ချိုက်ရွာလား

“ချိုက်ရွာလား”

 

1တောင်ကြားက ရွာကလေး
1တောင်ကြားက ရွာကလေး

ကျနော်တို့မန္တလေးရုံးမှာမန်းလေးမြို့ခံတွေတင်မကဘဲ

အနယ်နယ်က လာပြီးအလုပ်လုပ်ကြသူတွေလဲရှိပါတယ်။

“ချိုက်”ဆိုတဲ့ နာမယ်ထူးထူးဆန်းဆန်းလေး နဲ့ ရွာလေးက လာပြီး

အလုပ်လုပ်တဲ့ သူက သူတို့ရွာမှာ ကထိန်ခင်းမယ်လိုက်ခဲ့ပါလို့ပြောလာပါတယ်။

လွန်ခဲ့သောနှစ်က သူတို့ မိသားစုက သိမ်ဆောက်ပြီးလှူတုံးကလဲကျနော်မလိုက်ဖြစ်ခဲ့။

အခုတန်ဆောင်မုန်းလပြည့်မှာတော့ ဆိုင်ကလဲ  ၂ ရက်ပိတ်တော့ လိုက်သွားဘို့

အဆင်ပြေပါတယ်။

ဒါနဲ့ဘဲ အဝေးဖိတ်ညမှာ ကျနော်တို့ထွက်။

အနီးဖိတ်နေ့ညနေအလှူလှည့်။

တန်ဆောင်မုန်းလပြည့်နေ့မှာရေစက်ချ တရားနာ။

အဲဒီုလပြည့် နေ့ နေလည်မှာပြန်မယ်လို့

စီစဉ်လိုက်ကြပါတယ်။

မသွားခင် ၃-၄ရက်လောက်ကတည်းက လှူဘွယ်ပစ္စည်းတွေဝယ်ကြပြုကြနဲ့

အလုပ်တွေရှုပ်လို့ပေါ့။

ကျနော်တို့အတူသွားမယ့်လူက အားလုံး ( ၁၂)ယောက်။

ရွာရောက်ရင် သီချင်းဆိုဘို့ အတွက် မန္တလေးကနေ  ဆောင်းဘောက်တွေစက်တွေ

တစ်ခါထဲသယ်သွားကြပါတယ်။

Light truck  နဲ့ သွားကြမှာပါ။

ကားနောက်ခန်းရှေ့ပိုင်းမှာပစ္စည်းတွေကို သေချာတုပ်နှောင်ပြီးတင်။

ပေါ့ပေါ့ပါးပါးလေးတွေက အဲဒီအပေါ်ထပ်ပြီးတင်၊

လူတွေကနောက်ကထိုင် တပျော်တပါးကြီးပေါ့။

မန်းလေးးကနေ ည ကိုးနာရီလောက်ထွက်ရင် မနက် ငါးနာရီလောက်ရောက်မယ်ပြောပါတယ်။

ကျနော်အိမ်ကိုည ၈နာရီလောက်လာခေါ်မယ်။

တောင်မြို့မှာနေတဲ့ မိန်းကလေးတစ်ယောက်က ကျနော့်အိမ်ကလာစောင့်မယ်။

မန်းလေးတောင်ခြေကတစ်ယောက်။

မန်းလေးတက္ကသိုလ်ထဲကတစ်ယောက်ကိုမြို့သစ်နေတဲ့လူကကြိုလာမယ်။

ကားမောင်းတတ်တဲ့သူကလေးယောက်ပါတော့တစ်ယောက်တစ်လှည့်စီမောင်းကြမယ်

လို့စီစဉ်ထားကြတာပါ။

တကယ်သွားမယ့်ညလဲရောက်ရော ည ၈နာရီမထိုးခင်မိုးတွေရွာပါတော့တယ်။

အဲတော့ ကျနော်ဆီလာကြိုမယ့်အချိန်လဲနောက်ကျလို့သွားပါတယ်။

တစ်ယောက်နဲ့တစ်ယောက်ဖုန်းတွေဆက်ကြချိန်းကြနဲ့ပေါ့။

အစကတော့ မိုးအတိတ်စောင့်နေပါသေးတယ်။

နောက်ဆုံးတော့ မိုးရွာထဲမှာဘဲသွားဘို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။

