ဒီဇင်ဘာ စာတမ်း

alinsettDecember 1, 20143min24816

 

 

အခုလို အေးစက်လာတဲ့ နှင်းတို့ရဲ့ရာသီထဲမှာပဲ

ကိုယ့်ရင်ခွင်အတွင်းမှာ အပြတ်ခုတ်ထွင်ရှင်းလင်းထားတဲ့

သစ်ပင်တချို ့ ပြန် ပေါက်ဖွားလာတယ်။

 

 

ကောင်းကင်ပေါ်မှာ ကြယ်တွေ လတွေကို တင်းတင်းရင်းရင်း မြင်ရချိန်ဖြစ်နေလို့ပဲလား ?

 

ဒါမှမဟုတ် နွေးထွေးစွာ ရင်ခုန်လှုပ်ရှားစေတဲ့ အထိနဲ့ အတွေ့တွေကို အရေးတကြီးလိုအပ်လာချိန်မို့လို့များလား ?

 

သေချာတာကတော့ သေသေချာချာ အငုတ်တွေ အမြစ်တွေကိုပါ ဆွဲနှုတ်ခဲ့ပြီးပြီလို့ ယုံကြည်ထားတဲ့ အရာတွေ

ဘွားခနဲ ပြန် ပေါ်ပေါက်လာခဲ့ပြီ။

 

စိတ်ရှုပ်ဖွယ် ကောင်းလေစွ။

ထို့အပြင် တပြိုက်နက်ထဲမှာပဲ တပ်မက်သာယာဖွယ် ကောင်းလေစွ။

 

အေးလေ. . . ဘာဖြစ်လဲကွာ။

လူငယ်တစ်ယောက်က သူ ချစ်မြတ်တွယ်တာခဲ့ဖူးတဲ့ မိန်းမလှလေးတစ်ယောက်ကို ပြန် တမ်းတမိတဲ့အဖြစ်ဟာ ဘာများ ထူးဆန်းလို့လဲ။

 

ဒါပေမယ့် မလွမ်းသင့်တော့ဘူး။

 

ပြီးခဲ့သော နှစ်တွေတုန်းက အခုလို ဆောင်းဦးရာသီတွေမှာ အခုလို အလွမ်းကဲကဲနဲ့ နှင်းတဖွဲဖွဲရွာတာကို မခံစားမိခဲ့။

 

အဘယ်ကြောင့်ဆိုသော်. . .

ထိုစဉ်ဆောင်းတွင်းမှာ သူမ ပေးထားရစ်ခဲ့သော တဆစ်ဆစ်နာကျင်မှုနဲ့ အတူတူ အိပ်စက်ခဲ့ရ၍ ဖြစ်သည်။

 

အခုတော့ ဒဏ်ရာတွေ ကျက်ခဲ့ပြီလား။

 

အသည်းကွဲတယ်ဆိုတာ သွေးမထွက်ပေမယ့် ဘာနဲ့မှမတူအောင် နာတဲ့ဒဏ်ရာတို့. . .

 

အလွမ်းဆိုတာ သီချင်းလေးတွေ ဆိုညည်းရင်းက ထိရှခဲ့သော ဒဏ်ချက်ကို ပြန်ကျက်အောင် ကုစားခြင်းတို့. . .

 အဲ့ဒီလိုတွေ ခံယူဖူးတယ်။

 

အခုတော့. . .အလွမ်းကို ပြန်လွမ်းတတ်လောက်အောင်ပဲ နှလုံးသားက ခံစားမှုပြင်းထန်လေပြီလား။

 

ရင်ထဲမှ ဖြစ်နေတဲ့ ခံစားမှုတွေကို တစ်စုံချင်းစီသာ ဖြုတ်လဲပစ်ပြီး အခြားအရာတွေနဲ့ အစားထိုးလို့သာ ရကြေးဆိုလျှင်

”လွမ်းခဲ့ဖူးသောအလွမ်းကို ပြန်လွမ်းခြင်း”

အဲ့ဒါကို ဘာနဲ့ အစားထိုး လဲလှယ်ပစ်သင့်သလဲ ?

