မနက်ခင်းလမ်းလျှောက်ရင်း မင်းလောင်းမျှော်

padonmarDecember 6, 20141min25016

ဒီနေ့မနက် လမ်းလျှောက်ရင်း ဖုန်းထဲပါတဲ့ Panorama ကိုစမ်းရိုက်မိတယ်။ အပြင်မှာ ကျယ်ပြန့်လွတ်လပ်တဲ့ ခံစားချက်ရလို့ နှစ်ခြိုက်မိတဲ့ ပြည်သူ့ရင်ပြင်ရှုခင်းကို ဓာတ်ပုံထဲလည်း ခံစားရမိသလိုပါပဲ။ဒီနေရာကို ကျမတို့ ငယ်ငယ်က ဗိုလ်ရှုခံတဲ့။ နောက် ၈ဝ ခုနှစ်ပိုင်းတွေမှာ ပြည်သူ့ရင်ပြင်၊ပြည်သူ့ဥယျာဉ်လို့ နာမည်ပြောင်းလိုက်ပါတယ်။၊လူတွေ အပန်းဖြေလို့ရမယ့် အပြင်အဆင်တွေလည်းပြောင်းခဲ့တာပေါ့။ 2007 လောက်မှာ မနက်ဖက် လမ်းလျျှောက်တဲ့ လေ့ကျင့်ခန်းစလုပ်ဖြစ်တုံးက မနက်ဖက် ပြည်သူ့ရင်ပြင်မှာ လွတ်လွတ်လပ်လပ် လေ့ကျင့်ခန်း လုပ်လို့ရခဲ့တယ်။မနက်ဆို ကက်ဆက်နဲ့ လေ့ကျင့်ခန်းလုပ်တဲ့ အဖွဲ့တွေ အများကြီး။တကိုယ်တော်တွေရော၊၄-၅ယောက်အစုအဖွဲ့လေးတွေရော စုံလို့ပါပဲ။ပျော်စရာကြီးပါ။ နောက်ပိုင်း မနက် ၅နာရီဖွင့် ရနာရီဆို တံခါးပြန်ပိတ်လို့ အသည်းအသန်ပြန်ထွက်ကြရပါတယ်။ မမီလိုက်ရင် အဝေးကြီးက ပတ်ပြန်ကြရတာကိုး။ခုတော့ ဒီအဝင် ပေါက်၂ခုကို ခြင်္သေ့စောင့်တဲ့ တံခါးမကြီးတွေက စောင့်ကြပ်ထားလိုက်တာ ကြာပါပြီ။

ခြင်္သေ့စောင့်တဲ့ တံခါးကြီးတွေ
ခြင်္သေ့စောင့်တဲ့ တံခါးကြီးတွေ
ကျယ်ပြန့်တဲ့နေရာမှာ အုပ်စုဖွဲ့ အားကစားလုပ်ခွင့် ရှိသင့်မသင့်
ကျယ်ပြန့်တဲ့နေရာမှာ အုပ်စုဖွဲ့ အားကစားလုပ်ခွင့် ရှိသင့်မသင့်
ဆင်ရုပ်ရေပန်း
ဆင်ရုပ်ရေပန်း
စင်မြင့်ပေါ်က အမှိုက်တွေ
စင်မြင့်ပေါ်က အမှိုက်တွေ