ကျနော်တို့မန်းလေးမြို့ကခွာတော့ ၉နာရီ၁၅ရှိနေပါပြီ။

အမြန်လမ်းကနေမိတ္ထီလာ ထိသွားပြီး အဲဒီကမှ ကျောက်ပန်းတောင်းဘက်ကနေ

ချိုက်ရွာကိုသွားကြမယ်လို့ဆိုပါတယ်။

လမ်းခရီးကိုတွက်ကြည့်တော့ မန်းလေးကနေ ချောက်

ချောက်ကနေဆိပ်ဖြူ။

ဆိပ်ဖြူကနေသူတို့ရွာရောက်အောင် တောင်ကြားတွေထဲကကွေ့ပါတ်ပြီး

မိုင် ၂ဝ ကျော်ကျော်လောက်ဆက်သွားရမယ်ဆိုပါတယ်။

မန်းလေးကနေသူတို့ရွာကို မိုင်၂၀ဝကျော်လောက်ဝေးပါတယ်။

မြစ်တစ်စင်းနဲ့ချောင်း၂ခုကိုဖြတ်ရပါတယ်။

ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ ဆိပ်ဖြူကို “အနော်ရထာတံတား”

ပေါ်ကဖြတ်ရပါတယ်။

ဆိပ်ဖြူကနေဆက်သွားတဲ့အခါ မကွေးဘက်ကလာတဲ့ဒေါင်းနေချောင်းနဲ့

တစ်ဆက်ထဲဖြစ်တဲ့ချစ်ချောင်းကိုဖြတ်ရပါတယ်။

ချစ်ချောင်းက သဲပြင်ကျယ်ကြီးပါ။

တောင်ပေါ်ရေကျတဲ့အချိန်မှသာ ရေရှိပါတယ်။

ဒါပေမယ့်ရေကြီးချိန်မှာဆိုရင်လဲ ရေပြင်ကျယ်တဲ့အတွက်ဖြတ်ရခက်ပါသတဲ့။

ချောင်းတစ်ဖက်နဲ့တစ်ဖက်ကို ကူးဘို့ ကားတစ်စီးသွားသာရုံကွန်ကရစ်လမ်းလေးခင်းထားပါသတဲ့။