 

တောက်!!! မေးခွန်းတွေကို ဖြေဖို့ . . .

တိကျသေချာသော အဖြေဆိုတာ ရင်ထဲမှာပဲ ရှိသတဲ့။

 

ဒါပေမယ့် ကိုယ်နဖူးစာဆိုတာကြီးကိုတောင် ဖတ်ချင်တဲ့အချိန် မဖတ်ရ မမြင်ရဘူး။

 

ဘယ်လိုလုပ်ပြီးတော့များ ဖြေရခက်တဲ့ ပုစ္ဆာတွေရဲ့အဖြေကို ရှာတွေ့နိုင်ဦးမလဲ ?

 

ကွာာာာ!!!!!!

စိတ်မောတယ်။

စိတ်မောလွန်းပါတယ်ဆိုတဲ့ လူမောကြီးတွေထက်တောင် ပိုမောတယ်။

 

မဟာဘုတ်တိုင်ကြားမှာ ”ကန်ရာသီပုတိဖွား”အဖြစ် ကျပ်ကျပ်ညပ်ညပ် ရပ်တည်နေရလို့ သူများကြားသလို မကြားဘူး။

 

သူများတွေ တဟားဟားရယ်နေချိန်မှာ ကိုယ်က မရနိုင်မှန်းသိလျက်နဲ့ တဖွဲဖွဲကျဆင်းနေတဲ့ နှင်းစက်တွေကို

လက်နဲ့ ဝှေ့ယမ်းပြီး ဖမ်းမိဖို့ကြိုးစားနေမိသူ။

 

ဖြစ်နိုင်ရင်တော့ ကိုယ့်သမိုင်း ကိုယ်ရေးခဲ့သမျှ ကိုယ့်သမိုင်းတစ်အုပ်လုံးကို အုန်းခနဲ ကန်ပစ်လိုက်ချင်တယ်။

ပြီးမှ ပြန်ကောက် ဖုန်ခါပြီး

တုန်တုန်ရီရီနဲ့ ”ကိုယ်မှားပါပြီကွယ်” လို့ ရေရွတ်. . .

အဲဒီ သရုပ်ဆောင်ခြင်းက လက်ရှိ ”ငါကြီး” ပျောက်ပြီး ”မင်းလောင်း”တစ်ယောက် တောက်ပလင်းလက်လာသလိုများ ယတြာ ကျေလေမလား?

 

ကြည့်စမ်း။

ဘယ်တုန်းကမှ မယုံကြည်ခဲ့ဖူးတဲ့ ဗေဒင်တွေ ယတြာတွေအကြောင်း စဉ်းစားမိပြန်ပြီ။ ပြောတော့ဖြင့် ဂေါတမ မလုပ်တာ မှန်သမျှ လိုက်မလုပ်ဖို့. . .

ဂေါတမ လုပ်ခိုင်းတာ မှန်သမျှ လိုက်လုပ်ဖို့တို့ ကြိုးစားမယ်ဆိုတဲ့လူက . . .

 

အခုတော့ သူများ ချမှတ်ပေးတဲ့ ဘောင်ကွက်ထဲ အသားတကျနေလာပြီးမှ ခုန်ထွက်ချင်နေပြန်ပြီလား။

 

ကိုယ့် ကိုယ်ကို ပြန် တည်ဆောက်ဖို့အတွက်

ခဏလေးဖြစ်ဖြစ် အနားယူချိန်ရောက်ပြီ။

 

ဒါဟာ. . .

