချပြ မှာ ဖြစ်ပါတယ် ”လို့ ဒေါ်အောင်ဆန်း စုကြည်က ဖြေကြားခဲ့ပါတယ်။

ပြည်သူလူထုအနေနဲ့ကတော့ ပထမဆုံးလုပ်ရမယ့် အလုပ်ဟာ လွှတ်တော်တွင်းမှ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆွေး နွေးပွဲများကို စိတ်ဝင်စားဖို့နဲ့ ၊                                             ဘယ်သူတွေက ဘာပြောနေတယ်..ဘယ်သူတွေက တကယ်ပဲပြည်သူ့ဆန္ဒကို လေးစားတယ်ဆို တာတွေကိုလေ့လာကြစေလိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်သူလူထု ငါးသန်းကျော် လက်မှတ်ထိုးထားတဲ့ ဆန္ဒသဘောထားတွေကို လွှတ်တော်တွင်း တင်ပြပြီးဖြစ်တဲ့အတွက် ရလာဒ်ကို ပြည်သူတွေ မျက်ခြေမပြတ်စောင့်ကြည့်ပါ၊ ပြည်သူ့ဆန္ဒ အကျိုးမဲ့ဖြစ်မှာမဟုတ်ပါဘူးလို့လည်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ကယား ပြည်နယ်ကို သွားရောက်တဲ့ ခရီးစဉ်မှာ လမ်းတလျှောက်ကျေးရွာများရှိ ဒေသခံတိုင်းရင်းသားများက တခဲနက်ကြိုဆိုခဲ့ကြပြီး ဒီခရီးစဉ်အတွင်းမှာ… ဒေါ်အောင်ဆန်းစုကြည်က… အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ဗမာလူမျိုးကိုသာ ကိုယ်စားပြုတဲ့ပါတီ မဟုတ်ဘဲ တိုင်းရင်းသားအားလုံးအတွက် စစ်မှန်သောဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဆောင်ရွက်နေတဲ့ ပြည်ထောင်စုပါတီဖြစ်ကြောင်းကို ထပ်တလဲလဲ ပြောကြားခဲ့တာ သတိပြုမိကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုဝင်ဘာ ၈ ရက် ၊ လွိုင်ကော်လူထုတွေ့ဆုံပွဲကို ဒေသခံအင်အား တစ်သောင်းနီးပါးလောက် တက်ရောက်ကြကြောင်း သတင်းရရှိပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၇ ။

ပြည်တွင်းအခြေစိုက် မြန်မာသံတော်ဆင့်ဂျာနယ်ရဲ့ ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ်အပါအဝင် ဂျာနယ်ဖြန့်ချိရေးသမားအထိ ၁၁ ဦးကို ပြန်ကြားရေးဝန်ကြီးဌာနက                                              ပုဒ်မ ၂၅(ခ) ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ရေးသားမှုနဲ့ နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ အမှုဖွင့်လိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်းမီဒီယာပုဒ်မ ၂၅(ခ)နဲ့ နိုဝင်ဘာလ ၁၄ရက်နေ့မှာ တရားရင်ဆိုင်ဖို့ တရားရုံးက ဆင့်ခေါ်ထားကြောင်း မြန်မာသံတော်ဆင့်ဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာ ဦးအောင်ထွန်းလင်းက ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

မြန်မာသံတော်ဆင့် ဂျာနယ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ထုတ်ဝေခဲ့တဲ့ အပတ်စဉ်ဂျာနယ်မှာ ဒုတိယအယ်ဒီတာချုပ် အံ့ခေါင်မင်းက ဗေဒါနိုင်ငံရေးသိပ္ပံကျောင်းအုပ် ဦးမျိုးရန်နောင်သိမ်းနဲ့ တွေ့ဆုံမေးမြန်းချက်ကို ဖော်ပြထားခဲ့တဲ့အထဲ… နိုင်ငံတော်သမ္မတကို မသုံးနှုန်းသင့်တဲ့ အသုံးနှုန်းတွေနဲ့ ပြောဆိုဖော်ပြထားတယ်လို့ စွပ်စွဲပြီး နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက တရားစွဲဆိုလိုက်တာ ဖြစ်ကြောင်း သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၇ ။

အမေရိက သမ္မတ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံကို သွားရောက်တဲ့အခါမှာ                            ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု ဖေါ်ဆောင်ရေးမှာ အချိန်ဆွဲနေတာရပ်ဆိုင်းဖို့                  ဦးသိန်းစိန်အစိုးရကို ဖိအားပေးစေလိုကြောင်း အမေရိကန် အောက်လွှတ်တော်အမတ် ၄၀ ကျော်က  စာရေးသားတိုက်တွန်းလိုက်ကြပါတယ်။