အဲဒီချစ်ချောင်းကိုကျော်ပြီးရင် “ယောချောင်း” ကိုရောက်ပါတယ်။

ယောချောင်းတံတားကတော့ထူးခြားပါတယ်။

ပခုက္ကူကနေပုဂံကိုသွားတဲ့မီးရထားလမ်းနဲ့ကားလမ်း အတူတွဲသုံးရတဲ့လမ်းမို့ပါ။

မကွေးတိုင်း ပခုက္ကူခရိုင်ထဲမှာရှိတဲ့ ချိုက် ဆိုတဲ့ရွာလေးကို

ယောချောင်းက ရစ်ခွေပြီးစီးဆင်းနေလို့ပါတယ်။

ချိုက်ကိုရောက်အောင်တောင်ကုန်းလေးတွေကိုကွေ့ပါတ်ပြီးဖောက်ထားတဲ့

လမ်းအတိုင်းသွားရပါတယ်။

ရွာလေးကတောင်ကုန်းရဲ့အခြေမှာရှိတာပါ။

ရွာတည်ခဲ့တာကတော့ နှစ်ပေါင်းများစွာကြာပြီလို့ဆိုပါတယ်။

အဲဒီရွာလေးရဲ့အဓိကထွက်ကုန် ၂ မျိုးရှီပါတယ်။

ပထမတစ်မျိုးကတော့ မြန်မာတပြည်လုံးစားတဲ့ကြက်သွန်နီပါဘဲ။

တစ်ရွာလုံးကြက်သွန်နီစိုက်ကြပါတယ်။

နောက်တစ်မျိုးကတော့ “ကပ်ကြေး”ပါဘဲ။

မြန်မာပြည်ထဲကို တရုပ်ကပ်ကြေးတွေဝင်မလာခင်က

ချိုက်ရွာက ထွက်တဲ့ကပ်ကြေးကိုသုံးခဲ့ကြရပါသတဲ့.။

အခုချိန်ထိလဲ ကပ်ကြေးလုပ်ငန်းက ရှိနေတုန်းပါဘဲ။

ဒါပေမယ့်အရင်လောက်တော့မတွင်ကျယ်တော့ဘူးလို့ဆိုပါတယ်။

ကျနော်တို့ အမြန်လမ်းပေါ်ရောက်တော့ မိုးက ကွက်ကြားရွာနေတာပါ။

မိုးသဲတဲ့နေရာကအတော်သဲတော့ခပ်ဖြည်းဖြည်းဘဲမောင်းရပါတယ်။

အမြန်လမ်းပေါ်မှာ ရန်ကုန်သွားတဲ့ အိပ်စ်ပရက်စ်ကားကြီးတွေနဲ့ဆုံပါတယ်။

ခါတိုင်းကျနော်ရန်ကုန်သွားရင် ဒီလိုဘုရားဖူးကားလေးတွေကို ကျနော်ကလှမ်းငေးနေကျ။

အခုတစ်ခါတော့ ကျနော်တို့ကားပုသေးသေးလေးဘေးက ကားကြီးတွေဖြတ်တာကို

ပြန်ငေးကြည့် မိပါတယ်။

မီးရောင်စုံအတန်းမြင်နေရတာကနေ ခဏလေးအတွင်းမှာဖျပ်ကနဲရောက်လာပြီး

ကိုယ့် ကားနံဘေးကနေ ရိပ်ကနဲဖြတ်သွားလိုက်တာလန့်စရာကောင်းလှပါတယ်။

သူတို့မောင်းလာတဲ့အရှိန်နဲ့ကိုယ့်ကားကို ဝင်ချိတ်လိုက်မိရင်ဆိုတဲ့အတွေးဝင်လာတော့

သွားရတာတောင်ကြောက်လာပါတယ်။

တစ်ဖြေးဖြေးမောင်းလာရင်းက ည ဆယ်နှစ်နာရီထိုးခါနီးမှာ အမြန်လမ်းပေါ်ကနေမိတ္ထီလာမြို့ဘက်ကို