စိတ်ကူးယဉ်ဆန်တဲ့တိုင်းပြည်မဟုတ်ဘူးလို့ မှတ်ထားစမ်း။

 

ဒါဟာ. . . နိုင်ငံရေးလုပ်ရင် အဖမ်းခံရတဲ့တိုင်းပြည်။

လွမ်းရေးတွေ ဝမ်းရေးတွေထက် အဖမ်းမခံရရေး ပိုခက်တဲ့တိုင်းပြည်။

 

 

စိတ်ကူးယဉ်ဆန်နေလို့လည်းဘာမှမထူးဘူး။

 

 

အပြင်မှာ ကျနေတဲ့ ဒီဇင်ဘာရဲ့ နှင်းမှုန် မြူလွှတွေအကြောင်းလည်း မစဉ်းစားနဲ့တော့။

 

ရင်ထဲမှာဝေနေတဲ့ အလွမ်းရာသီ မှုန်ဝေရီတဲ့ တမ်းတမှုတွေကိုလည်း ဖယ်ထုတ်ပစ်တော့။

 

ထစမ်း။

ကိုယ့် ကိုယ်ကို ပြန်တည်ဆောက်ဖို့. . .

အချိန်နာရီနဲ့ ထပ်တူ စည်းချက်ကျကျ. . .

ကြွကြွရွရွ လမ်းလျှောက်ကြည့်လိုက်။

 

ကိုယ့် ကိုယ်ကို ထိန်းနိုင်ပြီလားးးး

မတ်မတ် ရပ်နိုင်ပြီလားးးး

မယိမ်းမယိုင်တော့ပြီလားးးးး

 