အတိုက်အခံ Republican ပါတီ အမတ်တွေဖြစ်ကြတဲ့ Joe Crowley, Steve Cabot,                Trent Franks နဲ့ Jim McGovern တို့ ဦးဆောင်တဲ့ နိုင်ငံရေးပါတီကြီးနှစ်ခုက အောက်လွှတ်တော်အမတ် ၄၀ ကျော် က  ပေးစာတစ်စောင်ပေးပို့လိုက်ကြခြင်း ဖြစ်ပါတယ်။

အဆိုပါ ပေးစာမှာ အမေရိက -မြန်မာ ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်လာစေဖို့   လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရပ်စဲပေးဖို့နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးဖို့ အိုဘားမားအနေနဲ့ တိုက်တွန်းပေးပါလို့ ထည့်သွင်းဖေါ်ပြထားကြောင်း သိရပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ အမှန်တကယ် လိုလားထောက်ခံတဲ့ပုဂ္ဂိုလ်ကို                                လွတ်လပ်စွာ ရွေးချယ်တင်မြှောက်နိုင် ခွင့်ရှိအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးရမှာဖြစ်ကြောင်း၊                                                                                                   ကချင် ၊ ရှမ်းစတဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ တိုက်ခိုက်နေတာတွေ၊                                    ရခိုင်ပြည်နယ်မှာ အကြမ်းဖက် ဖိနှိပ်မှုတွေမဖြစ်အောင် စီမံဖို့နဲ့                                                                 နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ ကတိပြုထားပြီး ကတိစကား ချိုးဖေါက်နေတာတွေ ရပ်စဲဖို့လိုကြောင်းတွေလည်း အဲဒီ့အမေရိက အောက်လွှတ်တော်အမတ်တွေရဲ့                                      ပေးစာမှာ  ထည့်သွင်းဖေါ်ပြထားကြောင်း သတင်းရရှိပါတယ် ။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၇ ။

ဧရာဝတီတိုင်းအတွင်းရှိ စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်တဲ့ လယ်သမား တစ်သောင်းငါးထောင်ခန့်ကို မြေနဲ့အခွန်တော် ဥပဒေအရ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က တရားစွဲဆိုလိုက်ပါတယ်။

ပုသိမ်၊ ဟသာင်္တ၊ မြောင်းမြ၊ မအူပင်နဲ့ ဖျာပုံခရိုင်တွေမှာ ချေးငွေအကြွေး ပေးစရာရှိတဲ့                လယ်သမား တစ်သောင်း ငါးထောင်လောက်ကို နောက်ဆုံးထားပေး ရမယ့်နေ့ရက်ကို သတ်မှတ်ပြီး အကြောင်းကြားစာထုတ်ပြန်ထားပေမယ့် လယ်သမားတွေက ပြန်မပေးခဲ့တာကြောင့်                          အခုလို တရားစွဲဖို့စီစဉ်တာဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးခင်မောင်လွင်က ပြောလိုက်ပါတယ်။

အခုလက်ရှိအနေနဲ့ မအူပင်မြို့နယ်က စိုက်ပျိုးစရိတ်ချေးငွေမပေးနိုင်တဲ့ လယ်သမား ၁ဝဝ ကျော်ကို လိမ်လည်မှု ပုဒ်မ ၄၂ဝ နဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့၂ဝ၁၂ နဲ့ ၂ဝ၁၃ ခုနှစ်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကနေ ချေးငွေသန်းပေါင်း                      ၉ ထောင်နီးပါးကို ထုတ်ချေးပေးရာမှာ လယ်သမား တစ်သောင်းငါးထောင်လောက်က စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်တဲ့အတွက် တရားစွဲဆိုမှု ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၆ ။

လက်နက်လုပြီး ထွက်ပြေးခဲ့တဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရတာပါလို့ တပ်မတော်က ထုတ်ပြန်ခဲ့တဲ့ ကိုပါကြီးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာလ ၅ ရက်နေ့က ပြန်လည်တူးဖော်ခဲ့ပါတယ်။

အာဏာပိုင်များဟာ ကိုပါကြီးရဲ့ ရုပ်အလောင်းတူးဖော်ခြင်းလုပ်ငန်းကို ကြိုတင်ပြင်ဆင်မှုတွေ ရှိခဲ့ပြီး လုံခြုံရေးတင်းကျပ်စွာချထားခြင်း၊ မိသားစုဝင်များ၊ သတင်း မီဒီယာများအတွက် သီးသန့်နေရာများပေးခြင်းစတဲ့… ပြင်ဆင်မှုများပြုလုပ်ထားခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အလောင်းကို ပြန်လည် တူးဖော်ပြီးနောက်မှာ ဒဏ်ရာများကို တွေ့ရှိချက်အရ ကိုပါကြီးဟာ မသေဆုံးမီမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့ သံသယ ရှိစရာဖြစ်လာကြောင်း ပြောဆိုမှုတွေ ရှိနေပါတယ်။