ဘယ်လိုပင် တောင်းဆိုကြပေမယ့် ခြင်္သေ့ကြီးတွေက တုပ်တုပ်မှ မလှုပ်၊ အထဲကို ဝင်ပြီး လေ့ကျင့်ခန်းလုပ်ချင် ဘုရားရှိခိုးချင်ရင် နက္ခတ်တာရာပြခန်းဖက်က လှည့်ပတ်ဝင်ကြတဲ့။အော်…ဝင်ခွင့်လေးပေးထားတာတောင် ကျေးဇူးတင်ရမလိုပါပဲ။ပြည်သူ့……..ဆိုတာ ပြည်သူနဲ့ လားလားမှ မဆိုင်လို့ အဓိပ္ပါယ်ဖွင့်ရမယ်ထင်ပါရဲ့။
ကွေ့ပတ်ဝင်ပြီး ဝါးရွှေဝါလမ်းက တဆင့် ဆင်ရုပ်ရေပန်း ရှိရာအလာ မြက်ခင်းစင်မြင့်မှာတော့ ညက ရေပန်းအက ကြည့်သူတွေရဲ့ အမှိုက်တွေ ဖွေးလို့။
တိဂုံဆံတော်ရှင်ကို ဦးချပြီး လာလမ်းအတိုင်း ပြန်ထွက် အိမ်ပြန်ရေမိုးချိုး၊အလုပ်ကို အသွားမှာ အင်းလျားလမ်း မီးပွိုင့်က ကားတန်းရှည်ထဲ မျောဝင်စီးပါရင်း ရန်ကုန်တက္ကသိုလ်ဘေးက တရွေ့ရွေ့အသွား၊ ခြင်္သေ့မစောင့်ပေမယ့် ပိတ်ထားတဲ့ တံခါးမကြီးဘေး မလွယ်ပေါက်လေးက ငုံ့ဝင် ငုံ့ထွက်ကြတဲ့ ကျောင်းသားကျောင်းသူလေးတွေရယ်၊ဗုံးရှာတဲ့ ကိရိယာတွေ၊လေ့ကျင့်ထားတဲ့ ခွေးတွေနဲ့ လုံခြုံ ရေး တာဝန်ယူထားကြသူတွေရယ်ကို မြင်လိုက်ရပြန်တော့

မလွယ်ပေါက်က ငုံ့ဝင်နဲ့ ငုံ့ထွက်
မလွယ်ပေါက်က ငုံ့ဝင်နဲ့ ငုံ့ထွက်
……
ပြည်သူကို ပြည်သူလို့ ပီပီသသဖတ်ပေးမယ့်
ကျောင်းသားကို ကျောင်းသားလို့ ပီပီသသ ရွတ်ပေးမယ့်
မင်းလောင်းကို မျှော်လိုက်မိပါတယ်။
မင်းလောင်းမျှော်တဲ့ ခေတ်မကုန်သေးဘူးလား အပြစ်တင်ရင်လည်း ခံရမှာပါပဲ။
ဟိုတုန်းကလို အလကားထိုင်စောင့်ရင်း မျှော်မှာတော့ မဟုတ်ဘူးပေါ့။
ဖွေးနေတဲ့ အမှိုက်တွေ ကောက်ရင်း၊
နောင်ဒီလို စည်းမဲ့ မပစ်အောင် စည်းရုံးရင်း
စည်းကမ်းရှိတဲ့ ပြည်သူအဖြစ်ကို ဆောက်တည်ရင်း စောင့်မှာပါ။
အနည်းဆုံးတော့ ဖြစ်သင့်တဲ့ ကတိတွေပေးပြီး ပေးခဲ့တဲ့ ကတိတွေ တည်အောင် လုပ်ပေးမယ့် မြို့တော်ဝန်တယောက်ကို ကိုယ်တိုင်မဲပေးပြီး ရွေးချယ်နိုင်မယ့် ကိုယ့် စိတ်ကြိုက် မင်းလောင်းကိုတော့ မျှော်ခွင့်ပြုကြစေချင်ပါတယ်။

16 comments

  • padonmar

    December 6, 2014 at 3:06 am

    ဖက်ရွက်အဖွဲ့ရဲ့ အကြွေးတွေကို ကျေအောင်ဆပ်ရင်း ရွာထဲဝင်ဖို့ မျက်စိလည်နေတဲ့ရက်က ဖွဘုတ်မှာပဲ တင်ထားတာကို ကိုယ့်အိမ်မှာ ပြန်သိမ်းသလို လာသိမ်းတာပါ။
    ဟိုဖက်မှာ တွေ့ပြီးသားလူတွေ ခွေးလွှတ်ပါ။
    ဒီနေ့အဖို့ လစ်မစ်ပြည့်သွားပါပြီ။

