အမျိုးသားတို့ စတိုင်ကျနဖို့

khinmintatthuAugust 17, 20101min643

ကိုယ့်ကိုယ်ကို စတိုင်ကျနတဲ့ ယောက်ျားလေးတစ်ယောက် ဖြစ်ချင်ပါတယ်ဆိုရင် ဘယ်လို အချက်လေးတွေကို လိုက်နာ သင့်တယ်၊ ဂရုတစိုက်ရှိသင့်တယ် ဆိုတာလေးတွေကို သိသလောက်၊ ဖတ်မှတ်ထားသလောက်၊ လက်လှမ်းမီသလောက် ရှာဖွေ ဖော်ပြပေးလိုက်ပါတယ်..

၁။ အဝတ်အစား ဝတ်ဆင်ရာမှာ စတိုင်ကျပါတယ် ဆိုတဲ့သူ တော်တော်များများဟာ ကြိုတင်ပြင်ဆင် တတ်တဲ့ အကျင့်ကောင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်.. အရေးတကြီး ချိန်းဆိုမှု၊ ညစာစားပွဲ၊ အစည်းအဝေး၊ အင်တာဗျူး၊ ဧည့်ခံပွဲ စသည်တို့အတွက် အဝတ်အစားများကို သွားမဲ့ရက် မတိုင်မီ ကတည်းက ကြိုတင် ရွေးချယ်ထားသင့်ပါတယ်.. သွားခါနီး ကပ်ပြီးမှ ပြင်ဆင်ရွေးချယ်တဲ့ အခါ အကျင်္ီ၊ ဘောင်းဘီ ကြယ်သီး၊ ဇစ် ပြုတ်နေတာတို့၊ မီးပူတိုက်ဖို့ အချိန်မရလိုက်တာတို့ စသဖြင့် အခက်အခဲများကို ရှောင်လွှဲပြီးသား ဖြစ်နိုင်ပါတယ်..

၂။ မိမိနဲ့ လိုက်ဖက်မှုရှိမဲ့ အဝတ်အစားကို ရွေးချယ်တတ်ပါစေ.. စူးရဲတောက်ပလွန်းသော အရောင်များ၊ ကြောင်ကြောင်ကြားကြားဒီဇိုင်းများ၊ တို့လို့တန်းလန်း အဝတ်အစားများသည် သင်၏ စတိုင်ကျနမှုကို ဖျက်ဆီးစေသော အဆိုးဝါးဆုံး အချက်များပင်ဖြစ်ပါတယ်.. အဝတ်နဲ့ လိုက်ဖက်သော ဖိနပ်၊ ရှူး၊ လည်စည်း၊ ခါးပတ် စသည်များကို ဆောင်ထားပါ။ သင့်တော်သည့် နေရာ၊ ပွဲလမ်းများတွင် ဝတ်ဆင်နိုင်ရန် ဖြစ်ပါတယ်.. ဖိနပ်များကို သပ်ရပ် သန့်ရှင်းနေရန် ဂရုစိုက်ပါ… ရှူးဖိနပ်ကို ပေါလစ် တိုက်ရန် မမေ့ပါနဲ့…

၃။ သင့်တော်တဲ့ ဘော်ဒီစပရေး၊ ရေမွှေး၊ Roll On ကို ရွေးချယ်သုံးစွဲပါ။ ယောက်ျားလေးမို့ အမွှေးနံ့သာ မသုံးစွဲရဘူး ဆိုတဲ့ အယူအဆဟာ နှစ်တစ်ထောင် အကွာအဝေးမှာ ကျန်ခဲ့ပါပြီ.. ခေတ်မှီသူတိုင်း၊ မိမိကိုယ်ကို စတိုင်ကျချင်သူတိုင်း ကိုယ်နဲ့ လိုက်ဖက်မဲ့ မွှေးရနံ့ တစ်ခုခုကို သုံးစွဲတတ်ကြပါတယ်.. မွှေးရနံ့ တစ်ခုုကို သုံးစွဲခြင်းဟာ လူတွေကြားထဲမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေပါတယ်.. ယောက်ျားလေးများနဲ့ လိုက်ဖက်တဲ့ ရေမွှေးရနံ့မှာ အများအားဖြင့် သစ်သားရနံ့၊ သစ်သီးနံ့၊ ပရုပ်နံ့၊ အရှေ့တိုင်း အမွှေးအကြိုင်များ စသည်တို့နဲ့ ဖော်စပ်ထားတဲ့ မွှေးရနံ့များနဲ့ ပိုမို သင့်တော်ပါတယ်.. တရားလွန် မွှေးကြိုင်နေသော အမွှေးရနံ့ မျိုးကိုတော့ ရှောင်ကျဉ် သင့်ပါတယ်.. စတိုင်ကျခြင်းထက် ကျော်လွန်ပြီး လူတကာ နှာခေါင်းရှုံ့ စရာ ဖြစ်နိုင်လို့ပါ….

၄။ မိမိသွားလာမဲ့ ပွဲလမ်းသဘင်နဲ့ သင့်တော်လျှောက်ပတ်သော ၊ မိမိအသက်အရွယ်နှင့် လိုက်ဖက်သော အဝတ် အစားကို ရွေးချယ်တတ်ပါစေ.. ဂုဏ်သရေရှိ ဧည့်သည်အများအပြား ဖိတ်ကြားထားသောဧည့်ခံပွဲများ၊ မင်္ဂလာဆောင်အခမ်းအနားမျိုး တက်ရောက်ရန်အတွက် ရပ်ပ်ပါစတိုင်၊ ပန့်စတိုင် စသည်ဖြင့် ဝတ်စားဆင်ယင် သွားမည်ဆိုလျှင် စတိုင်ကျသူ တစ်ယောက်ထက် လူရယ်ဖို့သာ ဖြစ်နိုင်သဖြင့် လိုက်ဖက်သော ဝတ်စား ဆင်ယင်မှုကို ဂရုတစိုက် ရွေးချယ်ပါ..