ခွဲဆင်းတဲ့ လမ်းကိုရောက်လာပါတယ်။

သန်းခေါင်ယံ ရောက်ခါနီးမှာတော့ လမ်းနံဘေးနားက “ရွှေညီကို”ဆိုတဲ့

ဆိုင်လေးမှာခဏနားရင်းကြာဇံဟင်းသောက်ကြပါတယ်။

အမြန်လမ်းတစ်လျောက်လုံးမှာ  တယ်လီနောကဒ်ထည့်ထားတဲ့ဖုန်းနဲ့

အင်တာနက်ကြည့်လာလိုက်တာအဆင်တွေပြေလို့။

ဒါပေမယ့် ကားရပ်တဲ့နားရောက်တော့ တယ်လီနောလဲလိုင်းမမိတော့။

အဲဒါနဲ့ အော်ရီဒူးကဒ်ကို ထည့်ပြီး သုံးလိုက်တော့ လိုင်းကောင်းပြီး

အင်တာနက်လိုင်းတွေပွင့်လာတော့ ကျနော်တို့အဖွဲ့ကို ဓါတ်ပုံရို်က်ပြီးတင်လိုက်ပါတယ်။

အချိန်နဲ့တပြေးညီ ခေတ်မှီစွာကမ္ဘာကြီး ကို သတင်းပေးတာပေါ့။

သိပ်မကြာခင်မှာဘဲ ကော်မင်းတွေ like တွေတက်လာပါတော့တယ်။

***********************************************************

ခဏနေတော့ ကျနော်တို့ အဖွဲ့ ခရီးဆက်ကြပါတယ်။

ကျောက်ပန်းတောင်းဘက်အသွားလမ်းမှာတော့ မိုးမရွာတော့ပါဘူး။

ကျနော်တို့အသွားလမ်းမှာ ဘုရားပွဲတော်တစ်ခု ကိုတွေ့ရပါတယ်။

ပွဲခင်းကထွက်နေတဲ့ ဓါတ်မီးရောင် လင်းထိန်ထိန်ကိုမြင်နေရသလို ဇာတ်ပွဲကနေပျံ့လွင့်လာတဲ့သီချင်းသံကိုလည်းကြားရပါတယ်။