  • မြစပဲရိုး

    December 6, 2014 at 4:21 am

    ချစ် အစ်မ ဒုံ
    ခြင်္သေ့ကြီးတွေ ရှေ့ မှာ လူတစ်ယောက် (အမျိုးသမီး) တွေ့နေပါလား။
    ဘာချောင်း နေတယ်မသိ။ lol:-))

    အဲဒီ ပြည်သူ့ ရင်ပြင် ထဲ ပြည်သူ တွေ ကိုသာပေးမဝင်တာ။
    ဘီဘီစီ ရဲ့ ကားသရဲ များ ကို တော့ လော်ရီ အစုတ်ကြီး တွေ ကိုယ်စီ နဲ့ ဝင်ခွင့် ပေးခဲ့တာ။
    ကြည့်ချင်သူများ
    Top Gear Series 21 Episode 6 – Burma Special Part 1
    http://www.streetfire.net/video/top-gear-series-21-episode-6-burma-special-part-1_part-1_2452852.htm
    တစ်ခုလုံး မကြည့်ချင် တောင် အစပိုင်း ၃မိနစ် အတွင်း မှာ ကို တွေ့ရမယ်။

    သူရို့ ဖွင့်ပေးချင်သူများ အတွက် ကတော့ တံခါးမရှိ ဒါးမရှိ ပါ။

  • Ma Ma

    December 6, 2014 at 9:06 am

    နေသာသလို နေတတ်နေလို့ရယ်
    သီတဂူဆရာတော်ကြီး ဟောသလို ဒီမင်းလေးပဲ ကောင်းပါတယ်ဖြစ်မှာစိုးလို့ရယ်
    မင်းလောင်းမမျှော်ချင်တော့ပါဘူး။

    • kai

      December 6, 2014 at 6:41 pm

      နှစ်၂၆၀ဝပြည့်ဆိုလား.. အဲဒီဒေါက်တာကြီး၂ပါး အဲဒီနားထင်တယ်.. တရားဟောတော့ အကုန်ပွင့်တာပဲမဟုတ်လား..။

      ဆိုတော့…
      မဲပေးနိုင်တဲ့ခေတ်ရောက်ရင်.. လူထုက.. ရဲရဲမဲပေးနိုင်ဖို့တော့လိုတယ်ထင်မိတယ်…။
      အဲ.. ဖြုတ်ချဖို့လည်း ဝန်မလေးသင့်…။

      ပြောသာပြောတာပါ…
      မဲမပေးလည်း…ယူနီဖေါင်းလေးကောက်ခြုံ.. လူရှေ့..ခုံရှေ့တက်ထိုင်.. ခေါင်းဆောင်လုပ်လို့လို့ရတဲ့.. လူတန်းစားရှိနေသ၍… :k:

      • padonmar

        December 6, 2014 at 8:53 pm

        သာသနာ ၂၆၀ဝ ပြည့်လို စပယ်ရှယ်ပွဲမျိုး လုပ်လို့ ဝင်ခွင့်ရတာ ရသင့်တဲ့ အခွင့်အရေး အပြည့်ရတာမှမဟုတ်တာ။
        အခု မြို့တော်ဝန်တွက် ရွေးကောက်ပွဲ လုပ်မယ်တဲ့။
        ကိုကိုကြီးကတော့ နော်စူဇန်နာ လှလှစိုးကို မဲထည့်ပါပြောတယ်။
        ခက်တာက ကိုယ်ရွေးချယ်ပေးရမယ့် လူတွေအကြောင်းကို ဂဃနဏ သိကြရသေးတာပဲ။
        သူတို့က ဘာလုပ်ပေးနိုင်မယ် မှန်းထားလဲ ဆိုတာလည်း သိခွင့်ရရမယ်။
        တကယ်မလုပ်ပေးရင်လည်း သက်တမ်းမပြည့်မီ ဖြုတ်ချနိုင်ခွင့်ရှိရမယ်။