စစ်တပ်ရဲ့ ပစ်ခတ် သတ်ဖြတ်ခံခဲ့ရသူ အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ဟာ သေနတ်ဒဏ်ရာ ၅ ချက် နဲ့ သေဆုံးခဲ့တာဖြစ်ကြောင်း မှုခင်းဆရာဝန်တွေက အတည်ပြုလိုက်ပါတယ်။

ကိုပါကြီးရဲ့ ရုပ်အလောင်းကို ပြန်လည် တူးဖော်ရာမှာ စစ်ဆေးတွေ့ရှိချက်များအရ                                 ဦးခေါင်းပိုင်းပွင့်နေခြင်း၊ မေးရိုးပြားနေခြင်း၊ ညာဘက်နံကြားပိန်ချိုင့်နေခြင်း၊ ဗိုက် တင်းကားနေခြင်း၊ ခြေထောက်မှာ အညိုအမည်း ဒဏ်ရာများတွေ့ရှိခြင်းစတဲ့… ဒဏ်ရာတွေဟာ                                             သံသယဖြစ်စရာမြင်ကွင်းများ ဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ကိုပါကြီးရဲ့ဇနီးကိုကူညီနေတဲ့ ဒေါ်နော်အုန်းလှ ကပြောကြားခဲ့ပါတယ်။

အဆိုပါ ဒဏ်ရာတွေဟာ မသေဆုံးမီ ထိခိုက်ခဲ့တဲ့ ဒဏ်ရာတွေလား၊ သေဆုံးပြီးမှ ထိခိုက်တဲ့ ဒဏ်ရာတွေလား၊ တူးဖော်စဉ်ဖြစ်ပွားခဲ့တဲ့ ဒဏ်ရာတွေလား ဆိုတဲ့အချက်ကိုတော့ အခုချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး ။

‘‘စိတ်မကောင်းတာတစ်ခုက အစိုးရက ကောင်းမွန်စွာ သင်္ဂြိုဟ်လိုက်ပါတယ်လို့ ပြောပေမယ့် အလောင်းကိုပြန်တူးတော့ ကိုပါကြီးဟာ ဖျာစုတ်တစ်ချပ်တောင် ပါသွားတာ မတွေ့ရဘူး’’လို့               ဒေါ်နော်အုန်းလှက ပြောပါတယ်။

ဆက်လက်ပြီး ကိုပါကြီးရုပ်အလောင်းကို DNA ခေါ် မျိုးရိုးဗီဇစစ်ဆေးဖို့အတွက်                               အစိုးရက တာဝန်ယူသွားမှာဖြစ်သလို ကိုပါကြီးရဲ့အမှုကို တရားရုံးမှာ စစ်ဆေးချိန်မှာလည်း ကိုပါကြီးရုပ်အလောင်းကို စစ်ဆေးပေးခဲ့တဲ့ မှုခင်းဆရာဝန်ကြီးတွေက ထွက်ဆိုချက်ပေးမှာဖြစ်တယ်လို့ ဇနီးဖြစ်သူ မသန္တာက ထုတ်ဖော်ပြောဆိုပါတယ်။

လက်ရှိအချိန်မှာ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ အကူအညီနဲ့ ကိုပါကြီးရဲ့ရုပ်အလောင်းကို ရန်ကုန်မြို့ထိ သယ်ယူပြီး ဂူသွင်းသဂြိုလ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။

ကိုပါကြီးရဲ့ ရုပ်အလောင်းကို သယ်ယူလာစဉ်မှာ မြို့နယ်အုပ်ချုပ်ရေးတွေဆီက အကူအညီမရရှိခဲ့တဲ့အပြင် အမည်နဲ့ကျောင်းတိုက် ထုတ်ဖော်မပြောတဲ့ သံဃာ ၈ ပါးကလည်း အလောင်းကို မရွှေ့ပြောင်းဖို့ လာရောက်တားဆီးခဲ့တယ်လို့လည်း မသန္တာက ပြောပါတယ်။