လမ်းတစ်လျောက်မှာပွဲတော်ကပြန်လာတဲ့ဆိုင်ကယ်တွေကိုတစ်လမ်းလုံးတွေ့လာရပါတယ်။

လမ်းတစ်လျောက်ကရွာတွေက ပွဲတော်ကိုလာတဲ့ဆိုင်ကယ်တွေဖြစ်မယ်ထင်ပါတယ်။

ကျနော်တို့နဲ့ပါလာတဲ့ မိန်းကလေးသုံးယောက်ကတော့

စောင်လေးတွေခြုံ တစ်ယောက်ကိုတစ်ယောက်မှီ တင်ထားတဲ့ပစ္စည်းတွေ

ကိုကျောကပ်ပြီးအိပ်ပျော်နေကြပါတယ်။

ယောက်ျားလေးတွေကတော့ ကားနောက်မြီးမှာထိုင်ရင်းစကားတွေပြောလာကြပါတယ်။

ကျနော်ကတော့ လမင်းရော ကြယ်တွေပါစုံနေတဲ့ ကောင်းကင်ကြီးကိုကြည့်ရင်းကနေ

မှေးခနဲ့ခဏအိပ်ပျော်သွားပါတယ်။

အသံဆူဆူညံညံတွေလဲကြား သွားနေတဲ့ကားကရပ်သွားတော့

ကျနော်လဲ အိပ်နေရာက လန့် နိုးသွားပါတယ်။

ကားပေါ်ကဆင်းပြီးကြည့်လိုက်တော့ ကျောက်ပန်းတောင်းကိုရောက်နေပါပြီ။

အဲဒီရောက်တော့ကားလဲနားလူလဲနား။

ညလည်စာစားသူကစား။

ကောင်လေးတွေကတော့ စလောင်းကလာနေတဲ့ဘောလုံးပွဲကိုကြည့်နေကြပါတယ်။

အာဆင်နယ်ပွဲလို့ထင်ပါတယ်။

ကျနော်တို့ရပ်တဲ့နေရာက မန်းလေးမကွေးသွားတဲ့ကားတွေနားတဲ့လမ်းဆုံပါ။

အာလူးကြော် မာလကာသီး ဝယ်လို့ကောင်းတဲ့ဆိုင်လေးတွေရှိတဲ့နေရာပေါ့။

နာရီဝက်လောက်နားအပေ့ါအပါးသွားပြီးကျနော်တို့ခရီးဆက်ခဲ့ကြတော့

မနက် ၂နာရီထိုးခါနီးပါပြီ။

ကျနော်က အပြန်မှာဂွေးချိုကန်က ထန်းပင် ကို ဓါတ်ပုံဝင်ရိုက်ချင်တယ်ပြောတော့

သူတို့ကအပြန်ပုဂံကလှည့်ပြန်မယ်ပြောကြပါတယ်။

အဲဒီဂွေးချိုကန်ကို အစောကမှဖြတ်လာတာလို့လဲပြောပါတယ်။

အဲလိုသွားနေရင်းကျနော်တစ်ခါပြန်အိပ်ပျော်သွားပြန်ပါတယ်။

ကျနော်ပြန်နိုးတော့ကားက တံတားကြီးတစ်ခုပေါ်ဖြတ်နေပါပြီ။

ချောက်နဲ့ဆိပ်ဖြူကိုကူးဘို့ ဧရာဝတီမြစ်ကိုဖြတ်တဲ့တံတားလို့ပြောပါတယ်.။

မြစ်ကိုဖြတ်တော့ ရေစပ်မှာဆိုက်ထားတဲ့ မော်တော်လေးတွေပေါ်က

မီးရောင်လဲ့လဲ့လေးတွေမြင်ရတာ ကဗျာဆန်လိုက်တာ။

ကျနော့်ဘေးနုားမှာထိုင်နေတဲ့ချိုက်သားလေးကတော့သူတို့

အရင်ကသွားရလာရတာကိုရှင်းပြနေပါတယ်။

“ဟိုးအရင်က ချောက်ကိုဈေးဝယ်လာမယ်ဆိုရင်

မနက်စောစောထ။

လမ်းလျောက်ပြီးယောချောင်းကိုဖြတ်။

ရေမရှိတဲ့အခါဒီအတိုင်းကူး။

ရေများရင်လှေနဲ့ကူူးပေါ့။

ချောင်းကူးပြီးရင် မြစ်ကူးတိုဆိပ်ကို ခြေလျင် ဖြစ်ဖြစ်

လှည်းဖြစ်ဖြစ်နဲ့သွား။

မော်တော်စီးပြီးချောက်ဘက်ကိုကူးရတယ်။

အခုတံတားကြီးနားမှာမော်တော်ကပ်တာပေါ့။

အဲဒီကမှမြင်းလှည်းတွေနဲ့ချောက်သွားဈေးဝယ်။

ညနေ မှ မော်တော်ပြန်ထွက်တော့

တစ်ခါတစ်ခါများ ရွာကိုမိုးစုပ်စုပ်ချုပ်မှရောက်တယ်။

ဆင်းရဲလိုက်တာမှလွန်ပါလေရော”