        • Ma Ma

          December 8, 2014 at 9:42 am

          ကိုယ်ရွေးရမယ့် ကိုယ်စားလှယ်လောင်းကို ဂဃနဏ မသိတာ မဲပေးရမယ့် လူထုရဲ့ ၉၀%လောက် ရှိမယ်ထင်တယ်။ :eee:

        • kai

          December 9, 2014 at 3:32 pm

          ယူအက်စ်မှာလည်း.. သေသေချာချာမသိကြပါဘူးအမတော်ရာ..
          ငွေများများအကုန်ခံ.. ကန်င်ပိန်းလုပ်တဲ့သူကို မဲထည့်တာပဲ..။
          အမတ်တွေက.. ငွေနဲ့ဝယ်ထားကြရတာလေ…
          သမ္မတရောပေါ့…။

          ဒါပေမယ့်…
          ဒီမိုကရက်ပါတီက.. လူတဦးချင်းစီက.. ယူနီယံတွေက ကောက်တဲ့ငွေတွေနဲ့.. ကန်င်ပိန်းလုပ်တယ်…။
          ရီပါ့ဗလစ်ကန်င်က.. ဘီလီယံနာ.. အရင်းရှင်ကြီးတွေရဲ့.. စူပါပက်ခ်တွေက.. အလုံးအခဲငွေတွေနဲ့ကန်င်ပိန်းလုပ်တယ်..။
          ငွေများများသုံးနိုင်သူ… မဲ.. အနိုုင်…။

          ဒီလိုဖြစ်တာ.. လုပ်တာကို.. တရားမျှတတယ်လို့.. ထင်မိတယ်..။
          ငွေဟာ.. တကယ်တော့… မမြင်ရတာတွေကို…မြင်သာအောင်ပြတဲ့.. စံနှုန်းတခုသာပါပဲ..။

  • ဦးကြောင်ကြီး

    December 6, 2014 at 11:24 am

    အာတီဒုံဂျီးက အနော့်ကို ဘာပုရို့ စဂါးမပေါဒေါ့တာရဲ…

  • uncle gyi

    December 7, 2014 at 11:03 pm

    ရန်ကုန်မှာဘယ်နေရာပြည်သူတွေအတွက်နေရာ
    ကျယ်ကျယ်ရှိတော့လို့လဲ
    ရှိတဲ့နေရာလေးပြည်သူအတွက်ဖွင့်ပေးသင့်တာပေါ့
    သူတို့အခမ်းအနားတွေရှိတဲ့အခါကြိုအသိပေးပြီးပိတ်ပေါ့
    သွားတဲ့သူတွေကလည်းစည်းကမ်းရှိဖို့လိုတယ်
    ဒါတွေကိုအကြောင်းပြပြီးသူတို့ကပိတ်တာ
    မင်းလောင်းကတော့မမျှော်နဲ့အန်တီဒုံ
    ပြည်သူတွေစိတ်ပြောင်းလာရင်မင်းလောင်းက
    မရောက်ပဲမနေရောက်ကိုရောက်မယ်

  • ခင်ဇော်

    December 8, 2014 at 3:19 pm

    ဟိဟိ။
    ခပ်ကြမ်းကြမ်း ပြောရရင်
    မင်းလောင်း ရှေ့ ဖုတ်သွင်းရထား ဆိုလား မဆိုက်နိုင်ခင်
    လူသေနိုင်ခဲသူဂျီးတွေရှေ့ ကိုကျော်သူ့ကား အရင် ဆိုက် စေချင်ချင်တော့တာပါပဲ။

    :k:

  • kyeemite

    December 8, 2014 at 4:05 pm

    .ဘာပြောရမန့်ရမှန်းတောင်မသိတော့ပါဘူးအာတီဒုံ :dd:

  • မဲ..လား..
    ပေးချင်တဲ့လူကိုပေး… ရတယ်..
    တကယ့် ရလဒ်ကလား…
    ကျနော်တို့ ဖြစ်ချင်တာ…ဖြစ်ချင်မှ ဖြစ်မယ်..
    အဟွတ်

  • Ma Ei

    December 10, 2014 at 11:20 am

    ခုလဲလေ…လမ်းချဲ့တယ်ဆိုပြီး ပြည်သူတွေအိမ်ရှေ့ သစ်ပင်တွေခုတ် ပလက်ဖောင်းနေရာမချန် ကွန်ကရစ်ခင်းတော့ အိမ်ကနေထွက်လိုက်တာနဲ့ လမ်းမပေါ်ရောက်ရော… ကားတွေ ဆိုက်ကားတွေက စည်းမရှိ မောင်း ရပ်ချင်တဲ့နေရာရပ် လမ်းလျှောက်စရာနေရာမရှိ ဖြစ်ချင်တိုင်းကိုဖြစ်နေတာတွေမြင်ရတာ စိတ်မချမ်းသာလို့…သစ်ပင် ပန်းပင်တွေနဲ့ ပလက်ဖောင်းလေး လုပ်ပေးမယ့် မြို့တော်ဝန်ကိုဖြင့် မျှော်မရ ဘယ်နားသွားရှာရပါ့မလဲနော်…

  • လုံမလေးမွန်မွန်

    December 14, 2014 at 3:05 pm

    လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်ကတော့ အဲဒီထဲကို လမ်းလျှောက်ဖူးတယ်.. ဝင်လို့ရတယ်.. အပေါက်ဝမှာလည်း ဆောင်းတွင်းဝတ်တွေ လာရောင်းတာ တွေ့ဖူးတယ်.. ခုတော့ မသိတော့ဘူး… ဟက်ပီးဝေါဘက်ကတော့ ဝင်လို့ရသေးတင်ထင်တယ်..

  • Shwe Ei

    December 14, 2014 at 5:59 pm

    အမှိုက်ဖွေးတာကတော့ အမှိုက်ပုံးမလုံလောက်တဲ့ ပြဿ နာလဲ တပိုင်းတစ ပါပါလိမ့်မယ် အန်တီဒုံ။

    လမ်းပေါ်မှာ အမှိုက်ပစ်ချတာကို ရှက်စရာကိတ်စလို့ မမြင်သေးသမျှ အမှိုက်ကတော့ ဖွေးနေအုံးမှာဘာဘဲ။

    -တက္ကသိုလ်ကျောင်းတွေ မြို့ပြင်ထုတ်ပြီး မြို့ထဲက နေရာလွတ်တွေကိုတော့ ဒီအတိုင်းပစ်ထားတဲ့ ခေတ်ကုန်ပါစေတော့လို့ အမြဲတမ်းဆုတောင်းမိပါတယ်။ ဖယ်ရီစီးရတဲ့ဒုတ်ခ..မြို့နဲ့အလှမ်းဝေးပြီး..လူသူအရောက်အပေါက်နဲတဲ့နေရာတွေကိုမှ ရွေးပြီး ကျောင်းဆောက်ထားလို့ .. ကို့ခလေးကျောင်းသွားတိုင်း စိတ်ပူနေကျရတဲ့ မိဘတွေကို သနားလို့ပါ။

    စကားမစပ်…လူသွားလမ်း ပလက်ဖောင်းပေါ်မှာ ပီစီအိုတွေ ဆောက် ယာဉ်ထိန်းရဲခြံတွေဆောက်ပီး..လူတွေလမ်းလျှောက်မရအောင် လုပ်ထားတဲ့ ကိတ်စတေလေးလဲ ရေးချင်ပါသေးတယ်။ (ဒါ့ပုံမရိုက်ရဲလို့ :P)

  • kai

    December 14, 2014 at 6:40 pm

    မိုးကျရွှေကိုယ်တွေ ထင်တိုင်းကြဲခဲ့လို့ ဘဝပျက်နေတဲ့ ရန်ကုန်
    Posted by: Video-editer on December 14, 2014 at 14:34 PM 0 Comments