စမ်းသပ်ခြင်းများနဲ့ အနားယူရဦးမယ်။

 

~~~~~~~

 

 

အလင်းဆက်@မောင်သူရ

 

 

 

 

 

16 comments

  • ခင်ဇော်

    December 1, 2014 at 11:15 am

    ဒီ ဒီဇင်ဘာဟာ ၁၂ နှစ်။
    စတွေ့ဖူးတဲ့ ၂၀၀၂ က နေ ဒီ နှစ် ဒီဇင်ဘာ အထိဆို ၁၂ နှစ်။
    နေ့နံတူ၊
    ခေါင်းမာတာ၊
    အလျှော့မပေးတာ၊
    ဟန်ဆောင်ကောင်းတာ၊
    ဒေါသကြီးတာ၊
    လူလည်ကျတာ၊
    မြွေမြွေချင်းခြေမြင်တာ၊
    စန်းစန်းတင့်ဖြစ်တာ၊
    အရှုပ်ထုပ်လုပ်တာ၊
    အရှောင်အတိမ်းကောင်းတာ၊
    အလိုက်သိတာ၊
    လူပါးဝတာ၊
    မညာတတ်တာ၊
    အနိုင်ယူတတ်တာ တွေမှာ ကိုယ့် ကိုယ်ပွါးးး တစ်ယောက် ရတယ် လို့ ထင်ရလောက်အောင် တူညီခဲ့ဖူးတာ ၁၂ နှစ်။
    ဘယ်လောက် ကြာကြာ ဝေးဝေး ပြန်တွေ့ရင် မနေ့တစ်နေ့က မှ ခွဲခွါခဲ့သူတွေလိုပဲ တစ်ယောက် သတင်း တစ်ယောက် နားစွင့်နေတာမို့ အကုန်သိပြီး ပြောနိုင်တဲ့ သူငယ်ချင်းတစ်ယောက်လည်း ဖြစ်သေးရဲ့။
    “ဟန်ထွန်းရဲ့ ရင်ခုန်ဘက်လူ သီချင်း ကြားတိုင်း သတိရမိတာ နင်ကို” တဲ့။
    အပို လိမ်ညာပြောဖို့ ဝန်လေးတဲ့ သူ့ ဆီက ရှားရှားပါးပါး အဲဒီ စကားနဲ့ပဲ ဒီ လူ တစ်ယောက်ကို စိတ်ထဲက ထုတ်မပစ်ရက်တာ ၁၂ နှစ်။
    “ချစ်စရာကောင်းတာက လွဲရင် မလှပါဘူး” ဆိုတဲ့ စကားမှာ စိတ်တိုတာ တစ်ဝက်၊ ရီချင်တာတစ်ဝက် အဲဒီ ခံစားချက် ပြန်မရတော့တာ ၁၂ နှစ်။
    “အလိမ်အညာလေးနဲ့ ငါ့ကို နားဝင်ချိုအောင် ပြောပါဟဲ့” လို့ တောင်းပန်တာတောင် အမှန်အတိုင်းတွေပဲ ပြောတတ်လွန်းလို့ စိတ်ဆင်းရဲခဲ့တာတွေက …
    ကိုယ့်ဘေးနားမှာ စကားအပိုတွေ ပြောတဲ့ လူတွေ များလာတိုင်း အဲဒီ အမှန်စကားတွေကို သတိရမိခဲ့တာ ၁၂ နှစ်။
    နီး တစ်ကျက်ကျက် ဝေးတစ်သက်သက် ဖြစ်လွန်းလို့ “ငါ တို့ ၂ ယောက်က ဝေးဝေးနေမှ ဖြစ်မှာပါ” လို့ ပြောခဲ့တဲ့ စကားက ၁၂ နှစ် ရှိပြီ။
    ကိုယ့် အချစ်ကို တစ်သက်လုံးရဖို့နည်း အရင်ဆုံး သိခဲ့တဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်က အင်္ဂါသားကို ဒီ မနက်မှ ရုတ်တရက် လွမ်းးး လာလို့။

    😥

    • ဘာလို့လဲတော့မသိ
      ဒီ ဒီဇင်ဘာက အလွမ်းအဆွေး ဝေဒနာကို
      ခံစားမိစေတယ်

      ကဲ ကန်ရာသီဖွားမမဂျီး
      နှင်းတွေ တဝေဝေ အလွမ်းတွေ တဝေဝေနဲ့
      အေးစက်စွာ. . .
      လွမ်းကြပါဦးစို့။

      😆

  • မြစပဲရိုး

    December 2, 2014 at 1:16 am

    စမ်းသပ်ခြင်းများနဲ့ အနားယူ မနေ နဲ့ ဆက်ဆက်။
    မတော် ထပေါက်လို့ ခက်နေဦးမယ်။
    lol:-))

  • တိန်

    ဒါမယ့် ပေါက်ကွဲမှုတွေဟာ ဖြစ်ပေါ်တိုးတက်မှုနဲ့ အတူတွဲနေတယ်လေ

    တနည်းအားဖြင့် စမ်းသပ်မှုတွေဟာပေါ့. . .

    :k:

  • kai

    December 2, 2014 at 3:02 pm

    ဒီဇင်ဘာကနောက်ဆုံးလ..
    သူပြီးရင်.. ဘာမှမကျန်…
    အသစ်ကပြန်စ.. ဇန်နဝါရီက…