အမှောင်ထဲမှာမို့သူ့မျက်နှာပေးကိုမမြင်ရပေမယ့်

အသံကြားရတာတော့လွန်လေပြီးသောကာလတစ်ခုကို

သူ သတိတရရှိနေပုံပါဘဲ။

2ရွာကိုပါတ်စီးနေတဲ့ယောချောင်း
2ရွာကိုပါတ်စီးနေတဲ့ယောချောင်း

ချိုက်ဘက်ကလူတွေက လုပ်ရကိုင်ရတာပင်ပန်းတာကို

ဆင်းရဲတယ်လို့ ပြောပါတယ်။

တစ်ခါက

“ဆရာအတော်ဆင်းရဲနေပြီလား”လို့ မေးတာခံရတာကို

စိတ်တိုသွားဘူးပါတယ်။

တကယ်တော့ “ဆရာ အတော်ပင်ပန်းနေပြီလား “လို့မေးတာပါ။

ကိုယ်က သူတို့ စကားမပေါက်တော့ စိတ်တိုမိတာပေါ့။

ဒေသန္တရစကားဆိုတာ ဒါကိုဆိုလိုတာပါ.။

တံတားကိုဖြတ်ပြီးတဲ့အခါမှာတော့ ဆိပ်ဖြူကနေ ချုိုက်ဘက်ကိုသွားဘို့

ချိုးဝင်လိုက်ကြပါတယ်။

ည က မိုးရိပ်နည်းနည်းရှိတော့မှောင်မှောင်မဲမဲ။

ချိုက်ကိုအဝင်မှာတော့ ပထမမောင်းလာတဲ့သူက ဒေသခံ ကောင်လေးနဲ့

ဂျူတီချိန်းကြပါတယ်။

မှောင်မှောင်မဲမဲထဲမှာ ကျနော်တို့ကားတစ်စီးထဲလမ်းပေါ်ပြေးလို့နေပါတယ်။

မနက်သုံးနာရီကျော်တဲ့အချိန်ရောက်နေတာကိုး။

ဆိုင်ကယ်တစ်စီးစနှစ်စီးစတော့တွေ့နေရပါတယ်။

ယောချောင်းတံတားကိုဖြတ်ပြီးတဲ့အချိန်ကစပြီး ကျောက်လမ်းမ

မဟုတ်တော့ဘဲ ကျောက်စရစ်ခဲလမ်းဖြစ်လို့လာပါတယ်။

ကားကလဲလမ်းပေါ်မှာခုန်ပေါက်ပြေးလွှား။

ကျနော်တို့ နောက်ခန်းကထိုင်တဲ့သူတွေမှာတော့

ဟိုယိမ်းဒီယိမ်း။

ကိုင်စရာကလဲ မရှိတော့ ကိုယ့်အချင်းချင်းမှီပြီးထိန်းလို်က်ကြရပါတယ်။

သွားနေရင်းက အပေါ်မှာတင်ထားတဲ့အဝတ်ထုတ်တွေပြုတ်ကျလာပါတယ်။

အဲဒီလိုပြုတ်ကျတော့မှ လက်နှိပ်ဓါတ်မီးနဲ့ထိုးအကြည့်

ကားထဲမှာဖုံတွေလုံးနေတာကိုတွေ့ရပါတော့တယ်။

အမြန်လမ်းမှာ မုးိတွေရွာတော့ ကားဘေးနှစ်ဖက်က မိုးကာတွေကို

ချထားလိုက်တော့ နောက်က ဝင်လာသမျှ ဖုံတွေက ကားထဲကနေ

အပြင်မထွက်ဘူးဖြစ်နေတာပါ။

စောင်ခြုံအိပ်လာတဲ့ကလေးမလေးတွေကလွဲရင်ကျန်တဲ့သူအားလုံး

ဖုံတွေကြောင့်ဖြူဖွေးနေပါတယ်။

လမ်းကတောင်တက်လမ်းဆိုတော့ ကားက ရုန်းပြီးတက်ရတော့

ဖုံတွေက ပိုပြီးထလာတဲ့သဘောရှိပါတယ်။

လမ်းပြေတဲ့နားမှာကားခဏရပ်။

ဘေးနှစ်ဖက်က မိုးကာတွေလိပ်တင်ပြီးခရီးဆက်ခဲ့ကြပါတယ်။

လရောင်မသဲမကွဲအောက်မှာ မြင်နေရတာကတော့

ကျနော်တို့ကားလေးက တောင်ကြားထဲကနေခရီးဆက်နေတယ်ဆိုတာကိုပါဘဲ။

လှိမ့်လိုက်လူးလိုက် နဲ့ ကားလေးကခုန်ပေါက်ပြေးလွှား။

လမ်းအကွေ့များရောက်ရင် ဟွန်းတတီတီ တီး။

အဝေးကလာနေတဲ့မီးရောင်လေးများမြင်ရင်လမ်းကျယ်တဲ့နေရာမှာခဏရပ်ပြီး

အပေါ်တက်လာတဲ့ ဆိုင်ကယ်ကို လမ်းပေးရင်းစောင့် နဲ့ လာခဲ့ကြပါတယ်။

သိပ်မကြာခင်မှာဘဲ ရွာအဝင်လမ်းထဲကိုရောက်လာပါတယ်။

ခဏလေးနေတော့ မီးရောင်တွေထိန်နေတဲ့အိမ်ဝိုင်းထဲကို ကား က ထိုးဝင်လိုက်ပါတယ်။

ကျနော်တို့လာမှာကို အသင့်စောင့်နေကြပါတယ်။

မှန်သာကြည့်မိရင်ကျနော်တို့မျောက်ဖြူအဖွဲ့ ကိုမြင်ရတာရီစရာကြီးနေမှာပါ။

ကျနော်တို့ လည်းကားပေါ်ကဆင်းမှ တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေတာကို

သတိထားမိပါတော့တယ်။

ကားပေါ်ကဆင်းတော့ အိမ်ရှင်တွေက ကျနော်တို့ကိုမျက်နှာသစ်ခြေဆေးလက်

ဆေးလုပ်ပြီး ခဏပြန်အိပ်ကြဘို့ပြောပါတယ်။

အထုပ်တွေလဲထားမနက်မိုးလင်းမှ ချဘို့ပြောပါတယ်။

ဒါနဲ့ဘဲခြေလက်ဆေးပြီး တဲ့အခါ အိမ်အပေါ်ထပ်ကိုလိုက်ပို့ပါတယ်။

အပေါ်လဲရောက်ရော အသင့်ခင်းပေးထားတဲ့ နေရာမှာ

အညာစောင်အသစ်တွေ ခြုံပြီးအိပ်လိုက်ကြပါတော့တယ်။

ကျနော်တို့ အားလုံးတစ်ချိုးတည်းတန်းစီပြီးအိပ်လိုက်ကြတာ

အိပ်ယာက နိုးတဲ့အချိန် ကတော့ မနက်(၇)နာရီ။

အောက်ထပ်ကိုဆင်းလာတော့ စားပွဲပေါ်မှာကျနော်တို့စားဘို့

အကြော်တွေရယ် မုန့်ဆုပ်တွေရယ်က အငွေ့တစ်ထောင်းထောင်းနဲ့

အဆင်သင့်။

အဲတော့မှ ကျနော်တို့လဲ မုန့်မစားသေးဘဲ ရေအရင်ချိုးဘို့ အသင့်ပြင်ကြရပါတော့တယ်။

အတော်လေးကိုအိပ်လို့ကောင်းတဲ့ညပါဘဲ။

 

3လှသောရွာကလေး
3လှသောညနေခင်း

ဆက်လက်ဖော်ပြပါမည်

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

13-11-2014

(လမ်းတစ်လျောက်ရိုက်လာတဲ့ဓါတ်ပုံတွေကတော့

ဖုန်းကဒ်ပျက်တဲ့ထဲမှာပါသွားလို့ပုံတွေမစုံတော့ပါဘူး)

 

 

20 comments

  • padonmar

    November 18, 2014 at 12:31 am

    ကိုပေါက်ရေ၊
    အိမ်မှာလေ ကပ်ကြေးလက်ကိုင်မှာ ခြိုက်လှ ဆိုပြီး စာထိုးထားတဲ့ ကပ်ကြေးရှိတယ်။

    • မမာရေ
      အဲဒီရွာက ကပ်ကြေးတွေမှာ ထုတ်လုပ်တဲ့သူရဲ့ နာမယ် နဲ့ ရွာအမည်ထည့်လေ့ရှိတယ်ဆိုတော့

      ခြိုက်ကျေးရွာက က ကိုလှ လုပ်တဲ့ ကပ်ကြေးဖြစ်မယ်။

      ကျနော်တို့ အတွက် ကပ်ကြေးမှာတော့ ကပ်ကြေးမှာ မဒမ်ပေါက်နာမယ်ကို အမှတ်တရ ထုးိပေး ဘူးတယ်

  • မြစပဲရိုး

    November 18, 2014 at 3:24 am

    ကပေါက်ကြီး
    ကိုယ်တိုင် သွားနေရသလိုပါဘဲ။
    စားစရာပုံတွေ ပါမယ်လို့ ပေးထားဂတိ ရှိ၏။

    ငယ်တုန်းက ရွှေစက်တော် သွားတော့ ဒေါင်းသေချောင်း ဆိုတာ ဖြတ်ရတယ်။ သဲချောင်းလေးပါ။
    ပုံထဲ က ယောချောင်း နဲ့များ အမျိုးတော်မလားလို့။
    အတော်သာယာ တဲ့ နေရာလေး ထင်ပါ့။