    မြန်မာပြည်ရဲ့မြို့တော်ဟောင်းဖြစ်ခဲ့တဲ့ ရန်ကုန်ဟာ မြို့ပြတစ်ခုအဖြစ် အထပ်မြင့်အဆောက်အအုံတွေ နေ့စဉ်တိုးပွားလာနေပေမယ့် အစိုးရအဆက်ဆက်ဟာ ရန်ကုန်အတွက် Town Planning မြို့ပြစီမံကိန်း လုံးဝမရှိဘဲ လက်လွတ်စပယ်နိုင်တဲ့ စီမံခန့်ခွဲမှုကြောင့် ရန်ကုန်မြို့ဟာ အခုတော့ အကြီးအကျယ် မှားယွင်းမှုရဲ့ မြေဇာပင်ဖြစ်နေပါပြီ။

    အဆောက်အအုံတည်ဆောက်ခွင့်ကို သတ်မှတ်တဲ့အခါ ကြမ်းခင်းဧရိယာအချိုး FAR နဲ့ အဆောက်အအုံ အကျယ်အချိုး BCR တို့နဲ့ ထိန်းသိမ်းကြပေမယ့် ရန်ကုန်မှာတော့ ချန်လပ်ထားရမယ့် မြေအကျန်ဘယ်လောက် ရှိရမယ်ဆိုတာနဲ့ သတ်မှတ်ပြီး ဆောက်လုပ်ခွင့်ပေးခဲ့လို့ ပြဿနာကြီးတစ်ခု အခုတော့ ဝင်ဆောင့်နေပါပြီ။

    တိုက်ခန်းတစ်ခုနဲ့တစ်ခုအကြား နေရာလပ်မရှိဆောက်လုပ်မှုတွေ ကြပ်သိပ်လာတဲ့အခါ တိုက်ခန်းနေလူထု ကားရပ်ဖို့အခက်အခဲ၊ သဘာဝအလင်းရောင်မရ၊ ဘေးအန္တရာယ်ကြုံရင် အရေးပေါ်ပြေးစရာမြေမရှိတဲ့ဒုက္ခကို ရင်ဆိုင်နေရပါပြီ။ ရန်ကုန်စည်ပင်သာယာက ခွင့်ပြုနေတဲ့ ၃ပေ၊ ၆ပေ မြေချန်ပြီး အထပ်နိမ့်ဆောက်လုပ်မှုဟာ ပြဿနာမရှိပေမယ့် အထက်မြင့်တိုက်ခန်းတွေ များလာတာနဲ့အမျှ ဆိုးကျိုးတွေက တန်းစီပေါ်လာနေတယ်လို့ ဗိသုကာပညာရှင်များအသင်းက ဒေါ်လှစုမြတ်က ပြောပါတယ်။ လူဦးရေများများနေထိုင်ဖို့ အထပ်မြင့်တွေ ဆောက်လုပ်တာလိုအပ်ပေမယ့် ဆိုးကျိုးမဖြစ်ရေး နည်းမှန်လမ်းမှန်ဖြစ်ဖို့တော့ လိုအပ်တယ်လို့ သူကဆိုပါတယ်။ ကျောက်မြောင်းနဲ့ စမ်းချောင်းဘက်မှာ မြေကျန်ချန်တာ အလွန်နည်းပါးပြီး အောက်ဆုံးထပ်တွေဟာ နေရောင်မရတဲ့အပြင် လေကောင်းလေသန့်ကိုပါ ဆုံးရှုံးနေရပြီလို့ ပြောပါတယ်။