    • ဘဝကို တစ်က ပြန်စရပေါင်း များးပြီ သူကြီးရေ. . .

      တစ်ရာ ဖြစ်ချင်တယ်။
      တစ်ကနေ ခဏခဏပြန်စနေရတာကို စိတ်ကုန်လို့

      😆

      • kai

        December 3, 2014 at 3:11 am

        အမှန်အချက်အရ.. တစ်ကပြန်စမရ..
        တနှစ်ကျန်ရစ်ပြီ
        နှစ်ဟောင်းထဲက အကောင်း..
        ပေါင်းစားပြီး အတိုးပါယူ

        အဆိုးအစုတ်
        နှုတ်၍ယူ ဖြုတ်ဖျက်ပေး
        ကျဆုံးမှုဟူသည် အောင်မြင်ခြင်းကတက်နင်းသွားရသော အဆင့်ထစ်များဖြစ်ပေ၏။

        • တန်ဖိုးရှိတဲ့ စကားပါပဲ သူကြီးရေ။

          အစိမ်းလေး ခြယ်ထားချင်ပါတယ်။
          ဒါမယ့်
          အောက်မှာ အန်ကယ်ကြီး က
          ”နိုင်ငံရေး အကျဉ်းသားဆိုတာ မြန်မာမှာ မရှိဘူး”လို့ ပြောထားတာလေး ပိုသဘောကျသွားလို့. . .

          :k:

  • တောတွင်းပျော်

    December 2, 2014 at 8:44 pm

    ပန်ကာဖွင် ့အိပ်ရတဲ ့ ဒီဇင်ဘာ..
    ရှိသမျှ ပစ္စည်း ထုပ်ပိုးသိမ်းဆည်း အသင် ့စောင် ့ဆိုင်း
    မိုးကြောက်ရတဲ ့ ဒီဇင်ဘာ…

    တောတွင်းပျော်တို ့ လစာမရနိုင်တဲ ့ ဒီဇင်ဘာ…
    တစ်နှစ်မှာ တစ်လတည်း ဂဇက်ထဲ ဝင်ရောက်နိုင်တဲ ့ ဒီဇင်ဘာ..

    ဒါက တောတွင်းပျော်ရဲ ့ ဒီဇင်ဘာ…

  • ခင် ခ

    December 2, 2014 at 10:18 pm

    ကျုပ်လှည်းတန်းမှာ စာရေးကိရိယာ မိတ္တူဆိုင်လေးဖွင့်ခဲ့တုန်းက ဇန်နာဝါရီ လို့ဆိုင်အမည်ပေးခဲ့တာဗျ ဇန်နာဝါရီက နှစ်းဦးလမို့လေ ကြိုက်တာ။
    ဒီဇင်ဘာတော့ မကြိုက်သလိုလိုဗျ

  • uncle gyi

    December 2, 2014 at 11:38 pm

    ဒါဟာ. . . နိုင်ငံရေးလုပ်ရင် အဖမ်းခံရတဲ့တိုင်းပြည်။
    ဘေးစကားတွေမယုံနဲ့
    အလင်းဆက်ရေ
    မြန်မာမှာနိုင်ငံရေးအကျဉ်းသားမရှိ

    • kai

      December 3, 2014 at 8:21 am

      နိုင်ငံရေးလုပ်ရင် အဖမ်းခံရတယ်ဆိုတာက.. အခု ၂၀၀၈ ခုအခြေခံဥပဒေအရ.. လွတ်လပ်စွာပြောဆိုစည်းရုံးခွင့်ဆိုတဲ့.. ဒီမိုကရေစီရဲ့အခြေခံအခွင့်အရးကလာတယ်..။
      ဆိုတော့…
      နိုင်ငံရေးဆိုတဲ့.. လွတ်လပ်စွာပြောဆိုစည်းရုံးရင်.. အဖမ်းမခံရဘူးလို့… အခြေခံဥပဒေထဲပြဆိုတာပေါ့…။
      မတော်.. နိုင်ငံရေးအကျဉ်းသားလို့ခေါင်းစဉ်တတ်ပေးလိုက်ရင်.. တရားသူကြီးတွေ.. အခြေခံဥပဒေကိုမလိုက်နာရာကျမှာပါ…

      ရယ်စရာက..
      လွတ်လပ်စွာပြောဆိုစည်းရုံးခွင့်ထဲ.. ဘာသာရေးအရ.. လွတ်လပ်စွာပြောဆိုခွင့်မပါတာပဲ..။
      ကြည့်ရတာ.. ဘုန်းဘုန်းတွေက.. တရားရေးအပေါ်မှာရှိနေတာမို့.. ထင်..။ :i:

  • aye.kk

    December 3, 2014 at 9:48 am

    မပိုင်ဆိုင်တဲ့အတိတ်
    မပိုင်ဆိုင်တဲ့အနာဂတ်
    မပိုင်ဆိုင်တဲ့လွတ်လပ်ခွင့်တွေဆိုတာ
    ငါ့အတွက်မျှော်လင့်လို ့မရတဲ့အရာတွေပဲ
    ဒါပေမယ့်လည်းငါ့ရင်ထဲမှာတော့ဒီဇင်ဘာဆိုတာကနွေးနေဆဲ။

Leave a Reply