    ဆက်ရန် ကို စောင့်မျှော်နေပါတယ် ခင်ဗျ။ :))

    • ကိုလတ်ကြီး

      စားစရာပုံတွေလာမယ် သွားရည်ကျစေရမယ်

      ဒေါင်းနေချောင်းနဲ့ ဆက်နေတာက ချစ်ချောင်း လို့ ခေါ်ပါတယ်.
      ယောချောင်းက သတ် သတ်

      အတော်သာယာတဲ့ရွာလေးပါဘဲ

  • Mr. MarGa

    November 18, 2014 at 8:43 am

    အမ်… အဆုံးထိလားလို့
    ခုတော့ လုပ်ပြန်ပြီ တစ်ဝက်တစ်ပျက်
    အဲ့ဒီတော့ နောက်တစ်ပိုင်း ပေါ့ဗျာ

  • Ma Ei

    November 18, 2014 at 10:13 am

    (…ချိုက်ဘက်ကလူတွေက လုပ်ရကိုင်ရတာပင်ပန်းတာကိုဆင်းရဲတယ်လို့ ပြောပါတယ်။
    တစ်ခါက“ဆရာအတော်ဆင်းရဲနေပြီလား”လို့ မေးတာခံရတာကိုစိတ်တိုသွားဘူးပါတယ်။
    တကယ်တော့ “ဆရာ အတော်ပင်ပန်းနေပြီလား “လို့မေးတာပါ။
    ကိုယ်က သူတို့ စကားမပေါက်တော့ စိတ်တိုမိတာပေါ့။
    .ဒေသန္တရစကားဆိုတာ ဒါကိုဆိုလိုတာပါ.။…)
    .ဒါလေးဖတ်ရတော့ ကျမဝယ်လာတဲ့( ဈေးကြီးတဲ့ )အကျီ င်္ဆိုပါတော့
    .အဲ့ဒါကို အမရယ် အမနဲ့ တန်ရဲ့လားတဲ့ ရင်ထဲအောင့်သွားတာပဲ ဝတ်ကြည့်ပါဦး .မတန်ရင်ပြန်လဲလို့ရအောင်ပါ ဆိုမှ ဆိုဒ်မတော်တာကိုပြောမှန်းသိတော့တာ…
    အဲ့ဒါ ဘယ်သူမှတ်လဲ ရွာသူ မွန်ကစ် အညာသူမရဲ့ .ဒေသန္တရစကားလေ…
    🙂

  • kyeemite

    November 18, 2014 at 11:00 am

    .ကိုပေါက်ရဲ့ ခြိုက်ရွာသွားတောလားပေါ့…ကျုပ်လည်းရွာအလှူတွေသွားရတာပျော်တယ်ဗျာ
    .ပီးခဲ့တဲ့နှစ်ဒီဇင်ဘာက ကျောက်ပန်းတောင်းနားက ရွာရှင်ပြု အလှူသွားဖြစ်သေးတယ်
    .အညာဓလေ့နဲ့ ရွာဓလေ့တွေကပျော်ရွှင်ကြည်နူးရပါတယ် :))

  • တောင်ပေါ်သား

    November 18, 2014 at 12:27 pm

    မရောက်ဘူးတဲ့နေရာ ကြည်နူးစရာလေးပဲ ၊

    နောက်တစ်ပိုင်း မြန်မြန်ဗျာ 🙂

  • Shwe Ei

    November 18, 2014 at 1:50 pm

    ရွာပြန်ချင်တယ်..ဗျာ :-‘(

  • aye.kk

    November 18, 2014 at 3:11 pm

    သာယာတဲ့ခြိုက်ရွာ ရောက်ဖူးချင်တာ ။
    ရှုခင်းတွေကလည်းလှလိုက်တာ ။

  • ဒေသန္တရဗဟုသုတ အလို့ငှာ ခရီးသွားကြ ကုန်လော့တဲ့

    အရှင်ရာဟုလာသံကိစ္စည်း မိန့်ခဲ့တာပါ

Leave a Reply