    မြေကျန်ချန်တာမရှိဘဲ တိုက်ခန်းတွေကြပ်ညပ်နေအောင် ဆောက်လုပ်တာဟာ လူနေမှုဘဝကို ထိခိုက်ရုံမက မီးဘေးအန္တရာယ်ဖြစ်လာတဲ့အခါ ထွက်ပေါက်မရှိဘဲ အသက်ဆုံးရှုံးနိုင်တဲ့အထိ ရှိနေပါတယ်။ မြေဈေးတွေ အဆမတန်ကြီးမြင့်နေတဲ့ ရန်ကုန်မှာ အထပ်မြင့်တိုက်ခန်းတွေ ပူးကပ်ပြီးဆောက်လုပ်နေသလို နောက်ဖေးလမ်းကြားလည်းမရှိ၊ အရေးပေါ် မီးလောင်ခဲ့ရင် ပြေးစရာမြေလည်းမရှိဘူးလို့ မီးသတ်ဌာန အကြံပေး ဦးစိုင်းအုန်းကျော်က ရှင်းပြပါတယ်။

    မီးလောင်တဲ့အခါ နောက်ဖေးလှေကားကိုပဲ အရေးပေါ်သုံးရမှာမဟုတ်ဘဲ လှေကား ၂စင်းစလုံး သုံးရမှာမို့ လှေကားတွေ ပြိုမကျအောင် စံချိန်မီဆောက်လုပ်ဖို့ကလည်း လိုနေပါတယ်။ လှေကားတွေ ကျဉ်းမြောင်းရင် သက်ကြီးရွယ်အိုတွေ အဆင်းအတက်လုပ်ဖို့ မလွယ်ပါဘူး။ တိုက်တစ်ခုနဲ့တစ်ခုအကြား ပြတင်းပေါက်တွေ ဖောက်မယ်ဆိုရင် တစ်ခုနဲ့တစ်ခု အကွာအဝေးပေါ်မူတည်ပြီး လုပ်ဆောင်ရမှာဖြစ်ပေမယ့် လက်ရှိစည်ပင်ရဲ့ တစ်ပေချန် ပြတင်းပေါက်ဖောက်ဆိုတာ မီးလောင်ရင် ကူးစက်လွယ်တာကြောင့် လေဝင်ပေါက်တောင် မထားသင့်ဘူးလို့ ပြောပါတယ်။

    ရန်ကုန်က တစ်ချို့မြို့နယ်တွေမှာ ၁ ဟက်တာမှာ လူ ၁၅ဝဝ လောက် နေထိုင်နေတဲ့ ပမာဏဟာ ၁ဟက်တာကို လူ ၅ဝဝနေထိုင်တဲ့ လူနေသိပ်သည်းလွန်းတဲ့ ဘင်္ဂလားဒေ့ရှ်ထက်တောင် ၃ဆဆိုးရွားနေတဲ့ အခြေအနေကို ရောက်နေတာမို့ နေရောင်နဲ့ လေကိုမရသလို ကားရပ်နားဖို့ခက်ခဲတဲ့အခြေအနေက သိပ်တော့လည်း မထူးဆန်းဘူးလို့ ဒေါ်လှစုမြတ်က ဆိုပါတယ်။

    လမ်းကျယ်ဝန်းပြီး သယ်ယူပို့ဆောင်ရေးကောင်းတဲ့နေရာ လူနေထူထပ်တာ ကိစ္စမရှိပေမယ့် အခုတော့ ရန်ကုန်ဟာ အထိန်းအကွပ်မဲ့ ရှိသမျှမြေကွက်အပြည့် အထပ်မြင့်ဆောက်နေတာဟာ တိုက်တွေမြင့်လာပေမယ့် လူနေမှုအဆင့်အတန်း ပိုပြီးနိမ့်ကျသွားရတဲ့ အကြောင်းရင်းပါလို့ ဆိုပါတယ်။ ဒါတွေဟာ Town Planning မရှိတဲ့ အကျိုးဆက်တွေကို အခုတော့ ရင်ဆိုင်နေရပြီလို့ ပြောပါတယ်။