၅။ ယောက်ျားတစ်ယောက်ကို စတိုင်ကျနစေဖို့ အကြောင်းအချက်တွေထဲမှာ လိုက်ဖက်တဲ့ ဆံပင်ပုံစံ ရွေးချယ်မှုဟာလည်း အရေးပါပါတယ်.. ဆံပင်ပုံစံကြောင့် ရုပ်ရည်ပါ ပြောင်းလဲ သွားနိုင်ပါတယ်.. ဒါကြောင့် ကြုံရာ ဆိုင်မှာ ဆံပင်ကို ညှပ်ခြင်းထက် မိမိ ညှပ်နေကျ၊ မိမိနဲ့လိုက်ဖက်မဲ့ ဆံပင်ပုံစံကို မှန်ကန်စွာ ရွေးချယ်ပေးမဲ့ ဆိုင်မျိုးမှာသာ ဆံပင်ကို ပုံမှန် ညှပ်သင့်ပါတယ်..

၆။ ကျန်းမာရေး လေ့လာလိုက်စားပါ.. မိမိ အားလပ်ချိန်တွင် ကျန်းမာရေး လေ့ကျင့်ခန်းတစ်ခုခုကို မဖြစ်မနေ ပြုလုပ်သင့်ပါတယ်.. များများ အချိန်မပေးနိုင်လျှင်တောင်မှ ရေချိုးခါနီး နာရီဝက်လောက် အချိန်ယူ၍ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းစေရန် လေ့ကျင့်ခန်းပြုလုပ်သည့် အကျင့်ကို မွေးမြူပါ…

၇။ သန့်ရှင်းသပ်ရပ်စွာ နေထိုင်ပါ.. သန့်ရှင်းသပ်ရပ်မှုသည်လည်း အမျိုးသားများကို စတိုင်ကျန စေသော အချက်တစ်ချက် ဖြစ်ပါတယ်.. မိမိခြေသည်း၊ လက်သည်းများ ခြေးညှော် ကင်းရှင်းစေရန် အစဉ်သတိပြုပါ.. မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများ ရိတ်ပြီးတိုင်း after shave ကို သုံးစွဲပါ.. ညအိပ်ရာဝင်တိုင်း မျက်နှာသစ်ပြီး သင့်တော်သော Moisturizer ကို လိမ်းပြီးမှ အိပ်ရာဝင်ပါ…

၈။ ဆွဲကြိုး၊ လက်စွပ်၊ ဟန်းချိန်း အစရှိသော ရှိသမျှ အဆင်တန်ဆာများ ထုတ်၍ ဆင်မြန်း ထားခြင်းသည် စတိုင်ရှိခြင်းထက် အများအမြင်တွင် ယောက်ျားမဆန်ဘဲ အကြွားပိုခြင်းဟုသာ အထင်ရောက်စေနိုင်ပါတယ်… နာရီကောင်း တစ်လုံးသည် ယောက်ျားတစ်ယောက်အတွက် မရှိမဖြစ်သော အဆင်တန်ဆာ တစ်ခု ဖြစ်ပါတယ်.. အချိန်တန်ဖိုးထားတတ်သူ၊ တိကျသူ စသည့် အင်္ဂါရပ်များကို ပေါ်လွင်စေနိုင်ပါတယ်..

၉။ ကိုယ်နှင့် အဆမတန် သေးငယ်သော၊ သို့မဟုတ် ကြီးလွန်းသော အဝတ်အစားများကို ရှောင်ပါ.. ခေတ်အလွန်ဆန်လွန်းသော အဝတ်အစားများကိုလည်း ရှောင်သင့်ပါတယ်.. ခေတ်ဆန်လွန်းသော အဝတ်အစားများသည် အလျှင်အမြန် ခေတ်ကုန်သွားနိုင်ပါတယ်..

၁၀။ စကားပြော ရည်မွန်ခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်း၊ ဗဟုသုတပြည့်စုံခြင်း၊ လူအများနှင့် သဟဇာတဖြစ်ခြင်း စသည့် အချက်များသည်လည်း ယောက်ျားတစ်ယောက်၏ ကိုယ်ရည် ကိုယ်သွေးကို တောက်ပ စတိုင်ကျစေသော အချက်များ ဖြစ်ပါတယ်

3 comments

  • etone

    August 18, 2010 at 3:37 am

    ကျေးဇူးပဲ ။

  • Zaw Min Kha

    August 18, 2010 at 4:25 am

    စတိုင်ကျချင်တဲ့ သူတိုင်းမှတ်သားထားရမယ့် အချက်တွေပါ
    တင်ပေးတဲ့ အတွက်ကျေးဇူးပါ

  • kopauk mandalay

    August 18, 2010 at 8:21 am

    ဒီစာကိုဖတ်လိုက်ရမှ ဘယ်နေရာမဆို အပြေးအလွှား ဝိုင်းဒိုင်းကြဲလို့သွားတတ်တဲ့
    ကျနော့်အကျင့်ဆိုး ကိုပြင်ဘို့ သတိရလိုက်ပါတယ်ဗျာ။
    ကျေးဇူး

Leave a Reply