ဒါ့အပြင်… မော်လမြိုင်ကနေ ရန်ကုန် ရေဝေးသုသာန်ကို အလောင်း သယ်အလာမှာလည်း လမ်းခရီးမှာ နှောက်ယှက်ဟန့်တားသလို အဖြစ်အပျက်တွေ ကြုံခဲ့ရကြောင်း သတင်းရရှိပါတယ်။

ကိုပါကြီး သေဆုံးခဲ့ရတဲ့အမှုနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က                              ခြေမြန် တပ်ရင်း၂၁ဝ၊ ၂ဝ၄၊၂ဝ၈နဲ့ ခြေလျင်တပ်ရင်း ၈၁ က အရာရှိ ၃ဝ ကျော်ကို မြန်မာနိုင်ငံ လူ့အခွင့် အရေးကော်မရှင်က စစ်ဆေးမေးမြန်းမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

စစ်ဆေးပြီးသွားတဲ့အခါမှာ ကိုပါကြီး ရုပ်အလောင်းရဲ့ ဓါတ်ခွဲခန်းအဖြေနဲ့ ပေါင်းစပ်သုံးသပ်ထားချက်တွေကို နိုင်ငံတော် သမ္မတဆီ ပေးပို့တင်ပြသွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၆ ။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ နှစ်စဉ်ကျင်းပနေတဲ့ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို ယခုနှစ်မှာတော့… ရာသီဥတုဆိုးဝါးနေတာကြောင့် နိုဝင်ဘာ ၆ ရက်နေ့မှာ ရပ်ဆိုင်းလိုက်ပါတယ်။

မိုးဆက်တိုက်ရွာပြီး မြူတွေဆိုင်းနေတဲ့အတွက် မီးပုံးပျံလွှတ်တင်ခြင်း အစီအစဉ်နဲ့                       မြို့အတွင်း လှည့်လည်ပြသမယ့် မီးပဒေသာကပွဲတွေကိုပါ ရပ်ဆိုင်းလိုက်ရတာဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဒီလို ပွဲတော်ရပ်နားရခြင်းဟာ တောင်ကြီးမြို့ မီးပုံးပျံပြိုင်ပွဲတလျှောက်မှာ ရာသီဥတုအခြေအနေကြောင့် ပထမဦးဆုံးအကြိမ် ပွဲတော်ကိုရပ်နားခဲ့ရခြင်း ဖြစ်ပြီး သုံးရက်ဆက်တိုက် မိုးရွာသွန်းနေတာနေတဲ့အတွက် နိုဝင်ဘာလ ၃ ရက်နေ့ကစတင်ပြီး ပြိုင်ပွဲဝင်တချို့ရဲ့ မီးပုံးတွေကို လွှတ်တင်ခြင်း မပြုနိုင်ခဲ့တာ ဖြစ်ပါတယ် ။

ပွဲတော်အတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေညကလည်း မီးပုံးပျံတချို့ မီးလောင်ပျက်ကျခဲ့မှုကြောင့် လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ အဲဒီထဲကလူ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုဝင်ဘာ ၅ ။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရပ်ဆိုင်းနေပြီဖြစ်ပြီး                                           အမေရိကနဲ့ အခြားအနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အကောင်းမြင်ဝါဒ သိပ်လွန်ကဲနေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့မှာ နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က                                                အမေရိကဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်ထွက်လာစေချင်တာကို                   တကယ်ပဲ အလေးအနက် ယုံကြည်ပါကြောင်း၊ ဒါပေမဲ့ အခြေအနေ တစ်ရပ်လုံးကို အသေအချာလေ့လာကြည့်ရင်တော့ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက စတင်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ရပ်ဆိုင်းနေခဲ့တာကို မြင်တွေ့ရမှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပြုပြင်ပြောင်းလဲမှုတွေရှိတယ်ကြောင်း တဖွဖွ ပြောနေကြတဲ့သူတွေကို ပြီးခဲ့တဲ့ ၂၄ လအတွင်းမှာ ထူးခြားထင်ရှားတဲ့ အပြောင်းအလဲအနေနဲ့ ဘာများရှိခဲ့သလဲဆိုတာ မေးခွန်းထုတ်လိုက်ချင်ပါတယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားကြောင်း သတင်းရရှိပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အမေရိကနိုင်ငံ ၊ အင်ဒီယာနာပြည်နယ်၊ ဖို့တ်ဝိန်းမြို့ရှိ သုခကံသာ ဘုန်းကြီးကျောင်းကို ပိုမို ကျယ်ဝန်းတဲ့ နေရာသစ်ကိာ ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိရာမှာ လျှင်မြန်စွာ ရွှေ့ပြောင်းနိုင်ရေးအတွက် ထောက်ပံ့လှူဒါန်းမှုများ လိုအပ်နေကြောင်း သိရပါတယ်။