    မြို့ပြဖွံ့ဖြိုးရေးဆိုတာ ယာဉ်ရပ်နားဖို့၊ လူသွားလမ်း၊ ရေပေးဝေရေး၊ လျှပ်စစ်မီးနဲ့ အရေးပေါ်စနစ်၊ မိလ္လာကအစ စနစ်တကျပြင်ဆင်သတ်မှတ်ရတာဖြစ်ပြီး ရေရှည်အမြင်မရှိဘဲ လက်ရှိအတိုင်း လုပ်ခွင့်ပေးနေရင် ၄-၅နှစ်အတွင်း ရန်ကုန်ရဲ့ပုံရိပ် ပြောင်းလဲသွားနိုင်ပါတယ်။ ဆူးလေစေတီတဝိုက် အထပ်မြင့်အဆောက်အအုံတွေကို အခုတော့ လက်ပိုက်ကြည့်နေရတဲ့အနေအထားမှာ ရှိနေပြီး ဇုန်တွေ သတ်မှတ်ပြီး ထိန်းချုပ်ရင်တော့ အမှားကင်းနိုင်မယ်လို့ ဆိုလာသူက ရန်ကုန်ရှေးဟောင်းအဆောက်အုံ အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ Yangon Heritage Trust က ဒေါ်မိုးမိုးလွင်ပါ။

    အသစ်ဆောက်လုပ်မယ့် အဆောက်အအုံသစ်တွေအတွက် ရန်ကုန်စည်ပင်က ရေမပေးနိုင်တော့ဘူးလို့ ကြေညာထားပြီး မြေအောက်ယူထုတ်ယူသုံးစွဲမှု မြင့်တက်လာနေလို့ ပင်လယ်ဆားငန်ရေ ဝင်ရောက်လာနိုင်မယ့် အန္တရာယ်ကလည်း မလှမ်းမကမ်းမှာ ရောက်နေပါတယ်။ ရသမျှမြေကြီးကို ကြွေပြား၊ ကျောက်ပြားခင်း၊ ကွန်ကရစ်ခင်းပြီး တိုက်တွေကို မြေလွတ်မထား ဆောက်လုပ်တဲ့အခါ မြေကြီးဟာ မိုးရေမစုပ်ယူနိုင်တော့သလို မြောင်းတွေကလည်း မနိုင်ဝန်ထမ်းနေရတာကြောင့် မိုးကြီးရင် ရေကြီးတဲ့အဖြစ် ရန်ကုန်ဟာ ရင်ဆိုင်နေရတာပါ။

    ရန်ကုန်ဟာ စီမံခန့်ခန့်မှု ညံ့ဖျင်းတဲ့ အာဏာပိုင်တွေကြောင့် စုန်းစုန်းမြုပ်ရတော့မှာလား။ မီးလောင်ရင် ငြိမ်းသတ်မယ့် မီးသတ်ပိုက်နဲ့ ရေငုပ်တိုင်တွေမရှိတဲ့ ရန်ကုန်၊ အဆောက်အအုံတွေထဲ မီးသတ်နိုင်မယ့် ရေပမာဏမရှိတဲ့ရန်ကုန်၊ မီးသတ်ကားတွေ လမ်းထဲဝင်မရ၊ ဖုန်းကြိုးတွေ မီးကြိုးတွေနဲ့ မလွတ်မကင်း ရန်ကုန်ဟာ အခက်အခဲတွေ အများကြီးရှိနေပါတယ်။

    ပြဿနာကိုဖြေရှင်းနိုင်ဖို့ ဘဲဥအစရှာမရသလိုဖြစ်နေတဲ့ ရန်ကုန်အစိုးရဟာ ပညာရှင်တွေရဲ့ အကြံပေးမှုတွေ နှစ်ပေါင်းများစွာ မျက်ကွယ်ပြုခဲ့တဲ့ အကျိုးဆက်အဖြစ် အခုတော့ ရန်ကုန်ဟာ ကြောက်စရာကောင်းတဲ့ စိန်ခေါ်မှုအတွက် အချက်ပေးခေါင်းလောင်းတွေ ထိုးနေပါပြီ။
    http://www.kamayutmedia.com/indepth/environment/2346

Leave a Reply