မြန်မာပြည်မှ ပြောင်းရွှေ့လာသူများ စုဝေးနေထိုင်တဲ့ ဖို့တ်ဝိန်းမြို့မှာ သုခကံသာကျောင်း နေရာသစ်ကို အောက်တိုဘာလအတွင်းက ဝယ်ယူထားခဲ့ပါတယ်။                                           ၃ ဧက ကျယ်ပြီး၊ အိပ်ခန်း ၅ ခန်းပါဝင်တဲ့ ရှေးပုံစံ အဆောက်အအုံဟာ ဘုန်းကြီးကျောင်းတခုအတွက် သင့်လျော်ကျယ်ဝန်းတာကြောင့် ဝယ်ယူခဲ့ပေမဲ့… အိမ်ဝယ်ချေးငွေပြဿနာကြောင့် ဘဏ်မှ သိမ်းထားသော အဆောက်အအုံ ဖြစ်သဖြင့် ပြန်လည်ပြင်ဆင်ရန် အကူအညီများ လိုအပ်နေကြောင်း သိရပါတယ်။

ဖို့တ်ဝိန်းမြို့ရှိ ဗိသုကာပညာရှင် ဒကာဒကာများရဲ့ ပညာဒါနအလှူ၊                                   မြို့သူမြို့သားများရဲ့ လုပ်အားအလှူတို့နဲ့ မွမ်းမံပြင်ဆင်လိုက်ရင် ဒေါ်လာ ၄၀,၀၀၀ ခန့် ကုန်ကျမယ်လို့ ဆိုပါတယ်။

လက်ရှိနေရာဟာ ကျဉ်းမြောင်းနေတာကြောင့်၊ တရားဓမ္မ ကိစ္စများ၊ ကလေးသူငယ်များရဲ့ ယဉ်ကျေးလိမ္မာ သင်တန်း၊ ဘာသာရေးအခမ်းအနားများ စသည်တို့ ကျင်းပပြုလုပ်ရာမှာ ခက်ခဲ ကျပ်တည်းမှုများ ရှိနေခဲ့တဲ့အပြင် ဘာသာရေး ပွဲတော်များ ကျင်းပရာမှာလည်း ဘေးပတ်ဝန်းကျင်ရဲ့ တိုင်တန်းမှုများကြောင့် မကြာခဏ ဖြေရှင်းနေရတယ်လို့ သတင်းရရှိပါတယ်။

စေတနာရှင်များအနေနဲ့ ကျောင်းတိုက်ရဲ့ အခက်အခဲကို ပါဝင်ကူညီပြီး လှူဒါန်းပေးမယ်ဆိုရင်တော့… ယခုလောလောဆယ် သုခကံသာကျောင်းတိုက်ဟောင်း လိပ်စာ

Thukha Kantha Monastery
4601 Euclid Ave Fort Wayne, IN 46806
Tel: 260-557-2679
email: visakhana@gmail.com မှာ ဆက်သွယ်လှူန်ဒါန်းနိုင်ပါတယ်။

သုခကံသာကျောင်း နေရာသစ်ရဲ့ လိပ်စာကတော့ …

NEW Thukha Kantha Monastery
4120 Bostick Road
Fort Wayne, IN 46816
Tel. 260-557-2679 / 614-592-0886
Email:visakhana@gmail.com ဖြစ်ကြောင်း သတင်းပေးအပ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အမေရိကနိုင်ငံ ၊ ဂျော်ဂျီယာပြည်နယ် ၊ အတ္တလန္တာမြို့ ၊ ရတနာ ဗိမာန်ရိပ်သာ ကျောင်း တည်ရှိရာ Myanmar Buddhist Association , 4415 Union Church Rd , McDonough , GA 30252 မှာ ကထိန်သင်္ကန်း ကပ်လှူ ပူဇော်ပွဲကို နိုဝင်ဘာ ၁၆ ရက် မနက် ၁၀ နာရီမှာ စတင် ကျင်းပမှာ ဖြစ်ပါတယ်။

ဓမ္မမိတ်ဆွေများအနေနဲ့ ကြွရောက် ကြည်ညို ကုသိုလ်ယူနိုင်ကြဖို့အတွက် တိုက်ကွန်းနှိုးဆော် သတင်းကောင်း ပါးလိုက်ပါတယ်။

ကထိန်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုရင်တော့.. ဖုံး – (770) 676-7169 ကို ဆက်သွယ် စုံစမ်းနိုင်ပါကြောင်း… သတင်းရရှိပါတယ်။

 

alinsett

About alinsett

alinsett has written 615 post in this Website..

. . .